.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, December 12, 2007

A low-life burmese

"ဗမာ အောက်တန်းစား" ကျွန်တော် ကြားနေရတာ နည်းနည်း အကြိမ်ရေများလာပြီဗျ။ ပထမ ကြားစတုန်းကတော့ အီလည်လည်နဲ့ ခံစားရတယ်။ ဘယ်သူတွေ ပြောကြတာလဲဆိုတော့ လူမျိုးခြားတွေနဲ့ ရေပေါ်ဆီတိုင်းရင်းသားအချို့ တွေဆီကဗျ။

တွေးမိတာလေးရယ်ပါ... အရင်တုန်းက ဗမာမိသားစု တစ်ခုမှာ သူစိမ်း မိန်းကလေး ယောက်ျားလေး အိမ်ထောင်ဖက်အဖြစ် ပါဝင် ပူးပေါင်းလာမယ်ဆိုရင်တောင် ကိုးကွယ်တဲ့ဘာသာခြင်းတူနေဦးတော့ သူက ဘာလူမျိုးမို့ ဘာတိုင်းရင်းသားမို့ဆိုပြီး ဂျီးဂျွတ်များခဲ့တဲ့လူမျိုးပဲဟာ။

စီးပွားရေးများဆိုရင် ဗမာအသိုင်းအ၀ိုင်းကြီးနဲ့ လုပ်တဲ့ လုပ်ငန်းကြီးတွေ အထင်ကရ ရှိခဲ့ကြရဘူးတာပါ။ ခုများကျတော့မှာ ဟိုက ဒီက ကြားလာရတာ ပြည်တွင်းနေ လူမျိုးခြားတွေ၊ တိုင်းရင်းသားတွေကတောင် ဗမာဆိုရင် သူတို့လူမျိုးနဲ့ အိမ်ထောင်ဖက် ရွေးဖို့မပြောနဲ့ သူတို့ အသိုင်းအ၀ိုင်းမှာ၊ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံတာတွေ တွေ့လာရပါတယ်။

ပထမတော့ အောက်သက်သက်ပေါ့ဗျာ..
ငွေကြေးချမ်းသာမှုနဲ့တင် မဟုတ်ပါဘူး၊ အခွင့်အရေးရမှုနဲ့ လူရိုသေ ရှင်ရိုသေဖြစ်နေတဲ့ နေထိုင်မှု အဆင့်အတန်းကောပေါ့ အဲဒါတွေကို တောင်ရောက်မြောက်ရောက် ထည့်စဉ်းစားကြည့်ပြီး လူတွေကို အဆင့်ခွဲကြည့်တော့ ဒီလိုတွေ့ရသဗျ။

၁-အထက်တန်းစား အထက်လွှာ

ဗိုလ်ချုပ်အဆင့်ရှိ အရာရှိကြီးများ၊ ၄င်းတို့နှင့် ဆက်စပ်သော လူပုဂ္ဂိုလ်များ၊ ပါမစ်ရ သွင်းကုန်ထုတ်ကုန် လုပ်ငန်းပိုင်ရှင်ကြီးများ၊ သစ်၊ ရေနံ၊ ကျောက်မျက်သယံဇာတနှင့် ပါတ်သက်သောလုပ်ငန်းများ လုပ်ကိုင်ခွင့်ရ ပုဂ္ဂိုလ်များ...
(အရေအတွက်အားဖြင့် တစ်သိန်းလျှင် တစ်ယောက်ခန့်နှုန်း)

၂-အထက်တန်းစား အောက်လွှာ

ဗိုလ်မှုးအဆင့်ရှိ အရာရှိကြီးများ၊ ၄င်းတို့နှင့် ဆက်စပ်သော လူပုဂ္ဂိုလ်များ၊ အခွင့်အရေးရ တိုင်းရင်းသား လုပ်ငန်းရှင်များ၊ လူမျိုးခြားများဦးဆောင်သော လုပ်ငန်းကြီးများ၊ အခွင့်အရေးကောင်းသော ရာထူးကြီး အစိုးရ၀န်ထမ်းများ...
(တစ်သောင်းလျှင် တစ်ယောက်ခန့်နှုန်း)

