.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, January 31, 2009

Snapshot on smile


လျှပ်တပြက် ဖမ်းမိတဲ့ အပြုံး...

မလက္ကာမြစ်ကြောင်းတစ်လျှောက် မော်တော်ဘုတ်စီးနေတုန်း အခြားမော်တော်ဘုတ်ပေါ်က တစ်ယောက်ကို လျှပ်တပြတ် ရိုက်လိုက်တဲ့ပုံလေးက ကောင်းနေလို့ တင်လိုက်တာပါ။ သူကတော့ သူ့ဘာသာသူ ပြုံးနေတာပါ။ ဓါတ်ပုံရိုက်နေမှန်း သိလို့ တမင်ပြုံးနေတာတော့ မဟုတ်ပါဘူး။ အဲဒီအပြုံးတစ်ခုကို မထင်မှတ်ပဲ ဖမ်းမိခဲ့တာပါ။ လူပုံတွေရိုက်ရင် အဆင်မပြေသေးတဲ့ ကျွန်တော့်အဖို့ ပုံကောင်းကောင်းလေးတွေ ရဖို့ ကြိုးစားနေရတုန်းပေါ့။ လူရုပ်တွေရိုက်ရင် ၀ါးနေတုန်းပဲဗျ။ အဟ...

ဒါနဲ့ ကိုဇူလိုင်ဗျာ... တင်မယ့်တင် ကောင်မလေးလှလှပုံလေး တင်ပါလားလို့ ပြောချင်ကြမယ့် ပရိသတ်ကြီးကို ပြန်ဖြေချင်တာကတော့... ကျွန်တော်ဆီမှာ ကနွဲ့ကလျကွန့်မန့်တွေ ဂွတီးဂွကျကွန့်မန့်တွေ အမြဲလိုလိုနီးပါး လာလာပေးနေတတ်တဲ့ Strike ဆိုတဲ့ အထူးစပါယ်ရှယ် ဗွီအိုင်ပီကြီးအတွက် အဓိက ရည်စူးပြီး ဒီပုံလေးကို တင်ပေးထားတာပါ။ အနည်းဆုံးတော့ သူရင်ခုန်သွားမယ်လေ။ သူပျော်သွားမယ်လေဗျာ။ :P

Wednesday, January 28, 2009

One more uneasiness

တစ်ပူပေါ် နှစ်ပူဆင့်ဆိုတာ ဒါမျိုးပဲ ထင်တယ်။ မြွေပူရာ ကင်းမှောင့်လို့ ပြောရင်လည်း ရတယ်။ ဗူးလေးရာ ဖရုံဆင့်ဆိုတာလည်း ဒါပဲလား။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ... ဆိုရင်လည်း ကိုဇူလိုင်တစ်ယောက် အရှင်လတ်လတ် ဘ၀ပြောင်းသွားအုံးမယ်။ အဲဒီတော့ ကံဆိုးထီး သွားရာ မိုးလိုက်လို့ရွာ ပြောင်းရမလားပဲ။ ခက်တာက မိုးရွာရင် ကိုဇူလိုင်က အေးဆေးပဲ။ ကံဆိုးတယ်လို့ကို မထင်ဘူး။ မိုးရေထဲမှာ လမ်းလျှောက်ရင်း ဆွေးဆွေးမြေ့မြေ့လေး ခံစားလွမ်းတတ်တာ တစ်ခုပဲရှိတာ။ ခက်တာက အခုဟာကြီးက ကံဆိုးတာလည်း ဟုတ်သေးပါဘူး။ အဲဒါလေးက ရှင်းလေ ရှုပ်လေနဲ့ လိုရင်းကို မရောက်တော့ပါဘူး။

ဒီအပတ်က ၂၄ နာရီ ၇ ရက် ဖုန်းဖြေပေးဖို့ တာဝန်ကျတဲ့ အပတ်။ ကိုယ်နဲ့ မသိတဲ့ ပရောဂျက်က ကိစ္စတွေ လာမေးရင်း အတော်လေးကို ခေါင်းစားတယ်။ ဟိုဟိုဒီဒီ ကွေ့ပတ်ပြီး ဖြေနေရတယ်။ နောက်ဆုံး ဘူတာက သက်ဆိုင်တဲ့သူဆီကို အီးမေးလ်ပို့ဖို့ ပြောယူရတာပါပဲ။ တချို့တွေက ကောင်းကောင်းမွန်မွန် ဆက်ဆံပေမယ့် တချို့တွေကျတော့ ဘာမှတောင် သေချာမပြောတဲ့ ၀ူးဝူးဝါးဝါးတွေ။ ဘာပဲဖြစ်ဖြစ် တာဝန်က တာဝန်ပဲလေ။ အဲဒီတော့ လာသမျှ ဖုန်းဖြေပေတော့။

ဒီရက်တွေမှာ မျှော်တလင့်လင့် ဖြစ်စေတဲ့ ကိစ္စတစ်ခုကို စီစဉ်နေတယ်။ အောင်မြင်ဖို့က ၅၀-၅၀ ရာခိုင်နှုန်းပဲ။ ဒါပေမယ့် အရင်ကလို ဇာတ်မျှောကြီး ဖြစ်နေရမှာထက်စာရင် ဖြူလားမဲလား တစ်ခုခု ကွဲပြားလောက်ပါရဲ့ဆိုပြီး အရဲစွန့်ထားတာ။ လောလောဆယ်မှာတော့ သောင်တင်ရေမကျပဲ။ အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ်။ ဒီတစ်ဆင့် အောင်မြင်ရင်တောင် ရှေ့မှာ ဆက်ရအုံးမယ့် ခရီးလမ်းက အရှည်ကြီးပဲ။ ဒါကြောင့် စိတ်ပင်ပန်းတာကတော့ အမှန်ပါပဲ။

အရေးထဲမှ အရာပေါ်ဆိုသလို ကိုယ့်ဘာသာကို အိပ်မရတဲ့ညများကို မေ့မရတဲ့စိတ်နဲ့ ကျော်ဖြတ်နေရချိန်မှာ တခြားအပူက လာကပ်နေတယ်။ ညနေပိုင်းမှာ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ ညီမ၀မ်းကွဲတစ်ယောက်က ဖုန်းဆက်တယ်။ နေ့လည်ကတောင် သူနဲ့ ဖုန်းပြောဖြစ်သေးတယ်။ ညနေပိုင်း ထပ်ဆက်တော့ ဘာများလဲပေါ့။ ပထမတော့ အလုပ်များ ဖြုတ်ခံလိုက်ရလားပေါ့။ အလုပ်ဖြုတ်ခံရလို့လား မေးတော့ သူက ဟုတ်တယ်ဆိုပဲ။ အဲဒါ စိတ်ညစ်တယ် ဘာညာ ပြောနေတယ်။ နေ့လည်ကတောင် အကောင်းကြီး ဘယ်လို ဖြစ်သွားပါလိမ့်ပေါ့။

နောက်မှ တခြားအသံတစ်ခု ဖုန်းထဲ ထပ်ဝင်လာတယ်။ ယောကျာ်းတစ်ယောက် အသံ။ အခုပြောနေတဲ့ ဖုန်းကို ချပစ်လိုက်ပြီး သူပြောတာကို ကျေးဇူးပြုပြီး နားထောင်ပေးပါဆိုပဲ။ သူပြောချင်တာလေး ပြောခွင့်ရပြီးရင် သူ ချက်ချင်း လှည့်ပြန်ပါမယ်တဲ့။ သဘောပေါက်လိုက်ပြီ။ ရည်းစားစကား လိုက်ပြောနေတာ။ ပြောနေတဲ့ ယောကျာ်းလေးကိုလည်း သိတယ်။ ကျွန်တော့်ညီမရဲ့ ဦးလေးဆီမှာ အလုပ်ဝင်ဖူးတဲ့ ၀န်ထမ်းတစ်ယောက်။ သူလည်း စင်္ကာပူမှာ အခြေကျလို့ ပီအာတောင် ဖြစ်နေပြီဆိုတာ သိထားတယ်။ သူက တရုတ်တန်းက ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ ရှေ့တစ်ခေါက် တရုတ်နှစ်ကူးပွဲကို သွားတုန်းက အဲဒီတစ်ယောက်ပဲ လိုက်ပို့ပေးတာ။

ကျွန်တော့်ညီမကလည်း ကျွန်တော့်ညီမပဲ အေးအေးဆေးဆေး ဖြေရှင်းရမယ့်ဟာကို ဘယ်လိုဖြေရှင်းနေသလဲ မသိဘူး။ သူက ခါးခါးသီးသီး ငြင်းလေ ဟိုက စကားပြောခွင့် အတင်းတောင်းလေ။ အဲဒါနဲ့ နာရီဝက်လောက် တိုင်ပတ်နေတယ်။ ဟိုကလည်း သူသွားလေရာ နောက်ကို တကောက်ကောက် လိုက်နေတယ်။ ရုံးပေါ် ပြန်တက်ပြေးတော့လည်း ဓါတ်လှေခါးထဲအထိ လိုက်ဝင်တယ်။ တက်စီငှားတော့လည်း တံခါးဖွင့်ပြီး အတင်းဝင်ထိုင်လို့ ကားဆက်မငှားဖြစ်ပြန်ဘူး။ ရဲတိုင်ချင်လည်း တိုင်လိုက်ပါတော့တဲ့။ ရဲစခန်း ရောက်လည်း ရောက်ပါစေတော့ စကားလေးတော့ ပြောခွင့်ပေးပါဆိုပဲ။ ဖုန်းထဲမှာ အသံတွေကို အကုန်ကြားနေရတယ်။

ခက်တာက ကျွန်တော်လည်း ဘာမှ လုပ်ပေးလို့မရဘူး။ ကားငှားပြီး သူ့ရုံးကို လိုက်သွားရအောင်လည်း အဆင်မပြေပြန်ဘူး။ အဲဒါနဲ့ ဖုန်းထဲကနေပဲ အနုနည်းနဲ့ ဖြေရှင်းဖို့ တဖွဖွ ပြောယူရတယ်။ ညီမဖြစ်သူက ဒေါသထွက်နေတော့ ပိုဆိုးတယ်။ ဟိုကလည်း တောက်တဲ့ကပ်သလို ကပ်နေတယ်။ ကျွန်တော်လည်း နားတွေ ပူလွန်းလို့ စပီကာဖွင့်ပြီး နားထောင်ရတယ်။ နောက်ဆုံး ကားငှားပြီး အိမ်ပြန်ဖို့ ကောင်းကောင်းမွန်မွန် ပြောဖို့ သေချာမှာပြီး လိပ်ခဲတည်းလည်း အခြေအနေကို ဖြေရှင်းယူရတယ်။ ကားပေါ်အထိ ဆက်မလိုက်လာပဲ ပြန်သွားလို့ ဒီဇာတ်လမ်း ဒီနေ့မှာ ဒီလောက်နဲ့ ပြီးသွားတယ်။ နောက်နေ့တွေ ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ ကျွန်တော်လည်း မသိသေးဘူး။

ဘယ်သူမှားတယ် မှန်တယ်လို့ မပြောချင်ပါဘူး။ နှစ်ယောက်စလုံးကို ရင်းရင်းနှီးနှီး သိနေထားတာကို။ အမျိုးနဲ့ အမျိုးလို ရင်းနှီးသူကြားမှာ ကျွန်တော်ဇူလိုင် စတင် ဆားညှပ်ပါတော့မယ်။ ညီမဖြစ်သူကလည်း သူ့ဦးလေးရဲ့ အလုပ်သမားလို့ သဘောထားပြီး လုံးဝ လက်မခံနိုင်ဘူးတဲ့။ ရန်ကုန်မှာတုန်းက မော်တောင် မကြည့်ရဲခဲ့သူက အခုလို လုပ်တာကို ပိုလို့တောင် စိတ်ဆိုး နာကျည်းနေလေရဲ့။ ဟိုတစ်ယောက်ကလည်း တခြားနည်းလမ်းတွေ ရှာဖွေစဉ်းစား သုံးသင့်တယ်လို့ ထင်မိတယ်။ အခုလို ရုပ်ပျက်ဆင်းပျက် ဖြစ်နေရတဲ့ အနေအထားမျိုးကို ရှောင်ကြဉ်သင့်တယ်လို့ မြင်မိတယ်။ ဘာလို ဖြေရှင်းပေးရမှန်းတောင် မသိတော့ဘူး။

ကျွန်တော့်ဘ၀မှာ အခုလို အတင်းအကျပ် ချစ်ရေးဆိုတာမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ လုပ်စရာလည်း မရှိခဲ့ဘူး မဟုတ်လားလို့ စကားတင်း မဆိုကြပါနဲ့။ နူးနူးညံ့ညံ့ ရိုမန်တစ် ဖြစ်စေတဲ့ အနေအထားမျိုးတွေပဲ တကူးတက ဖန်တီးတယ်။ ကရကဋ်ပီပီ စိတ်ကူးယဉ် ဆန်လွန်းလို့ အများအားဖြင့် မအောင်မြင်တတ်ဘူး။ ထင်ထားသလို ဖြစ်မလာပါဘူး။ ဒါပေမယ့် ထင်တဲ့အတိုင်း မဖြစ်လို့ဆိုပြီး ဘယ်တော့မှ အကြမ်းနည်း မသုံးခဲ့ဘူး။ သုံးရင်လည်း ဘာအရှုပ်အရှင်းမှ မဖြစ်လောက်တဲ့ အနေအထားမှာ ရှိခဲ့ပေမယ့်လည်း လုံးဝ မလုပ်ခဲ့ဘူး။ အဓိက မာမားရဲ့ စကားတစ်ခွန်းက စိတ်ဆင်ရိုင်းကို ချွန်းအုပ် ထိန်းချုပ် လွှမ်းမိုးထားတာပါ။

အဲဒီစကားလေးက ...
ကိုယ့်မှာ ညီမအရင်းမရှိပေမယ့် ညီမအရင်းလို ကိုယ်ချင်းစာပါ...

