.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, September 20, 2007

Proud of being a Myanmar

မြန်မာတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူပါသလား .....

မြန်မာဆိုတာ ဗမာလူမျိုးကိုပဲ ဆိုလိုတာ မဟုတ်ဘူးနော်။ မြန်မာပြည်သား အားလုံးကို ဆိုလိုတယ်။ မြန်မာမှာ မွေး၊ မြန်မာမှာ ကြီးလာခဲ့တဲ့ လူအားလုံးကို အကျုံးဝင်တယ်။ မြန်မာပြည်ပေါက် ပန်ဂျာပီရော၊ မြန်မာပြည်မွေး ပေါက်ဖော်လေးရော အကုန်ပါတယ်။

ကဲ ... မြန်မာဖြစ်ရတာ ဂုဏ်ယူပါသလား တဆိတ်လောက် ဖြေပေးကြပါဦးဗျာ။

လူအမျိုးမျိုး စိတ်အထွေထွေ ရှိတာကို သိပါတယ်။ နားလည်ပါတယ်။ အမြင်တွေ မတူရင်လည်း လွတ်လပ်စွာ ကွဲလွဲနိုင်ကြပါတယ်။ အမြင်မတူတိုင်း ရန်သူမဖြစ်ပါဘူး။

မြန်မာပြည်သည် တို့ပြည် ...
မြန်မာစာသည် တို့စာ ...
မြန်မာစကားသည် တို့စကား ...
ငယ်ငယ်တုန်းက အလယ်တန်းကျောင်းမှာ အမျိုးသားနေ့အကြောင်း သင်ခဲ့တုန်းက သင်ခဲ့ရတဲ့ ရွတ်ခဲ့ရတဲ့ စာသားလေးပါ။

ဒီပြည်မှာမွေး ဒီပြည်မှာကြီးခဲ့တာမို့ မြန်မာပြည်သည် တို့ပြည်လို့ ဆိုဝံ့ပါတယ်။ ဒါပေမယ့် မြန်မာစာနဲ့ မြန်မာစကားကတော့ တို့စကား မဟုတ်ပါဘူး။ သို့ပေမယ့် မြန်မာစာနဲ့ မြန်မာစကားကိုတော့ အလွန်လေးစား၊ မြတ်နိုး၊ တန်ဖိုးထားပါတယ်။ ဒီစကားကိုပဲ ပြောဖြစ်နေတယ်။ ဒီစကားနဲ့ပဲ ရေးဖြစ်နေတယ်။

ဒီမြေဒီရေမှာ မွေးပြီး ကြီးပြင်းလာခဲ့လို့ ဒီမြေဒီရေကို အရမ်းချစ်မိပါတယ်။ ဒါကြောင့် နိုင်သလောက် ပြန်ပေးဆပ်နေတာပါ။ ဆက်လက်လဲ ကြိုးစားနေဆဲပါ။ တမြေခြားကို ရောက်ခဲ့ပေမယ့်လဲ အပြီးအပိုင် ခေါင်းချနေထိုင်ဖို့အထိ မရည်ရွယ်ထားပါဘူး။ မြန်မာပြည်ကိုပဲ တကူးတက ပြန်လာပြီး ခေါင်းချမယ်လို့ စိတ်ကူးထားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က အရမ်းချစ်စရာ ကောင်းလွန်းလို့ပါ။ ဘာအရောင်တွေမှ မဆိုးထားတဲ့ အဖြူရောင် နှလုံးသားလေးနဲ့ ခံစားကြည့်လိုက်ပါ။ အရိုးခံမျက်စိနဲ့ပဲ ကြည့်လိုက်ရင် မြန်မာဟာ တကယ်လှပါတယ်ဗျာ။

ကြမ်းကျွံရင် နှုတ်လို့ရပေမယ့် စကားကျွံရင် နှုတ်လို့မရဘူးဆိုတာကို ကျွန်တော်သိလျှက်သားနဲ့ အပေါ်ကစကားတွေကို အခါခါ ပြောနေမိတယ်။

မြန်မာဖြစ်ရတာ ဂုဏ်ယူစရာဆိုလို့ တောတောင်ရေမြေ သဘာဝအလှတွေပဲ ရှိပါတယ်လို့ မဆိုလိုဘူးနော်။ ရိုးသားမှုတွေ၊ ချစ်ခင်စဖွယ် အပြုံးတွေ၊ ဖြူစင်တဲ့ စေတနာတွေ၊ ယဉ်ကျေး သိမ့်မွေ့တာတွေ၊ ရိုင်းပင်းကူညီမှုတွေကလည်း ချစ်ဖို့ကောင်းပါတယ်။ အခုနောက်ပိုင်းတော့ တချို့သောသူတွေကြောင့် အဲဒီအလှတွေ အနည်းငယ် ပျောက်ဆုံးနေသလို ခံစားရပါတယ်။ မြန်မာဖြစ်ရတာကို ရှက်မိတယ်ဆိုတဲ့ သူတွေလည်း တွေ့လာခဲ့ရပါတယ်။

