.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, February 19, 2009

My wild flower

မောင့်အရိုင်းပန်း

ညှာတာမှု ကင်းမဲ့လှစွာ လေပွေသရမ်းတွေ
အမှတ်မထင်ပဲ တိုက်ခတ်ရက်စက်လာ
နုနယ်တဲ့ မောင့်အရိုင်းပန်း
အသိမကြွယ်တဲ့ မောင့်တစ်ပွင့်ပန်း

အညှာမခိုင်သေးတော့ မဖွံ့ဖြိုးခင်
ကြွေကာကျရရှာပြီ။

စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ
အလစ်ကိုချောင်း တစ်ဘက်သား တစ်ချက်အငိုက်ကို

အပြစ်အနာမဲ့ မောင့်အရိုင်းပန်း

သန့်စင်တဲ့ မောင့်တစ်ပွင့်ပန်း

အနီရောင် စွန်းထင်းကာ
အလှမပြည့်ခင် မြေမှာခ ရရှာပြီ။

ကြည်လင်ကာ ပြန့်ပျူးတဲ့ ရေအပြင်ဟာ
ဝဲဂယက်ထန် လှုပ်ရှားသွားရပြီပေါ့
သာယာကာ အေးချမ်းတဲ့အခြေအနေတွေ

ရုတ်တရက်ကွယ် လွင့်ပါးသွားပြီပ
မောင့်အရိုင်းပန်း မောင့်အသည်းပန်း
ကံဇာတာ ခေချိန်လား
ဝဋ်ကြွေးတွေ မကုန်လို့လား
ရေတိမ်မှာ နစ်မွန်းရတာ။

သန်းခေါင်ယံည လမိုက်ခိုက်တောင်
မမှီနိုင်ဘူး ထင်
စိတ်ဆင်ရိုင်း လောကသားရဲ့အမှောင်

မေတ္တာတရား ခေါင်းပါးလို့နေ
ကရုဏာမဲ့ သွေးသားအလိုအတွက်
ပင်ကိုယ်အားနွဲ့သူ အရှုံးနဲ့သာ
ခန္ဓာကိုယ် စတေးရရှာတယ်
သေတမန် ပြောင်းဝကို အရိုင်းပန်းနှယ်
မလွန်ဆန်နိုင် ဆက်သရုံပဲ။

ကြည်လင်ကာ ပြန့်ပျူးတဲ့ ရေအပြင်ဟာ
ဝဲဂယက်ထံ လှုပ်ရှားသွားရပြီပေါ့
သာယာကာ အေးချမ်းတဲ့အခြေအနေတွေ

ရုတ်တရက်ကွယ် လွင့်ပါးသွားပြီပ
မောင့်အရိုင်းပန်း မောင့်အသည်းပန်း
ကံဇာတာ ခေချိန်လား
ဝဋ်ကြွေးတွေ မကုန်လို့လား
ရေတိမ်မှာ နစ်မွန်းရတာ။

တေးရေးကတော့ ဆရာစိုင်းခမ်းလိတ်ပဲ ထင်ပါတယ်။ တေးဆိုကတော့ ကိုထီးလို့ခေါ်တဲ့ စိုင်းထီးဆိုင်ပါပဲ။ အဲဒီခေတ်အခါက ဒီသီချင်း ဆင်ဆာလွတ်ခဲ့တာ အံ့သြမိပါတယ်။ ဒီခေတ်မှာတော့ ဒီလိုသီချင်းတွေ ဆင်ဆာ လွတ်မယ် မထင်ပါဘူး။ သီချင်းမှာပါတဲ့ စာသားတွေက သိသာလွန်းလှပါတယ်။ အခုတလော သတင်းမွှေးနေတဲ့ သီချင်းအချို့ကို ရေးစပ်နေတဲ့သူတွေ ဒီသီချင်းကို အတုယူသင့်တယ်လို့ ရိုးရိုးသားသား မြင်မိပါတယ်။ အကျည်းတန် ညစ်ညမ်းတဲ့ ဖြစ်ရပ်ဆိုးတစ်ခုကို စကားလုံး လှလှလေးတွေနဲ့ နားခံသာအောင် ဖွဲ့ဆိုထားတဲ့ အနုပညာရဲ့ အရည်အသွေးကို ကျွန်တော် တန်ဖိုးထား လေးစားမိတာ အမှန်ပါပဲ။

