.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, March 29, 2008

Native Myanmar

Native Myanmar ဆိုလို့ ကျွန်တော် ဖတ်နေကြ ဖိုရမ်လို့ ထင်နေပါအုံးမယ်။ တကယ်တော့ မခင်မင်းဇော်က Tag ထားတဲ့ ဇာတိမြေဆိုတဲ့ ပို့စ်လေးကို ရေးမှာပါ။ လူမျိုးခြားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်အဖို့ အမြဲတမ်း ရင်ထဲမှာ ရှိနေတဲ့ ဇာတိမြေက မြန်မာပြည်ပါပဲ။ ဒီမြေမှာမွေး ဒီရေ သောက်ခဲ့တဲ့ ကျွန်တော်အဖို့ ဒီလူမျိုးအစစ် မဟုတ်ပေမယ့် ဒီမြေဒီရေကို ကျွန်တော် အတော်ချစ်တယ်ဗျာ။ နာကျည်းစရာ အတိတ်တွေ... ခံပြင်းစရာ ခွဲခြားဆက်ဆံ ခံရမှုတွေ ရှိနေပေမယ့် ကျွန်တော် ဒီနိုင်ငံသားအဖြစ် ဂုဏ်ယူဝံ့ကြွားနေစဲပါ။

တရုတ်ကွန်မြူနစ် အစိုးရ တက်လာတဲ့အချိန်မှာ ရွာလေးတစ်ရွာက ပဒေသရာဇ်ဖြစ်နေတဲ့ ကျွန်တော့်အဖိုးရဲ့ မိသားစု အကြီးအကျယ် နှိပ်ကွပ်ခံရပါတော့တယ်။ ဒါနဲ့ အဖိုးဟာ သယ်လို့ရတာလေးတွေ တနိုင်သယ်ပြီး မြန်မာပြည်ထဲကို အဖွားနဲ့အတူ ရေလမ်းခရီးကနေ ၀င်လာတာ ရန်ကုန်ကို ရောက်ပါတော့တယ်။ ဒီလိုနဲ့ ရန်ကုန်မှာပဲ ကျွန်တော် အဖေကို မွေးဖွါးလာခဲ့တယ်။ အဲဒီကနေတဆင့် ကျွန်တော်တို့ ညီအစ်ကိုတွေ ပေါက်ဖွားလာပြန်တယ်။ ဒါကြောင့် မြန်မာပြည်မှာ ငယ်မွေးခြံပေါက်ဖြစ်နေတဲ့ ကျွန်တော်အဖို့ မြန်မာပြည်ဟာ ဇာတိမြေပဲပေါ့ဗျာ။

မြန်မာပြည်နဲ့ ပတ်သတ်ပြီး အမြဲတမ်း ဂုဏ်ယူဝံ့ကြွားတာကတော့ ပုဂံပါပဲ။ ပုဂံမြေက လက်ညိုးထိုး မလွဲ တည်ရှိနေတဲ့ ဘုရားပုထိုး ဂူကျောင်းတွေဟာ ခန့်ညားထည်ဝါတဲ့... အဖိုးမဖြတ်နိုင်တဲ့... နိုင်ငံရဲ့ အထင်ကရ သမိုင်းအမွေအနှစ်ကြီးပါ။ မြို့ပြ ယဉ်ကျေးမှု အခိုင်အမာ တည်ရှိခဲ့တယ်ဆိုတာကို သက်သေ အထောက်အထား ခိုင်ခိုင်မာမာ တင်ပြနိုင်တဲ့ ယဉ်ကျေးမှု မြို့တော်ကြီးပေါ့။ ပုဂံဆိုတဲ့ ရှေးဟောင်းမြို့ဟာ ကျွန်တော်ဘ၀ကို အလွန် လွှမ်းမိုးထားနိုင်တဲ့ အင်အားတစ်ခုပါပဲ။ ပုဂံကြောင့် မြန်မာကို ကျွန်တော် အထင်ကြီးမိတယ်။ ပုဂံကြောင့် ၀ိုင်တီယူမှာ ဗိသုကာဘာသာရပ်ကို အချိန်ပေးပြီး လေ့လာခဲ့တယ်။ ဗိသုကာအဖြစ် တစ်သက်လုံးမှာ လုပ်စားဖို့ မရည်ရွယ်ခဲ့ပေမယ့် ရှေးဟောင်းဗိသုကာ လက်ရာတွေကို မှတ်တမ်းတင်ချင်တဲ့ စိတ်လေးက ရင်မှာ ကိန်းအောင်းနေဆဲပါ။ အခါအခွင့်သင့်ရင် အဲဒီ အိမ်မက်လေး အကောင်အထည် ဖော်ချင်ပါတယ်။