မြန်မာဆိုတာ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်လား။

ကမ္ဘာမီးလောင် သားကောင်ချနင်းလို့ပဲလား။ လွမ်းရေးထက် ၀မ်းရေးက ခက်နေလို့ပဲလား။
မြန်မာတွေ ဘနဖူး သိုက်တူးနေကြတာလား။ မြန်မာတွေ သားရေနားအိပ် သားရေနား စားတာလား။

ဒါပေမယ့် လက်ရှိ စုန်းပြူးလေးတွေကြောင့် ငါးခုန်းမလေးတွေကြောင့် မြန်မာတွေ ဒီလိုမျိုးအလှ မရှိဘူးလို့ ယူဆလိုက်ရင် မှားသွားမှာပေါ့ဗျာ။ အဲဒီ အလှဖျက်နေတဲ့ အမျိုးဂုဏ်မထောက်တဲ့ မြန်မာတစ်ချို့ရဲ့ မျက်တောင်တစ်ထောက်စာ လုပ်ရပ်တွေကို မကြည့်ဘဲ အရိုးခံမြန်မာစစ်စစ်တွေကို အသေအချာ တစ်ခေါက်လောက် ပြန်လှည့်ကြည့်လိုက်ပါအုံး။ တကယ်လှတဲ့ မြန်မာကို တွေ့လာပါလိမ့်မယ်။

ကဲ .... နောက်တစ်ခါ ထပ်ပြောအုံးမယ်။ ကျွန်တော် မြန်မာတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူမိပါတယ်ဗျာ။

9 comments:

su wai said...

ကိုဂျူလိုင်ရေ
မြန်မာလူမျိုးတွေရဲ့ ပင်ကိုစိတ်ရင်းအခံက ရိုးသားဖြူစင်ပြီး ရိုင်းပင်းကူညီတတ်ကြပါတယ်။ စုန်းပြူးဆိုတာကတော့ နေရာတိုင်းမှာ ရှိတာပဲလေ။ ဘာပဲဖြစ်ဖြစ် ဆုဝေကတော့ ဗုဒ္ဒဘာသာ မြန်မာလူမျိုးတစ်ယောက် ဖြစ်ရတာကို ဂုဏ်ယူပါတယ်။

နှင်းပွင့်ဖြူ said...

ကို ဂျူလိုင်အိမ်မက် ပြောတာတွေ အပြည့်အ၀ ထောက်ခံပါတယ် ....
ကျွန်မလည်း... မြန်မာ ပြည်သား တစ်ယောက်ဖြစ်ခွင့် ရတဲ့အတွက် ... ကျေနပ်ပါတယ် ..
တစ်ခါတစ်လေ အိမ်ပြန်ချင် စိတ်က ထိန်းမရအောင် ကို..ပြင်းထန်တယ်။

thamudayanwe said...

ဂုဏ်ယူပါတယ်..ဒါပေမဲ့ရေခြားမြေခြားမှာ
မြန်မာတွေဘာလို့သိပ်မစည်းလုံးကြတာလဲတွေးမိရင်..
ဝမ်းနည်းမိတယ်..သူများနိုင်ငံသူ/သားအာ
ချင်းချင်းစည်းလုံးတာမြင်ရင်အားကျမိသလို
ဝမ်းလည်းနဲတယ်..ဘာပဲဖြစ်ဖြစ်မြန်မာပြည်ဟာလှပပြီး
ချစ်ချင်စရာနေချင်စရာတိုင်းပြည်ပါ..
တခါမှဂုဏ်ငယ်တယ်လို့မထင်ပါဘူး.ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံလည်းဖြစ်
တယ်လေ..

Anonymous said...

ကျမက မြန်မာပြည်မှာမွေးတဲ့ တရုတ်လူမျိုးပါ။ မြန်မာပြည်မှာ လူလာဖြစ်ရတာ ဂုဏ်ယူပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရတာ ပိုလို့တောင် ဂုဏ်ယူပါသေးတယ်။ စိမ်းလန်းလှပပြီး ကုသိုလ်တွေ ယူတတ်ရင် ယူနိုင်သလောက် ရတာ ကျမတို့ မြန်မာပြည်ပါပဲ။

ကျမကို ဒီကလူတွေ နင်ဘယ်နိုင်ငံကလဲလို့ မေးလိုက်တိုင်း မြန်မာနိုင်ငံကလို့ မြန်မြန်ဆန်ဆန်ပဲ ၀င့်ကြွားစွာနဲ့ ဖြေနေမြဲပါ။ ကျမမျက်စိထဲမှာ ဟိုးအရင်တုန်းက မြန်မာပြည်ကို ပြန်လည်တမ်းတလျှက်ပါ။

မြန်မာပြည်က နိုင်ငံသားတွေ မစည်းလုံးကြတာ။ နိုင်ငံခြားမှာ လာရောက် လုပ်ကိုင်နေကြတဲ့ မြန်မာတွေ မစည်းလုံးကြတာကို သူများနိုင်ငံသားတွေ အချင်းချင်း စည်းလုံးနေတာမြင်တိုင်း ရင်နာမိပါတယ်။
(ဥပမာ-အင်ဒိုနီးရှား)

Anonymous said...

