.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, March 6, 2008

Man Made Disaster

လူတွေကို ဒုက္ခပေးနေတဲ့ ဘေးအန္တရာယ်တွေထဲမှာ လူတွေ ကိုယ်တိုင်ဖန်တီးတဲ့ အန္တရာယ်နဲ့ သဘာဝက ဖန်တီးလို့ ဖြစ်လာတဲ့ အန္တရာယ် ဆိုပြီး ၂ မျိုးခွဲနိုင်ပါတယ်။ မြန်မာနိုင်ငံကတော့ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်တာ သိပ်မရှိပါဘူး။ သူများတကာတွေ ဆူနာမီရေလှိုင်းကြောင့် သောက်သောက်လဲ သေခဲ့ရပေမယ့် ကျွန်တော်တို့ မြန်မာပြည် အဖျားလေးပဲ ခတ်သွားပါတယ်။ သူများတကာတွေ ငလျှင်ဘေးဆိုးကြီးကြောင့် မြေအောက်မှာ လူတွေ ထောင်သောင်း ပိပျောက်ကုန်ပေမယ့် ကျွန်တော်တို့ မြန်မာပြည်ကြီးမှာ ယိုင်နဲ့နဲ့ ကန်ထရိုက်တိုက်တွေတောင် ပြိုကျလောက်အောင် မလှုပ်သေးပါဘူးဗျာ။ သူများတကာတွေ ရေတွေကြီး မြစ်ရေတွေ လျှံလို့ အိမ်တွေ ရေမြှုပ်၊ လူတွေ ၀မ်းရောဂါတွေဖြစ်ပေမယ့် ကျွန်တော်တို့ မြန်မာပြည်က လူတွေ အမှိုက်ချလို့ ပိတ်နေတဲ့ မြောင်းတွေ ရေလျှံတာပဲ တွေ့ရမြင်ရ များနေသလိုပဲ။ မီးတောင် ပေါက်ကွဲတယ်ဆိုတာ အပထား မီးတောင်ဟောင်း ဖြစ်ခဲ့တဲ့ မင်းဘူး နဂါးပွက်တောင်ထိပ်က ရွှံ့အိုင်ကြီးတောင် အကြီးကြီး မပွက်နိုင်ကြပါဘူးလေ။

အဲဒီလို သဘာဝဘေးအန္တရာယ်တွေ မရှိသလောက် အလွန်နည်းပါးပေမယ့် လူတွေလုပ်လို့ ဖြစ်လာတဲ့ ဘေးအန္တရာယ်က အများသားပဲ။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ မြန်မာတစ်နိုင်ငံလုံး မီးလောင်မှုတွေကို ပြန်ကြည့်လိုက်ရင် လူလုပ်တဲ့ ဘေးအန္တရာယ်မှာ မီးလောင်မှုတွေက အထင်ရှားဆုံးပါပဲ။ ၂၀၀၅ ခုနှစ်မှာ မီးလောင်မှုက ၈၃၅ ကြိမ်၊ ၂၀၀၆ ခုနှစ်မှာ ၈၃၃ ကြိမ်၊ ၂၀၀၇ ခုနှစ်မှာ ၉၄၄ ကြိမ် ရှိခဲ့ပါတယ်။ မီးလောင်မှု အများဆုံးဖြစ်တာကို တိုင်းနဲ့ပြည်နယ်အလိုက် ပြန်ကြည့်ရင်လည်း ရန်ကုန်တိုင်းက အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ သုံးနှစ်အတွင်းမှာ ၈၃၀ ကြိမ် လောင်ခဲ့ပါတယ်။ ချင်းပြည်နယ်က မီးလောင်မှု အနည်းဆုံးပေါ့။ ၃ နှစ်အတွင်းမှာ ၇ ကြိမ်ပဲ ရှိခဲ့ပါတယ်။ လအလိုက် မီးလောင်မှုတွေကို ပြန်ကြည့်ရင် မတ်လက မီးလောင်မှု အဖြစ်အများဆုံးလ ဖြစ်နေပါတယ်။ ၂၀၀၃ မတ်လမှာ မီးလောင်မှု ၁၃၉ ကြိမ်၊ ၂၀၀၄ မတ်လမှာ ၁၅၇ ကြိမ်၊ ၂၀၀၅ မတ်လမှာ ၁၃၃ ကြိမ်၊ ၂၀၀၇ မတ်လမှာ ၁၈၄ ကြိမ် ဖြစ်ခဲ့ပါတယ်။