အဲဒီသီချင်းကို ခံစားကြည့်မိတော့ သီချင်းက အခုခေတ် မဟုတ်တဲ့ ဟိုးအရင်ခေတ်က ရှမ်းပြည်ကိုများ နောက်ခံထားလေမလားပဲ။ အခုခေတ်မှာရော အကျုံးဝင်နေသေးလား။ ရေတိမ်နစ်ရသူက ဖြူစင်ရိုးသားတဲ့ တိုင်းရင်းသူလေးပဲ ဖြစ်မယ်ထင်တယ်။ သေတမန် ပြောင်းဝဆိုတာကြီးက ကြောက်စရာကြီး။ တွတ်ပီကိုင်တဲ့ သေနတ်လို နှစ်လုံးပြူးသေနတ်တော့ မဟုတ်လောက်ဘူး။ စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေဆိုတာလည်း ဘယ်သူတွေကို ပြောချင်တာလဲ မသိဘူးဗျာ။ တောထဲမှာ နေတဲ့သူတွေကိုတော့ အရိုင်းအစိုင်းလို့သုံးထားတာ မြင်ဖူးဖတ်ဖူးမိတာပဲ။ အဲဒါကလည်း ပကတိ ရိုးသားဖြူစင်မှုကို အရိုင်းဆန်တယ်လို့ ပြောထားပုံပါပဲ။ ဒီအဖြေကို သိနေလည်း မဖြေတာပဲ ကောင်းပါတယ်လေ။

12 comments:

kagyikhakway said...

ဒီတပုဒ်တည်းမဟုတ်ပါ။ ဆရာ စိုင်းခမ်းလိပ် ရေးပြီး စိုင်းထီးဆိုင် သီဆိုသောသီချင်းအချို့တွင် အဓိပ္ပါယ်များ မြောက်များစွာ ပါဝင်နေပါတယ်။ ရှာကြည့်ပါလေ...။ ဥပမာ။ ။မေမြို့မိုး၊ ဘီးနံပါတ်၊OK 0 12 2 L....

Welcome said...

ရေးချမဖြစ်နိုင်တဲ့
အဖြစ်မှန်တွေကို
သီချင်းတွေအဖြစ်နဲ့ ဖန်တီးခဲ့တဲ့
တေးပြုသူနဲ့ သီဆိုသူတွေကို
လေးစားလျက်ပါ။

Anonymous said...

စိုင်းထီးဆိုင် သီချင်းတွေ အကုန်နီးပါးကြိုက်တယ်ဗျ စာသားတွေက အဓိပ္ပာယ်ရှိသလို စာသားတွေလဲ အရမ်းပြောင်
မြောက်တယ်ဗျ။ နားလည်လွယ်သလို လူ့သဘာ
ဝ၊လူ့အဖြစ်အပျက်တွေနဲ့ နီးစပ်တော့ အရွယ်စုံ
ကြိုက်ကြတယ်ဗျ။

ကလူသစ် said...

အရည်အသွေးမပြည့်၊ အရည်အချင်းမမှီတဲ့သူတွေကတော့ ဒီလို ဘယ်ရေးတတ်ပါ့မလဲဗျာ။ ရှင်းနေတာပဲ။

emayarKhin said...

သီချင်းလေးရဲ့အဓိပ္ပါယ်ကိုခံစားသွားတယ်......

စိုင်းစိုင်းလားရှိုး said...

