.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, February 13, 2009

Some speech of Bogyoke

ဒီနေ့က... ဖေဖေါ်ဝါရီ ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ ဆိုတဲ့ အောင်ဆန်းဇာနည် ကဗျာလေးထဲကအတိုင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပါ။ မြန်မာ့သမိုင်းမှာ ဘယ်တော့မှ မပျောက်ကွယ်သွားနိုင်တဲ့ အာဇာနည် သူရဲကောင်းကြီး တစ်ယောက်ရဲ့ မွေးနေ့ကို မသိတဲ့သူတွေ အများသားပဲ။ ဘာမှ မဟုတ်တဲ့ ချစ်သူများနေ့ကို လွန့်လွန့်လူးဖြစ် အလေးထားနေကြတာကို ကြည့်မရတာတော့ အမှန်ပဲဗျာ။ အဲဒီလိုပြောလို့ မကျေနပ်လည်း မတတ်နိုင်ဘူးလေ။ ကိုယ်က ကြည့်မရလို့ ကြည့်မရဘူး ပြောတာပါ။ ဘယ်သူဘယ်ဝှါကို ထိခိုက်ပါစေဆိုတဲ့ စိတ်ကြီး လုံးဝမပါတာ အမှန်ပဲ။

ဗိုလ်ချုပ်ရဲ့မွေးနေ့ကို မြန်မာကလေးများနေ့လို့ သတ်မှတ်ပေးထားခဲ့ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အဲဒီနေ့ အထိမ်းအမှတ် ထုတ်ဝေခဲ့တဲ့ တံဆိပ်ခေါင်းလေး လက်ထဲမှာ ရှိလို့သာ မြန်မာကလေးများနေ့ဆိုတာ သိနေတာပါ။ နောက်ပိုင်းတော့ ဒါမျိုးတွေ တံဆိပ်ခေါင်း ထပ်ထုတ်တာ မတွေ့တော့သလို သတင်းစာတွေ မဂ္ဂဇင်းမှာလည်း အဲဒီနေ့အကြောင်း ဖော်ပြတာ သိပ်မရှိတော့ပါဘူး။

ရှေ့နှစ်ဗိုလ်ချုပ်မွေးနေ့တုန်းကလည်း ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတချို့ကို ကူးယူဖော်ပြခဲ့သလို ဒီနှစ်မှာလည်း ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတစ်ခုကို မူရင်းစာလုံးပေါင်းအတိုင်း ကောက်နှုတ် ဖော်ပြလိုက်ချင်ပါတယ်။ အခုမိန့်ခွန်းက ဗိုလ်ချုပ် လုပ်ကြံမခံရမီ ရက်သတ္တပတ် တစ်ပတ်အလိုဖြစ်တဲ့ ၁၉၄၇ ဇူလိုင် ၁၃ ရက်နေ့ နံနက်မှာ ရန်ကုန်မြို့ မြို့တော်ခန်းမဆောင် အပြင်ဘက်နေ လူထုကြီးကို ဟောပြောခဲ့တဲ့ နောက်ဆုံးမိန့်ခွန်းလည်း ဖြစ်ပါတယ်။ အဲဒီမိန့်ခွန်းတွေကို မဖတ်ဖူး မကြားဖူးလို့ မသိသေးတဲ့သူတွေ ရှိနေနိုင်ပါတယ်။ ဒီမိန့်ခွန်းကို သေချာဖတ်မိပြီး ဗိုလ်ချုပ်အောင်ဆန်းကို အထင်လွဲနေတဲ့ ခေတ်ပညာတတ် အမျိုးကောင်းသားများလည်း ကိုယ့်ဘာသာကို ပြန်လည် ဆန်းစစ်နိုင်ကြပါစေဗျာ။



သစ္စာမဲ့များ သတိထား...