Monday, January 26, 2009

Chinese New Year @SG


အခုတစ်ခါက စင်္ကာပူမှာ ဒုတိယအကြိမ်မြောက် တရုတ်နှစ်သစ်ကူးပွဲကို သွားခြင်းပါပဲ။ ၂၀၀၇ ခုနှစ်တုန်းက ပွဲကို ရောက်ခဲ့ပေမယ့် ၂၀၀၈ ခုနှစ်က ပွဲကိုတော့ မသွားဖြစ်ခဲ့ပါဘူး။ အခု ၂၀၀၉ ခုနှစ် ပွဲကိုတော့ ရုံးက ဖိလစ်ပိုင်လေးနဲ့ အတူ သွားဖြစ်ခဲ့ပါတယ်။ သူက ရုံးမှာ အလုပ်ဖြုတ်ခံရတဲ့အထဲ ပါသွားပြီး ဖိလစ်ပိုင်ကို ပြန်ရတော့မှာဆိုတော့ စင်္ကာပူမှာ ရှိနေတဲ့အချိန်လေး ဟိုဟိုဒီဒီ လည်ပတ်ချင်တယ် ဆိုတာကြောင့် အဲဒီပွဲကို တကူးတက လိုက်ပို့ပေးခဲ့တာပါ။ ကိုယ်လည်း တရုတ်မလေးတွေ ကြည့်ရတာပေါ့။ ငမ်းတာ မဟုတ်ဘူးနော်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲလေ။

ည ၉ နာရီလောက် အိမ်ကနေ ထွက်လာခဲ့ပြီး အနီလိုင်းကနေ ခရမ်းလိုင်းကို ပြောင်းပြီး တရုတ်တန်းမှာ ဆင်းခဲ့တယ်။ လူအုပ်ကြီးတွေ သွားရာနောက်ကို ယောင်တောင် ပေါင်တောင်နဲ့ လိုက်သွားတာ ဇာတ်စင်ရဲ့ အနောက်ဘက်ကို ရောက်သွားလို့ တကွေ့တပတ်ကြီး ပြန်ပတ်ပြီး ဇာတ်စင်ရှေ့ကို ရောက်အောင် မနည်းကို တိုးဝှေ့ခဲ့ရသေးတယ်။ ကားလမ်းတွေ ပိတ်ထားသလို ရဲတွေလည်း အများကြီးပါပဲ။ လူတွေကလည်း ကျိတ်ကျိတ်တိုးပါပဲ။ ကြွားနိုင်တဲ့သူတွေကလည်း ရှိတာတွေအကုန် ထုတ်ကြွားကြပါတယ်။ တိုနိုင်သမျှတို ဟိုက်နိုင်သမျှ ဟိုက်ကြပါတယ်။ အဲဒီတော့ မတော်တဆ လက်ရောက်မှုတွေ မဖြစ်ရလေအောင် ကင်မရာကို လက်နှစ်ဘက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့လိုက်တော့ တစ်ရန်ရှင်းတာပေါ့။ ဒါလည်း တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။

ဇာတ်စင်နားရောက်တော့ ရွှေရင်စို့တာပါပဲ။ ဇာတ်စင်ရှေ့တည့်တည့်မှာ တာလပတ်စတွေနဲ့ ကာထားတော့ ဘာမှ မမြင်ရဘူး။ အဲဒါနဲ့ အဝေးကနေပဲ နတ်ကရာ ကျီးမော့ခဲ့ရတယ်။ အိမ်မှာ အေးအေးဆေးဆေး တီဗွီဖွင့်ပြီး ကြည့်ရင်တောင် အစုံမြင်ရအုံးမယ်။ အခုတော့ ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်နဲ့ ခြေဖျားလေး ထောက်ပြီး ကြည့်နေရတယ်။ ဓါတ်ပုံရိုက်တော့လည်း လက်လေးမြှောက်ပြီး ရချင်ရာရ ရမ်းတမ်းရိုက်ရတယ်။ လူအုပ်ထဲမှာ တိုးဝှေ့နေရတော့ မီးနေသည် ချွေးအောင်းသလိုပဲ ချွေးတွေကလည်း တပြိုက်ပြိုက်ပဲ။ မိုးကလည်း ဖွဲဖွဲလေး ရွာနေသေးတော့ ကင်မရာကို ဥစ္စာခြောက်ရသေးတယ်။ ဒါလေးပဲ ချမ်းသာတာလေ။

၁၂ နာရီထိုးခါနီးတော့ ဆက်မနေနိုင်တော့ဘူး။ လူလည်း နုံးချိပြီး သာခွေယိုင် ဖြစ်နေပြီ။ အဲဒါနဲ့ လူအုပ်ကြီးကို မနည်းတိုးဝှေ့ထွက်ပြီး ပွဲဈေးလျှောက်နေလိုက်တယ်။ ဗိုက်ကလည်း ဆာနေပြီဆိုတော့ အမြည်းကျွေးထားတဲ့ သရေစာမုန့်တွေ ဆိုင်တကာလှည့် လျှောက်နှိုက်စားတာပေါ့။ ပြီးတော့ ၀ယ်လည်း မ၀ယ်ကြဘူး။ အဲဒါနဲ့ ဗိုက်ဝသွားရော။ ၁၂ နာရီကျော်တော့ ရထားဘူတာထဲကို ရောက်နှင့်နေပြီ။ အရင်တစ်ခါတုန်းက ပွဲပြီးမှ ထွက်လာတာ လူအုပ်တိုးရတာနဲ့တင် ဘူတာရောက်ဖို့ နာရီဝက်ကျော် ကြာတယ်။ ရထားပေါ်မှာလည်း လူက အရမ်းကျပ်ခဲ့တယ်။ ဒီတစ်ခါတော့ နားလည်သွားပြီ။ စောစော ဘူတာဆင်းနှင့်ပြီး ရထားပေါ် တက်ခဲ့တော့ ချောင်ချောင်ချိချိ စီးရတာပေါ့ဗျာ။

အခုပွဲမှာ ပျော်စရာတွေ ရှိသလို အဆင်မပြေတာတွေလည်း ဒွန်တွဲနေပါတယ်။ ဒီလောက်တိုးဝှေ့နေရတဲ့ လူအုပ်ကြီးထဲမှာ ဆေးလိပ်သောက်ကြတဲ့ စလုံးဖင်ပြားမတွေက နံပါတ်တစ်အချက်ပေါ့ဗျာ။ ဥပဒေအသစ် ထုတ်ထားတာကို မသိတာလား လူလိုပဲ နားမလည်တာလား။ တစ်ခုခုတော့ တစ်ခုခုပါပဲ။ ပိန်ချင်တော့လည်း သူတို့ပဲ။ ရှိသမျှ အပေါ်ပင့်ပြီး ကြွားချင်တာလည်း သူတို့ပဲ။ နားလည်ရ ခက်လှပါပေတယ်။ အဲဒီလိုပဲ လူအုပ်ကျပ်လွန်းလို့ ကလေးငိုနေတာကို လျှစ်လျှူရှုပြီး ပွဲဈေးတိုးတဲ့ ကုလားလင်မယားကလည်း အတော့်ကို လေးစားစရာပါပဲ။ လှည့်ပြန်သွားရင် ဘာဖြစ်သွားမှာမို့လို့လဲတော့ မသိပါဘူး။ ပွဲဈေးကို တောက်လျှောက် တိုးနေတော့ပါပဲ။ ကလေးကလည်း အာပြဲကြီးနဲ့ ငိုနေတုန်းပဲ။ လင်နဲ့မယား အတော်ကို လိုက်ဖက်ညီပါတယ်။

နောက်တစ်ခုက ရထားပေါ်က အော်ကျယ်အော်ကျယ် ရွှေတစ်ဖွဲ့ပါ။ ကြည့်ရတာ WPနဲ့ လုပ်နေတဲ့သူတွေ ဖြစ်ဖို့များပါတယ်။ အ၀တ်အစားတွေ မတောက်ပြောင်တာကို ကြည့်ပြီး ခန့်မှန်းကြည့်တာပါ။ ရထားတစ်တွဲ ခြားနေတာတောင် သူတို့အသံက ဒီဘက်အတွဲအထိ ရောက်ပါတယ်။ ကြားရယုံလေး မဟုတ်ပဲ အတော်ကို ကျယ်နေတာပါ။ အာပေါင်အားရင်းသန်သန် ပြောနေတဲ့ အကြောင်းကလည်း ဂေလမ်းဆိုတဲ့ ဇိမ်နန်းတွေမှာ ပျော်ပါးယစ်မူးခဲ့တဲ့ အကြောင်းတွေပါ။ အခုလို အတွေ့အကြုံမျိုးကို မြန်မာဘာသာနဲ့ လူသိရှင်ကြား ဝေမျှရဲတဲ့ ပွင့်လင်းမှုကို လေးစားပါတယ်ခင်ဗျာ။ နောက်ဆုံးတစ်ခုကတော့ လူလိုသူလို သောက်စားမလာပဲ စားပိုးနင့် အန်ဖတ်စို့တဲ့ တရုတ်တွေပါပဲ။ ရထားဘူတာမှာလည်း အန်ဖတ်တွေ၊ ရထားထဲမှာလည်း အန်ဖတ်တွေ။ နှစ်ကူးကို အန်ဖတ်စို့ပြီး ကြိုဆိုပုံလေးက ချဉ်စော်နံ့လေးကို သင်းနေတော့တာပါပဲဗျာ။

ဒီလိုနဲ့ပဲ တရုတ်နှစ်သစ်ကူးပွဲမှာ... မျက်စိလည်း အစာကျွေး ဗိုက်ကိုလည်း အစာကျွေး။ ပီတိတွေဝေသလို ဒေါသတွေလည်း ဝေဖြစ်ခဲ့ရပါတယ် ခင်ဗျာ။

Thursday, January 22, 2009

Centenary of U Thant's Birth

Centenary of former UN Secretary-General U Thant's Birth
22 Jan 1909 - 22 Jan 2009

မြန်မာပြည်မှာ လူဖြစ်လာရတဲ့ဘ၀မှာ ကျေနပ်ဂုဏ်ယူမိတဲ့ အချက် အနည်းငယ် ရှိပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေ အခိုင်အမာ ပြလို့ရခဲ့တဲ့ ရှေးဟောင်းပုဂံနယ်မြေ၊ စေတီပုထိုး ဘုရားကျောင်းကန် စုံလင်လှတဲ့ ဗုဒ္ဓသာသနာ ထွန်းကားမှုတွေ၊ ရဲရင့်ပြတ်သားပြီး ကိုယ်ကျိုးစွန့်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းလို အာဇာနည် အမျိုးသားခေါင်းဆောင်ကြီးတွေ စသည် စသည်ဖြင့်ပေါ့ဗျာ။ အဲဒီအထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံသား ဦးသန့်လည်း တစ်ယောက် အပါအ၀င်ပေါ့။

ပြောမယ့်သာ ပြောတာပါ။ ကျွန်တော် ဦးသန့်ဆိုတဲ့ လူတစ်ယောက်အကြောင်းကို စတင် သိခဲ့တာ ၁၉၉၈ ခုနှစ် ကျော်မှာပါ။ အဲဒီအချိန်အရှေ့ပိုင်း ဦးသန့်ဆိုတာ တစ်ခါမှ မကြားဖူးသလို ကြားမိရင်တောင် ဘာမှန်းဆိုတာ သိမှာမဟုတ်ပါ။ ၁၀ တန်းအထိ ဖတ်မှတ်ခဲ့ရတဲ့ ကျောင်းသင်ခန်းစာ သမိုင်းစာအုပ်တွေမှာလည်း ဦးသန့်ဆိုတာ ရှာမတွေ့ခဲ့ပါဘူး။ အာဇာနည်နေ့လို ပွဲမျိုးတွေမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဟောပြောတဲ့သူ ရှိပေမယ့် ဦးသန့်အကြောင်း တစ်ခါမှ မပြောကြပါဘူး။ ဒီလိုနဲ့ ဦးသန့်တစ်ယောက် ပြည်ဖုံးကားချခံထားရပါတယ်။