ဒီနှစ် ၂၀၀၈ ဖေဖော်ဝါရီလ အတွင်းမှာ ရန်ကုန်တိုင်း အတွင်းမှာတင် မီးလောင်မှု ၂၅ ကြိမ် ဖြစ်ပွါးခဲ့ပြီးပါပြီ။ ဖေဖော်ဝါရီလ ပထမပတ်မှာ မီးလောင်မှု ဖြစ်ပွါးခဲ့တာ မရှိပါဘူး။ ဒုတိယပတ်မှာတော့ ၃ ကြိမ် ဖြစ်ပွါးခဲ့ပါတယ်။ တတိယပတ်မှာ ၁၃ ကြိမ်တောင် ဖြစ်ပွါးခဲ့ပါတယ်။ နောက်ဆုံးပတ်မှာတော့ ၉ ကြိမ် ဖြစ်ပွါးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၅ မှာလောင်သွားတဲ့ ရေဥက္ကံကျေးရွာ မီးလောင်မှုကတော့ အပြင်းထန်ဆုံးပါပဲ။

ဘာဖြစ်လို့ အဲဒီလောက်တောင် မီးလောင်မှုတွေက ဖြစ်နေရတာလဲ?
မီးလောင်စေတဲ့ အကြောင်းရင်းတွေက ဘာလဲ?

မီးလောင်မှု အများစုကို ပြန်ကြည့်လိုက်ရင် ပေါ့ဆမီးဆိုတာကို အများဆုံး တွေ့ရပါတယ်။ မီးလောင်လွယ်တဲ့ ပစ္စည်းတွေ အနားမှာ ဖယောင်းတိုင် မီးထွန်းတာတွေ... စာအုပ်စဉ်ပေါ်မှာ ဖယောင်းတိုင် ထွန်းထားတာ... ဘုရာမီးကို ပေါ့ပေါ့ဆဆ ထွန်းညှိ ပူဇော်ထားတာ... အိပ်ရာထဲ ခြင်ထောင်ထဲမှာ ဖယောင်းတိုင် မီးထွန်းပြီး စာကြည့်တာတွေ... စာကြည့်နေတုန်း ထွန်းထားတဲ့ ဖယောင်းတိုင်မီး ခြင်ဆေးခွေတွေကို မေ့ပြီး မငြိမ်းမိတာတွေ... အိပ်ရာကုတင်နားမှာ ခြင်ဆေးထွန်းတာတွေ... မီးစက်တွေ ကားတွေထဲကို ဖယောင်းတိုင် ထွန်းပြီး ဓါတ်ဆီဖြည့်တာတွေ... မီးဖိုချောင် မီးကြွင်းမီးကျန်တွေ... အဲဒီလိုနဲ့ မီးလောင်မှုတွေ စခဲ့တာကို တွေ့နေရ မြင်နေရ ကြားနေရပါတယ်။ မြို့ကြီးတွေမှာ လျှပ်စစ်မီး မမှန်တဲ့အတွက်ကြောင့် မီးခလုတ် မပိတ်ခဲ့မိပဲ မီးပြန်လာတဲ့အချိန်မှာ ၀ါယာရှော့ခ်တွေ ဖြစ်ပြီး မီးလောင်တာမျိုးလဲ ခဏခဏ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် ခြင်ဆေးခွေ၊ ဖယောင်းတိုင်တွေ ထွန်းရင် မီးမကူးနိုင်တဲ့ အောက်ခံ သံပြား၊ သွပ်ပြား၊ စတီးပြားတွေ သုံးပြီး ထွန်းညှိကြပါ။ အမွေးတိုင် ဖယောင်းတိုင်တွေ ထွန်းညှိပူဇော်ထားရင်လည်း လူစောင့်ထားပြီး မီးစာကုန်တဲ့အထိ စောင့်ကြည့်နေသင့်ပါတယ်။ အိမ်အပြင်ကိုထွက်တဲ့အခါ အိမ်စောင့်မရှိတဲ့အခါမှာလည်း မီးကြွင်းမီးကျန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေမီးတွေကို သေချာ ငြိမ်းသတ်ပြီးမှ ထွက်ကြပါ။ မီးလာတာပဲ ဖြစ်ဖြစ်... မီးမလာတာပဲ ဖြစ်ဖြစ်... အိမ်အပြင်ထွက်မယ်ဆိုရင် မီးခလုတ်တွေ သေချာ စစ်ဆေးပိတ်ခဲ့ပါ။ မီးအားမြှင့်စက်တွေ ပိတ်ခဲ့ပါ။ မီးပူတွေ လျှပ်စစ်မီးဖိုတွေ ပိတ်ခဲ့ပါ။ ဖယောင်းတိုင်မီးနဲ့ မီးစက်ထဲ ကားထဲကို ဆီဖြည့်တာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ မီးလောင်ရင်လည်း တစ်အိမ်တည်း ကြိတ်ငြိမ်းတာမျိုးကို လုံးဝ မလုပ်သင့်ပါဘူး။ မီးသတ်တပ်ဖွဲ့ကို အမြန်ဆုံး အကြောင်းကြားပေးပါ။ မီးဘေးအန္တရာယ်ကို အစဉ်အမြဲ သတိရှိကြပါ။

