မနက်စောစောထဖို့ စဉ်းစားထားပေမယ် မနေ့ညက အိပ်ရာဝင်တာ အတော်လေး နောက်ကျတာနဲ့ နှိုးစက် မြည်နေတာကို ပြန်ပိတ်ပြီး အိပ်လိုက်သေးတယ်။ သွားစရာ လာစရာတွေ ရှိတော့လည်း အိပ်ရာက မထမနေ ထရတော့မှာပဲလေ။ အိပ်ရာထတော့ အချိန်က မနက် ၉ နာရီ ထိုးနေပြီ။ ရေမိုးချိုး အ၀တ်အစား လဲပြီး ဘူတာကို ရောက်တော့ မနက် ၁၀ နာရီ။ မနက်စာတောင် မစားဖြစ်လိုက်ပါဘူး။
ဒီနေ့က အမြဲတမ်း အာပလာ ဖြစ်ဖို့ဆိုပြီး အိုင်စီအေကို သွားဖို့ ခွင့်ယူထားတာလေ။ အိပ်ရာစောစောထ စောစောတန်းစီ စောစောပြန်လည်း ရုံးတက်ဖြစ်မှာမှ မဟုတ်တာ။ မထူးပါဘူးဆိုပြီး နောက်ကျမှပဲ အိမ်က ထွက်ဖြစ်တော့တယ်။ အိုင်စီအေကို ရောက်တော့ မနက် ၁၁ နာရီကျော်ကျော်လေး။ မရောက်တာ နှစ်နဲ့ချီနေပြီဆိုတော့ စမ်းတ၀ါးဝါး သွားရတာပေါ့။ ၅ ထပ်ကို တက်ရမယ်ဆိုတာကို သူငယ်ချင်းတွေ ကြိုပြောထားလို့ စက်လှေခါးက တက်ရမလား ဓါတ်လှေခါးနဲ့ တက်ရမလား စဉ်းစားလိုက်ရသေးတယ်။ ဓါတ်လှေခါး တံခါးဖွင့်လာတာ တွေ့တာနဲ့ မထူးပါဘူးဆိုပြီး ဓါတ်လှေခါးထဲပဲ ၀င်လိုက်တယ်။ ၃ ထပ်မှာ လူအကုန် ဆင်းသွားပြီး ၅ ထပ်ကို တစ်ယောက်တည်း တက်လာခဲ့လိုက်တယ်။
အပေါ်ရောက်တော့ တိုကင်နံပါတ်ပေးတဲ့ ကောင်တာမှာ တန်းစီနေတဲ့ လူတန်းက မနည်းမနှောကြီးပါပဲ။ တိုကင် ထုတ်ပေးတဲ့ စက်ကြီး ၂ လုံးကလည်း ခန့်ခန့်ကြီး ဘေးနားမှာ။ အဲဒါနဲ့ အရင် တန်းမစီပဲ အဲဒီ စက်နှစ်လုံးကို သွားစပ်စုလိုက်သေးတယ်။ ကိုယ်လုပ်ရမယ့် အရာတွေက အဲဒီစက်နဲ့မဆိုင်တာနဲ့ တန်းစီတဲ့နေရာမှာ အနောက်ကနေ ၀င်ပြီး တန်းစီလိုက်တယ်။ တန်းစီတဲ့ လူတွေကတော့ လူမျိုးပေါင်းစုံပါပဲ။ တရုတ် ကုလား ဗမာ အင်ဒို ဖိလစ်ပိုင် အစုံတွေ့ရပါတယ်။ ဗမာ ထမီ ပုဆိုးနဲ့ အဖိုးအဖွားတွေ မြေးလေးကို ချီပြီး ဘေးနားမှာ ရပ်စောင့်နေတာလည်း တွေ့ရတယ်။ ကလေးတစ်ဘက်နဲ့ တန်းစီနေတဲ့ ကလေးအမေတွေလည်း ရှိပါတယ်။
