.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, August 30, 2008

Family Day


ရုံးက Family Day ကို ဒီတစ်ခေါက် Singapore Flyer မှာ လုပ်ပါတယ်။ ရှေ့နှစ်တုန်းကတော့ ဆန်တိုစာမှာ လုပ်ခဲ့တာပါ။ အဲဒါနဲ့ ကျွန်တော်လည်း စင်္ကာပူမှာ ချားရဟတ်စီးဖို့အရေး စာရင်းပေးထားတာပေါ့။ အခုစာမှာ ရဟတ်ဆိုတဲ့စာလုံးကို အသေအချာ ထည့်ရေးထားပါတယ်။ မတော်တဆဖြစ်စေ တမင်တကာဖြစ်စေ ချားစီးတယ်လို့ ဖတ်မိရင်တော့ အမြင်တွေ ကြည်လင်ဖို့ လိုနေပါပြီ။ မြန်မာ့ရုပ်မြင်သံကြားက ခဏခဏ လွှင့်လို့ ကြားနေရတတ်တဲ့ အဆိုးမြင်ဝါဒီများကို ဆန့်ကျင်ကြလို့ တကူးတက မအော်ချင်ပါဘူး။

စာရင်းပေးထားတဲ့သူတွေ တကယ်လိုက်ဖြစ် မဖြစ်ကို အီးမေးလ်နဲ့ အသေအချာ ပြန်မေးတာ ၃ ခါ တိတိပါပဲ။ မလိုက်ဖြစ်ရင် ပြန်အကြောင်းကြား ခိုင်းပါတယ်။ လိုက်မယ်လို့ ပြောပြီး မလာခဲ့ရင် ဒဏ်ငွေ ဒေါ်လာ ၁၀၀ တိတိ ဆောင်ရမယ် ဆိုတာတောင် ကြေညာချက် ထုတ်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဟတ်ဖိုးကို ရုံးက အကုန်အကျခံလို့ပါ။ ရဟတ်စီးခက တစ်ယောက်ကို ဒေါ်လာ ၃၀ နီးပါးရှိပါတယ်။ နောက် ပျော်ပွဲရွှင်ပွဲတွေ နေ့လည်စာ၊ လက်ဖက်ရည် ကော်ဖီ စတာတွေ ပါသေးတယ်။ ကံစမ်းမဲတွေလည်း ဖောက်ကြပါတယ်။ အဲဒါနဲ့ မသွားဖြစ်ရင် ဒဏ်ငွေဒေါ်လာ ၁၀၀ ဆောင်ရမှာဆိုတော့ မရောက် ရောက်အောင် သွားလိုက်ပါတော့တယ်။ နဂိုကလည်း သွားချင်တာဆိုတော့ ချော်လဲရောထိုင်ပေါ့ဗျာ။
ဒီတစ်ခေါက်က Singapore Flyer ဖြစ်လို့ ရုံးလုံးကျွတ်နီးပါး လိုက်တဲ့အတွက် ပိုက်ဆံကလည်း သောက်သောက်လဲ ကုန်ကျမှာပါ။ အဲဒီပွဲကို မိသားစုတွေပါ ခေါ်လို့ရတော့ တချို့တွေများ ဂေါပဏီတပ်ကြီး ချီတက်လာသလား မှတ်ရတယ်။ သားသမီးတင်မက မြေးတွေပါ ခေါ်လာကြပုံပဲ။ ဖွေးဖွေးလှုပ်ဆိုတာထက် မဲမဲကို လှုပ်နေတာပဲ ပြောရမယ် ထင်တယ်။ တရုတ်တွေက သားသမီး ယူတာ နည်းသလို အများကြီး ခေါ်လာတာကို မတွေ့ရပါဘူး။ ကုလားမိသားစုတွေ ခေါ်လာကြတဲ့ ကလေးတွေများ... မနည်းမနောပဲ။ လက်ပံပင် ဇရက်ကျသလိုပဲ စီစီကို ညံနေတာပဲဗျာ။
