သွေးလှူ၇င် ဘာတွေ စစ်ပေးတာလဲ ပြောပြပါလား.. စီ ပိုးတွေ ဘာတွေရော စစ်လား မသိဘူး နော်.. ခုနောက်ပိုင်း မြန်မာနိုင်ငံမှာ သွေးသွင်းတာကနေ စီပိုးကူးတာ ခေတ်စားနေသလားလို့ပါ... ဆိုပြီး မေးထားတာလေး တွေ့လို့ ဒီပို့စ်လေးကို တင်လိုက်တာပါ။
သွေးလှူတာက ၂ မျိုးရှိပါတယ်။ သွေးဘဏ်မှာ မိမိသဘောအလျှောက် သွေးလှူတာနဲ့ အရေးပေါ် သွေးလိုအပ်လို့ လူနာရှင်က အကူအညီတောင်းလို့ သွေးလှူတာ ဆိုပြီး ခွဲထားနိုင်ပါတယ်။ မိမိသဘောနဲ့ လှူတဲ့သွေးကိုတော့ အရင်ဦးဆုံး သွေးပေါင်ချိန် ဟေမိုဂလိုဗင် သွေးအမျိုးအစား စတာတွေပဲ စစ်ပါတယ်။ ရောဂါရှိမရှိကို မစစ်ပဲ သွေးတစ်အိတ်စာကို အရင် ထုတ်ယူထားပါတယ်။ ပြီးမှ အဲဒီသွေးထဲက နမူနာကို ဓါတ်ခွဲခန်းပို့ပြီး ရောဂါပိုး ရှိမရှိ စစ်ပါတယ်။ သွေးမှာ ရောဂါပိုးတွေ မရှိဘူးဆိုရင် အအေးခန်းမှာ စနစ်တကျ သိမ်းဆည်းထားပါတယ်။ နောက်မှ လိုအပ်တဲ့ လူနာကို လိုအပ်သလို ထုတ်ပေးပါတယ်။ ရောဂါပိုး ရှိတယ်ဆိုရင်တော့ လုံးဝ မသုံးပဲ လွင့်ပစ်ပါတယ်။ အဲဒီလို လွင့်ပစ်ရတဲ့အတွက် သွေးအိတ်ခတွေ၊ သွေးစစ်ခတွေကို အမျိုးသားသွေးဘဏ်က ကျခံ ဆုံးရှုံးရပါတယ်။ လွင့်ပစ်တဲ့ အပိုင်းကိုတော့ မြန်မာပြည်မှာ ဘယ်လို လုပ်သလဲ မသိပေမယ့် စင်္ကာပူမှာတော့ စနစ်တကျ ဓါတ်ပေါင်းဖို ထဲကိုထည့်ပြီး ဓါတုဗေဒနည်းနဲ့ အချိန်ပေး ဖျက်ဆီးရပါတယ်။ သွေးအိတ်တစ်အိတ်ကို ဖျက်ဆီးရတဲ့ ကုန်ကျစရိတ်က စင်္ကာပူဒေါ်လာ ရာဂဏန်းလောက် ကုန်ကျပါတယ်။ အဲဒါကြောင့် ရောဂါရှိမယ်လို့ သံသယရှိရင် သွေးမလှူခိုင်းကြတာပါ။
အရေးပေါ် သွေးလိုလို့ လူနာရှင်က အကူအညီတောင်းတဲ့အချိန်မှာ သွားရောက်လှူဒါန်းတဲ့ သွေးကို ထပ်ပြီး ၂ မျိုးခွဲနိုင်ပါတယ်။ တစ်ခုက ရှေ့က ပြောသလို သွေးကို အရင်ထုတ်ထားပြီးမှ ရောဂါစစ်တာပါ။ နောက်တစ်မျိုးက လိုအပ်တဲ့ သွေးကို မယူခင်ကတည်းက ရောဂါပိုးရှိမရှိကို သွေးနမူနာ နည်းနည်းလေး ယူပြီး ကြိုတင်စစ်တာပါ။ ရောဂါပိုး စစ်တဲ့နေရာမှာလည်း ဆေးရုံ တစ်ခုနဲ့တစ်ခု ကြာမြင့်ချိန် မတူကြပါဘူး။ အမျိုးသား သွေးဘဏ်မှာဆိုရင် ၄၅ မိနစ်ကနေ ၂ နာရီ ကြား ကြာတတ်ပါတယ်။ အာရှတော်ဝင်ကတော့ မနက်က ယူထားတဲ့သွေးကို တစ်နေ့ကုန် စစ်ပြီး နောက်တစ်နေ့မှ အဖြေ ပြန်ထွက်ပြန်ပါတယ်။ ဘာကြောင့် အဲဒီလောက် အချိန်ယူတာလဲ မေးကြည့်တော့ ၂ ခါပြန်စစ်နေလို့ပါတဲ့။ တခါတလေမှာ လူနာရဲ့ အရေးပေါ် အခြေအနေပေါ် မူတည်ပြီး သွေးအမျိုးအစား မှန်တယ် လူနာရဲ့သွေးနဲ့ တည့်တယ်ဆိုတာနဲ့ သွေးမှာ ရောဂါစစ်မနေတော့ပဲ တိုက်ရိုက် သွင်းရတဲ့ကေ့စ်တွေလည်း ရှိပါတယ်။ လူနာရဲ့အသက်ကို လုနေတဲ့အချိန်မှာ နောင်ခါလာ နောင်ခါဈေး ဆိုပြီး လုပ်ကြရပါတယ်။ အဲဒီအချိန်မှာ သွေးလှူရှင်ရဲ့ နေရာက အလွန်ကို အရေးပါ ပါတယ်။ သူရဲ့ အမူအကျင့်တွေဟာ စိတ်ချရတဲ့ အနေအထားမှာ မရှိရင် လူနာရဲ့ ဘ၀ရှေ့ရေးမှာ ထိခိုက်သွားနိုင်ပါတယ်။ ဒါကြောင့် သွေးလှူရှင်အနေနဲ့ မိမိကိုယ်ကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီးမှ သွေးလှူဖို့ကို တိုက်တွန်းချင်ပါတယ်။ အဲဒီလိုပဲ ပုံမှန်သွေးလှူရှင်ဖြစ်ဖို့အတွက် မိမိစိတ်ဆင်ရိုင်းကို လွတ်မပေးပဲ ချွန်းအုပ်သင့်ပါတယ်။ ကျန်းမာရေး ကောင်းမွန်ဖို့အတွက် ဆင်ဆင်ခြင်ခြင် နေထိုင်သင့်ပါတယ်။
အဲဒီလို သွေးစစ် မလား မစစ်ဘူးလားဆိုတာကို လူနာရှင်တွေဘက်က ဆုံးဖြတ်ခွင့်ရှိမယ်လို့လည်း မမြင်မိပါဘူး။ အဲဒီလိုပဲ သွေးလှူရှင်အနေနဲ့လည်း သွေးစစ်ပေးပါလို့ တောင်းဆိုခွင့်မရှိပါဘူး။ လူနာရဲ့ ရောဂါအနေအထားပေါ် မူတည်ပြီး တက်ကျွမ်းနားလည်တဲ့ ဆေးဘက်ပညာရှင်တွေကပဲ ဆုံးဖြတ်ကြမှာပါ။ အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်တဲ့ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေရဲ့ လုပ်ငန်းပိုင်ဆိုင်ရာ ကျွမ်းကျင်မှုကလည်း လူနာရဲ့အသက်ကို အဆုံးအဖြတ် ပေးပြန်ပါတယ်။ ဆုံးဖြတ်ချက် မှန်ပေမယ့် နောက်က အကောင်အထည် ဖော်တဲ့အချိန်မှာ နှောင့်နှေးပြီး ဆုံးရှုံးမှုတွေလည်း ကြုံခဲ့ရသလို မူလ ဆုံးဖြတ်ချက်ကိုက မှားနေတဲ့အတွက် အဖတ်ဆယ် မရတာတွေလည်း တွေ့ဖူးပါတယ်။ မမှားသောရှေ့နေ မသေသော ဆေးသမား ဆိုသလိုပေါ့။