ဒီလိုနဲ့ တစ်ရက်... ညီဝမ်းကွဲတစ်ယောက်နဲ့ ပန်းဆိုးတန်းလမ်းက စာအုပ်ဆိုင်တွေကို ဟိုဟိုဒီဒီ မွှေနှောက်ရင်း တက္ကသိုလ်စိန်တင် ရေးတဲ့ ဦးသန့်ရဲ့ အထုပတ္တိစာအုပ်ကို တွေ့မိပါတယ်။ စာအုပ်ဈေးကလည်း အဲဒီခေတ် အချိန်အခါမှာလည်း မနည်းမနှောပါပဲ။ သေချာတာတစ်ခုက အဲဒီအချိန်မှာ အဲဒီစာအုပ်ကို ၀ယ်နိုင်တဲ့ ငွေအင်အား ကျွန်တော့်လက်ထဲမှာ လုံးဝ မရှိခဲ့ပါဘူး။ ညီဝမ်းကွဲကတော့ ဂျပန်ရောက် သူ့ဦးလေးတွေ အဒေါ်တွေ လွှဲပေးတဲ့ မုန့်ဖိုးတွေကြောင့် သူကတော့ အေးဆေး ၀ယ်နိုင်တဲ့ အနေအထားပါပဲ။ ဒါပေမယ့် အဲဒီအချိန်မှာ သူက အသက်လည်း ငယ်သေးတော့ စာဖတ် ၀ါသနာမပါရှာဘူး။ ကျွန်တော်နဲ့တာ အတူ ပါလာတာ ဘာမှ ၀ယ်ချင်စိတ်ရှိတဲ့ပုံ မပေါ်ဘူး။ နောက်ဆုံးတော့ ကျွန်တော့်ရဲ့ ပြောဆို စည်းရုံးမှုနဲ့ပဲ သူ အဲဒီစာအုပ်ကို ၀ယ်ခဲ့လိုက်ပါတယ်။ ၀ယ်ပြီးတာနဲ့ အဲဒီစာအုပ်က သူ့အိမ်မှာ တစ်ပတ်လောက်ပဲ ကြာပြီး ကျွန်တော့်လက်ထဲ ရောက်နေတာ အခုချိန်ထိပါပဲ။ ၁၉၉၈ ကနေ တွက်ကြည့်ရင် ၁၁ နှစ်တောင် ရှိပြီပဲ။

အဲဒီစာအုပ်ရဲ့ ကျေးဇူးနဲ့ ဂုဏ်ယူစရာ ကောင်းလောက်တဲ့ မြန်မာနိုင်ငံသားတစ်ယောက် အကြောင်း သိရှိခွင့် ရခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့ ပထမဦးဆုံးသော အာရှသားတိုက်သားဟာ ကျွန်တော်ရဲ့ မွေးရပ်မြေဖြစ်တဲ့ မြန်မာပြည်သားဆိုတာ ကျွန်တော် အသိနောက်ကျခဲ့ပါတယ်။ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ယူဖွယ်ရာကြီးတစ်ခု သမိုင်းမှာ အထင်ကရ ရှိနေခဲ့တာကို နှစ်ပေါင်းများစွာ အမှောင်ချထားခဲ့တဲ့ ရူးသွပ် မိုက်မဲမှုကိုလည်း အံ့အားသင့်ခဲ့မိပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ ကြိုးစား ဖျောက်ဖျက်ပါစေ... ဦးသန့်ဟာ ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းမှာ ထာဝစဉ် လင်းလက်နေမယ့် မီးရှူးတန်ဆောင် တစ်ခုပါပဲဗျာ။

သြော်... အခုဆို ဦးသန့်မွေးနေ့ နှစ်တစ်ရာတောင် ပြည့်ခဲ့ပြီပဲ။


ယာယီ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်...

U Thant, who served as Secretary-General of the United Nations from 1961 to 1971, was chosen to head the world body when Secretary-General Dag Hammarskjold was killed in an air crash in September 1961.

U Thant was born at Pantanaw, Burma, on 22 January 1909, and was educated at the National High School in Pantanaw and at University College, Rangoon.

Prior to his diplomatic career, U Thant's experience was in education and information work. He served as Senior Master at the National High School, which he had attended in Pantanaw, and in 1931, he became Headmaster after winning first place in the Anglo-Vernacular Secondary Teachership Examination.

He was a member of Burma's Textbook Committee and of the Council of National Education before World War II, and was an Executive Committee member of the Heads of Schools Association. He was also active as a free-lance journalist.

In 1942, U Thant served for a few months as Secretary of Burma's Education Reorganization Committee. In the following year, he returned to the National High School as Headmaster for another four years.

U Thant was appointed Press Director of the Government of Burma in 1947. In 1948, he became Director of Broadcasting, and in the following year, he was appointed Secretary to the Government of Burma in the Ministry of Information. In 1953, U Thant became Secretary for projects in the Office of the Prime Minister, and in 1955, he was assigned additional duties as Executive Secretary of Burma's Economic and Social Board.

At the time of his appointment as Acting Secretary-General of the United Nations, U Thant had been Permanent Representative of Burma to the United Nations, with the rank of Ambassador (1957-1961).

During his diplomatic career, U Thant served on several occasions as Adviser to Prime Ministers of Burma.

U Thant began serving as Acting Secretary-General since 3 November 1961, when he was unanimously appointed by the General Assembly, on the recommendation of the Security Council, to fill the unexpired term of the late Secretary-General, Dag Hammarskjold. He was then unanimously appointed Secretary-General by the General Assembly on 30 November 1962 for a term of office ending on 3 November 1966.

U Thant was re-appointed for a second term as Secretary-General of the United Nations by the General Assembly on 2 December 1966 on the unanimous recommendation of the Security Council (resolution 229, 1966).

U Thant retired at the end of his second term in 1971 and he died on 25 November 1974 after a long illness. He was 65 years old.

Credit : UNIC

Wednesday, January 21, 2009

Pls support U Kovida...

အမှန်တကယ် ပြောရရင် အဲဒီဦးဇင်း ဦးကောဝိဒကို ကျွန်တော် မသိပါဘူး။ အပြင်လောကမှာလည်း မသိသလို အွန်လိုင်းကမ္ဘာမှာလည်း မဆုံခဲ့ပါဘူး။ အဲဒီဦးဇင်းကို မသိမှတော့ ဦးဇင်း ဘာလုပ်နေလဲဆိုတာကို ပိုလို့တောင် မသိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘလော့အကယ်ဒမီ ပေးပွဲမှာမှ စတင် သတိထားမိခဲ့တယ်။ ဒါတောင် ဦးကောဝိဒ ဆိုတာပဲပါပြီး ဆိုဒ်ကို မဖော်ပြထားလို့ ဘာမှန်းတောင် သေသေချာချာ မသိခဲ့ဘူး။ မဲတွေ ပေးထားကြတာတော့ တွေ့မိပါရဲ့။ ဒီလိုနဲ့ပဲ ဦးကောဝိဒဆိုတာကို စတင် သတိထားမိခဲ့ပါတယ်။

တလောကပဲ ပီကေရဲ့ လှူဒါန်းနိုင်ကြရန် ဆော်သြလိုက်သည်... ဆိုတဲ့ ပို့စ်လေး အီးမေးလ်ထဲ ရောက်တယ်။ ပီကေပဲ ပို့လိုက်တာပါ။ ဒီတစ်ခါတော့ ပီကေက သူ့ဖာသာသူ ကျွန်တော်ကို လာကပ်တာပါ။ အဲဒါနဲ့ပဲ ကျွန်တော်လည်း ပီကေကို ပြန်ကပ်လိုက်ရပါပြီ။ အဲဒီစာထဲမှာ သူရေးထားတာ အတော်လေး ပြည့်ပြည့်စုံစုံ ရှိလှပါတယ်။ ဒါကြောင့် သူ့စာလေးကိုပဲ ကျွန်တော် ထပ်ဆင့် မျှဝေရင်း တိုက်တွန်း နှိုးဆော်လိုက်ပါရစေဗျာ။

လှူဒါန်းနိုင်ကြရန် ဆော်သြလိုက်သည်...

၂၀၀၈ ခုနစ် ခရစ္စမတ်နေ့ က ဘလာဂေါက်တို့ ဦးစီးပြီး လုပ်တဲ့ My Web My Style ပွဲလေးမှာ ဦးဇင်း ဦးကောဝိဒကို စပြီး ခင်မင်ခဲ့ရပါတယ်။ စကားလက်စုံ ကျရင်း ဦးဇင်းရဲ့ ပညာဒါန အလှူတွေအကြောင်း ပြောဖြစ်ခဲ့ပါတယ်။ ကျနော့အနေနဲ့ လေးစားမိတာက တစ်ကြောင်း၊ အားကျမိတာက တစ်ကြောင်း၊ ကူညီပေးချင်တာက တစ်ကြောင်းကြောင့် ကျနော်ရဲ့ ဘလော့ဂ်မှာ အများအနေနဲ့ မုဒိတာ ပွားနိုင်သလို၊ တတ်စွမ်းသလောက် ဝိုင်းဝန်းဖေးမပေးဖို့ ကုသိုလ်ယူရန် လက်တို့လိုက်ရပါတယ်။

ဦးဇင်း ဦးကောဝိဒဟာ မြန်မာနိုင်ငံရဲ့ သာသနာအထွန်းကားဆုံး မြို့တစ်မြို့ဖြစ်တဲ့ စစ်ကိုင်းမြို့မှာ သီတင်းသုံးပါတယ်။ စစ်ကိုင်းမြို့ဟာ ဆိုရင် မြန်မာနိုင်ငံမှာ သာသနာ အနွယ်ဝင် သံဃာတော် အများဆုံး သီတင်းသုံးတဲ့ မြို့တစ်မြို့ ဆိုတာလည်း လူတိုင်း သိမှာပါ။ စစ်ကိုင်းမြို့မှာ ဆိုရင် သံဃာတော်၊ သီလရှင်တွေ အတွက် ပရိယတ်အဖြစ် ဗုဒ္ဓစာပေ သင်ကြားရာ တက္ကသိုလ်၊ စာသင်ကျောင်းတွေ အများဆုံး ရှိတဲ့ မြို့တစ်မြို့ ဖြစ်သလိုပဲ ပဋိပတ်အဖြစ် ဝိပဿနာတရား အားထုတ်ရာ ရိပ်သာ၊ တရားစခန်း အများဆုံး ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ အဓိက ဖြန့်ချီရာ ဒေသလည်း ဖြစ်တဲ့ စစ်ကိုင်းမြို့ကို အနယ်နယ် အရပ်က သံဃာတော်တွေ အနေနဲ့ လက်လွတ်မခံဘဲ လာရောက် ဆည်းပူးကြရပါတယ်။ ဒါကြောင့်လည်း သာသနာနွယ်ဝင် အများစု မှီတင်းရာ ဒေသအဖြစ် စစ်ကိုင်းမြို့ဟာ ကမ္ဘာမှာ ထင်ရှားတာ လူတိုင်း သိပြီးသားပါ။

၂၁ ရာစုမှာ လူသားအဖြစ်နဲ့ အသက်ရှင်တဲ့ လူတွေအတွက် ကွန်ပြူတာ၊ အင်တာနက် ဆိုတာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလို မရှိမဖြစ် ဖြစ်နေပါပြီ။ သံဃာတော်တွေ အတွက်လည်း ချွင်းချက် မဟုတ်ပါဘူး။ သာသနာ ပြန့်ပွားဖို့ ကြိုးပမ်းတဲ့ အခါမှာ ဟိုး ခေတ်ဦးပိုင်းက သံဃာတော်တွေ သက်ဆိုင်ရာ ဒေသ တစ်ခုကို ကိုယ်တိုင်​ ကြွရောက်ပြီး သာသနာပြုရပါတယ်။ ဒီထက် လမ်းပမ်းဆက်သွယ်ရေး ကောင်းလာတဲ့အခါမှာ စာပေတွေ ရေးသား ဖြန့်ဝေပြီး သာသနာပြုပါတယ်။ နည်းပညာ တိုးတက်လာတော့ လေလှိုင်းပေါ်ကနေ ဂြိုလ်တု၊ တီဗီ၊ ရေဒီယို ကတဆင့် တရားတော်တွေ ထုတ်လွှင့်ပြီး သာသနာ ပြုနိုင်ခဲ့တယ်။ အခု အင်တာနက် ခေတ် ရောက်လာတော့ နိုင်ငံတကာမှာ ရှိတဲ့ သံဃာတော်တွေ သာသနာတော် ပြန့်ပွားဖို့၊ တည်တန့်ဖို့ အွန်လိုင်းကို အသုံးချပြီး လုပ်ဆောင်နေကြတဲ့ အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ အတော်လေးကို အားနည်းနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ သံဃာတော်တွေ အနေနဲ့ အင်တာနက်နဲ့ အထိအတွေ့ မပြောပါနဲ့ ကွန်ပြူတာကို ထိတွေ့ဖို့ဆိုတာတောင် အတော်လေး ခက်နေပါသေးတယ်။ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန် မန္တလေးမှာတောင် ခက်ခဲနေတာပါ။ စစ်ကိုင်းမြို့ဆိုရင်တော့ တွေးကြည့်စရာတောင် မလိုတော့ပါဘူး။

