.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, August 4, 2008

Bedbug and Me

Love Bug နဲ့ ကျွန်တော်လို့ မှား မဖတ်ကြနဲ့အုံး။ ဘာမှ မရေးရခင် ကြိုပြောထားတာ။ ကြိုကာထားတာ။ တော်ကြာ... အချစ်ပိုးတွေ ကိုက်ခံနေရတယ်လို့ ထင်နေမယ်။ တကယ်တော့ အဲဒီအချစ်ပိုး မဟုတ်ဘူး။ အချစ်ပိုးလိုပဲ ဟိုနားတိုးလိုက် ဒီနား တိုးလိုက် အတော်ကို ဆိုးတဲ့ ကြမ်းပိုးပါ။

ကျွန်တော့်ဘ၀မှာ ကြမ်းပိုးနဲ့ ဆုံတွေ့တာ ၃ ကြိမ်ပဲ ရှိပါတယ်။ ပထမဆုံးအကြိမ်က အတော်လေးကို ငယ်ပါသေးတယ်။ ၃ တန်း ကျောင်းသားဘ၀ပေါ့။ ကျူရှင်တွေ ဘာတွေ တက်နေပြီဆိုတော့ သူများတကာ အိမ်တွေ ရောက်ဖြစ် သွားဖြစ်တာပေါ့။ ကာတွန်းဆိုင်တွေ ဂိမ်းဆိုင်တွေလည်း သွားတတ်နေပြီ။ ဘယ်ကနေ ဘယ်လို ပါလာမှန်း မသိတဲ့ ကြမ်းပိုးက အိမ်ကို မပင့်မဖိတ်ပဲ တိတ်တဆိတ် ကြွလာတယ်။ ကြမ်းပိုးကိုက်လို့ အဖုအပိန့်ကြီးတွေ အင်ပျဉ်ထ သလို ဖြစ်လာမှ... ခြင်ထောင် ဒေါင့်တွေမှာ ကြမ်းပိုးကို ရှာဖွေတွေ့ရှိတာပါပဲ။ အဲဒါနဲ့ ကြမ်းပိုး နှိမ်နှင်းရေးအတွက် စစ်ဆင်ရေးတစ်ခု ဆင်းရသလို တစ်အိမ်လုံး အလုပ်တွေများကုန်ရော။ ကြမ်းပိုး မျိုးပြုတ်အောင် ၂ ရက် ၃ ရက်လောက် အင်တိုက် အားတိုက် နှိမ်နှင်းလိုက်ရပါတယ်။ အဲဒါနဲ့ ကြမ်းပိုးတွေ မျိုးပြုတ်သွားရော။ ပထမဆုံးအကြိမ်... ကြမ်းပိုးတွေနဲ့ ခဏတာလေး ဆုံတွေ့လိုက်ရတဲ့ ပူလောင်ခြောက်သွေ့ နွေည ကာလတိုလေးတစ်ခုပေါ့ဗျာ။

ဒုတိယအကြိမ်က ကျွန်တော် နယူးဒေလီမှာ သင်တန်းတက်ပြီး အိမ်ကို ပြန်လာတဲ့အခါမှာ တွေ့ရတာ။ အဲဒီတုန်းက ဘဏ်တွေ စတင် ပြိုလဲတဲ့အချိန်ပေါ့။ အိမ်မှာ စအိပ်တဲ့ ညမှာပဲ ကြမ်းပိုးတွေက တခမ်းတနား ကြိုဆိုကြတာ လူတစ်ကိုယ်လုံး အဖုအပိန့်တွေနဲ့ နူနေသလားတောင် မှတ်ရတယ်။ နူတယ်ဆိုတာ တင်စားတာနော်။ တကယ် မနူဘူး။ ကြိုပြောထားတာ... အဟဲ။ ကျွန်တော် အိမ်မှာမရှိတဲ့ ကာလမှာ အဲဒီကြမ်းပိုးတွေက အိမ်ကို ဘယ်လို ရောက်လာသလဲတော့ မသိဘူး။ ကြည့်ရတာ ဒယ်ဒီက သူငယ်ချင်းတွေနဲ့ အရက်ဆိုင်တွေ သွားရင်း အဲဒီတစ်နေရာရာကနေ အိမ်ကိုပဲ ကူးလာတာလား။ ညီတွေပဲ တစ်နေရာကနေ သယ်လာမိတာလားပေါ့။ အဲဒီ ကြမ်းပိုးတွေနဲ့ ဆုံတွေတဲ့ အကြောင်းကို ဒီပို့စ်လေးမှာ ရေးဖူးပါတယ်။ အမှတ်တရပါပဲ။ ကျွန်တော့် ဟာနုမာန် ကြေးရုပ်လေး သူများကို လက်ဆောင်ပေးလိုက်ရတဲ့ အဓိက တရားခံ ကြမ်းပိုး ဇာတ်လမ်းလေးပေါ့။

