.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, July 12, 2007

I love rain

မိုးတွင်းမှာ မွေးလာတဲ့ ကျွန်တော်... မိုးကို အလွန်ချစ်ပါတယ်။

အများတကာတွေက မိုးရေထဲမှာ သွားရလာရ အဆင်မပြေလို့ မကြိုက်ပေမယ့် ကျွန်တော် မိုးကို ချစ်ပါတယ်။ မိုးဖွဲဖွဲလေး ရွာနေရင် အဲဒီမိုးဖွဲလေးတွေ မျက်နှာကို လာထိတဲ့ အရသာကို မြတ်နိုးပါတယ်။ မိုးဖွဲဖွဲလေးရွာနေချိန် သူများတကာတွေ ထီးဖွင့်ဆောင်းနေချိန်မှာ ကျွန်တော် မိုးဖွဲတွေကြားမှာ ပျော်နေမိ ပါတယ်။ မိုးစက်လေးတွေ မျက်နှာပေါ်လာထိတဲ့ အေးကနဲ အေးကနဲ အရသာကို စွဲမက်နေမိတယ်။

မိုးသည်းသည်းမဲမဲ ရွာတဲ့အချိန်ဆို ကျွန်တော် အလွန်ပျော်ပါတယ်။ မိုးသီးမိုးပေါက်တွေ တဖြောင်းဖြောင်း ကျနေတဲ့အောက်မှာ တကိုယ်လုံးစိုရွှဲသွားအောင် လမ်းလျှောက်တတ်ပါတယ်။ တခါတလေ မိုးသည်းထဲမှာ စက်ဘီးတစ်စီးနဲ့ ရပ်ကွက်ထဲမှာ ဟိုဟိုဒီဒီလျှောက်စီးရင်း ကလေးမဟုတ် လူကြီးမကျပုံစံနဲ့ မိုးရေ ချိုးပါတယ်။ တခါတလေ ကမ်းနားမြစ်ဆိပ်က သစ်ပုံဆိပ်မှာ သူငယ်ချင်းတွေနဲ့ အတူ သစ်လုံးပေါ်မှာ ထိုင်ရင်း မြစ်ပြင်ကျယ်ပေါ်ကို အလုအယက် ခုန်ဆင်းနေတဲ့ မိုးစက်တွေကို အလွမ်းဓါတ်ခံလေးတွေနဲ့ ပေါင်းပြီး ခံစားကြည်နူးဖူးတယ်။

အိမ်ထဲမှာနေရင်း မိုးသည်းသည်းရွာနေရင် သီချင်းတွေ နားထောင်ပြီး အတိတ်ကို ပြန်လွမ်းဆွေးတတ်တယ်။
အိမ်ခေါင်မိုးတွေပေါ်က တဖြောက်ဖြောက် ကျနေတဲ့ မိုးစက်သံတွေကို နားထောင်ရင် ဘယ်သူကို လွမ်းလို့ လွမ်းမှန်းမသိအောင် ခံစားဖြစ်ဘူးတယ်။

မိုးသည်းထဲမှာ ဘက်စ်ကား ခိုစီးရတာကို သဘောကျတယ်။ မိုးရေတွေကြီး လမ်းတွေရေမြှုပ် ဖြစ်နေချိန် ဘက်စ်ကားစီးနေတာလား လှေစီးနေတာလား ဆိုတာမျိုးကို သဘောကျမိတယ်။ မိုးသည်းသည်းမှာ ဘက်စ်ကားစီးရင်း တစ်ယောက်သောသူကို မထင်မှတ်ဘဲ ကြုံဆုံဘူးတယ်။

မိုးရေထဲမှာ ထီးမဆောင်းဘဲနဲ့ နှစ်ယောက်တည်း သွားဖူးတယ်။ မိုးသည်းထဲမှာ လမ်းဘေးက ဓါတ်တိုင်ကို ချည်ထားတဲ့ သံကြိုးကို မမြင်ဘဲ မျက်နှာနဲ့ တည့်တည့်ဝင်ဆောင့်ပြီး ဖင်ထိုင်ကျဘူးတယ်။ မိုးသည်းထဲမှာ တစ်ယောက်သောသူရဲ့ ရီမောသံကို မိုးသံလေးနဲ့အတူ ကြည်ကြည်နူးနူး ကြားဖူးခဲ့တယ်။ နဖူးအလယ်ကနေ နှာခေါင်းတလျှောက် မေးစေ့အထိ မျက်နှာမှာ အနီ အစင်းကြောင်းကြီးဖြစ်ဘူးတယ်။ မိုးသည်းသည်းထဲမှာ ကိုယ်စီ ထီးမဆောင်းကြဘဲ ဗိုလ်တထောင်ဘုရားလမ်းမ အလယ်မှာ တစ်ယောက်သောသူကို လက်ဆောင် ပေးဘူးတယ်။ နှောင်းအတိတ်က အောက်မေ့စရာ ဖြစ်ရပ်အတော်များများက မိုးသည်းထဲမှာပါ။

ထီးကို ဆောင်သွားလေ့ သိပ်မရှိတဲ့ ကျွန်တော်ကို သူငယ်ချင်းတွေက အံသြပါတယ်။ မိုးရွာပြီး မိုးစဲတဲ့ နောက်ပိုင်းမှာ လူရှေ့သူရှေ့ ထွက်စရာ အလုပ်တွေ မရှိရင် ကျွန်တော် ထီးပါရင်တောင် ထီးမဆောင်းဘဲ မိုးရေထဲမှာ လျှောက်နေလေ့ရှိပါတယ်။

2 comments:

Nwai Hninn said...

Me2,I love rain ! But I hate mud in rainy season.

chewyinn said...

Hey,,, who is that another one???
May i know????