.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, March 8, 2008

Limited resource

အရင်းအမြစ်ဆိုတာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ တည်ဆောက်တဲ့အချိန်မှာ အလွန်ကို အရေးပါ ပါတယ်။ နိုင်ငံဖွံ့ဖြိုးရေးအတွက် အရင်းအမြစ်တွေကို ထုတ်ယူ သုံးစွဲရပါတယ်။ ပြည်ပကို ပို့ပြီး ရောင်းချကြပါတယ်။ ရလာတဲ့ နိုင်ငံခြားငွေကို အကျိုးရှိရှိ ပြန်လည် အသုံးချပြီး နိုင်ငံကို တည်ဆောက်ရပါတယ်။ တချို့နိုင်ငံတွေက သဘာဝ အရင်းအမြစ်တွေကို သုံးကြပါတယ်။ တချို့နိုင်ငံတွေက လူသား အရင်းအမြစ်ကို အကျိုးရှိရှိ သုံးကြပါတယ်။ ဘယ်အရင်းအမြစ်ကို သုံးကြပါစေ... အဲဒီ အရင်းအမြစ် ပြုန်းတီး ပျောက်ကွယ် မသွားအောင် စနစ်တကျ ထိန်းသိမ်း တည်ဆောက်ယူကြပါတယ်။

မြန်မာနိုင်ငံကတော့ သဘာဝ တွင်းထွက် သယံဇာတတွေကို အဓိက အသုံးချနေရတဲ့ ဘ၀မှာပဲ ရှိပါသေးတယ်။ သယံဇာတတွေကို နိုင်ငံခြား တင်ပို့ရောင်းချပြီး နိုင်ငံခြားငွေ ရှာနေရပါတယ်။ မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတ ပေါကြွယ်ဝမှုကတော့ ခေတ်အဆက်ဆက်မှာ ထင်ရှားကျော်ကြားပါတယ်။ နိုင်ငံခြားကို အဓိက တင်ပို့နေတာတွေက ကတ်သုတ်ကော့ပါး၊ ခဲ၊ သွပ်၊ သံဖြူ၊ ကျောက်မီးသွေး၊ သဘာဝ ဓါတ်ငွေ့၊ ပတ္တမြား၊ ကျောက်စိမ်း၊ ကျွန်းသစ်၊ သစ်တောထွက် ပစ္စည်း စတာတွေပေါ့။ အခုဆို မြစ်ထဲက သဲကိုပါ နိုင်ငံခြားကို တင်ပို့ရောင်းချပါတယ်။

ကလေးဝ၊ နမ္မ စတဲ့ ကျောက်မီးသွေး သိုက်တွေကနေ နှစ်စဉ် ကျောက်မီးသွေး တန်ချိန် ၅ သိန်း ကျော် ထုတ်လုပ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကို ရောင်းချတင်ပို့နေပါတယ်။ သဘာဝ သစ်တောတွေကနေ နှစ်စဉ် ကျွန်းသစ်ထုတ်လုပ်မှုက ကုဗတန် နှစ်သိန်းကျော်၊ သစ်မာ ကုဗတန် ၁၄ သိန်းကျော် ရှိပြီး နိုင်ငံခြားကို တင်ပို့နေပါတယ်။ ၂၀၀၇ မှာ ပြုလုပ်သွားတဲ့ ၄၄ ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲမှာ ကျောက်မျက် ရတနာအတွဲပေါင်း ၃၅၆၂ တွဲ ရောင်းချခဲ့ပါတယ်။ ကျောက်စိမ်းအတွဲပေါင်း ၃၅၀၈ တွဲ ပြသ ရောင်းချခဲ့ပါတယ်။ ထိုင်းနိုင်ငံကို သဘာဝဓါတ်ငွေ့ တင်ပိုရောင်းချမှုကလည်း ၂၀၀၇ ခုနှစ်မှာ ၅၅ ရာခိုင်နှုန်း တိုးမြင့်ခဲ့ပါတယ်။ သဘာဝဓါတ်ငွေ့ ကုဗပေ သန်းပေါင်း ၃ သိန်းကျော် တင်ပို့ခဲ့ပါတယ်။ မွန်ပြည်နယ်က သံလွင်မြစ် ဂျိုင်းမြစ်ထဲက မြစ်သဲတွေ တန်ချိန် ၁၇၅၀၀ ကျော်ကို စင်္ကာပူနိုင်ငံကို တင်ပို့ ရောင်းချခဲ့ပါတယ်။ စိုက်ပျိုးဖြစ်ထွန်းလာတဲ့ ဆန်စပါးလည်း တင်ပို့ ရောင်းချပါသေးတယ်။ ၂၀၀၅-၂၀၀၆ မှာ ဆန်တန်ချိန် ၁ သိန်းရှစ်သောင်း တင်ပို့ရောင်းချ ခဲ့ပါတယ်။ ဒီနှစ် ၂၀၀၈ မှာတော့ ပြည်ပကို ဆန်တန်ချိန် ၄ သိန်းအထိ တင်ပို့ရောင်းချဖို့ စီစဉ်နေပါတယ်။ စစ်ကိုင်းတိုင်းက တန်ချိန် ၁ သိန်း၊ ပဲခူးတိုင်းက တန်ချိန် ၁ သိန်း၊ ဧရာဝတီတိုင်းက ဆန်တန်ချိန် ၂ သိန်း တင်ပို့ရမှာပါ။ ဆန်တင်ပို့တဲ့အခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံအပြင် စင်္ကာပူ၊ မလေးရှားနဲ့ အာဖရိက နိုင်ငံတွေအထိ တင်ပို့ရောင်းချမှာပါ။