၃-လူလတ်တန်းစား အထက်လွှာ

ဗိုလ် အဆင့်ရှိ အရာထမ်းများ၊ ၄င်းတို့နှင့် ဆက်စပ်သော လူပုဂ္ဂိုလ်များများ၊ အဆက်အသွယ်ကောင်းသော ကုန်သည်ပွဲစားကြီးများ၊ အကြီးစားကုန်ထုပ်လုပ်မှု လုပ်ငန်း ပိုင်ရှင်များ၊ နိုင်ငံခြားကုမ္ပဏီ ရာထူးကြီး ၀န်ထမ်းများ၊ အသေးစား ဖက်စပ်လုပ်ငန်းပိုင်ရှင်များ၊ နာမည်ကြီး အနုပညာရှင်များ...
(တစ်ထောင်လျှင် တစ်ယောက်နှုန်းခန့်)

၎-လူလတ်တန်းစား အောက်လွှာ

အလတ်စား ပုဂ္ဂလိကလုပ်ငန်းပိုင်ရှင်များ၊ ရာထူးကြီး ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများ၊ သာမာန် ကုန်သည် ပွဲစားများ၊ လယ်ယာမြေပိုင်ရှင်ကြီးများ၊ ရာထူးကြီး အစိုးရရုံးဝန်ထမ်းများ၊ အကျိုးတော်ဆောင်များ၊ နာမည်ရ အသိပညာရှင်၊ အတတ်ပညာရှင်၊ စက်မှုလက်မှု ပညာရှင်နှင့် အနုပညာရှင်များ...
(စုစုပေါင်း လူဦးရေ၏ ဆယ်ပုံ တစ်ပုံခန့်ရှိ)

၅-လူအောက်တန်းစား အထက်လွှာ

ဘာသာရေး အကြီးအကဲများ၊ ရာထူးငယ် တပ်မတော်သားများ၊ သာမာန်လခစား ကုမ္ပဏီဝန်ထမ်းများ၊ အခြေခံလစာရ အစိုးရရုံး ၀န်ထမ်းများ၊ တနိုင်တပိုင် လယ်ယာမြေ ပိုင်ရှင်များ၊ တနိုင်တပိုင် ပုဂ္ဂလိကလုပ်ငန်းအသေးစား ပိုင်ရှင်များ၊ သာမာန် အသိပညာရှင်၊ အတတ်ပညာရှင်၊ စက်မှုလက်မှု ပညာရှင်နှင့် အနုပညာရှင်များ...
(လူဦးရေ၏ လေးပုံတစ်ပုံခန့်ရှိ)

၆-လူ့အောက်တန်းစား အောက်လွှာ

တစ်နေ့လုပ် တစ်နေ့စား အလုပ်သမားများ၊ ပျံကျ အလုပ်သမားများ၊ အရင်းချို့တဲ့သော လုပ်ငန်းငယ်များ၊ သာမာန်မြို့ပြကျေးလက်နေ တိုင်းရင်းသားပြည်သူများ၊ လယ်ယာအငှား ထွန်ယက်စိုက်ပျိုးရေးသမားများ၊ အခြေခံ ၀န်ဆောင်မှု အလုပ်သမားများ၊ ပညာတတ် အလုပ်လက်မဲ့များ...
(ကျန်သမျှ လူအားလုံး)

၇-အမှိုက်များ

(အခြေအနေအရကြောင့် ဖြစ်သည်၊ နှိမ်ချလိုခြင်းမဟုတ်)