တတိယအကြိမ်ကတော့ စင်္ကာပူရလို့ခေါ်တဲ့ ကျွန်းပိစိလေးမှာပါ။ သန့်ရှင်းပါတယ်လို့ ထင်ရှားကျော်ကြားတဲ့ စလုံးမှာ ကြမ်းပိုးတွေ ပေါတယ်ဆိုတာ မယုံရင် ပုံပြင်တာ မှတ်လိုက်ပါလို့ ပြောရမလားပဲ။ လမ်းအိုလေးက Emotion မမေ ဆက်သွယ် ရှာဖွေပေးတာနဲ့ စင်္ကာပူမှာ ကျွန်တော်နေဖို့ အိမ်ခန်းတစ်ခန်း ရလိုက်ပါတယ်။ တိုက်ခန်းလေးက ရန်ကုန်က အိမ်တွေထက် အပြတ်အသပ် ကွာတော့ အတော်လေးကို သဘောကျမိတယ်။ ခေတ္တတည်းနေတဲ့ သူငယ်ချင်းအိမ်ကနေ ကိုယ်နေရမယ့် အိမ်ခန်းလေးကို ပစ္စည်းတွေ ပြောင်းရွှေ့ရတာနဲ့ ရောက်ရောက်ချင်း ညမှာ အတော်လေး အိပ်လို့ ကောင်းပါတယ်။ နောက်ညတွေကျမှ ဟိုနားက ယား... ဒီနားက ယားနဲ့ ဇာတ်လမ်းက စတော့တာပါပဲ။ အိပ်ရာခင်းတွေ ခေါင်းအုံးတွေများ မသန့်လို့လားပေါ့။ သေချာစစ်ကြည့်မှ အားပါးပါး... ကြမ်းပိုး ကြမ်းပိုးတွေ...။ ရှိမယ်လို့ ထင်တောင် မထင်ထားဘူး။ တကယ်ကို ကြမ်းပိုးတွေက ကုတင်မှာရော မွေ့ယာမှာရောဗျာ။

ကြမ်းပိုး ဇာတ်လမ်းကို ခြေရာခံကြည့်တော့ တွေ့ရတဲ့အဖြေက ကိုယ်မရောက်ခင်ကတည်းက ကြမ်းပိုးက ရောက်နှင့်နေပြီ။ အိမ်က ကြမ်းပိုးတွေက ကိုယ်ထက် စီနီယာကျတယ်။ အိမ်မှာက အိမ်ရှင်ရဲ့ သူငယ်ချင်းတွေက စနေ တနင်္ဂနွေမှာ အလည်လာလေ့ ရှိတော့ လူပေါင်းစုံတယ်။ သူတို့က လူစုံရင် အရက်သောက်တယ်။ ဖဲရိုက်တယ်။ ညဉ့်နက်သွားရင် အိမ်မပြန်တော့ပဲ ဆိုဖာတွေပေါ်မှာပဲ ဖြစ်သလို နံနံစော်စော် ချွေးတွေနဲ့ အိပ်ကြတယ်။ နေရာပေါင်းစုံ အလုပ်ပေါင်းစုံက လာတဲ့လူတွေရဲ့ ဖေးမကူညီမှုကြောင့် အဲဒီလိုနဲ့ ဧည့်ခန်းမှာ ကိုရွှေကြမ်းပိုးတွေ မင်းမူခဲ့ကြပါတယ်။ အဲဒီက စပြီး တည်ရှိလာတဲ့ ကြမ်းပိုးက ကျွန်တော့်လက်ထက် အထိ စိတ်ကြိုက်ခြယ်လှယ် မင်းမူနေပါတယ်။

