.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, August 16, 2008

Beijing Great Wheel

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂၀၀ ကျော်က တရုတ်လူမျိုးတွေ ကမ္ဘာမှာ ကြီးမားထင်ရှားလှတဲ့ မဟာတံတိုင်းကြီးကို တည်ဆောက်ခဲ့သလို အခုခေတ်မှာလည်း ပေကျင်းမြို့မှာ ကမ္ဘာ့အကြီးဆုံး ရဟတ်ကြီး (Beijing Great Wheel)ကို တည်ဆောက်နေကြပါပြီ။ ပေကျင်းမြို့ အရှေ့ဘက်ပိုင်းက မြေဧရိယာ ၃၂၀ ဟတ်တာဧက (ဧကပေါင်း ၇၉၀၀၀ ကျော်)ကျယ်ဝန်းတဲ့ Chaoyang Park ထဲမှာ တည်ဆောက်နေပါတယ်။ တည်ဆောက်တဲ့ ကုမ္ပဏီက စင်္ကာပူ ရဟတ်ကြီးကို တည်ဆောက်ခဲ့တဲ့ Great Wheel Cooperation ပါပဲ။
အခုဆောက်နေတဲ့ ပေကျင်းရဟတ်ကြီးက စင်္ကာပူ ရဟတ်ကြီးထက် ကြီးပါတယ်။ စင်္ကာပူ ရဟတ်ကြီးက ၁၆၅ မီတာ (၅၄၀ ပေ) မြင့်ပါတယ်။ ပေကျင်း ရဟတ်ကြီးက အမြင့် ၂၀၈ မီတာ (၆၈၀ ပေ) ရှိမှာပါ။ အချင်းက ၁၉၃ မီတာ ရှိမှာပါ။ Capsule အတွဲပေါင်း ၄၈ တွဲ ရှိမှာပါ။ တစ်တွဲမှာ လူ အယောက် ၄၀ ဆန့်ပါတယ်။ ဒါကြောင့် ရဟတ်တစ်ခုလုံးမှာ စုစုပေါင်း လူဦးရေ ၁၉၂၀ ယောက် ဆန့်ပါတယ်။ စီးနင်းခကိုတော့ လူတစ်ယောက်ကို ယွမ် ၁၀၀ လို့ အကြမ်းဖျင်း သတ်မှတ်ထားပေမယ့် အတည်မပြုရသေးပါဘူး။ ကောင်းကင်တခွင် တိမ်ကင်းစင်ပြီး နေသာတဲ့နေ့တွေမှာ အဲဒီ ပေကျင်းရဟတ်ကြီးပေါ်ကနေ လှမ်းမျှော်ကြည့်ရင် ပေကျင်းမြို့ မြောက်ဘက် တောင်တန်းတွေပေါ်က မဟာတံတိုင်းကြီးကို လှမ်းမြင်နိုင်မယ်လို့ ပြောကြပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ပထမဦးဆုံး ရဟတ်ကြီးကို ၂၀၀၂ ခုနှစ်က ရှန်ဟိုင်းမြို့မှာ တည်ဆောက်ခဲ့ပါတယ်။ ရှန်ဟိုင်းရဟတ်ကြီးက အမြင့် ၁၀၈ မီတာ အချင်း ၉၈ မီတာ ရှိပါတယ်။ တင်ဆောင်နိုင်တဲ့ လူဦးရေကတော့ ၇၂၀ ယောက် ပါ။ ကုန်ကျစရိတ်က ယွမ်ငွေ ၂၄ မီလီယံပါ။ ရှန်ဟိုင်း ရဟတ်ကြီးကတော့ အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ အများပြည်သူ ရုံးပိတ်ရက်တွေမှာဆို လက်မှတ်ဝယ်ဖို့ တန်းစီနေတဲ့ လူတန်းကြီး မီတာ ၂၀ အထိ ရှည်လျားပါတယ်။ အဲဒီလိုနဲ့ တရုတ်ပြည်က မြို့ကြီးတွေမှာ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက်ဆိုပြီး ရဟတ်ကြီးတွေ အပြိုင်အဆိုင် ဆောက်လုပ်ကြပါတော့တယ်။
အခုချိန်မှာတော့ တရုတ်ပြည်မှာ ရဟတ်ပေါင်း ၅ ခု တည်ဆောက်ပြီးပါပြီ။ ၃ ခုက တည်ဆောက်လျက် ရှိပါတယ်။ ၂၀၀၈ နှစ်ကုန်မှာ ဆောက်လုပ် ပြီးစီးတော့မှာပါ။ တချို့ ရဟတ်တွေကတော့ ဆောက်လုပ်ပြီးပေမယ့် မဖွင့်သေးပါဘူး။ ပေကျင်း ရဟတ်ကြီးကတော့ တရုတ်ပြည်ရဲ့ ၉ ခုမြောက် ရဟတ်ကြီးပါ။ ၂၀၀၉ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။

3 comments:

Unknown said...

Singapore က မျက်လုံးကြီးကို ဟိုနေ့က မြို့ထဲသွားရင် တွေ့ဖူးသွားပြီဗျ။ ပီကင်းမျက်လုံးကိုတော့ အခုပြထားတဲ့ ပုံထဲကပဲ ကြည့်လိုက်တော့မယ်။ သူ့ထက်ငါ လူစွမ်းကောင်းတွေကြီးပဲ။ အပြိုင်အဆိုင် အကြီးပြိုင်နေကြတယ်။

မောင်ဖားကြီး said...

ဒီမှာရော ဘယ်တော့ လောက် ဖြစ်လာမလဲလို့ အစ်ကို
ထင်လဲ ဟင်

JulyDream said...

မြန်မာပြည်မှာ အဲဒီလို ရဟတ်ကြီးတွေ ဘုရားပွဲဈေးတွေမှာ ရှိတယ်လေ။ တစ်တွဲမှာ ၄ ယောက်ပဲ စီးလို့ရတယ်။ တချို့ရဟတ်တွေက အတော်လေး မြင့်တယ်။ တချို့ ရဟတ်တွေကျတော့ အသေးလေးပါပဲ။

ဘယ်တော့ ဖြစ်လာမလဲ ဆိုတော့ ကျွန်တော် မပြောတတ်သေးပါဘူး။ ရှေးအခါက မြန်မာတွေ ရွှေထီးဆောင်းခဲ့တာတွေပဲ ပြန်တမ်းတနေသရွှေ့တော့ အသစ်ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး ခင်ဗျာ။