အရူးများ၊ သူတောင်းစားများ၊ ဒုစရိုက်သမားများ၊ တေပေလေလွင့်သူများ...
( အမှတ် ၁၊ ၂ နှင့် ထပ်တူဖြစ်သည်)

အဲလိုအဲလို တွက်လိုက်ပြန်တော့လဲ ဗမာဆိုတာ အောက်တန်းစားအဆင့်ထဲမှာ အားလုံးနီးနီး ပါနေတာ တွေ့ရတော့ သိပ်မအံ့သြတော့ဘူးပေါ့ဗျာ... ပြော ပဒေါပေါ့ဗျာ... ဟဲဟဲ

မှတ်ချက်။ ။ နေးတစ်မြန်မာဖိုရမ်မှာ ကိုသခင်ကြီး ရေးထားတဲ့ပို့စ်ပါ။ တွေးစရာ အတွေးလေးတွေ ပါတဲ့အတွက် သူ့ဆီက ခွင့်ပြုချက် တောင်းခံယူပြီး ကျွန်တော့်ဘလော့မှာ ဖော်ပြလိုက်ပါတယ်။ အခုလို တင်ပေးရတာကလည်း လူမျိုးရေး ပဋိပက္ခဖြစ်စေလိုတဲ့ စိတ်ဆန္ဒ အနည်းငယ်မျှ မပါရှိကြောင်း ပြောကြားလိုပါတယ်။ ခေတ်တစ်ခေတ်ရဲ့ အခြေအနေအမှန်ကို တင်ပြချင်လို့ တင်ဆက်လိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျာ။

15 comments:

ရန်ကင်း said...

ဗမာဆိုတာအောက်တန်းစားအဆင့်ထဲမှာအားလုံးနီးနီးပါနေတယ်လို့ ဆိုတာကဘယ်လိုမျိုးသုတေသနလုပ်ပြီးထွက်လာတဲ့ရလဒ်ပါလဲခင်ဗျာ။
စာရေးသူကတော့ဗမာလူမျိုးဖြစ်မယ်လို့ ကျွန်တော်ယူဆပါတယ်။ကို့ တစ်ဦးချင်းမှာတောင်ကိုယ့်ကိုကိုလေးစားမူမရှိရင်သူများကလေးစားဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ကျွန်တော်ကြုံဖူးသလောက်ဗမာပြည်ကတိုင်းရင်းသား
ပေါင်းစုံဟာမိမိတို့ ရဲ့ သက်ဆိုင်ရာလူမျိုးကိုပဲနှိပ်ကွပ်ပြီးအထင်သေးစကားပြောဆို
ကြတာကိုတွေ့ ရပါတယ်။ဘာသုသေတနမှမရှိပဲရမ်းပြီးအထင်နဲ့ ပြောကျတာဖြစ်ပါတယ်။ကျွန်တော့်အတွေ့ အကြုံအရ၀င်ပြီး
ဆွေးနွေးခြင်းဖြစ်ပါတယ်။နားလည်ပေးနိုင်မယ်လို့ ယူဆပါတယ်။

JulyDream said...

စာရေးသူ ဆိုလိုချင်တာ အဲဒီအချက် မဟုတ်ဘူး ထင်တယ်။ အရေအတွက် ဆိုတာကလည်း အတိအကျ မဟုတ်ပါဘူး။ မြင်သာအောင် ညွှန်းဆိုထားတဲ့ ကိန်းတစ်ခု အနေနဲ့ပါပဲ။ သူ့အနေနဲ့ မိမိ လူမျိုးကို နှိမ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်မှန်း သိသာပါတယ်။ လက်ရှိ အခြေအနေအရ အပြောခံနေရတာကို ညွှန်းပြဖွင့်ဆို ထားတာပါ။ အဓိက ခေါင်ချုပ်ကို မြင်အောင် ကြည့်စေချင် ပါတယ် ခင်ဗျာ။ အခုလို ဆွေးနွေးပေးတဲ့ အတွက် ကိုရန်ကင်းကို ကျေးဇူးအထူး တင်ရှိပါတယ်။ အမြင်တွေ မတူလည်း ပျော်ပျော် ပါးပါးပေါ့ ခင်ဗျာ။

ထွန်း said...