ပုဂံအပြင် မန်းရွှေမြို့ကလည်း ကျက်သရေ ရှိလှပါတယ်။ မြန်မာဘုရင်တွေရဲ့ နောက်ဆုံး နန်းစိုက်ရာ မြို့တော် ပီပီ ခန့်ညားထည်ဝါလှပါတယ်။ နန်းမြို့ရိုးနဲ့ ကျုံးကြီးရဲ့ အလှဟာ ရင်မှာ စွဲထင်စေပါတယ်။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကျငှါန်းနဲ့ နေလာခဲ့တဲ့ မြန်မာတွေရဲ့ အတိတ်ဟာ ကြီးကျယ်ခမ်းနားတယ် ဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့စေနိုင်ပါတယ်။ နေညိုချိန်မှာ ဦးပိန်တံတားရဲ့ တည်ငြိမ်တဲ့ အလှဟာလည်း ကဗျာဆန်လွန်းလှပါတယ်။ ဖွဲ့သီစရာ စကားလုံးတွေ ရှာမတွေ့နိုင်အောင် နူးညံ့သိမ်မွေ့လွန်းပါတယ်။

မန်းရွှေမြို့တော်က လှသလို့ မြို့တော် ရန်ကုန်ကလည်း တစ်မျိုးလှနေပြန်တယ်။ မြန်မာပြည်ရဲ့ Landmark လို့ တင်စားကြတဲ့ ရွှေတိဂုံဘုရားကြီးဟာ ရွှေတောင်ကြီးတစ်ခုလို့ ၀ံ့ကြွား ထည်ဝါလှပြန်တယ်။ မြင်သူအပေါင်းကို ရင်သပ်ရှုမောစေပါတယ်။ ကန်တော်ကြီးထဲက ကရ၀ိတ်ကြီးကလည်း မြန်မာ့မှုကို အထူးပြုပေးသလိုပါပဲ။ တည်ငြိမ်လှတဲ့ ကန်ရေပြင်မှာ ကရ၀ိတ်ဖောင်ကြီးက ရွှေတိဂုံစေတီတော်နဲ့ လိုက်ဖက်ညီလွန်းလှပါတယ်။ မေ့မရအောင် မျက်စိထဲစွဲနေစေတဲ့ ရန်ကုန်ရဲ့ အလှပန်းချီကား တစ်ချပ်အလားပေါ့။

အဲဒီလိုပဲ ရှမ်းပြည်နယ်ထဲက တောင်ပေါ် ပင်လယ်လေးဖြစ်တဲ့ အင်းလေးကန်ရဲ့ အလှကလည်း သဘာဝကို ချစ်မြတ်နိုးသူတွေရဲ့ အသည်းနှလုံးကို လှုပ်ခတ်နိုင်စွမ်း ရှိလှပါတယ်။ ရေပေါ်မှာ ဆောက်ထားတဲ့ အိမ်လေးတွေ၊ ကျွန်းမျှောကြီးတွေ၊ အင်းသားတွေရဲ့ လှေကို ခြေထောက်နဲ့ လှော်ခတ်ပုံလေးတွေကလည်း ရင်သပ်ရှုမောဖွယ် တမူ ထူးခြားပြန်တယ်။ ကျွန်တော်အဖို့တော့ ဖောင်တော်ဦးဘုရားကို ဖူးမျှော်ရင်း အင်းလေးကန်ရဲ့ အလှကို ရှုမ၀ဖြစ်နေမိမှာပါ။

နှင်းဖုန်းနေတဲ့ တောင်တန်းကြီးတွေ၊ ပြန့်ပြူးသာယာတဲ့ ပင်လယ်ကမ်းခြေတွေ၊ ထန်းပင်တွေနဲ့ နေညိုချိန် ကျေးလက်ရှုခင်း အလှတွေ၊ အပူပိုင်း အညာဒေသ အလှတွေ၊ စိမ်းလန်းစိုပြေတဲ့ တောတောင်အလှတွေ၊ ရွှေဝါရောင် သမ်းနေတဲ့ စပါးခင်း အလှတွေ... အဲဒီလို အလှတွေ ကျွန်တော်တို့ မြန်မာပြည်ထဲမှာ ပေါကြွယ်ဝ လှပါတယ်။ အကုန်သာ ချရေးရင် ပြီးမှာကို မဟုတ်ဘူးလေ။ အရှေ့တောင်အာရှမှာ ဒီလောက် ပြီးပြည့်စုံတဲ့ အလှနဲ့ ကျွန်တော်တို့ မြန်မာပြည်ဟာ ဘယ်လောက် ဂုဏ်ယူဖို့ ကောင်းသလဲ။
အဲဒီလို ကျွန်တော်ရဲ့ ဇာတိမြေက သဘာဝ အလှတွေအပြင် တခြား ချစ်စရာ မြတ်နိုးစရာ အလှတွေလည်း ရှိသေးတယ်။ တောသူတောင်သားတွေရဲ့... တိုင်းရင်းသားတွေရဲ့ ... ရိုးသားဖြူစင်တဲ့ မျက်နှာလေးတွေ၊ အလိုလောဘ မကြီးပဲ ရောင့်ရဲတင်းတိမ်တတ်တဲ့ ဘ၀လေးတွေ၊ ကူညီရိုင်းပင်းတတ်တဲ့ ဓလေ့တွေက ကျွန်တော်တို့ ဇာတိမြေမှာပဲ တွေ့ရနိုင်တယ်လေ။ တကယ်တော့ မြန်မာပြည်ဟာ အလွန်တရာကို ရေခံမြေခံ ကောင်းလှပါတယ်။ ချစ်စရာတွေ ဓလေ့စရိုက်တွေ ပေါလှပါတယ်။ ၁၂ ရာသီ ပွဲတော်တွေ ရှိကြပါတယ်။ ရိုးသားကြိုးစားတဲ့ လူမျိုးတွေ ရှိကြပါတယ်။ ဒါပေမယ့် တိုးတက်မှုတွေ နောက်ကျနေရတာက နာကျည်းစရာပါပဲ။ ဒါပေမယ့် ဘယ်ပဲဖြစ်ဖြစ်ဗျာ... ကျွန်တော်ရဲ့ ဇာတိမြေ မြန်မာပြည်ကို ချစ်ပါတယ်။ ဒါကြောင့်လည်း အခါအခွင့်သင့်ရင် သင့်သလို ပြန်လည် ပေးဆပ်ချင်မိနေပါတယ် ဆိုတာ ရင်ထဲက လာတဲ့ စကားလေးပါပဲဗျာ။