အဲဒီ စကာင်္ပူ ကြမ်းပိုးက အတော်လေး သတ်လို့ မနိုင်ပါဘူး။ အိမ်မှာက ကျွန်တော် တစ်ယောက်တည်း နေတာ မဟုတ်တော့ ကြမ်းပိုး နှိမ်နင်းရေးက သိပ်မအောင်မြင်ဘူး။ ကိုယ့်အခန်းမှာ မရှိအောင် လုပ်ထားပေမယ့် တစ်အိမ်လုံး အတိုင်းအတာနဲ့ ရှင်းဖို့က အခွင့်အရေး မရပြန်ဘူးလေ။ ကိုယ်က လုပ်ပေးရအောင်လည်း အဆင်မပြေပြန်ဘူး။ နောက်တစ်ချက်က အိမ်မှာ အတူနေတဲ့ တချို့သော အခန်းဖော်တွေက သူတော်ကောင်းပဲ လုပ်တယ်လို့ပဲ ပြောရမလား... ကြမ်းပိုးတွေ့ရင် မသတ်ပဲ အရှင်လိုက် ဖမ်းပြီး တိုက်အောက်ကို ပစ်ချတယ်။ ကြမ်းပိုးရှိတဲ့ ကုလားထိုင်တွေကို ဖယောင်းစက်ချပြီး ကြမ်းပိုး မထိုးနိုင်အောင် လမ်းကြောင်းတွေ ပိတ်တယ်။ အ၀တ်တွေကို သေချာ ခေါက်မသိမ်းပဲ အပုံလိုက်ကြီးတွေ ကုတင်နားမှာ ထားတယ်။ အိပ်ရာပေါ်မှာ အစားအသောက်တွေ ယူစားတယ်။ နားကျပ်တဲ့ အချောင်းလေးတွေကို သုံးပြီးရင် ကုတင်အောက်မှာ ပစ်ချထားတယ်။ အဲဒီတော့ ကြမ်းပိုးက ပျော်တာပေါ့။ ကျေးဇူးရှင်တွေဆိုပြီး ညတိုင်း ညတိုင်း ရှိခိုးဦးချနေမှာ မြင်ယောင်နေတယ်။

ကျွန်တော့်အနေနဲ့တော့ ကိုယ့်မွေ့ယာနဲ့ ကိုယ်အိပ်တဲ့ ပတ်ဝန်းကျင်ကိုပဲ ကြမ်းပိုး မရှိအောင် အတော်လေး ထိန်းချုပ်ခဲ့ရပါတယ်။ အိပ်ခန်းထဲမှာ အိပ်ရင် ကြမ်းပိုး ကိုက်ခံရမှာ စိုးလို့ စာကြည့်ခန်းထဲမှာ မွေ့ယာခင်းပြီး အိပ်ပါတယ်။ အိမ်ရဲ့ ဘယ်နေရာမှာမဆို ကြမ်းပိုးမြင်ရင် ရန်သူအလား ကံငါးပါးထဲက ပထမဆုံးတစ်ပါးကို ချက်ချင်း ချိုးဖောက်ပါတယ်။ ကြမ်းပိုးသတ်တဲ့ ဆေးတွေလည်း ဗူးလိုက် ၀ယ်ပြီး အမုန်း အားပေးခဲ့ပါတယ်။ တစ်အိမ်လုံး မွန်ထူနေအောင် ဆေးတွေဖြန်းပါတယ်။ ဒါပေမယ့်လည်း... ကြမ်းပိုးကို ကာကွယ်ပေးနေတဲ့ ညစ်ပတ်အိုးတွေ အိမ်မှာ ရှိနေတော့လည်း ကိုရွှေကြမ်းပိုးတို့ လက်မထောင်နိုင်ဆဲပါ။ ဘ၀မှာ ၁ နှစ်ကျော်ကျော် အချိန်အထိ ကြမ်းပိုးနဲ့ ဆုံတွေ့နေခဲ့ရတဲ့ အိမ်မက်ဆိုး ကာလရှည်ကြီးပါပဲ။

နောက်ဆုံးတော့ ကြမ်းပိုးတိုင်းပြည်ဖြစ်နေတဲ့ အိမ်ကို အလံဖြူပြ စွန့်ခွာပြီး ကြမ်းပိုး မရှိတဲ့ အိမ်အသစ်မှာ ကြမ်းပိုးမရှိရလေအောင် သန့်သန့်ရှင်းရှင်း နေထိုင်ရင်း ကြမ်းပိုးမုန်းတဲ့ ကျွန်တော်... ကြမ်းပိုးအကြောင်း ရေးဖို့ လုပ်နေပါတယ်ခင်ဗျာ။

7 comments:

လင်း said...

ကြမ်းပိုးကိုက်ရင် အနူလိုဘဲ တကယ်ဖြစ်လား? ဟိဟိ မြင်ယောင်မိပါတယ် ဒေါသကြီးတဲ့ဒရမ်း အညှိုးတကြီးနဲ့ ကြမ်းပိုးတွေကိုသတ်နေမှာ

ခင်မင်းဇော် said...