ခင်ဗျားတို့ သေသေချာချာ သတိထားစေချင်တာက... ဒီ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ဟာ ဘယ်လို ဖ-ဆ-ပ-လ အဖွဲ့ချုပ်ဆိုတာ ရာဇ၀င်မှာ ပြန်ကြည့်စေချင်တယ်။ လူတွေကိုလည်း ရာဇ၀င်မှာ ပြန်ကြည့်စေချင်တယ်။ ကျွန်တော်တို့ ဗမာပြည်မှာ ပေါ်လာတဲ့ နိုင်ငံရေးအဖွဲ့တွေ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးကို တယောက်စီ တယောက်စီ ခင်ဗျားတို့ စိတ်ကူးထဲမှာ မာတိကာစဉ်ပြီး စဉ်းစားကြည့်စမ်းပါ။ ဘယ်လို လူစားတွေလဲ။ ဘယ်လို အဖွဲ့ကြီးလဲ ဆိုတာကို ခင်ဗျားတို့ စဉ်းစားမှ အဖြေထွက်လာလိမ့်မယ်။ အခုနေအခါမှာ ကျုပ်တို့ အစိုးရ လုပ်နေတဲ့ အချိန်အခါမျိုး ဖြစ်တယ်။ အတိုက်အခံဆိုတာ ရှိစမြဲဘဲ။ ဘုရားလက်ထက်က ဘုရားကိုယ်တိုင်ပင် အတိုက်အခံနဲ့ မကင်းခဲ့ပါဘူး။ ဒီတော့ ကျုပ်တို့လဲ မကင်းနိုင်ဘူး။ ကျုပ်တို့ အစိုးရလုပ်တဲ့ အချိန်အခါမျိုးကလဲ တပ်ပျက်မှာ ဗိုလ်လုပ်ရတဲ့ အချိန်အခါမျိုး ဖြစ်နေပါတယ်။ ကျုပ်တို့မှာ ချို့ယွင်းချက်တွေ အမြောက်အများ ရှိတယ်ဆိုတာ ကျုပ်တို့ ကိုယ်တိုင်သိတယ်။ ဘယ်အစိုးရမှ ချို့ယွင်းချက် မရှိတဲ့ အစိုးရဆိုတာ မရှိဘူး။ တိုင်းပြည်မှာ စေတနာ ထားပြီးတော့ကာ တဆင့်ထက်တဆင့် တက်ပြီး လုပ်လာခဲ့တာ တိုးတက်လား မတိုးတက်ဘူးလား ဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ နောက်ရက်များ မကြာခင်လောက်ဆို သခင်နု ပြန်လာလို့ နောက်ရက် တော်တော်လေး ကြာလို့ရှိရင် ကျွန်တော်တို့ဟာ တိုင်းပြည်ကို အတိအလင်း ကျေညာနိုင်တဲ့ စာတမ်းမျိုး ထုတ်နိုင်ပါလိမ့်ဦးမယ်။ အဲဒီတော့ကား ကျွန်တော်တို့ဟာ လွတ်လပ်ရေး လုပ်ငန်းမှာ ဘယ်ထိအောင် စခမ်းတက်လာပြန်ပြီ၊ တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ ဘယ်လို စခမ်းတက်လာပြီ ဆိုတာ အစရှိသဖြင့် ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။

အဲဒီတိုင်းပြည် ပြန်လည်ထူထောင်တဲ့ လုပ်ငန်းမှာ တဆင့်ထက်တဆင့် တက်လာတာ လွတ်လပ်ရေး လုပ်ငန်းနဲ့ ပတ်သတ်ပြီး တဆင့်တက်လာတာကို ရက်များ မကြာခင် ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ အဲဒါတွေကို မြင်ရရုံတွင် မကဘူး၊ ကျွန်တော်တို့ ဒီအစိုးရနဲ့ အရင်တုန်းက ရှိတဲ့အစိုးရတွေ အကုန်လုံး ယှဉ်ပြီး ကြည့်လိုက်မယ်ဆိုရင် ကျုပ်ပြောရဲတယ်။ အခုအစိုးရထဲမှာ လာဘ်စားတဲ့ လူတွေ မရှိဘူးဆိုတာ ကျုပ်ပြောရဲတယ်။ အရင်တုန်းက ကျုပ် အတိအလင်း ပြောတယ်။ လာဘ်စားတဲ့ လူတွေရှိတယ်။ ခင်ဗျားတို့ ဘာပြောဦးမလဲ။ အဲဒီလို လူတွေက အခုနေအခါမှာ တိုင်းပြည်ကို မိမိတို့ပါတီပြန်ပြီး အာဏာရအောင် ခြေထိုးကြတယ်။ ခြေထိုးကြတဲ့ ကိစ္စမှာ အယောင်ယောင် အမှားမှား ဖြစ်ကြတဲ့ လူတွေဟာ စေတနာပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ တိုင်းပြည် သစ္စာဖေါက်တဲ့ ရန်သူ နံပါတ် ၁ တွေ ဖြစ်တယ်။ အဲဒီ ရန်သူ နံပါတ် ၁ တွေကို ခင်ဗျားတို့ ထောက်ခံချင်တယ် ဆိုလို့ရှိရင် ခင်ဗျားတို့ လယ်ပင်း ခင်ဗျားတို့ဘဲ ကြိုးတပ်ကြပေတော့။

ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မ လုပ်လာလို့ အစိုးရဖြစ်လာတာ ဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုကြောင့် ကျုပ်တို့ အစိုးရ ဖြစ်နေရတာဘဲ။ တိုင်းပြည်လူထု ယုံကြည်မှု မရှိဘူး မကြည်ညိုဘူးဆိုရင် ကျုပ်တို့လဲ တွယ်မနေပါဘူး။ ထွက်မှာပါဘဲ။ သို့သော်လည်း တနှစ်လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့အခါမှာ ကျုပ်တို့ ဘယ်လိုလူစားတွေဘဲ၊ ရာဇ၀င်ထဲ အရေးခံရမဲ့ လူတွေလား၊ ရာဇ၀င်မှာ အဆဲခံရမယ့် လူစားတွေလား ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် သိပါလိမ့်မယ်။

9 comments:

ဆောင်းယွန်းလ said...

ဗိုလ်ချုပ်ရဲ့နောက်ဆုံးမိန့်ခွန်းကို လေးလေးနက်နက်ဖတ်ရှုသွားပါတယ် ညီလေးရေ..

Welcome said...

တန်ဖိုးရှိတဲ့ ဗိုလ်ချုပ်ရဲ့ စကားတွေကို မှတ်မှတ်သားသား ရှိစေခဲ့ပါတယ်။
တကူးတက ဖော်ပြပေးလို့ ကျေးဇူးပါ။

Yan said...

ကျေးဇူး ကိုဇူလိုင်...
ဒီမိန့်ခွန်း ကျွန်တော်မဖတ်ဖူးသေးဘူး. တန်ဖိုးရှိလှပါတယ်.

Y.

:P said...

သေချာဖတ်သွားပါပြီ..။
ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်..။

mgwaimintun said...

Thanks, Nyilay, it is good for us to read such a kind of inspiration speech. Please post more.
with Metta
Uzin visuta

ခင်မင်းဇော် said...

ရာဇ၀င်ထဲ အရေးခံမယ့် လူလား
ရာဇ၀င်မှာ အဆဲခံရမယ့် လူလား..
ဟိုငတိတို့အဖွဲ့ စဉ်းစားဖို့ ဥာဏ်မှီပါ့မလားးးးး

Tea said...

ဗိုလ်ချုပ်အား အလေးပြုလျှက်

စိုင်းစိုင်းလားရှိုး said...

လေးစားပါတယ် ကိုဂျူလိုင်

JulyDream said...

ဗိုလ်ချုပ်အောင်ဆန်းဆိုတာ...
သူ့ဘာသာသူ ကံကောင်းပြီး စိုင်ကော်လို့ ခြုံပေါ်ရောက်သလို လူထုခေါင်းဆောင် ဖြစ်လာတာမျိုး မဟုတ်ဘူးဆိုတာ တချို့သောသူများကို သိစေချင်တဲ့ သဘောတွေကို အခြေခံပြီး ပြန်လည် ဝေမျှ တင်ပြလိုက်တာပါ ခင်ဗျာ။