အဲဒီခေတ်ရဲ့ရေစီးနဲ့ အခက်အခဲကို သိတဲ့အပြင် ကူညီဖြေရှင်းဖို့ တတ်နိုင်တဲ့ဘက်က ကြိုးစား အားထုတ်နေသူကတော့ ဦးဇင်း ဦးကောဝိဒပါ။ ဦးဇင်းက စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့မှာ တစ်လှည့်စီ ကွန်ပြူတာပညာရပ်တွေကို သူ တတ်သလောက် ပညာဒါနအနေနဲ့ ဖြန့်ဝေပေးနေတာပါ။ မန္တလေးမြို့ရဲ့ စေတနာအလှူရှင်ကြောင့် ဦးဇင်းအနေနဲ့ အွန်လိုင်း သင်ကြားခွင့်ရခဲ့ပါတယ်။ မန်းက အင်တာနက် ကဖေးတစ်ဆိုင်က ဦးဇင်းကို သင်ကြားဖို့ လှူဒါန်းတာကြောင့် မန်းက သံဃာတော်တချို့ကို ပညာဒါနအနေနဲ့ အင်တာနက်သင်တန်းအဖြစ် ဖွင့်လှစ် ပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး စစ်ကိုင်းမြို့မှာလည်း သင်တန်းခန်းမ တစ်ဆောင်အနေနဲ့ သီးသန့် လုပ်ထားပြီး ကွန်ပြူတာအကြောင်းကို သင်တန်းအနေနဲ့ သံဃာတော်တွေအတွက် ပညာဒါန ဝေမျှ ပေးနိုင်ခဲ့ပါတယ်။ အဲဒီ သင်တန်းခန်းမရဲ့ ကြမ်းပြင်ကိုလည်း ညီလင်းဆက်ရဲ့ အကူအညီနဲ့ နိုင်ငံခြားမှ လှူဒါန်းငွေကြောင့် မကြာခင်က ကြမ်းခင်းထားပါပြီ။ သင်တန်းမှာ ကွန်ပြူတာ (၆) လုံးပဲ ရှိပါတယ်။ အဲဒီ ကွန်ပြူတာခြောက်လုံးနဲ့ပဲ အခု သင်တန်းသစ်တစ်ခု စတင်ဖို့ ကြံဆောင်နေတယ်လို့ ဦးဇင်းက မိန့်ပါတယ်။

သင်တန်းသစ်စမယ်လို့ သတင်းရတာနဲ့ စစ်ကိုင်းမြို့မှာ ရှိတဲ့ ကွန်ပြူတာ နည်းပညာ ငတ်မွတ်သူ၊ အင်တာနက် ငတ်မွတ်သူတွေ ဝိုင်းပြီး စာရင်း ပေးလိုက်တာ ကြေငြာပြီး မကြာခင်မှာပဲ လျှောက်လွှာတင်သူ ၅၀ ကျော်သွားလို့ ရပ်ဆိုင်းထားရပါတယ်။ ရပ်ဆိုင်းထားဆို ကွန်ပြူတာက (၆) လုံးတည်း ရှိတာဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ဦးဇင်းရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်။ နောက်ပြီး စစ်ကိုင်းမြို့အနေနဲ့ လျှပ်စစ်မီး ကောင်းကောင်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လျှပ်စစ်မီး အချိန်များများ ရဖို့တောင် ဆုတောင်းဖို့ မလွယ်ပါ။ ဒါကြောင့် ကွန်ပြူတာရဲ့ အသက်ဖြစ်တဲ့ လျှပ်စစ်မီးက ရှိဖို့ အရေးကြီးနေပြန်ပါတယ်။ ဒါကြောင့် ဦးဇင်းအနေနဲ့လည်း မီးစက်ဝယ်ဖို့ စိုင်းပြင်းနေရပြန်တယ်။ ပညာဒါန အလှူလုပ်ဖို့ သင်ကြားတယ်ဆိုတော့ ပစ္စည်းပစ္စယ ဝယ်ဖို့ ငွေကြေးဆိုတာ အလှူရှင်ကိုပဲ အဓိက တည်မှီနေရတော့မှာပါ။ ဦးဇင်းကို မေးကြည့်တော့ မီးစက်ဝယ်ဖို့ ကျပ်ငွေ (၁၇) သိန်းလောက် လျာထားရမယ်လို့ မိန့်ပါတယ်။ နောက်ပြီး သင်တန်း အရှိန်ရဖို့ ကွန်ပြူတာအလုံးရေ များဖို့ကလည်း အရေးကြီးပြန်တော့ ကွန်ပြူတာအလှူရှင်ကလည်း လိုအပ်နေပြန်ပါတယ်။

ဒီအခက်အခဲတွေ ကြားက ဘာကိုမှ မမှုဘဲ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို အကောင်အထည် ပေါ်ဖို့ပဲ အမြဲ ကြိုးစားနေတဲ့ ဦးဇင်းရဲ့ စိတ်ဓါတ်နဲ့ ဇွဲကို ကျနော် မလေးစားဘဲ မနေနိုင်ပါဘူး။ အားကျတယ်လို့လည်း ပြောလို့ရတယ်။ ဒါကြောင့် ဦးဇင်းရဲ့ ပညာဒါန သင်တန်းတွေ အမြဲ အဓွန့်ရှည် တည်တန့်စေနိုင်ဖို့ အလှူရှင်တွေ လိုအပ်နေတာ အမှန်ပါ။ ပြည်တွင်းမှာ ရှိတဲ့ သာမာန် ဝန်ထမ်းတစ်ယောက် အနေနဲ့ ငွေ တစ်သောင်း လှူဖို့ဆိုတာ အခက်အခဲ ရှိပေမယ့် ပြည်ပ ရောက်နေသူတွေအတွက် အခက်အခဲ သိပ်မရှိလောက်လို့ အကူအညီ တောင်းလိုက်ရပါတယ်။ တကယ်လို့ ပြည်တွင်းက လူတွေအနေနဲ့လည်း တတ်နိုင်သလောက် တစ်ထောင် နှစ်ထောင်ကအစ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း ဦးကောဝိဒရဲ့ သင်တန်းကျောင်းအတွက် လက်တလော လိုအပ်နေတဲ့ ပစ္စည်းတွေကတော့

၁။ ကွန်ပြူတာ (လက်ရှိ ခြောက်လုံးသာ ရှိသည်)
၂။ သင်တန်းခန်းမ မျက်နှာကျက် (လုံးဝ မရှိသေးပါ)
၃။ ကြမ်းခင်းအုတ်ခင်း (ခန်းမ အရှေ့ပိုင်းကို ညီလင်းဆက်ကူညီသော အလှူနဲ့ အုတ်ခင်းပြီး)
၎။ ၁၀ ကီလိုဝပ်ထွက် မီးစက်တစ်လုံး (မီးမရှိလျှင် လုံးဝ သင်မရပါ။ လက်ရှိ လျှပ်စစ်မီးမှာ ပျက်တလှည့် မလာတလှည့်)
၅။ နည်းပညာပိုင်း ဆိုင်ရာ ပညာဒါန သင်ကြားပေးနိုင်သူ (မန်း သို့ စစ်ကိုင်းတွင် သင်ကြားပေးနိုင်သူ ဖြစ်ရန်လိုသည်)
၆။ အင်တနက် သင်တန်း သင်ကြားနိုင်ရန် အွန်လိုင်း သုံးစွဲခွင့် (အင်တာနက် ကဖေးဆိုင် တစ်ဆိုင်မှ သူ့ဆိုင်တွင် သင်ကြားနိုင်ရန် အချိန်ပိုင်း လှူဒါန်းထားသည်။ ထိုအလှူရှင်ကဲ့သို့ လှူဒါန်းနိုင်လျှင် ပိုကောင်းမည်။ သို့မဟုတ် တစ်နာရီ သုံးစွဲခ လျှော့ဈေးဖြင့် ညှိနှိုင်းပေးပါကလည်း အဆင်ပြေပါမည်။ သို့မဟုတ်ပါက အလှူငွေဖြင့် အင်တာနက် သုံးစွဲဖို့ စီမံရပါမည်)
၇။ ရေအေးစက် (အင်မတန်ပူသော စစ်ကိုင်းမြို့အတွက် လိုပါသည်)
၈။ အလှူငွေ (တခြား သင်တန်းအတွက် လိုအပ်ချက်များ စီမံဆောင်ရွက်ရန်)

လှူဒါန်းလိုသူများ ဆက်သွယ်ရန်
၁။ ဦးကောဝိဒ @mailto: kovida9@gmail.com
၂။ ပီကေ @mailto: pikay@myanmarbloggers.org
၃။ ညီလင်းဆက် @site: http://blog.nyilynnseck.com
၎။ မျက်လုံး @mailto: thethtoo@gmail.com
၅။ မင်းယွန်းသစ် @mailto: minnyoonthit@gmail.com
၆။ အရုပ်ကလေး @mailto: idulize@gmail.com

နိုင်ငံခြားမှ လှူဒါန်းလိုသူတွေအတွက် PayPal နှင့် UK Bank Account နှစ်မျိုးစလုံးနဲ့ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း ဦးကောဝိဒရဲ့ ကိုယ်ပိုင် ဘလော့ဂ်ကိုလည်း သွားရောက် လေ့လာနိုင်ပါတယ်။ ဦးဇင်း ဘလော့ဂ်မှာ ကျနော် အပေါ်မှာတင်ပြခဲ့တဲ့ ဦးဇင်းရဲ့ လှုပ်ရှားမှုတွေကို ဓါတ်ပုံနဲ့တကွ အသေးစိတ် ဖော်ပြထားပါတယ်။ သွားရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။ ကျနော်အနေနဲ့ တောင်းဆိုချင်တာက အလှူငွေမှ မဟုတ်ဘဲ ကူညီတဲ့အနေနဲ့ ဒီပို့စ်လေးကို တတ်နိုင်သလောက် ဖြန့်ဝေပေးစေချင်ပါတယ်။

အားလုံးကို လေးစားသောအားဖြင့်
ပီကေ

Monday, January 19, 2009

Loveless life



အချစ်မရှိတဲ့ဘ၀ဟာ မှုန်ရီေ၀၀ိုးတ၀ါး
ကြယ်တွေမစုံတဲ့ ညတစ်ခုလို
အထီးကျန်ဆန်လွန်းလှတယ်။

P.S ချစ်ရလွန်းတဲ့မမ ရန်ကုန်ကို ခဏပြန်သွားချိန်...
လေဆိပ်အိမ်သာထဲမှာ သွားငိုတဲ့ သူငယ်ချင်း(အထီး)တစ်ယောက်အတွက်...

Sunday, January 18, 2009

Red Cross workers kidnapped

MANILA: Three workers from the International Committee of the Red Cross were abducted Thursday by men believed to be members of the Abu Sayyaf terrorist group in the southern Philippines, officials said.

The abduction, the latest in a string, took place in the town of Patikul, on Sulu, a southern island province where Abu Sayyaf and other rebel groups have been active.

Military officials identified the victims as Andreas Notter of Switzerland, Eugenio Vagni of Italy and Jean Lacaba of the Philippines.

The military said it had conducted a "hot pursuit" operation and recovered the victims' Red Cross vehicle.

Lieutenant Steffani Cacho, a spokeswoman for the army, said the workers had arrived on the island two days earlier.

"They were advised about the security situation on the island, but because the ICRC is a neutral organization, they refused armed escorts," Cacho said in an interview.

Although there was no immediate claim of responsibility, "the possibility is great" that Abu Sayyaf was responsible, Cacho said. Recent kidnappings in Sulu and Basilan, another island province nearby, have been attributed by the military to the group.

The Red Cross in Manila said its three workers were in Sulu to inspect a jailhouse as part of its efforts to improve prisons in the Philippines.

"I am appealing to the Abu Sayyaf to free those people, because they are neutral in any conflict," said Richard Gordon, chairman of the Philippine National Red Cross, Reuters reported. "They do not realize this, but these people help them if they get wounded and get them out of the conflict areas."

The abductions took place near the Sulu provincial jail, where the workers had also carried out water and sanitation projects, said Roland Bigler, a Red Cross spokesman in Manila.

Cacho said the Red Cross had alerted the authorities when the victims failed to make their flight Thursday morning to Zamboanga, a city near Sulu.

Militant Islamist separatists on Basilan and other southern islands formed the Abu Sayyaf group in the early 1990s. It has been designated by the United States as a terrorist organization, and its ranks, officials here say, have been greatly reduced because of a joint counterterrorism effort by the Philippine and U.S. governments that began in 2002.

Abu Sayyaf was blamed for an incident in 2001 when three kidnapping victims were beheaded and another in 2004 when a ferry was bombed, killing 100 people. In recent years, it has been trying to fashion itself again as an Islamist organization, and, according to officials and experts, has allied with Jemaah Islamiyah, the Southeast Asian terror network linked to Al Qaeda and implicated in numerous bombings in Indonesia.