အေးကွာ မှန်တယ် ကိုအိမ်မက် ပြည်တွင်းမှာလည်း တိုင်းရင်းသားတွေက ဗမာ၊ တိုင်းရင်းသား၊ အစသဖြင့် ခွဲခြားနေကြတယ်။ ပြည်ပမှာ ရောက်တဲ့ မြန်မာ နိုင်ငံသား တွေက အချင်းချင်း ကုတ်ဖဲ့ဖို့  ဘဲ စဉ်းစားကြတယ်၊ ဘယ်လိုမှ စုစည်းလို့ ကို မရဘူး။

This is about... said...

ပိုက်ဆံ မရှိတဲ့ လူကို အောက်တန်းစား လို.သတ်မှတ်မယ်၊ ဂုဏ်ဒြပ်မရှိတဲ့ သူကို အောက်တန်းစားလို. သတ်မှတ်မယ် ဆိုရင်တော့ ကျွန်မလဲ အောက်တန်းစားပါပဲ။
ပိုက်ဆံ တွေရှိပါတယ် ဒါပေမဲ့ သူများမျက်ရည် တွေစိတ်ဆင်းရဲ မှုတွေကို ရင်းပြီး
ရှာထားတဲ့ ပိုက်ဆံချမ်းသာတဲ့ သူတွေကိုကော အထက်တန်းကျ လှချည်ရဲ. လို.သတ်မှတ် နိုင်ပါ့မလား။ ပိုက်ဆံ ရှိတိုင်း အဆင့် အတန်း မရှိနိုင်ပါဘူး။ အတွေး လေးပါ။

ညီအကိုများ said...

ငွေကြေးကြွယ်ဝရုံနဲ့တော့..အထက်တန်းစားလို့ သတ်မှတ်လို့ မရဖူးထင်တယ်ခင်ဗျ
လူမျိုးစွဲဆိုတာကတော့ လူဆိုတာရှိနေသရွေ့ တော့ချွတ်လို့ ရမယ့်အစွဲတော့ ဟုတ်မယ်မထင်ဖူးဗျာ…
နားလည်မှုသာအဓိကလို့ ထင်ကြောင်းပါ..

ကိုနေ(YNP)

Unknown said...

Hello,
Dear I'm gretting to you.I do love this post .u know I know and every body know the true story of ours.We will try our best for our people and land to escape from the dark room.
Best Regards

ခွန်မြလှိုင် said...

ဒီပို့စ်ကို အစက လက်ရှောင် မလို့ဟာ.. ဒါပေမယ့် ခုတလော ကျန်းမာရေး တယ်ဆိုးလို့ ဘာသာရေး လိုက်စားဖြစ်တော့ ဘုရားဟောတဲ့ အထက်တန်းစား ကို မဟာသတိပဌာန သုတ်က ပြတဲ့အ တိုင်း ရေးကြည့်မယ်နော်။ အဆင့်အတန်း အမြင့်ဆုံး အစားကနေ အဆင့်အတန်း အနိမ့်ဆုံး အစားထိ အထက်ကနေ အောက်ကို ရေးသွားပါမယ်။ လိုချင် ဆန္ဒ ကိလေသာကိုတပ်မက်မှုကလဲ အထက် ၃ပါးမှာ လုံးဝ မရှိတော့ပေမယ့် အနာဂါမ် ကနေ အောက်အထိ က လူတွေက အဆင့်အလိုက် လိုချင် ဆန္ဒ တဖြည်းဖြည်း များလာပါသတဲ့။