ကျွန်တော်တို့ နိုင်ငံက ဒီလို သဘာဝသယံဇာတတွေ စိုက်ပျိုးကုန်တွေ ရေထွက်ပစ္စည်းတွေ တင်ပို့ရောင်းချပြီး သွင်းကုန်တွေအနေနဲ့ စက်ပစ္စည်းတွေ၊ ရေနံစိမ်း၊ ဒီဇယ်၊ စာအုံးဆီ၊ ဘိလပ်မြေ၊ ဓါတ်မြေသြဇာနဲ့ စားသောက်ကုန် တွေကို ပြန်လည် ၀ယ်ယူရပါတယ်။ နှစ်ပေါင်းများစွာ ကုန်သွယ်ရေး လိုငွေပြမှုတွေ ဖြစ်ခဲ့ရပေမယ့် ၂၀၀၂-၂၀၀၃ က စပြီး ငါးနှစ်ဆက်တိုက် ကုန်သွယ်ရေး ပိုငွေပြလာပါတယ်။ ပိုငွေပြတယ် ဆိုတော့ ၀မ်းသာစရာပေါ့။

တစ်ခုတော့ စဉ်းစားကြည့်ရအောင်... အခုလို သဘာဝသယံဇာတတွေ စိုက်ပျိုးကုန်တွေ ရေထွက်ပစ္စည်းတွေ ရောင်းချလို့ ရတဲ့ နိုင်ငံခြားငွေ အစား အခြား လူအရင်းအမြစ်တွေကို အသုံးချပြီး နိုင်ငံခြားငွေ ရှာရင်ရော မရဘူးလား။ စကာင်္ပူလို ဘာမှ မရှိတဲ့ နိုင်ငံလေးက လုပ်ပြထားတာ နီးနီးနားနား အလွယ်တကူ လေ့လာလို့ ရနိုင်ပါတယ်။ သဘာဝ သယံဇာတ ဆိုတာ ၀ုန်းကနဲ ဒိုင်းကနဲ ချက်ချင်းကြီး ဖြစ်တည်လာတဲ့ အရာတွေ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ဖြစ်တည်လာရတဲ့ အရာတွေပါ။ မြန်မာနိုင်ငံမှာ အဲဒီလို သယံဇာတတွေ ပေါများတယ် ဆိုပေမယ့် အတိုင်းအတာ တစ်ခုအထိပဲ ပေါကြွယ်ဝမှာပါ။ တစ်ချိန်ချိန် ရောက်ရင် ကုန်ဆုံးပျောက်ကွယ် သွားမှာပါ။ ပိုငွေပြအောင် ဆိုပြီး အားရပါးရ လိမ့်ထုတ်နေရင်တော့ အဲဒါတွေ ကုန်သွားရင် ကျွန်တော်တို့ နိုင်ငံ ဘာလုပ်စားကြမလဲ... စဉ်းစားသင့်ပါတယ်။ ပြင်ဆင်ထားသင့်ပါတယ်။ အဲဒါကြောင့် လူ့အရင်းအမြစ်ကို စနစ်တကျ တည်ဆောက် မွေးထုတ်သင့်ပါပြီ။ သင်ကြားရေးစနစ်တွေ ပြုပြင်သင့်ပါပြီ။ သုတေသနလုပ်ငန်းတွေ တိုးချဲ့သင့်ပါပြီ။ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးသင့်ပါပြီ။ နှစ်စဉ် ဒေါက်တာဘွဲ့ရတွေ များလာတိုင်း မာစတာဘွဲ့ရတွေ ထောင်ချီ သောင်းချီ မွေးထုတ်နိုင်တာနဲ့ လူ့အရင်းအမြစ် ပေါကြွယ်ဝပြီ ထင်နေရင်တော့ နင့်အပြင် မိုက်တဲ့သူ မရှိဘူး လို့ပဲ ပြောလိုက်ချင်ပါတော့တယ်။

3 comments:

honey said...