စရိတ်မျှပေး ကျန်းမာရေးလို့ ဆိုင်းဘုတ်ကြီးတွေ ပြူးနေအောင် ချိတ်ထားတဲ့ ဆေးရုံကြီးတွေမှာလည်း လူနာရှင်ကပဲ သွေးစစ်ခ သွေးအိတ်ခ ပေးဆောင်ရပါတယ်။ ပြင်ပက ဆေးရုံကြီးတွေမှာလည်း လူနာရှင်ကပဲ ပေးဆောင်ရပါတယ်။ အရမ်းကို နွမ်းပါးတဲ့လူနာတွေအတွက် တခါတလေမှာ သွေးစစ်ခကို ပေးဆောင်ခိုင်းခြင်း မရှိတာကို တွေ့ဖူးပါတယ်။ ဒါပေမယ့် နွမ်းပါးတယ် ဆိုတာရဲ့ နောက်မှ အပြောအဆို ခံရမှုတွေ၊ သိမ်ငယ်မှုတွေ အများကြီးကို တောက်လျှောက် ခံစားရမှာပါ။ အစိုးရ ဆေးရုံကြီးတွေက နိုင်ငံတကာမှ လှူဒါန်းထားတဲ့ အရာတွေကို အသုံးပြုနေပေမယ့် လူနာတွေရဲ့ လိုအပ်ချက်ကို ပြည့်စုံအောင် မဖြည့်ဆည်းပေးနိုင်ပါဘူး။ အဲဒါကြောင့် စရိတ်မျှပေးဆိုပြီး သွေးစစ်ခ သွေးအိတ်ခကို ပိုက်ဆံ ပြန်ကောက်ကြတာပါ။ ဒါပေမယ့် ပြင်ပဆေးရုံ အထူးကုဆေးခန်းတွေလောက်တော့ ဈေးမများပါဘူး။ ကျွန်တော် သိသလောက် အဲဒီပြင်ပက ဆေးရုံကြီးတွေမှာ သွေးစစ်ခက မြန်မာငွေ ၃ သောင်းကျော်လောက် ကုန်ကျပါတယ်။ အစိုးရ ဆေးရုံတွေမှာတော့ ကျပ် ၁ သောင်း ပတ်ဝန်းကျင် ပေးရပါတယ်။
နားမလည်နိုင်အောင်ပဲ အလှူအတန်း ရက်ရောပါတယ် စေတနာဖြူစင်ပါတယ် ဆိုတဲ့ ရွှေမြန်မာတွေ သွေးလှူဒါန်းတဲ့ဓလေ့ အရမ်းနည်းနေပါတယ်။ ပညာပေးစည်းရုံးမှု အားနည်းတာကြောင့်လို့ မြင်မိပါတယ်။ အမျိုးသားသွေးဘဏ်မှာ တစ်နေ့လုံးနေမှ သွေးအလုံးရေ ၁၀၀ ကျော်လောက်ပဲ ရပါတယ်။ ဒါပေမယ့် ဆေးရုံတစ်ခုထဲက သွေးလိုအပ်ချက်တင် တစ်နေ့ကို သွေးအလုံး ၂၀၀ ကျော် လိုပါတယ်။ ဆေးရုံမှာ ပုံမှန် သွေးသွင်းကုသနေရတဲ့ သွေးရောဂါရှင်တွေ ရှိသလို ထိခိုက်ဒဏ်ရာကြောင့် အရေးပေါ် သွေးလိုတဲ့ လူနာတွေလည်း