.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, March 12, 2008

The anger

လူတိုင်း... ဒေါသထွက်ဖူးမှာပါ။ ဒေါသထွက်စရာဆိုတာ ဒီလောကမှာ အများကြီးပဲလေ။ ကျွန်တော်လည်း အခုတလောမှာ ဒေါသထွက်ရတာတွေ များလွန်းလို့ ကိုယ့်ဘာသာကိုယ် ပြန်ဆုံးမတဲ့အနေနဲ့ ဒီစာလေးကို တင်လိုက်ပါအုံးမယ်။

ဒေါသထွက်ရတာ လွယ်ကူပါတယ်။ လူတိုင်း ဒေါသထွက်တတ်ကြပါတယ်။ ဒါပေမယ့် သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့လူကို သင့်တော်တဲ့အကြောင်းအတွက် သင့်တော်တဲ့ အတိုင်းအတာထိ သင့်တော်တဲ့ နည်းလမ်းနဲ့ ဒေါသထွက်ဖို့ မလွယ်ကူပါဘူး။ လူတိုင်း တတ်နိုင်မှာ မဟုတ်ပါဘူး။ အပြောလွယ်သလောက် လုပ်ရ တကယ်ကို ခက်ပါတယ်။ ဒေါသဟူသည် ရူးသွပ်မိုက်မဲမှုနှင့် အစပြုပြီး နောင်တ သံဝေဂနှင့် နိဂုံးချုပ်ရမြဲ ဖြစ်သည် ဆိုပြီး ပိုက်သဂိုးရပ်စ်ကလည်း ဆိုမိန့်ဖူးပါတယ်။

ဒါကြောင့် သောမတ်စ် ဂျက်ဖာဆင်က ဒေါသထွက်နေတုန်း စကားပြောလိုရင် ဦးစွာ တစ်မှ တစ်ဆယ်အထိ ရေပါ။ ဒေါသထွက်လွန်းရေရင် တစ်ရာအထိ ဆက်ရေပါလို့ ပြောခဲ့ပါတယ်။ ဒေါသထွက်နေစဉ် စာမရေးပါနဲ့ လို့ တရုတ်စကားပုံတစ်ခုက ဆိုထားပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ When two tigers fight, one is sure to lose. ကျားနှစ်ကောင် ကိုက်ရင် တစ်ကောင်ကောင်တော့ နာမှာပဲလေ။

သည်ဘက်ခေတ်မှာတော့ ဒေါသထွက်ရင် စာထဲ ဒေါသတွေ သွန်ရေးချလိုက်ပါ။ ပြီးရင် အဲဒီစာကို သက်ဆိုင်သူဆီ မပို့ပဲ အံဆွဲထဲ ထည့်ထားပါ။ ဒေါသပြယ်တော့မှ ဆုတ်ဖြဲပစ်ပါဆိုပြီး အကြံပေးကြပါတယ်။ ကိုယ့်ဖက်ကသာ မှန်ရင် ဘာမှ ရှင်းစရာ မလိုပါဆိုတဲ့ တရုတ်စကားပုံလေးလို့ပေါ့။

ပထမနည်းက ဒေါသကို မျိုချတဲ့နည်းပါ။ ဒုတိယနည်းက ဒေါသကို လမ်းလွှဲ ဖွင့်ထုတ်လိုက်တဲ့ နည်းလမ်းပါ။ ကိုယ့်စရိုက်နဲ့ ကိုက်တဲ့နည်းကို ရွေးချယ်ပြီး ဒေါသကို ထိန်းနိုင် ပယ်နိုင်အောင် ကြိုးစားယူရပါမယ်။ ဒေါသထိန်းနိုင်ရင် လူတစ်ရာမှာ ကိုးဆယ်မကကို သင် အနိုင်ရလိမ့်မယ် လို့ ဆရာဖေမြင့် ရေးတဲ့ ကိုယ့်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကားများ စာအုပ်မှာ ဆိုထားပါတယ်။

လူတိုင်းမှာ ကိုယ့်ဒုက္ခ နဲ့ ကိုယ် ရှိကြပါတယ်။ အဲဒီလိုပဲ အားလုံးဟာ သူ့နေရာနဲ့သူ အသုံးကျပါတယ်။ တဖက်စွန်း ရောက်ရင် မှားတာပါပဲ။ ဒါကြောင့် ဒေါသတွေ လျှော့နိုင်ဖို့ ကြိုးစားသင်ယူပါအုံးမယ်။ မိမိကိုယ်ကို ထိန်းချုပ်တဲ့ အလေ့အကျင့်တွေ မွေးမြူရပါအုံးမယ်။ ဒါမှပဲ လတ်တလော စိတ်လှုပ်ရှားမှုတွေ ခံစားမှုတွေ၊ လတ်တလော စိတ်ဆန္ဒတွေရဲ့ ကျေးကျွန်ဘ၀ကို မရောက်မှာလေ။ ကျွန် မဖြစ်ချင်ပါ သခင်ပဲ ဖြစ်ချင်ပါတယ်။

2 comments:

စိုးထက် - Soe Htet ! said...

ဒေါသထိန်းနိုင်တာ နည်းတဲ့ ပါရမီ မဟုတ်ဖူးဗျ ... အကျိုးကျေးဇူးတွေ အများကြီး ပိုမို ဖြစ်ထွန်း လာမှာပါ ... မေတ္တာပို့ ပေးလိုက်ပါ ... ပိုပြီး ကြည်နူးစရာ ကောင်းတာ တွေ့ ရပါမယ် :D

Anonymous said...

ကိုဂျူလိုင်...
“ဒေါသထိန်းနိုင်ရင် လူတစ်ရာမှာ ကိုးဆယ်မကကို သင် အနိုင်ရလိမ့်မယ်”... ဒီစကားလေးကိုတော့ ကြားဘူး.. ဖတ်ဖူးနေတာ ကြာပြီဗျ... ဒေါသကို ထိန်းနိုင်တယ်ဆိုတာ တော်တော် ခဲရင်းတဲ့အလုပ်ဗျ... စိတ်လိုက်မာန်ပါ ဆိုတာကလဲ ဒေါသကပဲစတာဆိုတော့ မှားတာပဲဗျာ... ဒေါသလေးထိန်းလိုက်တော့ အမှားကင်းတာပေါ့ဗျာ...