မြတ်စွာဘုရား
ပစေက ဗုဒ္ဓါ
ရဟန္တာ
အနာဂါမ်
သကဒါ ဂါမ်
မဟာသောတာပန်
စူဠ သောတာပန် (ဒိဌိ ငါစွဲ ပြုတ်သူ)
သီလ ရှိသော ပုထုဇဉ် သာမန်လူသား
သရဏဂုံတည်သော ပုထုဇဉ် သာမန်လူသား တဲ့။

ကျန်တာကတော့ တိရစ္ဆာန်နဲ့ သိပ်မထူးခြား လှဘူး တဲ့လေ။ အဆင့်အတန်းကို အထက်တန်းစားနဲ့ အောက်တန်းစား ကျွန်မကတော့ ဘုရားရဲ့ သမီး ပီပီ ဘုရားက ခွဲသလိုပဲ ခွဲချင်တယ် နော်။

သဇင်ဏီ said...

မှန်တယ်..မှန်တယ်.. ဗမာက အောက်တန်းစားပဲ..

JulyDream said...

အားလုံးရဲ့ အမြင်တွေက မတူညီတာကို တွေ့လိုက်ရပါတယ်။ အဓိက ဆိုလိုချက်ကို သဘော မပေါက်နိုင် ကြဘူးလို့ ကျွန်တော် မြင်မိပါတယ်။ ပေါက်တဲ့သူတွေ ရှိသလို မပေါက်တဲ့သူလည်း ပါနေပါတယ်။ ဗမာ အောက်တန်းစား ဆိုတဲ့ အသုံးအနှုန်းကြောင့် မျိုးချစ်စိတ်ဓါတ် အခံလေးမှာ မခံချိ မခံသာ ဖြစ်နေရမှာပါ။ အဲဒါလေးကို ခဏမေ့ပြီး ဆိုလိုရင်းကို ဆက်လက် တွေးတော စဉ်းစားကြည့်ပါလားဗျာ။ အားလုံး ပျော်ပျော်ပါးပါးပေါ့ဗျာ။

လှိုင်စုယဉ် said...

မြန်မာအောက်တန်းစားဆိုတာကိုတော့ တော်တော်အောက်သက်သက်ဖြစ်မိတယ်။
နိုင်ငံတိုင်း၊လူမျိုးတိုင်းမှာ အခုခွဲခြားပြထားသလိုလူတန်းစားပေါင်းစုံ၊အလွှာပေါင်းစုံ
ရှိနေတာပဲလေ။ အဆင့်အတန်းဆိုတာ ရုပ်ဝထ္ထုပစ္စည်းဂုဏ်ဒြပ်တွေနဲ့ခွဲတာလား၊
စိတ်ဓါတ်မြင့်မြတ်ခြင်း၊နိမ့်ကျခြင်းနဲ့ရော ခွဲခြားမကြည့်ကြဘူးလား။
အင်း လူတွေက သူများကို မကောင်းပြောရင် ကိုယ့်ရဲ့စိတ်ဓါတ်လေးလည်း
မကောင်းတဲ့အတွေးတွေနဲ့ပြည့်နေပြီဆိုတာကို မသိကြဘူးထင်ပါရဲ့။

Red's Rose Dream said...

စာရေးသူက ကောင်းစေချင်တာဖြစ်မှာပါ။
လက်ရှိအခြေအနေကိုလည်း ကြည့်မရလို့
လည်း ဖြစ်နိုင်ပါတယ်။
အမှန်တော့ ဗမာတွေ ဒီထက်ပိုပြီး ကောင်းအောင်
ကြိုးစားသင့်တယ်လို့ ထောက်ပြတာလည်း ဖြစ်
နိုင်ပါတယ်။
ခေါင်းစဉ်ကလည်း အတော် စိတ်တိုစရာ ကောင်းနေလို့
ဖြစ်မှာပါ။
ဘာပဲဖြစ်ဖြစ်ထောက်ပြပေးတာကျေးဇူးပါ။
အခုတော့ ဘုံဘယ်နှဆင့်ရှိလည်း သိသွားဘီ။ :P
ကိုယ်ဘယ်အဆင့်ရောက်နေလည်း ကြည့်သွားတယ်ဗျာ။
အခုတော့ ကိုယ့်အဆင့်ကိုယ်သိသွားဘီ။
ဟတ် ဟတ် ဟတ်။

ko thaw said...