ရုံးက ကားစီစဉ်ပေးထားလို့ Singapore Flyer ကို နေ့လည် ၂ နာရီ မထိုးခင်မှာ ရောက်ပါတယ်။ ပြီးတော့ လက်မှတ်အတွက် အပေါ်မှာ တန်းစီရပြန်တယ်။ ရုံးက လူတွေပဲ တန်းစီရတာပါ။ ခန့်မှန်းခြေ အယောက် ၅၀၀ လောက် လာကြပါတယ်။ လက်မှတ်မှာ ရဟတ်စီးရမယ့် အချိန်ကို ဖော်ပြထားပါတယ်။ ကျွန်တော်တို့က ၃ နာရီခွဲမှာ စီးရမှာပါ။ လက်မှတ်မှာ Bar Code လည်း ပါပါတယ်။ ၀င်ပေါက်မှာ လေယာဉ်ကွင်းမှာ စစ်သလို ကိုယ်မှာ သယ်လာသမျှ အီလက်ထရောနစ် ပစ္စည်းတွေကို စစ်ပါတယ်။ ပြီးတော့ Bar Code ဖတ်တဲ့ စက်မှာ လက်မှတ်ကို တင်မှ တံခါးဖွင့်ပါတယ်။ ရဟတ်ပေါ် မတက်ခင်မှာ ရဟတ်အခန်းလို ပုံစံတူ လုပ်ထားတဲ့ နေရာမှာ အဖွဲ့လိုက် ဓါတ်ပုံ ရိုက်လို့ရပါတယ်။
ရဟတ်က လုံးဝ ရပ်ထားတယ်ဆိုတာ မရှိပါဘူး။ ဖြေးဖြေးလေး လည်နေတဲ့အတွက် ရဟတ်အပေါ် တက်တဲ့အခါမှာလည်း ပလတ်ဖောင်းကနေ ခုန်တက်ရပါတယ်။ အဲဒီ ပလတ်ဖောင်းက ၃ ထပ် အမြင့်မှာရှိပြီး မတော်တဆ ပြုတ်ကျရင် ဟိုးအောက်ခြေအထိ ပြုတ်မကျရအောင် ပိုက်ကွန်ကြီး ခံပေးထားပါတယ်။ သတ်မှတ် အရေအတွက်အတိုင်း လူအားလုံး တက်ပြီးရင်တော့ ၀န်ထမ်းတွေက အပြင်ကနေ တံခါးပိတ်ပေးပါတယ်။ ရဟတ်တစ်ခန်းမှာ ပျဉ်းမျှ လူဦးရေ ၁၈ ယောက် ၀င်လို့ရပါတယ်။ တချို့ကျတော့လည်း ကိုယ့်အဖွဲ့နဲ့ ကိုယ်... ၁၀ ယောက်လောက်ပဲ ၀င်တာရှိပါတယ်။ ကျွန်တော်တို့က ရုံးက လူတွေမဟုတ်တဲ့ တခြားအဖွဲ့တွေနဲ့ ရောပြီး တက်လိုက်ရတဲ့အတွက် မသိတဲ့လူတွေက အများသား။ ကိုယ်နဲ့ သိတာဆိုလို့ ရုံးက ၅ ယောက်ပဲ ပါတယ်။ တရုတ်ပြည်က နှစ်ယောက်... ဖိလစ်ပိုင် တစ်ယောက်.. မလေးရှား နှစ်ယောက်နဲ့ ကျွန်တော်ပေါ့။
ရဟတ် တစ်ပတ်လည်ဖို့အတွက် မိနစ် ၃၀ ကြာပါတယ်။ ဒါကြောင့် တစ်မိနစ်ကို တစ်ဒေါ်လာ တန်ပါတယ်။ ဒါကြောင့် ရဟတ်ထဲမှာ အမှတ်တရ ဓါတ်ပုံကြီးပဲ ရိုက်နေမယ့်အစား ဘေးပတ်ဝန်းကျင်က ရှုခင်းတွေကိုလည်း ကြည့်ရှုခံစားပါလို့ တိုက်တွန်းချင်ပါတယ်။ အဲဒီကနေ ကြည့်ရင် F1 ပြိုင်ကား ပြေးလမ်းကြောင်းကိုလည်း မြင်ရသလို မိုးမျှော်တိုက်ကြီးတွေကိုလည်း အပေါ်စီးကနေ ကြည့်ခွင့်ရပါတယ်။ အဲဒီလိုပဲ ပင်လယ်ထဲက ကျွန်းတွေကိုလည်း မြင်ရပါတယ်။ အင်ဒိုနီးရှားက ဘန်တမ်ကျွန်းကိုလည်း မြင်ရပါတယ်။ National Day လုပ်တဲ့နေရာကိုလည်း အပေါ်စီးကနေ မြင်ခွင့်ရပါတယ်။

