.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, January 19, 2008

Pasting of Red papers

တရုတ်လူမျိုးတွေ နှစ်သစ်ကူးမှာ အနီရောင်ကို ဘာကြောင့် အသုံးပြုသလဲဆိုတဲ့ ပုံပြင် ဇာတ်လမ်းလေးကို ပြောပြပါမယ်။ ဟိုးရှေးရှေးတုန်းက ကမ္ဘာလောကကြီးမှာ မြွေဆိုးကြီးတွေ ကျားဆိုးကြီးတွေ စတဲ့ သားရဲတိရစ္ဆာန်တွေ ပြည့်နှက်နေပါတယ်။ အဲဒီအကောင်ဆိုးတွေထဲမှာ နယန်လို့ခေါ်တဲ့ အကောင်ဆိုးကြီး တစ်ကောင်လည်း ရှိပါတယ်။ သူက တရုတ်နှစ်ကူးပွဲတော်ကာလ ညပိုင်းတွေကျမှ တစ်ခါပြန်ပေါ်လာပြီး လူသားတွေကို ဖမ်းဆီးသတ်ဖြတ် စားသောက်လေ့ရှိပါတယ်။

ဒီလိုနဲ့ နှစ်သစ်ကူးပွဲတော်ကို တစ်ခေါက်ရောက်ခဲ့ပြန်တယ်။ ရွာသားတွေက နယန်ကြီး ရောက်လာမှာကို တွေးပူပြီး နှစ်ကူးမှာ မပျော်ရွှင်နိုင်ဘူး ဖြစ်နေကြပါတယ်။ အဲဒါနဲ့ ရွာက အဘိုးအိုတစ်ဦးက အခြားရွာသားတွေ အားလုံးအစား နယန်ကြီးမှာ သွားပြီး အစားခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါနဲ့ နယန်ကြီး ရှိရာနေရာကို တစ်ဦးတည်း ထွက်လာခဲ့ပါတယ်။ နယန်ကြီးကိုတွေ့တော့ ဒီနှစ်အတွက် သူ့ကို စားသောက်ပါ။ သူ့ကို စားပြီးရင် ရွာသားတွေကို ဒီနှစ်မှာ ထပ်ပြီး အနှောင့်အယှက် မပေးဖို့ တောင်းဆိုပါတယ်။
အဲဒီလိုနဲ့ နယန်ကြီးက သူ့ကိုပဲ စားမယ်လုပ်တော့ သူက ခဏလောက်နေပါအုံး။ ၀တ်ထားတဲ့ အ၀တ်အစားတွေ အရင်ချွတ်ပါရစေအုံးပေါ့။ ဒါမှ ပိုပြီး စားလို့ကောင်းမယ်ပေါ့ လို့ ပြောပါတယ်။ အဲဒါနဲ့ အပေါ်က ၀တ်လာတဲ့ ၀တ်ရုံရှည်ကြီးကို အရင်ချွတ်ပါတယ်။ ပြီးတော့ ကဲ... ရပြီ စားတော့လို့ ပြောပါလေရော။ အဲဒီအချိန်မှာ အကောင်ကြီးလည်း ကြောက်လန့်တကြား အော်ဟစ်ပြီး ထွက်ပြေးပါလေရော။ ဘာဖြစ်လို့လဲဆိုတော့ အဖိုးကြီးက အထဲမှာ ၀တ်ထားတဲ့ အောက်ခံအ၀တ်က အနီရောင်လေးဖြစ်နေပြီး နယန်ဆိုတဲ့ အကောင်ကြီးက အနီရောင်ကို အတော်မုန်းတီး ကြောက်ရွံ့ပါတယ်။ အဖိုးကြီးလည်း အဲဒီတော့မှ နယန်ကြီး အနီရောင်ကို ကြောက်မှန်း သိသွားပါတော့တယ်။

ရွာသားတွေကတော့ ရွာထဲကို နယန်ကြီး ညဘက်မှာ ရောက်မလာတာကို အံအားသင့်နေကြပါတယ်။ အရင်ညတွေကဆို ရွာထဲကို ၀င်လာပြီး သောင်းကျန်းနေကြ နယန်ကြီး အခုညတော့ ပျောက်ချက်သား ကောင်းနေတယ်လေ။ အဲဒီအချိန်မှာပဲ နယန်ကြီးကို ခွစီးပြီး ရွာလမ်းမအတိုင်း ၀င်လာတဲ့ အဖိုးအိုကြီးကို ရွာသားတွေက အိမ်ထဲကနေ ပြတင်းပေါက်တွေကနေ တဆင့် ချောင်းကြည့်ပြီး အံ့အားသင့်နေကြပါတယ်။ အဖိုးကြီးက နယန်ကြီးက အနီရောင်ကို အသေကြောက်ကြောင်း၊ ဒါကြောင့် နှစ်သစ်ကူးကာလတွေမှာ အိမ်ရှေ့တံခါးတွေမှာ အနီရောင်စက္ကူတွေ ကပ်ထားပြီး နယန်ကြီး မလာအောင် ခြောက်လှန့် မောင်းထုတ်နိုင်ကြောင်း လိုက်လံ နှိုးဆော်ပါတော့တယ်။

အဲဒီအချိန်က စပြီး တရုတ်နှစ်သစ်ကူးကာလ မရောက်ခင်မှာ အိမ်ရှေ့တံခါးတွေမှာ အနီရောင်စက္ကူတွေ ကပ်ထားကြပါတယ်။ နောက်ပိုင်းမှာတော့ အနီရောင်စက္ကူတွေပေါ်မှာ မင်္ဂလာရှိတဲ့ နိမိတ်ကောင်းတဲ့ စာသားတွေပါ အလှဆင် ရေးသားလာပါတယ်။ အဲဒီကနေတဆင့် နှစ်ကြောင်းတွဲ ကဗျာလင်္ကာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အင်း... အဲဒါဇာတ်လမ်းလေးကတော့ နှစ်သစ်ကူးမှာ အနီရောင်ကို ဘာလို့ သုံးသလဲဆိုတဲ့ နောက်ခံပုံပြင်လေးပါပဲ ခင်ဗျာ။

2 comments:

Anonymous said...

ပုံပြင်ဆိုတော့လည်း အိပ်ခါနီး လာဖတ်တာပေါ့ကွယ်..

လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)

JulyDream said...

သြော်... မမွန်းသက်ပန်က နေ့လည် ၁ နာရီမှာ အိပ်သေးတယ်ပေါ့ နော်။ အဲဒါကြောင့် အိပ်ခါနီးလေး ပုံပြင် လာဖတ်သွားရှာတယ်။