Lately, Abu Sayyaf has degenerated into kidnapping, extortion and banditry, and it has become notorious for rapes and decapitations.

Military and police officials said that more than two dozen people had been abducted in the south since October, apparently by Abu Sayyaf, including a 9-year-old girl who was released in late December after two months in captivity. Reports indicated that ransoms had been paid in some of the abductions.

"They're back kidnapping people for money," said Cacho, the army spokeswoman.

By Carlos H. Conde (IHT)
Published: January 15, 2009

Credit: www.iht.com

Saturday, January 17, 2009

Hero of the Hudson


ဟဒ်ဆန်မြစ်ရဲ့ သူရဲကောင်း... အခုတလော သတင်းတွေမှာ သူ့အကြောင်းကို အများဆုံး တွေ့နေရပါတယ်။ သူဘယ်သူလဲ။ ဘာကြောင့် သူ့ကို သူရဲကောင်းလို့ ချီးမွမ်းနေကြတာလဲ။

သူရဲ့အမည် အပြည့်အစုံက Chelsey B. Sullenberger III ပါ။ အမေရိကန်လေတပ်မှာ တိုက်လေယာဉ် မောင်းခဲ့ဖူးသလို အမေရိကန်လေကြောင်းလိုင်းမှာ လေယာဉ်မှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ၂၉ နှစ် ရှိပါပြီ။ အခုချိန်မှာ သူ့ရဲ့အသက်က ၅၇ နှစ်ပါ။ Safety Reliability Methods, Inc. ရဲ့ President & CEO လည်း ဖြစ်ပါတယ်။ သူဟာ အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး ကလေး ၂ ယောက်လည်း ရှိပါတယ်။

အမေရိကန်ရဲ့သမ္မတရာထူးကို မကြာခင် စွန့်လွှတ်တော့မယ့် ဂျော့ဘုရှ်အပါအ၀င် နယူးယောက်မြို့တော်ဝန်နဲ့ အမေရိကန်ပြည်သူတွေက သူ့ကို ဟဒ်ဆန်မြစ်ရဲ့ သူရဲကောင်း...လို့ ချီးမွမ်းဂုဏ်ပြုခေါ်ဆိုခဲ့တာက သူရဲ့ မှန်ကန်တည်ငြိမ်တဲ့ ဆုံးဖြတ်ချက်၊ အရည်အသွေးမှီ ကျွမ်းကျင်မှုနဲ့အတူ သူရဲကောင်းစိတ်ဓါတ်ဟာ Flight 1549 လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည် ၁၅၀ ယောက်နဲ့ လေယာဉ်အမှုထမ်းတွေရဲ့ အသက်တွေအပြင် နယူးယောက်မြိုရဲ့ လူစည်ကားရာနေရာဖြစ်တဲ့ မဟတ္တန်အရပ်က အသက်အိုးအိမ် စည်းစိမ်တွေကိုပါ ဘေးမသီ ရန်မခအောင် စောင့်ရှောက်ပေးနိုင်ခဲ့လို့ ဖြစ်ပါတယ်။

လေယာဉ်ပေါ်က ခရီးသည်တွေ အားလုံးကို ကယ်ဆယ်ပြီးစီးမှု ရှိမရှိကို မြစ်ထဲမှာ နစ်နေတဲ့ လေယာဉ်ကနေ နောက်ဆုံးတစ်ယောက်အနေနဲ့ မထွက်ခွာခင်အချိန်မှာ လေယာဉ်ရဲ့ လျှောက်လမ်းတစ်လျောက် ၂ ခါတိတိ သေချာစစ်ဆေးခဲ့ပြီးမှ ကယ်ဆယ်ရေးမော်တော်ဘုတ်ပေါ်ကို တက်ရောက်ခဲ့တဲ့ သူ့ရဲ့ ခေါင်းဆောင်ကောင်း ကပ္ပတိန်ကောင်း ပီသမှုကလည်း အထင်ကြီး လေးစားစရာ ကောင်းလှပါတယ်။

အမေရိကန်လေကြောင်းလိုင်းပိုင် Airbus A320 - Flight 1549 ဟာ LaGuardia Airport ကနေ ပျံတက်လာပြီး မိနစ်အနည်းငယ်အကြာ... ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ ငန်းအုပ်ကြီးနဲ့ တိုက်မိပြီး အင်ဂျင်နှစ်လုံးစလုံး အလုပ်မလုပ်တော့ပါဘူး။ ပျံသန်းထွက်ခွာလာခဲ့တဲ့ လေယာဉ်ကွင်းကို ပြန်လည်မောင်းနှင်ဖို့ မဖြစ်နိုင်ချိန်မှာ လေယာဉ်ကပ္ပတိန်က ဟဒ်ဆန်မြစ်ထဲ ထိုးဆင်းဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။ သူရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်မှုနဲ့ ကျွမ်းကျင်မှုတွေကြောင့် လေယာဉ်ပေါ်က ခရီးသည်တွေ သေဆုံးမှု မရှိခဲ့ပါဘူး။ အမျိုးသမီးတစ်ယောက်ပဲ ခြေထောက်ကျိုးခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ အတွင်းမှာ အသက်သေဆုံးမှု မရှိပဲ ရေပြင်ပေါ်ဆင်းသက်တဲ့ လေယာဉ်ပျက်ကျမှု တစ်ခုအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

အမေရိကန်လေကြောင်းဦးစီးဌာနရဲ့ ပြောကြားချက်အရ ၁၉၉၀ ကနေ ၂၀၀၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ အခုလို လေယာဉ်ပျံနဲ့ ငှက်အုပ်စု တိုက်မိတဲ့ မတော်တဆမှုဟာ ၆၅၀၀၀ အကြိမ်ရှိခဲ့ပါတယ်။ လေယာဉ် ပျံသန်းခေါက်ရေ အကြိမ်တစ်သောင်းတိုင်းမှာ တစ်ခါလောက် တိုက်မိတဲ့ သဘောမျိုးဖြစ်ပါတယ်။ ဒါကြောင့် လေကြောင်းထိန်းသိမ်းရေး မျှော်စင်တွေက ကောင်းကင်ယံမှာ ငှက်အုပ်တွေ ပျံသန်းနေတဲ့ နေရာတွေကို မကြာခဏ သတိပေးကြေညာတာမျိုး လုပ်နေရပါတယ်။

Photo Credits: Murray/News, Daily News, Facebook

Friday, January 16, 2009

St. Paul's Church

St. Paul's Church က St. Paul Hill ပေါ်မှာ တည်ရှိပါတယ်။ St. Paul Hill ကို Malacca Hill လို့လည်း ခေါ်ပါတယ်။ အစပိုင်းမှာတော့ ပေါ်တူဂီတွေ တည်ဆောက်ခဲ့တဲ့ Chapel လို့ခေါ်တဲ့ ဘုရားကျောင်းငယ်လေးပါ။ AD 1521 မှာ တည်ဆောက်ခဲ့တာပါ။ 1556 မှာ နှစ်ထပ် ကျောင်းဆောင်အဖြစ် တိုးချဲ့ တည်ဆောက်ခဲ့ပါတယ်။ ဒတ်ခ်ျတွေ မလက္ကာမြို့ကို သိမ်းပိုက်ပြီး နောက်ပိုင်းမှာလည်း ဘုရားကျောင်းအဖြစ် နှစ်ပေါင်း ၁၁၂ တိုင်တိုင် ဆက်လက် အသုံးပြုခဲ့ပါသေးတယ်။ တောင်ကုန်းအောက်ခြေမှာ တည်ဆောက်ထားတဲ့ Chirst Church မပြီးခင် အထိပေါ့။ 1824 မှာ ဗြိတိသျှတို့ မလက္ကာမြို့ကို ၀င်လာတဲ့အခါမှာ ဘုရားကျောင်းအဖြစ် မသုံးတော့ပဲ လက်နက်ခဲယမ်း သိုလှောင်တဲ့ ဂိုထောင်အဖြစ် ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ အဲဒီရှေ့မှာပဲ မီးပြတိုက်တစ်ခုကို ဗြိတိသျှတို့ပဲ တည်ဆောက်ခဲ့ပါတယ်။ အဖြူရောင်သုတ်ထားတဲ့ အဆောက်အဦးပေါ့။

ဘုရားကျောင်းရဲ့ ရှေ့မှာ St. Francis Xavier ရဲ့ ရုပ်တုကိုလည်း မြင်တွေ့နိုင်ပါတယ်။ St. Francis ဆိုတာ တရုတ်ပြည်မှာ သာသနာပြုခဲ့တဲ့ စပိန်မှာ မွေးတဲ့ ဘုန်းတော်ကြီးတစ်ပါးပါ။ 1545-1552 ကာလကြားမှာ St. Francis ဟာ မလက္ကာမြို့က St. Paul's Church ကို မကြာခဏ ရောက်ရှိ သီတင်းသုံးခဲ့ပါတယ်။ 1553 မှာ သူကွယ်လွန်ခဲ့တော့ သူရဲ့ရုပ်အလောင်းကို တရုတ်ပြည်ကနေ မလက္ကာမြို့ကို သယ်လာပြီး St. Paul's Church မှာ မြှုပ်နှံခဲ့ပါတယ်။ ၉ လကြာ မြှုပ်နှံထားပြီးတဲ့နောက် ရုပ်အလောင်းကို အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ မြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူရဲ့ရုပ်အလောင်းကို ပြန်တူးဖော်တဲ့အခါမှာ မပုပ်မသိုးသေးတာကို ထူးထူးခြားခြား တွေ့ရှိခဲ့ကြတဲ့အတွက် သူတော်စင်အဖြစ် သတ်မှတ်ဖို့ အဆိုပြုခဲ့ကြပါတယ်။ သူရဲ့လက်ကို ဖြတ်ကြည့်မိတော့ သွေးတွေ တတောက်တောက် ကျပါသတဲ့။ အဲဒါနဲ့ပဲ သူတော်စင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
အခုရုပ်တုမှာလည်း ညာဘက်လက်ပြတ်နေတာကို တွေ့ရမှာပါ။ ဒါပေမယ့် အဲဒါဟာ ထုလုပ်စဉ်ကတည်းက တမင်တကာ ဒီဇိုင်းထွင် ပြုလုပ်ထားခဲ့တာ မဟုတ်ပါဘူး။ ရုပ်တုကို ဘုရားကျောင်းရှေ့မှာ နေရာချထားပြီး နောက်တစ်ရက်မှာပဲ ရုပ်တုပေါ်ကို သစ်ပင်ကြီးတစ်ပင် လဲပြိုခဲ့ပါတယ်။ သစ်ပင်ပိတဲ့ဒဏ်ကြောင့် ရုပ်တုရဲ့ ညာဘက်လက် ပြတ်သွားခဲ့ပါတယ်။ ဒါနဲ့ပဲ ရုပ်တုမှာ ညာဘက်လက် မရှိတော့တာ အခုချိန်ထိပါပဲခင်ဗျာ။

Thursday, January 15, 2009

A piece of gipsy life-4

အခုနှစ်ဆန်းပိုင်းမှာ တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ Facebook မှာ ပြန်ဆုံဖြစ်ခဲ့တယ်။ သူမနဲ့ မဆုံဖြစ်ခဲ့တာဆို ကျောင်းပြီးကတည်းကပါ။ ကျောင်းပြီးကတည်းက မောင်သောင်းကို စိတ်နာလွန်းလို့ ဘွဲ့နှင်းသဘင်မှာ ဘွဲ့လည်း သွားမယူခဲ့သလို ကျောင်းကလူတွေနဲ့လည်း အဆက်အသွယ် မလုပ်ဖြစ်ခဲ့ပါဘူး။ သီးခြားကမ္ဘာလေးမှာ တစ်ကိုယ်တည်း မင်းမူနေခဲ့လိုက်တယ်။ စိတ်ချမ်းသာတာပေါ့။

သူမလည်း တခြားတစ်ယောက်ရဲ့ Facebook ထဲမှာ ကျွန်တော့်ဓါတ်ပုံကို မြင်တာနဲ့ လှမ်းပြီး ဖိတ်လိုက်တာပါ။ ဒီအမည် မြင်ဖူးကြားဖူးပေမယ့် သူမမှ ဟုတ်ရဲ့လား... အမည်တူ တခြားတစ်ယောက်များ ရှိနေအုံးမလားဆိုပြီး သံသယရှိသေးလို့ ချက်ချင်း လက်မခံသေးပဲ သူမရဲ့ဓါတ်ပုံတွေကို မွှေနှောက်ကြည့်တော့မှ ကျောင်းက သူငယ်ချင်းဖြစ်နေတာ သိလိုက်တယ်။ ဒါနဲ့ပဲ သူမရဲ့ ဖိတ်ကြားမှုကို လက်ခံလိုက်ပါသည်ပေါ့ဗျာ။