ရှိပါတယ်။ ပြီးတော့ ရန်ကုန်မြို့ပေါ်မှာ ဆေးရုံကြီးပေါင်း ၅၀ ကျော်ရှိပါတယ်။ ဒါကြောင့် ဆေးရုံတွေမှာ သွေးလိုအပ်မှုက နေ့စဉ် ရှိနေပါတယ်။ မီဒီယာတွေမှာ တင်ပြမှု မရှိလို့သာ နေ့စဉ် ကြွေလွင့်နေရတဲ့ လူ့အသက်တွေ မသိရတာပါ။ သွေးဆိုတာ လူ့အသက် ကယ်တဲ့နေရာမှာ အစားထိုးလို့ မရသေးတဲ့ အရာတစ်ခုပါ။ အစားထိုးလို့ မရတဲ့သွေး လိုအပ်ချိန်မှာ မရတဲ့အခါ လူ့လောကကို အချိန်မတိုင်ခင် သက်တမ်းစေ့ မနေရခင် နှုတ်ဆက် ထွက်ခွာပေးကြရပါတယ်။
သွေးမှာ ရောဂါပိုး ရှိမရှိ စစ်တဲ့အခါမှာ ဘာတွေ စစ်သလဲဆိုတော့ အေ ဘီ စီ နဲ့ ကာလသားရောဂါပိုးပဲ စစ်ပါတယ်။ အေအိုက်ဒီအက်စ် ဖြစ်စေနိုင်တဲ့ အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ၊ အသည်း ဘီပိုး စီပိုး ရှိမရှိ စစ်ပါတယ်။ စီ ပိုး ရှိမရှိကို စစ်ရတဲ့အချိန်က အကြာဆုံးပါပဲ။ ဒါကြောင့် အရေးပေါ် သွေးလိုနေတဲ့အချိန်မှာ စီ ပိုး စစ်မစစ်ဆိုတာကို အသေအချာ အာမ မခံနိုင်ပါဘူး။ အာရှတော်ဝင်က အချိန်အကြာကြီးယူတာ စီပိုးကို သေချာ စစ်နေရလို့ပါလို့ ဆင်ခြေပေးဖူးပါတယ်။ သွေးလှူဒါန်းမှု စုစုပေါင်းမှာ စီပိုးစစ်တဲ့နှုန်းက ၆၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အများအားဖြင့်တော့ စီပိုး စစ်လေ့ရှိတဲ့အတွက် စီပိုးကူးစက်နှုန်းက သွေးကတစ်ဆင့် ကူးဆက်မှုကြောင့်လို့ တစ်ထစ်ချ ပြောလို့မရနိုင်ပါဘူး။ အသည်းစီပိုး ကူးဆက်တဲ့ နည်းလမ်းက အိတ်ခ်ျအိုင်ဗွီပိုး လိုပါပဲ။ လိင်ဆက်ဆံမှုကတဆင့် ကူးပါသေးတယ်။ ဆေးထိုးအပ်တွေကနေ ကူးပါတယ်။ အိတ်ခ်ျအိုင်ဗွီ ပိုးရဲ့ ကူးစက်နှုန်းထက် စီပိုးတွေရဲ့ ကူးစက်နှုန်းက ပိုမြင့်တဲ့အတွက် အပျော်အပါး လိုက်စားတဲ့သူတွေ အေမကိုက်လို့ ၀မ်းသာနေချိန်မှာ စီပိုးထိနေပါပြီ။ ဒါကြောင့် မြန်မာပြည်မှာ စီပိုးကူးစက်နှုန်း မြင့်နေရတာ သွေးသွင်းကုသမှု တစ်ခုတည်းက မဖြစ်နိုင်ဘူးလို့ ကျွန်တော် မြင်မိပါတယ်ခင်ဗျာ။