ဇူလိုင်ရေ

ကိုယ် လည်းပါဝင်ဆွေးနွေးချင်ပါတယ် ။
`ဗမာ အောက်တန်းစား´ ဆိုတဲ့စာကိုမြင်လိုက်ကတည်းက ရင်နာတာအမှန်ပဲ။
ဒါပေမယ့် စာရေးသူ `ကိုသခင်ကြီး ´ဟာ သူ့ပတ်ဝန်းကျင်မှာ ကြားရတဲ့အသံတွေကို မချိတင်ကဲ သုံးသပ်ထားတယ်လို့ထင်ပါတယ်။
ဘယ်အရပ် ဘယ်ဒေသ ဘယ်လိုအဆင့်ပဲဖြစ်ဖြစ် ကိုယ်တို့ရဲ့ ရင်ထဲမှာ `ဗမာဟာဗမာ´ပဲလေ
ဗမာကို အောက်တန်းစားလို့ သုံးနှုန်းလိုက်လို့ ရင်ထဲမချိအောင်နာမိတယ်။
ဒါပေမယ့် ဒီလိုသတ်မှတ်ခံရလောက်အောင် ကိုယ့်တို့ဘာတွေမှားခဲ့လို့လဲ ပြန်ဆန်းစစ်ကြည့်တဲ့အခါ
တိုင်းပြည်တပြည် လူမျိုးတမျိုးကို တခြားနိုင်ငံတွေက အဆင့်သတ်မှတ်တဲ့အခါ ဘာကိုကြည့်ပြီးဆုံးဖြတ်ပါသလဲ။
ကိုယ့်အထင်တော့ အုပ်ချုပ်တဲ့အစိုးရပေါ် မူတည်ဆုံးဖြတ်တယ်လို့ ယူဆပါတယ။်
ဒါကြောင့် ကိုယ့်တို့အစိုးရ ကြောင့် ကိုယ့်တို့ဗမာတွေကို
`ဗမာအောက်တန်းစား´လို့သတ်မှတ်ခံရတယ်လို့ ထင်ပါတယ်။
ဒါ ကိုယ့်ရဲ့ ကိုယ်ပိုင်ယူဆချက်သာဖြစ်ပါတယ် ။

ပီကေ said...