ကြမ်းပိုးများ ဘာကြောက်စရာရှိတုန်း..
အမတို့ ထောင်ထဲမှာတုန်းက ကြမ်းပိုးတွေကို ဖမ်း ပုလင်းထဲထည့်ထားပြီး မနက်ကျမှ သမန်တလင်းပေါ်ချပြီး ပုလင်းနဲ့ ကြိတ်သတ်တာ ဟိ

ပန်းခရမ်းပြာ said...

ကြမ်းပိုးကိုတော့ စိတ်နာလွန်းလို့။ ဒီရောက်မှ ကြုံရတယ်။ အိမ်လာတည်းတဲ့ ဧည့်သည်က ပါလာတာ။ တစ်လ လာနေတယ်။ သူပြန်သွားပြီးတဲ့ နေ့ကမှ ဒီအကောင်တွေ ရှိမှန်းသိရတာ။ တအိမ်လုံး မြေလှန်ရှင်း၊ sunday တိုင်း အိပ်ရာတွေ ၊ မွှေ့ရာတွေ မီးပူတိုက်နဲ့ သုံးလလောက်ကြာမှမျိုးပြတ်သွားတယ်လေ။ ဒါပေမဲ့ ခုထိ မည်းမည်းမြင်ရင် သွေးလန့်တုန်း၊
ကြားဘူးတာက ဒူရင်းသီးခွံတွေ အခန်းထဲမှာ ထားရင်တော့ ဒီကောင်တွေ ပြေးတယ် ပြောတာပဲ။ အတိအကျတော့ မသိဘူး။

khin oo may said...

တို.တွေရောက်ခါစ အိမ် ကအစ်ကိုကြီးတစ်ယောက် အခန်း ကို အမွေ ဆက်ခံတော.ကြမ်းပိုးတွေပါလာရော.မြန်မာဆိုင် ကပိုလိုဝယ် တာလဲ အမြစ် မပြတ်. နေ.လည်ဆိုရင်ပုံးနေပြီး ညကျမှ ထွက်ပြီး ကိုက်တာ. သိတ်ဥဏ်ရည်မြင်.တယ်. ည သန်းကောင် မီးထဖွင်.ကြည်.ရင်. အို..အပေါ်ကိုပြေးတက် ကျတာ တန်းနေတာဘဲ. ဘယ်လိုမှ နှိမ်နင်းလို.မရ.အပြင်ထွက်ရင်ကိုယ်.အကျီကို အပြန်ပြန် အလှန်လှန်ကြည်.ရတယ်။တစ်ခါတလေ. တစ်ကောင်တလေတွေ.ရတယ်။စိတ်ဆင်းရဲ. ရှက်လိုက်တာ.။နောက်ဆုံး NTUC က အစိမ်းရောင်ဗူး။ နာမည်မေ.သွားပြီ။ အဲဒါနဲ.မှဘဲ မျှိုးပြုတ်သွားတော.တယ်။ တကယ်. nightmare ဘဲ.

JulyDream said...

ဟုတ်ပဗျာ။ စင်္ကာပူ ကြမ်းပိုးကတော့ တကယ့် အိမ်မက်ဆိုးပါပဲ။ ညည ပူလို့ အိပ်မရတာက တစ်မျိုး၊ ကြမ်းပိုးက တစ်မျိုး။ မနက် အလုပ်သွားဖို့ မနည်း အိပ်ယာ ထယူရတယ်။ ရုံးမှာ နေ့လည် ရောက်ရင် အလေးပြုပြီ။ ရွှေမြန်မာတွေအတွက် ရွှေကြမ်းပိုးက အတော်လေးကို စွမ်းရည်မြင့်တယ်ဗျာ။ သတ်မနိုင် ရှင်းမနိုင်ပါပဲ။

Peanut said...

ရီရတယ်....ဒီpost လေးက..ပီးနတ်လဲကြုံဖူးတယ်...ဘယ်ကဘယ်လို
ရောက်လာတဲ့ဂျပိုးလဲတော့သိဘူး..တော်တော်
တော့စိတ်ညစ်ဖို့ ကောင်းတာ =(

Unknown said...

ဒီနိုင်ငံကို ရောက်တာ ၂ ပတ် မပြည့်သေးပါဘူး။ အခု နေတဲ့ အခန်းမှာတော့ ကြမ်းပိုး မရှိပါဘူး။ စင်္ကာပူမှာ ခြင်တောင် ရှာမတွေ့တာ ကြမ်းပိုးရှိတယ် ဆိုတော့ အတော်လေးကို အံ့သြမိပါတယ်။