တန်းစီနေတဲ့အထဲမှာ ကုလားတွေက အချိုးမပြေဆုံးပါပဲ။ အသားညိုတဲ့ ကုလားထက်စာရင် အသားမဲတဲ့ ကုလားတွေက နည်းနည်းအချိုးမပြေသလိုပါပဲ။ ကျွန်တော်ဆီမှာ အသားအရောင် ခွဲခြားတဲ့ စိတ်မရှိပေမယ့် မြင်မိတာလေးက အဲဒီလို ဖြစ်နေလို့ အခုလိုပဲ ပြောရတာပါ။ သိရသလောက် မြောက်ပိုင်းက ကုလားတွေက အသားဖြူပါတယ်။ တောင်ပိုင်းက ကုလားတွေကတော့ အတော်လေး အသားမဲကြပါတယ်။ အဲဒီ အသားမဲ ကုလားတွေပဲ တန်းစီနေတဲ့ကြားက ဟိုဝင်လိုက် ဒီထွက်လိုက်နဲ့ ကုလားသိုက် ကျားဝင်ကိုက်သလို ဂဏာကို မငြိမ်ကြပါဘူး။ တန်းစီထားတဲ့ကြားက အပြင်ထွက်သွားလိုက် ပြီးရင် သူ့နေရာကို အတင်းတိုး ပြန်ဝင်ပြီး တန်းစီလိုက်နဲ့ မျက်စိကို နောက်နေတာပါပဲ။ ခပ်လှမ်းလှမ်းမှာ မတ်တပ်ရပ်နေတဲ့ မိန်းမကိုလည်း ခဏခဏ မှာတမ်းတွေ ထွက်ချွေနေတာများ မသိရင် ရှေ့တန်းထွက်မှာကြနေတာပါပဲ။ တစ်လက်စတည်း သေတမ်းစာပါ ရေးပေးခဲ့လိုက် ပြီးရောဗျာ။
ကျွန်တော့်ရှေ့က ကုလားကျတော့ လျှောက်လွှာကို မတ်တပ်ရပ်ပြီး ဖြည့်နေတာ တွေ့ရသေးတယ်။ ဒီအထိ လာတန်းစီနေပြီးမှ လျှောက်လွှာလေးတောင် မဖြည့်နိုင်ရအောင် ဒင်းက အိပ်ရာကနေ ဖုတ်ဖတ်ခါပြီး ထလာတာလား။ ဖြည့်ထားတဲ့ လခတွေကတော့ လန်ပျံနေတာပဲ။ နောက်ဆုံးရတဲ့ လခက ရေးထားတာတော့ စလုံးဒေါ်လာ ၄၅၀၀ ဗျ။ အခုလက်ရှိ လခကတော့ ဒီထက် များမယ်ဆိုတာ မပြောလည်းပဲ သိနေတယ်။ သူများတကာတွေက ရှေ့တိုးသွားပြီ သူ့ကတော့ ရှေ့မတိုးနိုင်လောက်အောင် လျှောက်လွှာ ဖြည့်နေရတယ်။ နောက်မှာ တန်းစီနေတဲ့ လူတွေကိုမှ အားမနာဗျာ။
အဲဒီလိုနဲ့ ငယ်ငယ်တုန်းက သမ၀ါယမမှာ ဆန်ဆီပေးတုန်းက တန်းစီသလို တဖြည်းဖြည်း တစ်လှမ်းချင်း ရှေ့ကိုရွေ့ရင်း ကောင်တာနားကို ရောက်သွားပါရော။ ကျွန်တော် လျှောက်လွှာတင်ဖို့ တိုကင်လိုချင်လို့ ပြောတော့ မယ်တော်ကြီးက ကြိုတင် အပွိုင့်မန့် ယူထားလားတဲ့။ မယူထားဘူးဆိုတော့ ဒီနေ့အတွက် နေရာလွတ် မရှိတော့ဘူးတဲ့။ အဲဒါကြောင့် နောက်ရက်မှာ အပွိုင့်မန့် ယူပေးမယ်တဲ့။ ဘယ်နေ့လောက် ရမလဲ ဆိုတော့ စက်တင်ဘာ ၁၀ ရက်နေ့ ရမယ်တဲ့။ ဒီကြားထဲမှာ ရက်လုံးဝ မရှိတော့ဘူးလား မေးတော့ အကုန် ပြည့်နေပြီတဲ့။ အဲဒါဆိုလည်း