ဒီဆောင်းပါးလေး အရမ်းကောင်းတယ်ဗျို့
ပြောတဲ့သူတွေလဲ ပြောနေတာပဲ လုပ်နေတဲ့သူတွေလဲ အင်း...

May Burma said...

ဘာကိုဆိုလိုတာပါလဲ။ စင်္ကာပးကခေတ်ကောင်းမှီလိုက်တယ်။

ဘာမှမရှိတော့ ဘာမှ မာန မ၇ှိဘူး။

အမေရိကန်ရေနံကုမ္ဘဏီတွေကို ဖေါ်ရွေစွာနေရာပေးလိုက်တယ်။

ဒါနဲ့ ဘဲ တဟုန်ထိုးတက်သွားတာ။

သူတက်တဲ့အချိန်က သူ့ ပတ်ဝန်ူကျင်မှာ ကွန်မြူနစ်နိုင်ငံတွေ။

မုဆလင်နိုင်ငံဗတွ

သူဘဲ ပွင့်လင်း၇ှင်းလင်း ပြီး အနောက်တိုင်းတရားဥပဒေအပြည့်အဝရှိတယ်။

အာရပ်နိုင်ငံတွေက ရေနံတွေကို စင်္ကာပူမှာ လာချက်ကြတယ်

အမေရိကန်ကို ချက်ပြီးသားပြန်ပို့ တယ် ရေအောက်ပိုက်လိုင်းတွေနဲ့ ။

လူတွေကို အလုပ်ပေးဘို့ ဆိုတာ စက်ရုံတွေ ထောင်ရမယ်

လျပ်စစ်မီး မီးပေးနိုင်ရမယ်

ရန်ကုန်တောင်မီးမရတာ။ ဒီဇယ်ကလဲတင်သွင်းနေ၇တယ်။

နိုင်ငံခြားပို့ ဘို့ မရ ဆန်၇ှင်၇ှိတယ်။

လမ်းတွေ အင်ဖရာ စထရပ်ချာတွေ ဆောက်ဘို့  ကမ္ဘာ့ဘဏ်ကလည်းမချေးပေးဘူး

စစ်အစိုးရမို့ မပေးပါ။

ကဲ ဂျပ်အေးအမေရိုက်ခေတ်မှာ ... ပါတ်ချာလည်နေတယ်

ဆန်၇ှင်မ၇ှိရင် ရော။။ တရုပ်ကို ပြိုင်နိုင်လို့ လား။

လူတတ်လုပ်ပြနေလို့ မရပါ။

JulyDream said...

မေဗမာရေ... ဟုတ်ကဲ့ စီးပွါးရေး ပိတ်ဆို့မှု အကြောင်းကို ကျွန်တော် မရေးထားမိပါ ခင်ဗျာ။ တရုတ်ကို ပြိုင်နိုင် မပြိုင်နိုင်လည်း မပါပါဘူး ခင်ဗျ။

ဘာကို ဆိုလိုတာပါလဲ ဆိုတော့.....
အဓိက သယံဇာတတွေကို မှီခို အားထားလွန်း နေတာကို လျှော့ချဖို့ ပြောနေတာပါ။ အဲဒါတွေ ကုန်သွားရင် ပြုန်းတီးသွားရင် ဘာမှ မလုပ်တက် မကိုင်တတ် ဖြစ်ကုန်မှာပါ။ ကုန်တဲ့အဆင့် မဟုတ်တောင် အတော်လေး လျှော့ပါးသွားရတဲ့ အခြေအနေကိုလည်း မလိုချင်ပါဘူး။ သစ်တောတွေ ပြုန်းရင် အနောက်ကနေ ရာသီဥတု ဖောက်ပြန်မှုက ကပ်ပါလာမှာလေ။ အဲဒါလေးကို အရင်ကတည်းက စဉ်းစားမိ တွေးမိပေမယ့် အခုမှ ချရေးမိတာလေးပေါ့ဗျာ။