လှိုင်သာယာက ကျောင်းကို တတိယနှစ်မှာ စတက်ခဲ့ရတယ်။ ရှေ့နှစ်တွေက သန်လျှင် သိဟိုဠ်တောမှာပေါ့။ သုံးတန်းရောက်တော့ မေဂျာတွေ ခွဲပြီးပြီ။ ဟိုးအရင်ကလို အမှတ်နဲ့ ခွဲတာ မဟုတ်တော့ဘူး။ ကိုယ်ကြိုက်တာ ကိုယ်ယူပဲ။ ဒါကြောင့် အီးစီမို့လို့ မြို့ပြမို့လို့ စာအရမ်းတော် စာအရမ်းကြိုးစား တော်တီးတီးတော်လို့ မှတ်ရင် မမှန်တော့သလို အာခီမှာတွေ့လို့ စာတော်တော်ညံ့တဲ့ အပါယ်ရတနာတွေလို့ ထင်မိရင်လည်း အမှားကြီး မှားပါလိမ့်မယ်။

ကျောင်းအသစ်မှာ မေဂျာအသစ်မှာ လူသစ်တွေ အများကြီး တွေ့ရတာပေါ့။ ကျွန်တော်တို့နှစ်က ဗိသုကာမှာ အယောက် ၃၀ ကျော်တယ်။ စံချိန်တင်ပါပဲ။ တချို့က သန်လျှင်ကျောင်းက။ တချို့က မှော်ဘီကျောင်းက။ တချို့က မှော်ဘီကျောင်း ဆိုပေမယ့် ကျူရှင်တူလို့ မြင်ဖူးထားတယ်။ တချို့က သန်လျှင်ကျောင်းဆိုပေမယ့် အခုမှ မြင်ဖူးတယ်။ ဒါပေမယ့် အများစုက ကိုယ့်အစုနဲ့ ကိုယ် နေကြတာများတော့ သန်လျှင်က သပ်သပ်၊ မှော်ဘီက သပ်သပ် ဖြစ်နေတတ်တယ်။ အခုပြန်တွေ့တဲ့ သူငယ်ချင်းလည်း သန်လျှင်ကျောင်းကပဲ။ ဒါပေမယ့် ဗိသုကာမေဂျာ ရောက်မှ သူမကို မြင်ဖူးခဲ့တာပါ။

တတိယနှစ်ကတည်းက သူမကို သတိထားမိပါတယ်။ ကျောထိရှည်တဲ့ ဆံပင်အရှည်ကြီးနဲ့ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးက ဗိသုကာမှာ ၂ ယောက်ပဲ ရှိတာ။ ထူးခြားတာက ၂ ယောက်စလုံး အမည်စာလုံး ၃ လုံးအထိ ထပ်တူညီ တူကြတယ်။ နောက်ဆုံးစာလုံးတစ်လုံးပဲ ကွာကြတယ်။ တစ်ယောက်က တိုင်းရင်းသူ ဖြစ်နေလို့သာ အမွှာလို့ မထင်ကြတာ။ တတိယနှစ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် နည်းနည်း စိမ်းနေကြသေးတယ်။ ကျောင်းကလည်း ဝေး၊ ပရောဂျက်တွေနဲ့ဆိုတော့ အိမ်မှာ ပုံဆွဲ၊ ကျောင်းမှာ ဂျူရီထိုင်၊ ကျန်တဲ့အချိန် ရသလောက် ကျောင်းပြေး။ အဲဒါနဲ့ အတော်များများကို ကျွန်တော် မရင်းနှီးခဲ့ဘူး။

လေးတန်းရောက်တော့လည်း ထိုနည်းလည်းကောင်းပဲ။ ငါးတန်းရောက်တော့လည်း ထိုနည်းလည်းကောင်းပဲ။ စာမေးပွဲနားနီးလာရင် ထုံးစံအတိုင်း စာတော်တဲ့သူတွေဆီ ပြေးရပြီပေါ့။ ပေပါတွေ ရေးရရင်လည်း လူက ကျောင်းကို မရောက်တာ။ ဘယ်ပေပါကို ဘယ်နေ့အပြီး တင်ရမလဲဆိုတာတော့ အမြဲတမ်း သိဖြစ်အောင် ကြိုးစားထားတယ်။ အဲဒီမှာ ကူညီတတ်တဲ့ သူမနဲ့ အတော်လေးကို ရင်းနှီးခဲ့ပါတယ်။ စာသင်နှစ်တိုင်း သူမက အတန်းထဲမှာ ခုံနံပါတ် ၁ ပဲလေ။ တတိယနှစ်က လွဲလို့ပေါ့။ တတိယနှစ်က ကျောင်းအရင်အပ်တဲ့လူ ခုံနံပါတ် ၁ ရတာပဲလေ။

ကံကောင်းချင်တော့ သူမအိမ်နဲ့ ကျွန်တော့်အိမ်က စက်ဘီးစီးသွားရင် ရောက်တဲ့ခရီးအကွာအဝေးမှာ ရှိတယ်။ သူ့အိမ်မှာ ဖုန်းရှိပေမယ့် ဖုန်းဆက်ရင် ပိုက်ဆံကုန်လွန်းလို့ စက်ဘီးစီးပြီး စာသွားမေးဖြစ်တာ များပါတယ်။ အိမ်လာတဲ့ ဧည့်သည်ကို ရေတစ်ခွက်တော့ တိုက်ရှာပါတယ်။ ညဘက်တွေမှာ စက်ဘီးလေး စီးပြီး သူမဆီသွား ကျောင်းမှာ သင်ထားတဲ့ စာအုပ်တွေ သွားယူ၊ ပြီးရင် မိတ္တူဆွဲ။ အရေးကြီးတဲ့စာတွေ ဘယ်ဟာတွေ ရှိလဲ မေး။ နားမလည်တာတွေရှိရင် မေး။ အဲဒါနဲ့ပဲ သူငယ်ချင်းတွေ ကောင်းမှုနဲ့ ကျွန်တော်တစ်ယောက် နှစ်တိုင်းအောင် ကျောင်းသားကြီး ဖြစ်ခဲ့ရတာပေါ့။ စာမေးပွဲတွေ တစ်ခါမှကို မကျခဲ့ဖူးဘူး။ ဆပ်ပလီတောင် မထိခဲ့ပါဘူး။

ဗိသုကာမေဂျာတီရှပ်တွေ ထုတ်တော့လည်း တီရှပ်မှာရိုက်မယ့် ဒီဇိုင်းကို နှစ်ယောက်ပေါင်း ထုတ်ကြတာပေါ့။ ကျွန်တော်က ပါးစပ်နဲ့ပဲ ဒီဇိုင်းထုတ်တာပါ။ တကယ် လက်နဲ့ဆွဲပေးတာက သူမပါ။ ပြီးမှ ကျွန်တော်က အဲဒါကို သူငယ်ချင်း ဂရပ်ဖစ်ဒီဇိုင်နာနဲ့ ပေါင်းပြီး ကွန်ပျူတာမှာ အချောပြန်သပ် ဖလင်ဖောက်။ ပြီးတော့ ရွှေဂုံတိုင်မှာ ဆေးဆိုးပန်းရိုက် လုပ်ခဲ့ကြတာပေါ့။ ဒါနဲ့ပဲ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းတဲ့ တီရှပ်လေးတစ်ထည် ကျောင်းသားဘ၀မှာ အမှတ်တရ ထုတ်ဖြစ်ခဲ့ပါတယ်။ အဲဒါကလည်း အဲဒီနှစ် တစ်နှစ်တည်း ထုတ်ဖြစ်ခဲ့တာပါ။ နောက်ပိုင်းတွေ ကျောင်းစာတွေ ဒီဇိုင်းပရောဂျက်တွေ ပိပြီး ယားလို့တောင် မကုတ်အားကြတော့ဘူးလေ။

နောက်ဆုံးနှစ်မှာ ပေပါတွေ အဖွဲ့လိုက် လုပ်ရတော့ သူမအဖွဲ့ထဲ ကျွန်တော် ပါသွားတယ်။ အဲဒီအဖွဲ့မှာ သူမက ရိုးလ်ဝမ်း၊ နောက်တစ်ယောက်က ရိုးလ်ဆစ်။ အဲဒီနှစ်မှာ ကျွန်တော့်အဆင့် ၂၁။ ၁ ရယ် ၆ ရယ် ပါတဲ့အဖွဲ့မှာ ကျွန်တော်က ၂၁။ နောက်ကို လှည့်ကြည့်လိုက်ရင် ၁၀ ယောက်လောက်တော့ ကျန်ပါသေးတယ်။ ၁ နဲ့ ၆ နဲ့ အတူတူ အဖွဲ့ဖွဲ့တော့ ၁ ယောက်လိုနေတယ်။ ကိုယ်စီအဖွဲ့တွေ ဖြစ်နေကြသလို ကျန်တဲ့လူတွေကလည်း ရိုးလ်ဝမ်း ရိုးလ်ဆစ်ဆိုပြီး နည်းနည်းရှိန်နေလို့ မပါရဲကြဘူး။ အဲဒီမှာ ကျွန်တော်က လူလိုနေရင် ငါပါမယ်လေ။ အတူလုပ်ကြတာပေါ့ဆိုပြီး သူတို့အဖွဲ့ထဲ ရောက်သွားပါလေရော။

စာတော်တဲ့သူတို့ရဲ့ ထုံးစံအတိုင်း အရာရာကို သူတို့လက် သူတို့ခြေ ဖြစ်ချင်ကြတယ်လေ။ ကျွန်တော်က လိုအပ်တာတွေ ၀ိုင်းလုပ်ပေးရတာပေါ့။ ပြာတာပေါ့ဗျာ။ လိုအပ်တဲ့ စာတွေ ရှာပေးရတယ်။ စာအုပ်ထုတ်ဖို့ ပြင်ဆင်ပေးရတယ်။ ကွန်ပျူတာမှာ စာစီစာရိုက် လုပ်ပေးရတယ်။ နည်းနည်းပါးပါး ဟိုဟိုဒီဒီ အကြံတွေပေး ဝေဖန်ရေးလည်း လုပ်ရတာပေါ့။ မဟုတ်ရင် ကိုယ်လုပ်တာ ဘာမှ ပါမဟုတ်တော့ဘူးလေ။ အဲဒီလိုနဲ့ပဲ စာတမ်း ပြီးသွားခဲ့တယ်။ နောက်ဆုံးနှစ်ပြီးလို့ အမှတ်တွေ ထွက်လာတော့ အဲဒီစာတမ်းကို အတူတူ လုပ်တာဖြစ်ပေမယ့် ထုံးစံအတိုင်း သူမတို့က အမှတ်ပိုများတာပေါ့။ ကျွန်တော်ကတော့ သူတို့ထက် နည်းပါတယ်။ ဒါပေမယ့် တခြားသူတွေထက်တော့ များမယ် ထင်တာပဲလေ။ ဆင်ဖြူတော် မှီခဲ့တဲ့ အကျိုးတွေပေါ့။ အဟ...

အခုချိန်မှာ သူမကတော့ ကျောင်းမှာပဲ ပါရဂူအတန်း တက်နေပါတယ်။ အင်ဒိုနီးရှားမှာလည်း စာတမ်းတွေ ဖတ်ခဲ့တာကို ဓါတ်ပုံတွေထဲမှာ တွေ့ခဲ့လိုက်သေးတယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။ ကျောင်းသားဘ၀ရဲ့ အမှတ်တရထဲမှာ သူမနဲ့ ပါတ်သတ်တာလေးတွေ သတိတရရှိမိလို့ ပြန်လည်အောက်မေ့ တမ်းတမိတာပါ။ သူမရဲ့ ကူညီမှုတွေကို အမှတ်တရ ရှိနေစဲပါပဲလေ။

Tuesday, January 13, 2009

Christ Church Melaka


မလက္ကာမြို့မှာ ဒတ်ခ်ျတွေ ဆောက်ခဲ့တဲ့ ဘုရားကျောင်းလေးပါ။ မလက္ကာမြို့ရဲ့ အလယ်ဗဟိုမှာ တည်ရှိပါတယ်။ အဲဒီနေရာတ၀ိုက်မှာ ဒတ်ခ်ျတွေရဲ့ အဆောက်အဦးတွေကို အများဆုံးတွေ့ရလို့ Dutch Square လို့လည်း ခေါ်ကြပါတယ်။ အဲဒီအနားတ၀ိုက်က အဆောက်အဦးတွေဟာ အနီရောင်ကို အများဆုံးသုံးထားလို့ Red Square လို့လည်း ခေါ်ကြပါသေးတယ်။

အခု ဘုရားကျောင်းဟာ နယ်သာလန်နိုင်ငံရဲ့ ပြင်ပမှာရှိတဲ့ သက်တမ်းအရှည်ဆုံး ဘုရားကျောင်းတစ်ခုပါပဲ။ ဘုရားကျောင်းရဲ့ ဗိသုကာပုံစံက ရိုးရိုးရှင်းရှင်း လေးထောင့်ပုံစံ တည်ဆောက်ထားပါတယ်။ မျက်နှာစာ ၄၂ ပေ ရှိပြီး အရှည်ကတော့ ၈၂ ပေရှိပါတယ်။ မြေပြင်ကနေ မျက်နှာကျက်အထိ အမြင့်က ပေ ၄၀ ရှိပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ တွေ့ရတဲ့ တခြားဒတ်ခ်ျဘုရားကျောင်းတွေလို ကနဦးမူလတုန်းက အဖြူရောင် သုတ်ထားပေမယ့် ၁၉၁၁ မှာ ဗြိတိသျှတို့က အနီရောင် ပြောင်းသုတ်ခဲ့ပါတယ်။ ဘာကြောင့် အနီရောင်ကို ပြောင်းသုတ်ခဲ့သလဲဆိုတာကို ပြောဆိုရှင်းပြနိုင်မယ့်သူ မရှိခဲ့ပါဘူး။

အောက်မှာ အင်္ဂလိပ်လိုရေးထားတဲ့ စာတွေကတော့ ဘုရားကျောင်းနားမှာ ထောင်ထားတဲ့ ဘုရားကျောင်းရဲ့ သမိုင်းကြောင်း အကျဉ်းချုပ် ဆိုင်းဘုတ်ထဲက စာတွေပါ။
Built by the Dutch in 1753 to commemorate the centenary of their occupation of Malacca, this church took 12 years to complete. No expense was spared in the building it - from the wooden ceiling beams, each cut from a single tree, to the elaborately hand-carved pews and frieze of "The Last Supper". When the British took over the church in 1795, they put a few additions, most notably the weathercock atop the bell tower. Originally a Dutch Reform Church, it was later consecrated as an Anglian Church.