တဖြည်းဖြည်းနဲ့ အောက်ကို ပြန်ဆင်းလာတဲ့အချိန်မှာ မိုးသည်းသည်းမဲမဲ ရွာပါတော့တယ်။ အဲဒါနဲ့ ဘေးပတ်ဝန်းကျင် ရှုခင်းတွေကို ကြည့်ဖို့ မလွယ်တော့ပါဘူး။ ဒါပေမယ့် မိုးစက်တွေ ကမ္ဘာမြေကို အပြိုင်အဆိုင် ခုန်ချနေတာကို အပေါ်စီးကနေ ကြည့်ခွင့်ရတဲ့ အခိုက်အတန့်လေးကလဲ အမှတ်တရပါပဲ။ မိုးစက်လေးတွေ အတန်းလိုက် အတန်းလိုက်ကြီး ပုလဲ ပုတီးကုန်းတွေလို့ သွယ်တန်း ရွာချနေတာကို အလွမ်းဓါတ်ခံလေးနဲ့ မြင်တွေ့ခွင့်ရလိုက်တာပေါ့ဗျာ။

ရဟတ် အဆင်းမှာလည်း အတက်တုန်းကလိုပဲ ခုန်ချရပါတယ်။ သတ်မှတ်ထားတဲ့ နေရာ ရောက်တာနဲ့ တံခါးဖွင့်ပေးပြီး ၀န်ထမ်းတွေက ခုန်ချဖို့ ဆော်သြော်ပါတယ်။ အတက်က မိုးမရွာတဲ့အတွက် ကိစ္စ မရှိပေမယ့် အဆင်းမှာ မိုးသည်းနေတာကြောင့် ခြေချော်မကျဖို့ မနည်း သတိထားရပါတယ်။ ထွက်ပေါက်မှာ အမှတ်တရ ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ကြီး ရှိပါတယ်။ အဲဒီနေရာမှာ အုပ်စုလိုက်ရိုက်ခဲ့တဲ့ ဓါတ်ပုံကို လိုချင်ရင် ရွေးယူရပါတယ်။ မူရင်းပုံက ၁၅ ဒေါ်လာပါ။ ကော်ပီတစ်ပုံကို ၁၀ ဒေါ်လာပေးရပါတယ်။ ကျွန်တော်တို့ အဖွဲ့ကတော့ စုစုပေါင်း ၆ ပုံလောက် ယူကြပါတယ်။ ဈေးကြီးပေမယ့် အမှတ်တရပေါ့ဗျာ။

ပြီးတော့ ရုံးက ငှားထားတဲ့နေရာကို ပြန်သွားပြီး ကံစမ်းမဲ ဖောက်တာကို ထိုင်စောင့်ရင်း ရုံးက လူတွေနဲ့ အာလူးဖုတ် လေသေနတ်ပစ်ကြတာပေါ့။ ဟိုအကြောင်း ဒီအကြောင်းတွေ စုံစီနဖာ ပြောရင်း ရုံးချုပ်က တရုတ်မလေးတွေကို ငေးရင်းပေါ့။ ဒီနေရာမှာ ငေးတယ်ဆိုတာနဲ့ ငမ်းတယ်... ဆိုတာ မတူဘူးဆိုတာ ထည့်မပြောတော့ပါဘူးနော်။ ကံစမ်းမဲကတော့ ထုံးစံအတိုင်း မပေါက်ပါဘူး။ ဒါနဲ့ပဲ ရုံးက စီစဉ်ပေးတဲ့ ကားနဲ့ City Hall MRT ကို ရောက်ပါတယ်။ ဒီလိုနဲ့ပဲ ရုံးက လူတွေနဲ့အတူ ရထားစီးပြီး အိမ်ပြန်ခဲ့ပါတော့တယ်။

15 comments:

နှင်းဆီနီနီ said...

ကြွားစရာမရှီ ရဟတ်စီးတာများကြွားနေသေးတယ်။

ရွှန်းမီ said...

. .. မိုးစက်တွေ ကမ္ဘာမြေကို အပြိုင်အဆိုင် ခုန်ချနေတာကို အပေါ်စီးကနေ ကြည့်ခွင့်ရတဲ့ အခိုက်အတန့်လေးကလဲ အမှတ်တရပါပဲ။ မိုးစက်လေးတွေ အတန်းလိုက် အတန်းလိုက်ကြီး ပုလဲ ပုတီးကုန်းတွေလို့ သွယ်တန်း ရွာချနေတာကို အလွမ်းဓါတ်ခံလေးနဲ့ မြင်တွေ့ခွင့်ရလိုက်တာပေါ့ .. .

မှတ်ထားပြီး ကြုံရင် ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ့မယ်။
=)

megumi said...

ရဟတ်ကြီးက လှတယ်နော်။ ရှုခင်းတွေကလည်း လှလိုက်တာ။ စင်္ကာပူတောင် လာလည်ချင်သွားပြီ။ ကျေးဇူးပဲနော်။ ရှယ်ပေးလို့။

ဖြိုးငယ် said...

ပျော်စရာကြီးနေမှာပဲနော်

thantzinoo_architect said...

