.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, July 10, 2007

Lovely Breakfast

နေ့တွေ ညပြောင်း..... ညတွေ နေ့ပြောင်းနဲ့ တစ်ညကုန်ပြီး တစ်မိုးသောက်လာပြန်ပြီ။ မိုးလင်းလာတော့ ထုံးစံအတိုင်း ၀မ်းကဟာ ဗိုက်ကဆာလာတာပေါ့။ ဒီမှာ မနက်စာဆိုတာကြီးကို စားရတာ ငြီးငွေ့လာပြီ။ ဒါတောင် ရောက်တာ မကြာသေးဘူးနော်။ ဒီကို ရောက်နှင့်နေတာ ကြာလှနေပြီဆိုတဲ့သူတွေကတော့ ၀ိုင်းပြီး မေတ္တာပို့ကြမှာ မြင်ယောင်ပါသေးတယ်။

ရန်ကုန်မှာဆို မနက်မိုးသောက် အလင်းရောက်လို့ ဘာစားချင်သလဲ...... ကြိုက်တာစားလို့ရအောင် အစုံအလင်ရှိနေတယ်။ အိမ်မျက်စောင်းထိုးမှာ မုန့်ဟင်းခါးနဲ့အသုပ်စုံ ရောင်းတဲ့ဆိုင် ရှိတယ်။ အဲဒီဆိုင်မှာ မုန့်ဟင်းခါးတော့ မစားဖြစ်ဘူး။ ဒါပေမယ့် အုန်းနို့ခေါက်ဆွဲ့တော့ တော်တော်လေး စားဖြစ်တယ်။ အုန်းနို့ခေါက်ဆွဲကို ဘူးသီးကြော်၊ ပဲကြော် ထည့်၊ အချဉ်များများ ညစ်၊ ကြက်သွန်စိမ်းလေး ထည့်ပြီး လွေးလိုက်ရတာ အတော့်ကို ကောင်းတာခင်ဗျ။ အသုပ်ဆိုရင်လည်း ကြာဇံ ဒါမှမဟုတ် ခေါက်ဆွဲသုပ်ကို မကျည်းနှစ်များများ၊ အကြော်ထည့်ပြီး စားရတာ ချဉ်ပြုံးချဉ်ပြုံးလေးပဲဗျ။ အသုပ်စားလိုက် ဟင်းခါးလေး သောက်လိုက်နဲ့ အဆင်ကိုပြေလို့။

မုန့်ဟင်းခါးစားချင်ရင်တော့ လမ်းထိပ်ကိုထွက် ဈေးနားမှာ မုန့်ဟင်းခါးဆိုင်တွေ ရှိတယ်။ အဲဒီမှာ မုန့်ဟင်းခါးကို အကြော်နဲ့ငရုတ်သီးမှုန့်တွေ ဖြူးပြီး အ၀အပြဲ ရှူးရှူးရှဲရှဲ လွေးလို့ရတယ်ကွဲ့။ အဲဒါတွေ စားရတာ ငြီးငွေ့သွားပြီဆိုရင် အိမ်နားက လက်ဖက်ရည်ဆိုင်မှာ ဘာစားချင်လည်း သွားမှာလို့ရတယ်လေ။ အီကြာကွေးကို ကျွပ်ရွနေအောင် နီရဲနေအောင် ကြော်ခိုင်းပြီး လက်ဖက်ရည်နဲ့ တို့ပြီးစားရတာ အတော်လေးကို အရသာရှိတယ်နော်။ တကျွပ်ကျွပ်နဲ့ စားလို့ကောင်းပဲ။ သုံးခါကိုက်စာပဲရှိတဲ့ စမူစာတွေကိုလည်း အချဉ်ရည်လေးနဲ့ စားလိုက်ရင် ဗဲရီးဂွတ်ပဲဗျ။ ပလာတာကို အထဲမှာ ပဲမထည့်ထားခိုင်းဘဲ ကျွပ်ရွနေအောင် အလွတ်ကြော်ပြီးမှ ပဲကို ဘေးမှာပုံထားပြီး ပလာတာနဲ့ ညှပ်ညှပ်ပြီး စားရတာလဲ စိမ့်နေတာပဲနော်။

နောက်ပြီးတော့ ထမင်းကြော်ကို ဘဲဥချဉ်ဟင်းလေးနဲ့ လွေးလိုက်ရရင် မနက်စာက တော်တော်လေးကို အဆင်ပြေသွားတော့တာပါပဲ။ တခါတလေကျတော့လည်း လမ်းထိပ်က ကုလားမကြီးဆီက တိုရှည်ကို သကြားလေးနဲ့စား ဒါမှမဟုတ် ကီးမားတိုရှည်ကို ပူစီနံများများ မဆလာများများထည့်ပြီး မနက်စာ လုပ်လိုက်ရင်လည်း ခံတွင်းတွေမြိန်နေပြန်ရော။