Photo Credit: Native Myanmar Forum.

7 comments:

kay said...

I share it.
:-)

စူး said...

nice ko July yay.
i admire for ur mental.
tks.
it's a great one.

မြန်မာပြည်ကိုလွမ်းတယ် said...

သိပ်ချစ်ရတဲ့မြန်မာပြည်ကြီးအကြောင်းကို
ခန်.ခန်.ငြားငြား၊လှလှပပလေးဖြစ်အောင်
ရေးထားတာဖတ်လိုက်ရတော့၊၀မ်းလဲသာမိတယ်။
တိုင်းပြည်ချစ်တဲ့စိတ်ကလေးကိုလဲ လေးစားမိတယ်။ဒီလောက်လှပပြီး၊သယံဇာတ
ပေါများတဲ့တိုင်းပြည်ရဲ့နောက်မှာ အဆင်းရဲဆုံး
နိုင်ငံဆိုတဲ့သိပ်အကျည်းတန်တဲ့ဝေါဟာရကြီးရယ်၊
လှပတဲ့ရှုခင်းတွေရဲ့ဘေးမှာဆင်းရဲနေကြတဲ့
မောင်နှမတွေရယ်ကိုမြင်ယောင်လာမိပြီး နာကျည်းလာမိတယ်။ဇာတိမြေကိုချစ်တဲ့ သူငယ်ချင်းရဲ့ဒီနိုင်ငံသားအဖြစ်ဂုဏ်ယူဝံ့ကြွား
နေတဲ့စိတ်ကိုလေးစားတယ်သူငယ်ချင်းရေ။

စိုးထက် - Soe Htet ! said...

ကျွန်တော်ရဲ့ ဇာတိမြေ မြန်မာပြည်ကို ချစ်ပါတယ်။ ဒါကြောင့်လည်း အခါအခွင့်သင့်ရင် သင့်သလို ပြန်လည် ပေးဆပ်ချင်မိနေပါတယ် ဆိုတာ ရင်ထဲက လာတဲ့ စကားလေးပါပဲဗျာ။

ညီလေးရဲ့ လုပ်ရပ်တွေ မြင်ရုံနဲ့ ရင်ထဲက လာမှန်း သေချာ ခံစား သိနိုင်ပါတယ် ... :)

ခင်မင်းဇော် said...

တကယ့်ကို ပို့စ် ကောင်းတပုဒ်အဖြစ် ရေးပေးလိုက်တာကိုး။ ဒါ့ကြောင့် ကျေးဇူးအများကြီးတင်ပါတယ်။ ကျမလည်း မြန်မာလူမျိုး အစစ်မဟုတ်ပေမယ့် ကိုယ့်ရဲ့ မွေးရပ်မြေ ကိုယ့်ရဲ့ ဇာတိမြေကိုတော့ နိုင်ငံတကာအလယ်မှာ တင့်တယ်စေချင်တဲ့ စိတ်က အပြည့်ပါ။

JulyDream said...

ရင်ထဲမှာ ရှိနေတဲ့ ခံစားချက် အပြည့်နဲ့ ရေးလိုက်တော့ ဒီလို ပို့စ်လေး ဖြစ်သွားရတာပါ။ အခုလို အားပေးတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

မမသီရိ said...

ွှအရမ်းကောင်းတယ် မောင်လေး..
မြန်မာနိုင်ငံက လွဲပြီး တခြားကမ္ဘာပေါ်မှာ
မတွေ့ နိုင်တဲ့ အရာတွေ အများ ကြီးပါ..
ရုပ်ဝတ္တုပစ္စည်း အပြင်.. လူတွေရဲ့ ရိုးသားပွင့်လင်း
သည်းခံ. ရောင့်ရဲ နိုင်တဲ့စိတ်ဓါတ်တွေ ဟာ
တို့တွေ ဘယ်မှာမှ ရှာတွေ့ မှာ မဟုတ်ဖူး..