Singapore TV တွေမှာ ပြသလို စော်နဲ့ အတူတူ ဘာညာလုပ်လို့ မဖြစ်ကြောင်း သိသာအောင် ဓါတ်ပုံတွေနဲ့ ပြတဲ့ အတွက် ကျေးဇူးပဲ ဦးလေး။ စော်နဲ့ ဆိုရင် ကျွန်တော် တို့ အဲဒီကို မသွားတော့ဘူး။

thantzinoo_architect said...

Singapore TV တွေမှာ ပြသလို ကောင်မလေးနဲ့ ၂ ယောက်တည်း စီးလို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာ သိရအောင် ဓါတ်ပုံ အထောက် အထားများ နှင့်တကွ ပြသခြင်း အတွက် အထူးကျေးဖူး တင်ရှိပါကြောင်း။

thantzinoo_architect said...

အဲဒါ ကြီးကို ချားလို့ ခေါ်တာ မဟုတ်လား။ စင်ကာပူမှာ ရှိတဲ့ အကြီး ဆုံးချားကို စီးတာပေါ့နော်။

JulyDream said...

နှင်းဆီနီနီရေ... ကြွားတာ မဟုတ်ပါဘူး။ အတွေ့အကြုံတွေကို ပြန်လည် ဝေမျှတာပါ။

ရွှန်းမီရေ... ရွှန်းမီ စီးတဲ့အခေါက်မှာ မိုးရွာပါစေဗျာ။ ဒါမှ မိုစက်တွေကို မြင်ခွင့်ရမှာ။

ဂျပန်ပြည်က megumi ရေ... လာလည်ချင်ရင် လာလည်ပါ။ လည်ပတ်စရာ များများစားစား မရှိဘူးနော်။

ဖြိုးငယ်ရေ... ပျော်စရာကြီးဆိုတာထက် ရှုခင်းတွေကို ကြည့်ဖြစ်တာ များပါတယ်။ လေယာဉ်ပေါ်က ကြည့်ရတာနဲ့ မတူဘူးလေ။

ဗိသုကာ ဆရာကြီး သန့်ဇင်ဦးရေ... အကြီးဆုံး ရဟတ်ကိုပဲ စီးတာပါ။ ချားစီးတာ မဟုတ်ပါဘူး ခင်ဗျ။

ကိုရင်နော်ခင်လေးငယ် said...

ချားစီးမယ်.. ချားစီးမယ်..
အဲ့.. ဟုတ်ဘူးး.... ရဟတ်..ရဟတ်.. ရဟတ်စီးမယ်.. ရဟတ်စီးမယ်..လိုက်ပို့လိုက်ပို့.. ဟီးးးးးးးးးးး... :D

shin said...

Go and ride Singapore flyer on company family day? Arr... are you working in Y3 or YCH??

JulyDream said...

ကိုရင် ရေ... ခင်လေးငယ်က ချားစီးမယ် ဆိုပဲ။ သြော် စောရီး စောရီး... ရဟတ် စီးမယ်လို့ ထပ်ရေးထားတာ တွေ့ပြီ တွေ့ပြီ။ ကဲ... ရဟတ်ကြီးဆီ လိုက်ပို့ပေးလိုက်ပါဗျာ။

Shin ရေ...
ဒီလိုနေရာမျိုးကို အလုပ်က ပို့လို့ ရောက်ခဲ့ရတဲ့ ၀န်ထမ်းပါခင်ဗျာ။ ရုံးချုပ်ဆိုတာက စင်္ကာပူ အနောက်တောင်မှာ တည်ရှိတဲ့ ရထားမရောက်တဲ့ နေရာကပေါ့ဗျာ။

shin said...

Ha ha...like the way you describe the location of Head office. How is wx3, tx3 project?

I know that the ppl working there are nice even though there are a lot of indian. I miss KK, JL, LK, SH, Ian and many more...ha ha....I think u may know them if u working in IT department....Is James still COO there? lol

khin oo may said...

မျက်စိလည်ရောက်လာဖတ်သည်။

khin oo may said...

ပြန်လာဖတ်သည်။

Steve Evergreen said...

လန်ဒန်က စလိုက်တဲ့ ရှူခင်းကြည့်တဲ့ ရဟတ်ကြီးတွေ စင်ကာပူမှာလဲ ရှိသကိုး
London eyes လို့ခေါ်တယ် ။ အတုခိုးရင်လဲ နာမယ်ပါ အတုခိုးတာ မဟုတ်ဘူး ခုတော Singapore Flyer တဲ့
ဒီမှာတော့ Tourist တွေပဲစီးတာပါ ကိုယ်တို့က ဌာနေတွေဆိုတော့ စီးဖို့မလိုဘူးလေ