.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, January 17, 2008

Lunar New Year - 2

တရုတ်နှစ်ကူးမှာ တရုတ်တွေဟာ အ၀တ်အစားအသစ်များ ၀တ်ဆင်ပြီး အမျိုးအဆွေတွေ၊ သူငယ်ချင်းတွေ အိမ်ကို လည်ပတ်လေ့ရှိပြီး အပြန်အလှန် ဆုမွန်ကောင်းတွေ ချွေကြပါတယ်။ အိမ်ရှင်တွေက လာလည်တဲ့ ဧည့်သည်တွေကို တရုတ်နှစ်ကူး ရိုးရာမုန့်တွေနဲ့ ဧည့်ခံလေ့ရှိပါတယ်။ အဖွဲ့အစည်းတွေ၊ စီးပွါးရေး လုပ်ငန်းတွေကလည်း အဖွဲ့လိုက် အလည်အပတ် ထွက်တာလည်း ရှိပါတယ်။

နှစ်သစ်ကူးမှာ တရုတ်ပြည်တောင်ပိုင်းက တရုတ်တွေဟာ အမျိုးအဆွေတွေ၊ သူငယ်ချင်းတွေအိမ်ကို အလည်သွားတဲ့အခါ တရုတ်လိမ္မော်သီး ၂ လုံး သို့မဟုတ် ၄ လုံးကို ယူသွားပြီး ပေးလေ့ရှိပါတယ်။ ကန်တုံလူမျိုးတွေရဲ့ စကားသံအရ တရုတ်လိမ္မော်သီးဆိုတဲ့ စကား အသံဟာ ရွှေဆိုတဲ့ စကားအသံနဲ့ ဆင်တူပါတယ်။ အဲဒါကြောင့် လိမ္မော်သီး ပေးတယ်ဆိုတာ ရွှေပေးတယ် ဆိုတဲ့ သဘောနဲ့ အတူတူပါပဲလို့ သတ်မှတ်ကြပါတယ်။ အိမ်ရှင်ကလည်း လာလည်တဲ့ ဧည့်သည်ကို သူတို့ပေးတဲ့ လိမ္မော်သီး အရေအတွက်အတိုင်း လက်ဆောင် ပြန်ပေးကြပါတယ်။ အိမ်ထောင်ကျသွားတဲ့ သမီးတွေဟာ မိဘအိမ်ကို နှစ်ဆန်း ၂ ရက်နေ့မှာ အလည်တစ်ခေါက် ပြန်လာပြီး ဂါရ၀ ပြုလေ့ရှိပါတယ်။
နှစ်သစ်ကူးမှာ အိမ်ကို ပန်းချီကားတွေ အလှကပ်စက္ကူတွေနဲ့ အလှဆင် ခြယ်မှုန်းကြပါတယ်။ အဲဒီလို နှစ်သစ်ကူး ပန်းချီကားတွေကို နှစ်သစ်ကူးပွဲတော်မှာ ကပ်ထားခြင်းအားဖြင့် နိမိတ်ကောင်းတယ်လို့ ယူဆ လက်ခံထားပါတယ်။ အဲဒီပန်းချီးကားတွေ ပုံတွေဟာ နောက်နှစ်မှာ ကျရောက်မယ့် နှစ်သစ်ကူးပွဲတော်ကို ရောက်မှ အသစ်လဲလေ့ရှိပြီး တစ်နှစ်လုံး ဒီအတိုင်း ထားကြပါတယ်။ ပထမဦးဆုံး ကပ်လေ့ရှိတဲ့ ပုံကတော့ မကောင်းဆိုးဝါးတွေကို မောင်းထုတ်ပေးမယ့် တံခါးစောင့်နတ်မင်း ၂ ပါးရဲ့ပုံပါပဲ။

နှစ်သစ်ကူးပန်းချီကားတွေ ကပ်သလို စက္ကူအရုပ်လေးတွေ ချိုးပြီး ပြတင်းပေါက်တွေမှာ တွဲလောင်းချိတ် အလှဆင်ထားကြပါတယ်။ အဲဒီလိုပဲ နှစ်သစ်ကူး နှစ်ကြောင်းတွဲ လင်္ကာလေး ၁ စုံစီကိုလည်း တံခါးတွေ နံရံတွေမှာ ကပ်ထားလေ့ရှိကြပါတယ်။ နှစ်ကြောင်းတွဲ လင်္ကာတွေကို စာရွက်၊ ပိတ်စ၊ ၀ါး၊ သစ်သားတွေ အပေါ်မှာ လှလှပပ ပုံဖော်ပြီး ရေးသားထားလေ့ရှိပါတယ်။ နှစ်ကြောင်းတွဲ လင်္ကာ တစ်စုံဟာ စာသားအရရော နောက်ခံပုံဖော်ထားတဲ့ တင်ဆက်မှုအရရော တစ်ခုနဲ့တစ်ခု အပြန်အလှန် လိုက်ဖက်ညီမှု ရှိရပါမယ်။

အခုခေတ်မှာတော့ မိသားစုတွေရဲ့ ပြန်လည်ပေါင်းစည်းတဲ့ အထိမ်းအမှတ် ညစာစားပွဲမှာ ဟော့ပေါ့တွေ စားသောက်တဲ့ ဓလေ့ ထွန်းကားနေပါတယ်။ ဟော့ပေါ့က ပြင်ဆင်ရတာ လွယ်ကူတဲ့အပြင် ပါဝင်တဲ့ ဟင်းအမျိုးအမည်ကလည်း စုံလင်လှပါတယ်။ ပြီးတော့ ဟော့ပေါ့ဟာ လူကြီးရော လူငယ်ရော စားသောက်ဖို့ သင့်တော်ပါတယ်။ အဲဒီလို ဟော့ပေါ့စားတဲ့ ဓလေ့က ချင်မင်းဆက် ကျားချင်ဘုရင် လက်ထက်ကတည်းက စတင်ခဲ့တာပါ။

2 comments:

su wai said...

ကိုဇူလိုင်ရေ...တရုတ်နှစ်ကူးမှာ အန်ပေါင်းက ကလေးတွေကိုပဲ ပေးရတာလား...အိမ်ထောင်မကျသေးတဲ့ လူပျိုကြီး အပျိုကြီးတွေရော အန်ပေါင်းမရဘူးလား...:)

နှစ်ကူးရင်တော့ တရုတ်မိတ်ဆွေတွေ ဖိတ်သမျှ လိုက်စားတာပဲ။ ခေါက်ဆွဲကြော်နဲ့ ကြံမဆိုင်ဟင်းချိုကို အရမ်းကြိုက်တယ်။

JulyDream said...

အများအားဖြင့် အန်ပေါင်းက အငယ်တွေကိုပဲ ပေးလေ့ရှိပါတယ်။ လူပျိုကြီး အပျိုကြီးတွေမှာ သူတို့ထက် ကြီးတဲ့ ဦးလေးတွေ အဒေါ်တွေ အကိုကြီး အစ်မကြီးတွေ ရှိရင် သူတို့ပေးရင် ယူလို့ရပါတယ် ခင်ဗျာ။