နေပါစေတော့ ဟိုတလောက ကိုယ့်ဘာသာကိုယ် ၀င်ပြီး လက်ဆော့ထားတာ ရှိတော့ အဲဒီရက်ပဲ ပြန်လာလိုက်တော့မယ်လေ။ ကိုယ် လက်ဆော့ထားတဲ့ ရက်က စက်တင်ဘာလ ၅ ရက်ဆိုတော့ ဘာပဲဖြစ်ဖြစ် ၅ ရက် စောတာပေါ့။ အဲဒါနဲ့ အိုင်စီအေကနေ အရည်မရ အဖတ်မရ ဘာတစ်ခုမှ မရပဲ အချိန်ကုန် လူပန်းပြီး ပြန်လာခဲ့လိုက်တယ်။
မြို့ထဲက ပင်နီဇူလားပလာဇာကို မရောက်တာ ကြာတာနဲ့ အပြန်လမ်းမှာ ၀င်ဖြစ်လိုက်တယ်။ ရုံးဖွင့်ရက် ဖြစ်တာရယ်... ထမင်းစားချိန် မရောက်သေးတာရယ်... လူအတော်လေး ရှင်းပါတယ်။ ရုံးပိတ်ရက်တွေဆိုရင် သေချာတယ် အဲဒီနေရာကို လုံးဝ မ၀င်ဖြစ်လောက်ပါဘူး။ အဲဒီနေ့တွေမှာ လူက အတော်များတော့ စားသောက်ဆိုင်တွေ ထိုင်ရတာ အဆင်မပြေလှဘူး။ မနက်စာ မစားရသေးတာနဲ့ ၀င်းမေတ္တာမှာ နေ့လည်စာ ၀င်စားလိုက်တယ်။ ပုစွန်၊ ရုံးပတေသီး၊ ပဲပြုတ်နဲ့ သရက်ချဉ်သုပ် မှာလိုက်တယ်။ သရက်ချဉ်သုပ်နဲ့ ရုံးပတေသီးကတော့ ခံတွင်း သိပ်မတွေ့လှဘူး။ ဆိုင်မှာ နိုင်းနိုင်း မင်္ဂလာဆောင် အခွေ ဖွင့်ပြနေလို့ ထမင်းစားရင်း ငေးလိုက်သေးတယ်။ တီဗွီက မျက်နှာရှေ့တည့်တည့်မှာ မရှိတော့ ထမင်းစား မပျက်တာကိုပဲ ကျေးဇူးတင်ရမယ်။
ထမင်းစားပြီး အပြန်မှာ အိမ်မှာ စားဖို့အတွက် ဟိုဟိုဒီဒီ ၀ယ်အုံးမှဆိုပြီး ဆိုင်တွေထဲ ၀င်ကြည့်တာပေါ့။ ငပိရည်ကျို တစ်ပုလင်း၊ ဦးချိန်တီဆေး တစ်ပုလင်း၊ ပဲပြုတ် တစ်ထုပ် ၀ယ်ဖြစ်လိုက်တယ်။ အဲဒီဆိုင်မှာ စာအုပ်တွေလည်း ရောင်းတာနဲ့ ဟိုဟိုဒီဒီ စာအုပ်တွေ ကြည့်ဖြစ်ပြန်ရော။ အဲဒီစာအုပ်တွေထဲမှာ ကျွန်တော် ၂၀၀၀ ခုနှစ်ကတည်းက ရှာနေတဲ့ စာအုပ်တစ်အုပ် မထင်မှတ်ပဲ တွေ့လိုက်ရတယ်။ လယ်တွင်းသားစောချစ်ရဲ့ ရွှေမြင်းမိုရ်ပြိုမှာစိုးတယ် ဆိုတဲ့ စာအုပ်လေးပါ။ ရန်ကုန်မှာတုန်းက စာပေလောကကို ရောက်တိုင်း အဲဒီစာအုပ် ရှိမရှိ အမြဲ မေးနေကြပါ။ စာအုပ်က ပြန်မထုတ်တာ နှစ်အတော်ကြာနေပါပြီ။ အခုတွေ့တဲ့ စာအုပ်ကတော့ ၂၀၀၇ မှာ ထုတ်တဲ့ တတိယအကြိမ်မြောက် စာအုပ်ပါ။ ဘာပဲဖြစ်ဖြစ် အဲဒီစာအုပ် တစ်အုပ်တည်းနဲ့တင် ဒီနေ့အတွက် အပြင်ထွက် ရတာ တန်သွားပါပြီလေ။