မှတ်ချက်။ အစကတော့ ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးပဲ တင်မလို့ပါ။ ပြီးတော့ ဘုရားကျောင်း သမိုင်းအကျဉ်းချုပ် စာနည်းနည်းလေး ဖြည့်လိုက်မိတယ်။ နောက်တော့ မထူးပါဘူးဆိုပြီး သိထားသမျှလေး ရေးထည့်လိုက်တာ စာလည်း ရှည်သွားတယ်။ ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်လေ။

Monday, January 12, 2009

MBAA 2008 Winners


၂၀၀၈ အတွက် ဘလော့ဂ်အကယ်ဒမီပေးပွဲကြီးတော့ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ ဒီနေ့မှာ ကဏ္ဍအလိုက် ဆုရတဲ့ ဘလော့ဂ်စာရင်းကို mmblogpress.com မှာ ကြေညာထားတာ တွေ့ရပါတယ်။ အထွေထွေဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ မနိုင်းနိုင်းစနေက ၂၀၀၈ခုရဲ့ အကယ်ဒမီကို ဆွတ်ခူးသွားပါတယ်။ ဒုတိယနေရာမှာ ချစ်တဲ့မနောမြေ၊ တတိယနေရာမှာ မမိုးချိုသင်းတို့ပေါ့။ Congratulations ပါ ခင်ဗျာ။

ကျွန်တော့်ဘလော့ဂ်ကတော့ အထွေထွေရဲ့ နံပါတ် ၅ နေရာမှာ တိုးလို့တွဲလောင်းလေး ချိတ်နေပါတယ်။ ကျွန်တော့်ဘလော့ဂ်ကို ဆုရပါစေဆိုတဲ့ ဆန္ဒတစ်စုံတစ်ရာ မရှိခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမယ့် အခုလို ရွေးကောက်ခံ စာရင်းထဲမှာ ပါသွားတော့လည်း ပါသွားတယ်လို့ပဲ မှတ်လိုက်ပါတယ်။ မထင်မရှား သာမည ဘလော့ဂ်လေးကို အခုပွဲစီစဉ်တဲ့သူတွေက သိနေတယ်ဆိုတော့ ၀မ်းသာမိပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။

အစပိုင်းတွေမှာ ကျွန်တော့်ဘလော့ဂ် မဲရတာ သိပ်မတွေ့ရပါဘူး။ ၁၀မဲ ကျော်ကျော်ပဲ ရှိပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီး တစ်ပတ်လောက် အလိုမှာ မဲတွေ အတော်များလာတာ တွေ့ရှိခဲ့ရပါတယ်။ ဘယ်သူတွေက ဘယ်လို ပေးနေမှန်းတော့ မသိပါဘူး။ ၄၀ နားရောက်နေတာ တွေ့လိုက်ရတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ညမှာတော့ ၄၆ မဲအထိ ရောက်နေတာ တွေ့လိုက်ရတယ်။ အဲဒီနောက်ပိုင်းမှာ မလေးရှား၊ မလက္ကာကို ခရီးသွားနေတာနဲ့ မဲစာရင်းတွေ မကြည့်ဖြစ်တော့ဘူး။ ဒီနေ့မှာမှ မခင်မင်းဇော် လာပြောပြလို့ နောက်ဆုံးပိတ် မဲစာရင်းရလဒ်ကို သိလိုက်ရတာပါ။

အခုပို့စ်မှာ ပြောချင်တာကတော့ ကျွန်တော့်ဘလော့ဂ်ကို ရွေးချယ်မဲပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါကြောင်း အမှတ်တရ ပြောကြားလိုပါတယ်။ ဘာရယ်တော့ မဟုတ်ဘူး။ ကျွန်တော် ရေးချင်သလို ရေးနေတဲ့ ဘလော့ဂ်ကို တခုတ်တရ တကူးတက မဲပေးခဲ့တဲ့အတွက်ပါ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Sunday, January 11, 2009

Poem for Bogyoke


ဇာနည်ဖွား

အမိမြေမှ သန့်စင်ကြရာ
သူကထူးခြား ဇာနည်ဖွါး၏။

သူငယ်ဘာဝ ဆော့မြူးကြလျှင်
သူကငေးကာ တနေရာမှ
မျက်လွှာမယှက်၊ အတွေးနက်၏။

ကျောင်းသားတကာ ဖွေရှာသိပ္ပ
အရွယ်စက ခေါ်တုန်ကြလည်း
သူကသတ္တိ ရဲရဲငြိလျက်
အမိမြန်မာ ရတနာသား
ဇာနည်ဖွားဟု ထင်ရှားပီပီ
ရှေ့သို့ချီ၏။

သြော်...ဇာနည်သတ္တိ တိုင်းမရှိ၍
သူ၏မေတ္တာ အထုမှာလည်း
နှိုင်းရာမရ ကြီးမားစွာကို
ကြုံရဘေးရန် အတန်တန်၌
နောက်ပြန်မတွန့် ရဲရဲဝင့်သည်
သက်စွန့်ခန္ဓာ ကြွေသည့်တိုင်။

နုယဉ်

ကျွန်တော့်အိမ်က အဖျော်ဆရာမလေး မေသူက နှစ်သက်မိသောကဗျာလေး ရေးပေးပါဆိုပြီး Tag ထားတာ ကြာလှပါပြီ။ အကြွေးက နှစ်တောင် ကူးသွားပြီ။ တကယ်ဆို ကျွန်တော်က ကဗျာတွေနဲ့ သိပ်ပြီး အကျွမ်းတ၀င် မရှိလှပါဘူး။ ကျောင်းသင်ခန်းစာမှာပါတဲ့ ကဗျာလောက်ပဲ ဖတ်ဖြစ်ခဲ့တယ်။ ကဗျာဖတ်ရတာထက် စကားပြေ ဖတ်ရတာကို ပိုပြီး နှစ်ခြိုက်ပျော်ဝင်မိခဲ့တယ်။ ဒါပေမယ့် ခင်မင်မှုကို လေးစားတဲ့အနေနဲ့ ကျွန်တော် ဒီစာကို ရေးဖြစ်အောင် ရေးမယ်လို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော် ကဗျာတွေ ပြန်ဖတ်ရတော့တာပေါ့။

တော်လှန်ရေးအစိုးရခေတ်၊ ယဉ်ကျေးမှုဌာန ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ထိန်းသိမ်းရေးကော်မတီက ၁၉၆၄ ခုနှစ် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကဗျာများ ဆိုတဲ့ စာအုပ်လေးက လက်ထဲမှာ ရောက်နေတာ ကြာလှပါပြီ။ ဒါပေမယ့် အထူးတလည် သေချာမဖတ်ဖြစ်ခဲ့ဘူး။ အဲဒီစာအုပ်ထဲမှာ စုစုပေါင်းကဗျာ ၁၀ ပုဒ်ပါပါတယ်။ သခင်ကိုယ်တော်မှိုင်း၊ ဟံသာဝတီဦးဘရင်ကအစ ဇော်ဂျီ၊ မင်းသုဝဏ်၊ နုယဉ်အလည်၊ ဘုတလင် ချစ်လေးအဆုံး ကဗျာဆရာ အစုံအလင် ပါဝင်ရေးသားခဲ့ပါတယ်။

အားလုံးထဲမှာ ဆရာမကြီးနုယဉ်ရေးတဲ့ ဇာနည်ဖွား ကဗျာလေးကို သဘောကျမိပါတယ်။ စကားပြေ ပြန်စရာ မလိုလောက်အောင် ကဗျာလေးက အနက်အဓိပ္ပါယ် ကျစ်လစ်ခိုင်မာ ထိမိရှင်းလင်းလှပါတယ်။ ဒါကြောင့် ကျွန်တော်ရဲ့ နှစ်သက်မိသောကဗျာလေးအဖြစ် ရွေးချယ်ဖော်ပြလိုက်ပါရစေဗျာ။

အစဉ်အလာအရ လက်ဆင့်ကမ်းရမယ်ဆိုရင်...
တူးတူးသာ
ကေသွယ်
နှင်းဆီနီ

Thursday, January 8, 2009

Topsy turvy cartoon


မင်းဘက်က ကြည့်ရင်တော့ ဒါဟာ စိတ်ညစ်စရာ ပန်းချီကားတစ်ချပ်ပါ။
ငှက်ကြီးက ကောင်မလေးတစ်ယောက်ကို ကိုက်ချီလာတယ်ပေါ့။
ကောင်မလေးက သနားစရာကောင်းလိုက်တာနော်။

ကိုယ့်ဘက်ကကြည့်တော့ ဒါဟာ ကြည်နူးစရာ ပန်းချီကားလေးတစ်ချပ်ပါ။
သစ်ပင်နှစ်ပင်ရှိတဲ့ ကျွန်းကလေးနားမှာ အဖိုးအိုတစ်ယောက်က လှေနီကလေးအပေါ်မှာပေါ့။
ငါးအကြီးကြီးတစ်ကောင်တောင် လှေနီကလေးနားမှာ ရှိနေသေးတယ်နော်။

တကယ်ဆို... မင်း ကြည့်ခဲ့တဲ့ ထောင့်ပေါ်မှာ မူတည်ပြီး
အချစ်တွေဟာ အမုန်းတွေဖြစ်ခဲ့ရတာပေါ့ကွာ။

Wednesday, January 7, 2009

The Death

တားရော့ကဒ်မှာဆို နံပါတ် ၁၃ ကဒ်ပေါ့။ သေခြင်းတရားလို့ပဲ ခေါ်ရမလားပဲ။ သံချပ်ကာဝတ်စုံဝတ်ထားတဲ့ အရိုးစုကြီးက လက်ထဲမှာ အနက်ရောင်အောက်ခံ အဖြူရောင် ပန်းပွင့်ပုံပါတဲ့ အလံကြီးကို ကိုင်ပြီး မြင်းဖြူကြီး စီးနေတဲ့ပုံပေါ့။ လူတွေက အဲဒီကဒ်ကျရင် မကောင်းဘူးလို့ပဲ ယေဘုယျ မြင်ကြတယ်။ သေဆုံးမှုဆိုတာ ကြေကွဲရတယ်။ ဆုံးရှုံးရတယ်ပေါ့။ တကယ့်တမ်းတော့ ကောင်းတာတွေလည်း ပါနေပါတယ်။ အသစ်တဖန် ပြန်လည်စတင်ဖို့ သေဆုံးပေးရတယ်။ ဘ၀ဟောင်းကို စွန့်ခွာပေးရတယ်။ ဒါတွေကိုတော့ တားရော့ကဒ် ပညာရှင်တွေ ပိုသိကြမှာပါ။

သေခြင်းတရားဆိုတာ လက်တစ်ကမ်းအလိုမှာ အမြဲရှိနေပါတယ်။ နေ့စဉ် နေ့စဉ် တဖုတ်ဖုတ် ကြွေလွင့်နေတဲ့ အသက်ဝိဥာည်တွေ မရေတွက်နိုင်လောက်အောင် မနည်းမနှောပါပဲ။ သတိမထားမိလို့ မသိသာသေးတာပါ။ ဒါမှမဟုတ် မသိချင်ယောင်ဆောင် မေ့ထားကြတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ နေ့ကို ညစား ညကို နေ့စား... ကြွက်ဖြူ ကြွက်မည်း ၂ ကောင် ကြားမှာ ဘ၀ကြီးက သာယာနေတယ်လို့ ထင်နေကြပုံပဲ။ သားရေးသမီးရေး မိသားစုအရေးတွေနဲ့ သံယောဇဉ်နှောင်ကြိုးတွေကြားက လွတ်အောင် မရုန်းထွက်နိုင်ခဲ့ကြပါဘူး။