ကမ္ဘာ့ပေါ်မှာရှိတဲ့ လူမျိုးအတော်များများက မြန်မာ ဆိုတာကို အောက်တန်းစားအဆင့်ထဲမှာ သက်မှတ်တာ မြင်ရတိုင်း ကြားရတိုင်း ရင်နာမိတယ်။ မြန်မာဆိုတာ အမှိုက်ပေါ့။ ဒါကို ကျနော်တို့ ကက်ကက်လန်အောင် ရန်ပြန်တွေ့နေမယ့် အစား မဟုတ်ကြောင်း အလုပ်နဲ့ သက်သေပြဖို့ ကြိုးစားကြရအောင်။ စိတ်ဓါတ်နဲ့ အရည်အချင်းတွေ ပြင်ဆင်ကြရအောင်။ နိုင်ငံရပ်ခြားမှာ ကျနော်တို့ မြန်မာတွေကို ဒေသခံလူမျိုးတွေက အမှိုက်ရှင်းသလို အမြဲ လိုက်ရှင်းနေရရင်တော့ ကျနော်တို့ဟာ အမှိုက်ကနေ မတက်တော့ပါဘူး။ မြန်မာတစ်ဦးတစ်ယောက် ကောင်းနေရုံနဲ့ မြန်မာ့ဂုဏ် တက်မလာပါဘူး။ မြန်မာလို့ ခံယူမယ့် လူတွေ အားလုံးမှာ တာဝန်ရှိပါတယ်။ ကျနော်တို့ အားလုံး ကိုယ်စီ ကိုယ့်တာဝန် ကိုယ်ယူပြီးတော့ ကိုယ့်ရဲ့ ရှိရင်းစွဲ စိတ်ဓါတ်တွေကို မြှင့်တင်၊ အရည်အချင်းတွေကို မြင့်တက်အောင် ကြိုးစားလိုက်ကြရင် အမှိုက်ကနေ ရွှေဖြစ်လာမှာပါ။ ကမ္ဘာက မြန်မာကို နှိမ်တာ ဘယ်သူ့မှာ တာဝန်ရှိသလဲ မမေးပါနဲ့။ ကျနော်တို့ အားလုံးမှာ တာဝန် ရှိပါတယ်။ ကိုယ်စီ တာဝန်တွေ လစ်ဟင်းနေကြလို့သာ အမှိုက်ဖြစ်နေတယ်လို့ ကျနော်တော့ ခံယူမိတယ်။ ကိုယ်လုပ်ရမယ့် ကိုယ့်ရဲ့ တာဝန်တွေ ကျေပွန်ကြမယ်ဆိုရင်ဖြင့် ကျနော်တို့ဟာ အမှိုက်တွေ မဟုတ်တော့ပါဘူး။ လူ့လောကရဲ့ အမှိုက်သရိုက်တွေ မဖြစ်တော့ပါဘူး။

JulyDream said...

ကျွန်တော် ဒီပို့စ်ကို တင်ရတာကလည်း ဗမာ အောက်တန်းစားလို့ ပြောချင်လွန်းလို့ တင်တာမျိုး မဟုတ်ပါဘူး။ ဖြစ်နေပျက်နေတာကို သတိမူ မိအောင် တင်လိုက်တာပါ။ အနှိမ်ခံ ဘ၀ကနေ လွတ်အောင် ကြိုးစား စေချင်တာ အဓိက စေတနာပါပဲ။ ကိုယ်တွေ လုပ်ခဲ့လို့ ကိုယ်ခံရတာပဲလေ။ ကိုယ်တွေ ဆိုတာ တစ်ဦးတစ်ယောက်တည်းကို ရည်ညွှန်းတာမျိုး မဟုတ်ပါဘူး။ ဗမာတွေထဲက စုန်းပြူးဗမာတွေ လုပ်ခဲ့လို့ ဗမာအားလုံး အမည်ပျက် နေရတာပါ။ အဲဒီတော့ အားလုံးမှာ တာဝန်ရှိပါတယ် ခင်ဗျာ။

ck said...

ဒါဟာ အပြည်ပြည်ဆိုင်ရာ နည်းစံနစ်အတိုင်း လူတန်းစား social class ကို ခွဲခြားပြထားတာပါ။ အကြမ်းအားဖြင့် မှန်ပါတယ်။ တိုးတက်တဲ့ ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် ဒီနည်းနဲ့ ခွဲခြားပြီး လူမှုရေးထောက်ပံ့မှုတွေ လုပ်ဖို့ စီစဉ်ရပါတယ်။ အမှန်ကို မျက်ကွယ်မပြုရပါ။ Social class ကို resident, employment, education ဆိုတာ ၃-ခုနဲ့ ခွဲရပါတယ်။ ငွေသက်သက်နဲ့ခွဲလို့ မရပါ။ ငွေက နေ့မြင်ညပြောက် ဖြစ်တတ်လို့ပါ။ နေအိမ်ရယ်၊ အလုပ်ရယ်၊ ပညာရေးရယ်က အချိန်တစ်ခု ရင်းနှီးပြီးမှ ရတတ်ပါတယ်။