“nay kaung lar “ လို့မေးလာတဲ့ စကားလုံးထက် `နေကောင်းလား အမ´ဆိုတဲ့ စကားလုံးလေးကို ပိုခုံမင်နေမိနေသူပါ…
အခုနောက်ပိုင်း burglish တွေ ခေတ်စား လာတာတောင် အမကတော့ သူငယ်ချင်း မိတ်ဆွေတွေနဲ့စကားပြောဖြစ်ရင် ဗမာစာလုံး ၀ိုင်းဝိုင်းကလေးတွေကိုပဲ သုံးနေဖြစ်တယ်။
အင်္ဂလိပ်စာဆိုတာ နိုင်ငံတကာသုံး ဘာသာစကားမို့ တတ်ကျွမ်းအောင် မနည်းလေ့လာနေပေမယ့် မြန်မာစကား ပြောရတာကိုလည်း ကျေနပ်နေတတ်တယ်။
ကိုဇူလိုင်ရေ.. မြန်မာလူမျိုးဖြစ်ရတာကို အမ ကတော့ အမြဲဂုဏ်ယူနေပါတယ်။
လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)

ခင်မင်းဇော် said...

မြန်မာပြည်သား မြန်မာပြည်ဖွားတယောက်မို့
ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကို အရမ်းတိုးတက်စေချင်တယ်။
အဲဒါချစ်လို့ပေါ့။
အမလဲ ဘယ်နိုင်ငံကလဲ အမေးခံရတိုင်း မြန်မာပြည်ကလို့ အမြဲပဲ ဂုဏ်ယူဝံ့ကြွားစွာ ပြောပြမိတာပါပဲ

Nwai Hninn said...

နိုင်ငံရဲ့အပြင်ဘက်ကို မရောက်ဖူးသေးလို့ နင်ဘယ်နိုင်ငံကလဲလို့ အမေးမခံရဖူးသေးဘူး.. အမေးခံရရင်လည်း မြန်မာပြည်ကဆိုတာကို သက်တောင့်သက်သာ ပုံမှန်သဘောနဲ့ ဖြေဖြစ်မှာတော့ သေချာတယ်.. မြန်မာပြည်သားဖြစ်ရတာ ရှက်စရာလို့မမြင်သလို ဂုဏ်ယူစရာလို့လည်း မမြင်ထားပါဘူး.. မြန်မာပြည်ကို ချစ်တာပါပဲ.. မြန်မာ့အငွေ့အသက်ကိုချစ်တာပါပဲ.. ဘာလို့လဲဆိုတော့ ကိုယ်က မြန်မာဖြစ်နေတာကိုနော့..

နှစ်ကူး said...

နွေနှင်းပြောသလိုပါပဲ... မြန်မာပြည်ရဲ့ အပြင်ကို မရောက်ဖူးးသေးးလေတော့...
အင်းး.. ကိုယ်တိုင်တောင် သတိမထားမိတဲ့ ခံစားချက်လေးကို ပြန်ဆန်းစစ်ကြည့်မိတယ် .. သေချာပါဒယ် မြန်မာပြည်မှာမွေးပီး
မြန်မာပြည်မှာဘဲ ကြီးပြင်းလာခဲ့ရဒါကို ရှက်စရာလို့တော့ မြင်မိမှာမှုတ်ဖူးး
ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ရတာတော့ ပီတိဖြစ်ဒယ်.. ကျေနပ်ဒယ်.. ဂုဏ်ယူဒယ်။
ကိုယ်တိုင်ကတော့ မြန်မာပြည်မှာပဲ မွေးတဲ့ တရုတ်လူမျိုးပါ။
ဒါပေမယ့် ဒီမြေမှာမွေး ဒီမြေမှာကြီးခဲ့ရတော့
ဒီမြေဟာ တို့မြေ.. ဒီပြည်ဟာ တို့ပြည် ဆိုတဲ့ခံယူချက်က ..
မြန်မာလူမျိုးတွေထက်တော့ မနည်းလောက်ပါဖူးး
မြန်မာပြည်သားတွေမှာ
ကြီးသူကို ရိုသေ..
ရွယ်တူကို လေးစား..
ငယ်သူကို သနား..
ဆိုတဲ့ ချစ်ဖို့ကောင်းတဲ့ ပင်ကိုယ်စိတ်ထားတွေ လည်းရှိဒယ်လေ။
အဲ...ခေတ်ကာလတွေပြောင်းတွားဒေါ့ အဲဒါတွေက မှေးမှိန်တွားပေမယ့်
မပျောက်ကွယ် တေးပါဖူးးး
ဆက်လက်ထိန်းထားကြပါအုံးစို့နှော့် ..

komyintmyat said...

မြန်မာနိုင်ငံကြီးကို တိုးတက်စေချင်တာတော့ အမှန်ပဲ။ ကိုယ့်ကို မွေးတဲ့တိုင်းပြည်ဖြစ်တော့လေ။ မတိုးတက်တာ ဘာကြောင့်လဲလို့ ပတ်ဝန်းကျင်ကိုလေ့လာတော့........

လေ့လာတိုင်း ရင်မောရတယ်။
စိတ်ညစ်ရတယ်။း(