ဈေးအရှေ့နားက ရှမ်းခေါက်ဆွဲဆိုင်က ရှမ်းခေါက်ဆွဲသုပ်လေးကို ရှမ်းချဉ်လေးနဲ့ စားဖြစ်ရင်လည်း အတော်ကို စားကောင်း သောက်ကောင်းလေးပါပဲ။ ဟိုဟိုဒီဒီ လျှောက်ရင်းဈေးထဲ ရောက်သွားလို့ရှိရင်တော့ ရွှေထမင်း၊ ဆီထမင်း၊ ကောက်ညှင်းပြန်ပေါင်း၊ ကောက်ညှင်းငချိတ်ကို နှမ်းထောင်း များများလေးထည့်ပြီး ပဲပြုတ်လေးနဲ့ မနက်စာ လုပ်လို့ရသေးတယ်။

မနက်စောစောထပြီး ရွှေတိဂုံဘုရားကို လမ်းလျှောက်ထွက် ဘုရားဖူးပြန်လာရင် ဒတ်ဖရင်ဆေးရုံရှေ့က အာဆင်နယ်ဆိုတဲ့ ဆိုင်မှာ မလိုင်နဲ့ နံပြား၊ အားလူးပူတီ၊ ကောက်ညင်းထုပ်၊ နန်းကြီးသုပ် ကြိုက်တာ မှာစားလို့ ရတယ်ခင်ဗျ။ အိမ်အနီးအနား တ၀ိုက်မှာ စားရတာ ငြီးငွေ့လာရင်လည်း သခင်မြပန်းခြံဘက်ကို စက်ဘီးလေး စီးပြီးထွက်သွားလိုက်ရင် လရိပ်၊ လပ်ကီးဆဲဗင်း စတဲ့ဆိုင်တွေမှာ အစားအစာ အစုံအလင်ကို ရနိုင်တယ်လေ။ သီတာရုံဘက်မှာလည်း အိုင်တီဆိုတဲ့ ဆိုင်ကလည်း စုံစုံလင်လင် တင်ထားတာဆိုတော့ တခါတလေ ခြေဦးလှည့်မိပါတယ်။

အခုဒီမှာက တခါလာလည်း ပေါင်မုန့်မီးကင်၊ ကြက်ဥပြုတ်၊ ဘီစကစ်၊ ကိတ်မုန့်နဲ့ကို လုံးလည်ချာလည် လိုက်နေတော့တာပဲ။ မနက်စာကတော့ စားရတာ ခံတွင်းမမြိန်ဘူးလေ။ အဆင်ကို မပြေပါဘူး။ တကယ်ပဲ လွမ်းမိပါတယ် ရန်ကုန်က မနက်စာလေးတွေကို ...

4 comments:

madyjune said...

မဒီတောင် မနက်စာကို အဲဒီ့လောက် စုံအောင် မစားဖြစ်ပါဘူး။ တစ်နေ့တစ်နေ့ ရုံးလာတာ နောက်ကျမှာဆိုးလို့ စားရတာက လွယ်တဲ့ ပဲပြုတ်နဲ့ ထမင်းပဲ စားပြီး ဘတ်စကားမှတ်တိုင်ကို ပြေးရတယ်။ အရင်ကတော့ ကော်ဖီသောက်သေးတယ်။ အခုတော့ ရုံးရောက်မှ သောက်ရတယ်။ မဒီတို့အိမ်နားမှာက စားသောက်ဆိုင်တွေ သိပ်မရှိဘူး။ လမ်းထိပ်ထွက်မှ လက်ဖက်ရည်ဆိုင်တွေမှာတော့ စားစရာတွေရှိပေမယ့် ဈေးက သာမန်ထက်ကြီးပြီး သိပ်ပြီးတော့လဲ စားလို့မကောင်းပါဘူး။

တစ်ရက်လောက်တော့ အုန်းနို့ခေါက်ဆွဲသွားစားကြည့်ဦးမယ်။ ဖတ်ရင်းနဲ့ သရေတောင်ကျတယ်။

Nwai Hninn said...

OH...I become to be hungry while reading ur posts. You should host us with them. :P

Mirror said...

ဒါဆိုအလုံမှာနေခဲ့ဖူးတာဖြစ်ရမယ်...
ဟုတ်တယ်
ညီမလဲ အပြင်ထွက်ရရင်တော့ မြန်မာစာတွေငတ်လို့နဲ့
သေမလားတောင်မသိ
ကိုယ်ချင်းစာပါတယ်

Rita said...

ကျွစ်
ငိုချင်ရက်လက်တို့ဗျာ

(ထမင်းကြော်နဲ့ ဘဲဥချဉ်ရည်ဟင်း တွဲစားတာကို ကြိုက်တယ်ဆိုလို့ အံ့သြသွားတယ်။ တူနေလို့။
ကိုJD နဲ့ဆို အဲဒီ အတွဲအစပ်ကို အကြိုက်တူတာ နှစ်ယောက်တွေ့ဖူးပြီ။)