လူ့သဘော သဘာဝကို အနုပညာ မြောက်တဲ့ စကားလုံးတွေနဲ့ ယဉ်ကျေးသိမ့်မွေ့စွာ၊ လေးနက်ထိလွယ်စွာ၊ ရေးခဲ့ မှတ်တမ်းတင်ခဲ့တဲ့၊ သဘာဝ တေးရေးဆရာ ဆရာကြီး ဒေါတ်တာစိုင်းခမ်းလိတ်ဟာ အနုပညာမှော်ဝင်ပူးတဲ့ ရှာမှရှားတဲ့ ပုဂ္ဂိုလ်ကြီးပါ။ ကျွန်တော် အရမ်းလေးစားပါတယ်။

strike said...

စု: ကိုဂျူလိုင်ကြီး ဘာတွေဖစ်နေတာလဲဟင်. ဒီသီချင်းတင်တယ်ဆိုတော့ ကိုယ့်ကိုယ်ကို အရိုင်းပန်းလေးနဲ့များ တင်စားပြိး တင်တာများလား... (ခေါင်းကုတ်ကာ စဉ်းစားနေသည်..)

ဟုတ်သလားဗျို့.....

ကလူသစ် said...

သီချင်းနဲ့ဆိုင်၊ မဆိုင်တော့ မသိဘူး။ သေချာသလောက်ရှိတာကတော့ ကိုဂျူလိုင် အသဲကွဲနေပါကြောင်း :)

strike said...

JD တစ်ယောက် ၀ဋ်ကြွေးတွေ မကုန်လို့၊ခန္ဓာကိုယ် စတေးရပြီး၊ရေတိမ်မှာ နစ်မွန်းရတာကိုး ဘောပေါက်ပြီ၊
ဘောပေါက်ပြီ။
ပေးချင်တယ့် Point ကိုတော်တ်ာနဲ့မရတာဆောရီးပါဗျို့။

JulyDream said...

ဒီသီချင်းလေး တစ်ပုဒ်တင် မဟုတ်ပါဘူး။ ဆရာလိတ်ရဲ့ သီချင်းအများစုမှာ အနက်အမျိုးမျိုး ပြန်လို့ရတဲ့ အဓိပ္ပါယ်တွေ ပါနေတာကို သတိထားမိပါတယ်။ ပေါ်တင်ရေးလို့ မကောင်းတာတွေကို သွယ်ဝိုက်ပြီး သီကုံးသွားပုံက ပညာသား ပါလှပါတယ်။ ခေတ်စနစ်ရဲ့ ဖြစ်ရပ်မှန်တွေကို သီချင်းတွေကနေ တဆင့် ဖော်ထုတ်ပြသနိုင်တယ်လို့ မြင်မိပါတယ်။

Unknown said...

ဟုတ်တယ်ဗျာ။ ရင့်ရင့်သီးသီး ရိုင်းရိုင်းစိုင်းစိုင်း ရေးမှဆိုမှပြောမှ လွတ်လပ်တာ၊ လူငယ်ပီသတာဆိုတဲ့ မဟုတ်တဲ့အယူအဆတွေ လူငယ်တွေကြား စိမ့်ဝင်သွားမှာ စိုးရိမ်မိတယ်။ အခုက ယဉ်ကျေးသိမ်မွေ့တာနဲ့ အယောင်ဆောင်ကလိန်ခြုံတာကို ရောချချင်နေကြတာ။ လွတ်လပ်ပွင့်လင်းတာနဲ့ ရိုင်းစိုင်းရုန့်ရင်းတာကို ရောချချင်နေကြတာ။ ယဉ်ကျေးမှုနဲ့ အနုပညာကို စော်ကားနေသလိုပဲ။ ဒါနဲ့ စကားမစပ်ဗျာ ဆရာစိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင်ဆိုခဲ့တဲ့ "မိုးလင်းမယ့်ည" သီချင်းလေး နားထောင်ကြည့်ပါဦး။ :P

Unknown said...

Ok သဘောတူညီမှု 0 မရရှိခဲ့တာ 12 ရက် 2 လ L Law