၀၈၀၈၀၈ တုန်းက အမေဘက်က ကျွန်တော့် ဦးလေးကြီးတစ်ယောက် ဆုံးပါးသွားခဲ့တယ်။ လူလတ်ပိုင်းအရွယ် ရောက်နေချိန်... ကျွန်တော့်အတွက် အမျိုးအရင်းကြီးထဲက ပထမဦးဆုံး ဆုံးပါးမှုတစ်ခုပေါ့။ မလိမ်မညာတမ်း ပြောရရင် မတုန်လှုပ်မိပါဘူး။ လူဆိုတာ သေမျိုးကြီးပါပဲ။ ဒါပေမယ့် သူ့မိသားစုအတွက် ကိုယ်ချင်းစာပါတယ်။ ရှိနေတယ်ဆိုတဲ့ လူသားတစ်ယောက် လောကကြီးမှာ မရှိတော့ဘူးလို့ သိလိုက်ရတာမျိုးပေါ့။

ဒီနေ့ မနက် ၇ နာရီကျော်မှာလည်း အဖေ့ဘက်က ကျွန်တော့် ဘလေးတစ်ယောက် ဆုံးပါးသွားခဲ့ပါတယ်။ ဘလေးဆိုတာ ဘကြီး မဟုတ်ဘူးပေါ့။ ဘလေးအပေါ်မှာ ဘကြီးတစ်ယောက် ရှိသေးတယ်။ သင်္ဃန်းကျွန်း စံပြဆေးရုံမှာ ဆုံးသွားခဲ့တယ်ဆိုပဲ။ ရုတ်တရက်ကြီး Heart Attack ရပြီး ကွယ်လွန်သွားတာဆိုပြီး ညနေပိုင်းမှာ ညီတစ်ယောက်က ဂျီတော့ခ်ကနေ လှမ်းပြောပြလို့ သိလိုက်ရတယ်။ ထုံးစံအတိုင်း ကျွန်တော့်အဖြေက..... သြော် ဟုတ်လားပေါ့။

သူက အဖေ့ဘက်က မိသားစုထဲမှာ ပညာအတော်ဆုံးလို့ ပြောလို့ရတယ်။ နောက်ပြီး အဆိုးဆုံးလို့လည်း ခေါ်နိုင်တယ်။ အင်္ဂလိပ်စာ အတော်ကောင်းတယ်။ အိမ်မှာ အင်္ဂလိပ်စာအုပ်တွေ မဂ္ဂဇင်းတွေ ဖတ်တာဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်။ ဘားလမ်းမှာ ရှေ့နေ့ရုံးခန်းတွေ ဖွင့်ဖြစ်သေးတယ်။ နောက်ပိုင်း ရှေ့နေ့အလုပ် ဆက်မလုပ်ဖြစ်ဘူး။ ဘာကြောင့်လဲဆိုတာတော့ ကလေးပီပီ မသိခဲ့ဘူး။ ဆိုးတာကတော့ အရက်သောက်တယ်။ မူးရင် ရမ်းတယ်။ ဒေါသကြီးတယ်။ လက်သံပြောင်တယ်။ အဖိုးမသေခင်ကတည်းက သဘောမတူတဲ့ မိန်းမကို ခိုးပြေးလို့ မိသားစုနဲ့ ဝေးရာမှာ နေခဲ့ရတယ်။ အခု သေတဲ့ အချိန်ထိပေါ့။

သူ့မှာ ခလေး ၂ ယောက် ကျန်ခဲ့တယ်။ မိန်းခလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက်ပေါ့။ သမီးက ၂၀၀၈ကမှ ဆယ်တန်းအောင်ထားတာ။ ဂုဏ်ထူးတွေ ပါပေမယ့် ဆေးကျောင်းတော့ မ၀င်လောက်ဘူးလို့ ကြားမိတယ်။ သားကတော့ ဒီနှစ် ဆယ်တန်းဖြေမယ် ထင်တယ်။ သူတို့နဲ့ အနေမနီးတော့ သိပ်မသိဘူး။ ဘာပဲဖြစ်ဖြစ်... ကလေးတွေအတွက်တော့ စိတ်မကောင်းပါဘူး။ အဖေမရှိတော့ဘူးဆိုတာ သူတို့ဘ၀မှာ ကွက်လပ်ကြီး တစ်ခုပဲလေ။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တစ်ခု ဖြစ်စေနိုင်ပါတယ်။ ကျန်ခဲ့တဲ့ အမေက ထိန်းကျောင်းယူရမှာပေါ့။ သွားလေသူအတွက် အထွေအထူး မခံစားရပေမယ့် ကျန်ရစ်သူတွေအတွက်တော့ ရင်လေးမိပါတယ်။ ရှေ့ဘ၀ခရီးကို ရင်ဆိုင်ရမှာ သူတို့တွေလေ...

Monday, January 5, 2009

Moonless City


တစ်ခါတလေ စိတ်ကူးတည့်ရာ တွေးမိတယ်...
ဒီက လျှပ်စစ်မီးတွေကို မြန်မာပြည် ရွှေ့ပေးလိုက်ချင်တာ။
အခုချိန်ဆို မြန်မာပြည်မှာ မီးတွေမှောင်နေပြီလေ။

မြန်မာပြည်က ထိန်ထိန်သာတဲ့ လမင်းကြီးကိုတော့ လွမ်းမိသားဗျာ။

Sunday, January 4, 2009

Independence Day



၁၉၄၈ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်...

Credit: The Voice Journal

Saturday, January 3, 2009

Photography is hard work

သူငယ်ချင်းနှစ်ယောက် တစ်ရက်တည်းမှာ ပို့ပေးလိုက်တဲ့ အီးမေးလ်ထဲက ဓါတ်ပုံလေးတွေပါ။ အဲဒီတုန်းက Nikon D90 ၀ယ်ဖို့ ကြံစည် အားထုတ်နေတဲ့အချိန်ပေါ့။ ဒင်းတို့က ကင်မရာဝယ်ဖို့ တိုက်တွန်းတာလား ကြောက်သွားအောင်ပဲ ခြောက်တာလား သူတို့ပဲ သိနိုင်မှာပါ။ ဓါတ်ပုံတွေ ကြည့်ပြီး နည်းနည်းတောင် တွန့်သွားတယ်။ ဒီလို ပြောင်းရှည်ကြီးတွေသာ ၀ယ်စုရရင် မွဲရချည်ရဲ့ပေါ့ဗျာ။

အခုဒီပို့စ်မှာ ကြိုက်နှစ်သက်မိတဲ့ ပုံအချို့ကို ပြန်လည်ဝေမျှတာပါ။ ကြည့်ဖူး မြင်ဖူးတဲ့ သူတွေ ရှိနိုင်သလို မမြင်ဖူး မကြည့်ဖူးသေးတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ မူရင်းပိုင်ရှင် ဘယ်သူမှန်း ကျွန်တော် မသိပါ။ အဲဒီလိုပဲ ကျွန်တော် မသိတဲ့ Blog တစ်ချို့မှာ အဲဒီလိုပုံတွေ တင်ထားလည်း ရှိနိုင်ပါတယ်။ အဲဒီ Blog ပိုင်ရှင်တွေကို တစ်လက်စတည်း ပြောချင်တာက... ကျွန်တော် ခိုးချကူးယူတာ မဟုတ်ပါကြောင်းပါ။ ပုံနေရာချထားမှု အထားအသိုက အစ အကုန်ထပ်တူညီနေခဲ့ရင် မတော်တဆ တိုက်ဆိုင်မှု ရှိသွားတယ်လို့ပဲ မှတ်ယူပေးကြပါ။









Credit to: Original owners of these photos.

Friday, January 2, 2009

Fariy Tale (Tong Hua)


Forgot how long it's been

since I last heard you
telling me 'bout your favorite story
thought for a long time,
began to worry.
Is it me who did something wrong?

You cried and said to me
that fairy tales are all just lies.
I couldn't be your fairytale prince.
but you don't understand
since you gave me your hands
stars in my sky began to shine.

I'm willing to change into
The angel in those fairy tales
Just turn my arms into wings and hold you near.
You must believe, believe that we will be like a fairytale,
ending with happiness and love.

You cried and said to me
that fairy tales are all just lies.
I couldn't be your fairytale prince.
but you don't understand
since you gave me your hands
stars in my sky began to shine.

I want to be your fantasy
The angel that you used to love.
Just turn my arms into wings and hold you near.
You must believe, believe that we will be like a fairytale,
ending with happiness and love.

I wish to be your fantasy.
The angel that you used to love.
Just turn my arms into wings and hold you near.
You must believe, believe that we will be like a fairytale,
ending with happiness and love.

I want to be your fantasy.
The angel that you used to love.
Just turn my arms into wings and hold you near.
You must believe, believe that we will be like a fairytale,
ending with happiness and love.

Ending with happiness and love.

YDC Camp ထဲမှာ အဲဒီသီချင်းကို အဖွဲ့လိုက်ဆိုကြတော့ အခုတလော ဒီသီချင်းလေးပဲ ပါးစပ်ဖျားမှာ ဟီးလေးခိုနေပါတယ်။ အစကတော့ မြန်မာလို ဆိုထားတာပဲ နားထောင်ဖူးတယ်။ အာဇာနည် ပြန်ဆိုထားတဲ့ သီချင်းလေးပါပဲ။ ခေါင်းစဉ်က ကိုယ့်အနားရှိစေချင် ဆိုပဲ။ အခုနောက်ပိုင်းမှာတော့ တရုတ်လို ဆိုထားတာ ကြားဖူးလာတယ်။ ဒါပေမယ့် စာသားအဓိပ္ပါယ်ကို မသိတော့ သံစဉ်ကိုပဲ ခံစားရတာပေါ့။ အခုတော့ သီချင်းရဲ့ အဓိပ္ပါယ်ကို နားလည်လာတော့ ခံစားချက်တွေနဲ့ တိုက်ဆိုင်နေတယ်။ ရင်ကို ထိရှတယ်ပေါ့ဗျာ။

မူရင်း အဆိုတော်ကတော့ Michael Wong ပါ။ တရုတ်လို အမည်ကတော့ Guang Liang ပါ။ မလေးရှားဇာတိ တရုတ်တစ်ယောက်ပေါ့။ အဲဒီသီချင်းလေးက ၂၀၀၅ ဇန်န၀ါရီမှာ စတင်ဖြန့်ချီခဲ့တဲ့ Fairy Tale Albumထဲက ခေါင်းစီးတေးလေးပါ။ သူကိုယ်တိုင် ရေးစပ်ခဲ့တဲ့ သီချင်းပေါ့။ အဲဒီ အခွေထွက်ဖို့ သူ ၂ နှစ်လောက် ကြိုးစားခဲ့ပါတယ်။ သူ့ကြိုးစားမှုတွေက အောင်မြင်တယ်လို့ ပြောရမှာပါ။ အခုတော့ ဒီသီချင်းက ကမ္ဘာကျော်နေပါပြီ။ သူဟာ အဲဒီသီချင်းကြောင့်ပဲ တရုတ်သီချင်းလောကမှာ သီချင်းဆုကို ဆွတ်ခူးခဲ့တဲ့
ပထမဦးဆုံးသော မလေးရှားလူမျိုး ဖြစ်ခဲ့ပါတယ်။ ၂၀၀၅ ဒီဇင်ဘာမှာ ကျင်းပတဲ့ The Hong Kong TVB8 Golden Music Awards မှာ ဆု ၄ ခု (Best Composition, Best Composer/Artist, Top Ten Songs of the Year, and Best of the Year's Top 10 Songs) ချိတ်ခဲ့ပါတယ်။

English Version ကို ဆိုထားတဲ့အထဲမှာ Youtubeက အဲဒီတစ်ယောက်ဆိုထားတာ မဆိုးဘူးခင်ဗျ။ တရုတ်လိုပဲ
မူရင်းသီချင်းကို နားထောင်ချင်တယ်ဆိုရင်တော့ ဒီမှာ သွားကြည့်ပါ။ တရုတ်အသံထွက်ကို အင်္ဂလိပ်လို ရေးပေးထားတော့ လိုက်ဆိုရတာ အဆင်ပြေတာပေါ့။ ကြိုသတိပေးထားမယ်နော်။ အသည်းနုပြီး မျက်ရည်လွယ်သူများ လက်ကိုင်ပုဝါ ဆောင်ထားကြပါ။ ဟဲဟဲ...

တကယ်တော့ ကျွန်တော်ဟာ ပုံပြင်ထဲက မင်းသားလေးတစ်ပါး မဟုတ်ခဲ့ပါ။
Wo bu ke neng... shi ni de Wang zi!

Thursday, January 1, 2009

New Year Wish 2009



When you're lonely, I wish you Love!
When you're down, I wish you Joy!
When you're troubled, I wish you Peace!
When things seem empty, I wish you Hope!
Have a Happy New Year!