အပြန်လမ်းမှာတော့ ဘဏ်တွေကို ခဏ၀င်ပြီး အိမ်လိပ်စာတွေ ပြောင်းပါတယ်။ နေ့လည်ခင်းပိုင်းဖြစ်နေတော့ ဘဏ်တွေက အတော်လေး လူရှင်းပါတယ်။ လူရှင်းနေလို့ တိုကင် မယူရဘူး ထင်ပြီး ကောင်တာတစ်ခုမှာ ၀င်ထိုင်တာ မရဘူးဗျာ။ မမလေးက တိုကင် ယူပါဆိုပဲ။ အဲဒါနဲ့ ရှက်ရှက်နဲ့ တိုကင် ထ ယူပြီး အဲဒီ ခုံမှာပဲ ပြန်ထိုင်ရတယ်။ လိပ်စာတွေ ပြောင်းဖို့ လျှောက်လွှာတွေ ဖြည့် လက်မှတ်ထိုး... ပြီးတော့ မမလေး လက်ထဲ ၀ကွက်အပ်။ မမလေးက နောက်ထပ် ၅ ရက်လောက် ကြာမယ်နော်လို့ အပြုံးလေးနဲ့ ပြောတာနဲ့ ပီတိတွေ ဖြာပြီး အိမ်ပြန်လာခဲ့ပါတော့တယ်။
ကဲ... သူများတကာတွေရဲ့ ၂၀- ၀၈- ၂၀၀၈ က ဘယ်လိုထူးခြားလဲ မထူးခြားလဲ မသိပါဘူး။ ကျွန်တော့်ရဲ့ ၂၀၀၈၂၀၀၈ ကတော့ ဒါပါပဲကွယ်။

4 comments:
အံ့ပါရဲ့။ PR တင်ဘို့ ဒီလောက်တောင် တန်းစီရတယ်ဆိုလို့။ အဲဒီနေ့က စောစောသွားလည်း တင်ဘို့ Q နံပါတ်ရမယ် မထင်ဘူးနော်။ အတွေ့ အကြုံလေး ဝေမျှတာ ကျေးဇူးပဲ ကိုဂျူလိုင်ရေ။
၂၀၀ဂ၂၀၀၈ ကို သတိမပြူမိလိုက်ဘူး စိတ်မကောင်းစရာ.တနေ.တနေ. အလုပ် အလုပ် အလုပ် ပြီးရင် ဘလော. ဘလော.. လောကကြီးနဲ.ကင်းကွာနေရဲ.
နောက်တခေါက်သွားရင် စောစောထ သွား တို.ဆိုရင် ရ နာရီထည်. ကရောက်ပြီး တန်းစီနေပြီး တနေ.ထည်.ပြီးတာပေါ. မဟုတ်ရင် နောက်တနေ.ထက်ချိန်းနေဦးမယ်။
အခုနောက်ပိုင်း စောစောထ တန်းစီလည်း တိုကင် မရတော့ဘူးလို့ ကြားမိတယ်။ e-Appointment မလုပ်ရင် မရတော့ဘူးတဲ့။
ဟုတ်ပါတယ်။ အခုနောက်ပိုင်းမှာ e-Appointment မယူထားရင် မရပါဘူး။ ကိုယ်က Appointment မယူထားပဲ တန်းစီရင် ဟိုက လုပ်ပေးမှာက Appointment ပါပဲ။ Q နံပါတ်ကို ပေးမှာ မဟုတ်ပါဘူး။ အဲဒီတော့ တစ်ရက် အချိန်ကုန်ခံပြီး သွားတန်းစီ မနေပါနဲ့တော့။ ICA ဆိုဒ်ကနေပဲ e-Appointment ပဲ လုပ်လိုက်တာ ပိုကောင်းပါမယ်။ ကိုယ် လုပ်ထားတဲ့ Appointment Date ရောက်မှပဲ ရုံးကို သွားတာ အဆင်ပြေဆုံးပါပဲ ခင်ဗျာ။
Post a Comment