ကဲ... လူတွေ လုပ်တဲ့ ဘေးအန္တရာယ်ကို တာဝန်သိသိ ကာကွယ်ကြပါစို့.....

2 comments:

ThinkingHoney said...

အရမ်းကို တန်ဖိုးရှိတဲ့ ပို့စ်လေးပါ။ သိတော့သိတယ် လုပ်ကြဖို့တော့ အများကြီးကြိုးစားရပါဦးမယ်။ Behavior Change Communications တွေလိုသေးတယ်ပဲ ပြောရမလား။

WanderFish said...

သဘာဝဘေးအန္တရယ် နည်းပါးပါရက်နဲ့ လူတွေကြောင့်ဖြစ်တဲ့ ဘေးအန္တရယ်ကတော့ ဝမ်းနည်းစရာ ပါပဲ။ ကျွန်တော်တို့ တာဝန်သိသိ၊ နိုးနိုးကြားကြား၊ အသိဥဏ်ရှိရှိနဲ့ ဝိုင်းဝန်း တားဆီးရမှ သက်သာရာ သက်သာကြောင်း ရမှာပါ။ မြန်မာနိုင်ငံမှာ လူကြောင့်ဖြစ်တဲ့ ဘေးအန္တရယ် သူများတွေထက် ပိုများတာ အရင်းစစ်တော့ လူသားအရင်းအမြစ် အရည်အချင်း နိမ့်လို့တစ်ကြောင်းပါ (မျိုးရိုးအရကြောင့်မဟုတ်ပါဘူး။ ဒီလိုပြောလို့ ခင်ဗျားတို့ စိတ်ဆိုးမယ်ဆိုရင်လဲ မတတ်နိုင်ပါဘူး၊ )။ နောက်တစ်ချက်က ပတ်ဝန်းကျင် အနေအထား အားပေးလို့ပါ (ဖယောင်းတိုင်ပေါ့ဆမီးကြောင့်ဖြစ်စေ၊ မီးစက်ဓတ်ဆီထည့်လို့ ဖြစ်စေ။....)။ အရင်းစစ်တော့ အထက်က အချက်နှစ်ချက်ဟာ (အကျင့်ပျက်တဲ့) မင်းကြောင့် အဓိက ဖြစ်ရတယ်လို့ ကျွန်တော်တော့ အတပ် ယိုးစွပ်ချင်တာပါပဲ (ဒီလောက်သဘာဝ အနေအထား Favorable ဖြစ်ပါရက်နဲ့၊ တွေးမိရင် မခံနိုင်စရာ ပါပဲ) ။ ဗုဒ္ဓရဲ့ ဟောထားတဲ့ ရန်သူမျိုး ၅ ပါးထဲ မှာ မင်းဟာ အန္တရယ် အကြီးဆုံးပဲလို့ ကျွန်တော့်ဥဏ်သေးသေး လေးနဲ့ တွေးမိပါတယ်။