.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, July 6, 2008

A silver liner

တိမ်မည်းညိုတိုင်းမှာ ငွေနားကွပ်ရှိတယ်။ ဒုက္ခတိုင်းမှာ ဖြေသိမ့်စရာတစ်ခုရှိတယ်တဲ့။ လပွတ္တာမှာ လုပ်မယ့် ထူထောင်ရေးလုပ်ငန်းမှာ အဆင်မပြေတာတွေ အခက်အခဲတွေ အများကြီး ကြုံတွေ့ရပေမယ့် ကိုယ်တွေ ရည်မှန်းထားရာကို အရောက်ချီတက်ဖို့ တဖြည်းဖြည်း နီးစပ်လာပါပြီ။ ငွေနားကွပ်တွေ မြင်လာရတယ်လို့ပဲ ပြောရမလားပဲ။

တလောက ရန်ကုန်မှာ ငှားထားတဲ့ ရုံးခန်းကိစ္စကို အတော်လေး စကားပြောလိုက်ရတယ်။ လကုန်ခါနီး ၂၉ ရက်ကျမှ အိမ်ရှင်တွေ ပြန်နေမှာဖြစ်လို့ ၃၀ ရက်နေ့ ချက်ချင်းဆင်းပေးပါတဲ့။ အဓိပ္ပါယ် မရှိလိုက်တာဗျာ။ အိမ်ငှားတယ်ဆိုတဲ့ ကိစ္စမှာ ဆက်မငှားဘူးဆိုရင် ချက်ချင်း ဆင်းခိုင်းလို့ရတာမျိုးမှ မဟုတ်တာ။ ၁ လ ကြိုတင် ပြောမှ ရတာမျိုးပါ။ ကိုယ်က ဆက်မငှားလည်း ၁ လ ကြိုပြောရမယ်။ သူတို့က ဆက်မငှားလည်း ၁ လ ကြိုပြောရမယ်။ အဲဒီကိစ္စကို အချေအတင် အတော်လေး ပြောယူလိုက်ရတယ်။ အဲဒါနဲ့ ဇူလိုင်လ ၁ လ ဆက်ငှားခွင့် ရသွားတယ်။ ဇူလိုင်လကုန်ရင်တော့ ပြောင်းရမှာပေါ့။

သစ်ဆိုင်ကလည်း သစ်ဖိုးစရံငွေကို နောက်ထပ် သိန်း ၃၀ ထပ်ပေးပါပဲ ဖုန်းဆက်ပြောနေတယ်။ စရံက ၄ သိန်း တစ်ခါ ပေးထားသေးတယ်။ သူတို့ဆီက ပစ္စည်းတောင် မယူရသေးပါဘူး။ နောက်ပြီး လပွတ္တာမှာ တာဝန်ရှိသူတွေနဲ့ သွားရောက် ညှိနှိုင်းတဲ့အဖွဲ့က ပြန်တောင် မလာသေးဘူး။ ဘာလုပ်ဖြစ်မယ်မှန်း မသေချာသေးတဲ့အချိန်မှာ သူတို့ကို သစ်ဖိုးစရံငွေ သိန်း ၃၀ ဘယ်ပေးထားနိုင်အုံးမလဲ။ သူတို့ကလည်း သစ်တွေက ခွဲပြီးသားဖြစ်နေလို့ ပိုက်ဆံ စရံထပ်ချပေးပါတဲ့။ အဲဒါနဲ့ ပိုက်ဆံ လက်ထဲ မရှိသေးဘူး ဆိုပြီး ခဏ ချွေးသိပ်ထားရတယ်။ အဲဒီလို ရှင်းရတာလည်း ရှိသေးတယ်။ အဟ...

လပွတ္တာက အိမ်ငှားခတွေကလည်း အတော်လေးကို တက်နေပါတယ်။ အစက ၂ သိန်း... နောက် ၃ သိန်း။ အခု နောက်ဆုံး ငှားလိုက်တဲ့ ဈေးနှုန်းက ၅ သိန်းပါ။ အိမ်ဈေးတွေ တက်တာလည်း မထူးဆန်းပါဘူး။ UN တွေ၊ INGO တွေက လပွတ္တာမှာ ရုံးဖွင့်ဖို့ အိမ်တွေကို ဈေးကြီးပေး ငှားနေတော့ ဈေးတတ်ပြီပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတွေ ပိုင်တဲ့အိမ်တွေ အခုလို ဈေးကောင်းရတာလည်း တစ်မျိုးကောင်းတယ်လို့ တွေးမိပါတယ်။ အဲဒါနဲ့ အိမ်ကို ၂ လ ငှားဖို့ စီစဉ်ထားလိုက်ပါတယ်။ ကိုညီလင်းဆက်တို့ ကူညီပေးလို့ အဲဒီအိမ်ကို ရတာပါ။

ပထမတစ်ခေါက် လပွတ္တာကို သွားတုန်းက ပြန်လည်ထူထောင်ရေးအတွက် စကားပြောခဲ့တဲ့ ဗျူဟာမှုးက အခုမရှိတော့ဘူး။ နောက်ထပ် ဗျူဟာမှုးအသစ်တစ်ယောက် ရောက်နေပါတယ်။ အစတုန်းက ဗျူဟာမှုးနဲ့ တွေ့ခွင့် မရသေးဘူး။ ဗိုလ်ကြီးတစ်ဦးနဲ့ပဲ စကားပြောဖြစ်တယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဗိုလ်ကြီးက စီစဉ်ပေးလို့ ဗျူဟာမှုးနဲ့ တွေ့ခွင့်ရပါတယ်။

အခုတစ်ခေါက် တွေ့ခဲ့ရတဲ့ ဗျူဟာမှုးအသစ်လည်း သဘောကောင်းပါတယ်။ အေးဆေးပါပဲ။ သူက... မင်းတို့ ဘယ်နေရာဖြစ်ဖြစ် လိုအပ်တဲ့နေရာမှာ ဆောက်လုပ်မှာဆိုရင် တစ်ခုလောက် အကြံပေးချင်ပါတယ်တဲ့။ လပွတ္တာမြို့အစပ် ချောင်ကျိုချောင်ကြားက ရပ်ကွက်လေးတွေရဲ့ စာသင်ကျောင်းတွေ ပျက်စီးပြီး အခုချိန်အထိ ပြန်မပြင်နိုင်သေးပါဘူးတဲ့။ ကျောင်းကို ပြင်ဖို့ စီစဉ်နေပေမယ့် လောလောဆယ်မှာ အိမ်သာကိုတော့ ဘယ်သူမှ လာမလှူသေးဘူးတဲ့။ အဲဒါ မင်းတို့ လုပ်ပေးနိုင်ရင် ပိုအဆင်ပြေမယ်လို့... ကောင်းကောင်းမွန်မွန် ပြောပါတယ်။

အဲဒါနဲ့ ဗျူဟာမှုးပြောတဲ့ စာသင်ကျောင်းတွေကို သွားကြည့်တော့ အမှန်တကယ်လည်း အိမ်သာတွေ လိုအပ်နေပါတယ်။ ကျောင်းတွေက လပွတ္တာမြို့မှာသာဆိုတာပါ တကယ့် ရွာလေးတွေအတိုင်း အဝေးကြီး သွားရတာပါ။ အခုလောလောဆယ်တော့ ဗျူဟာမှုးက ကျွန်တော်တို့ကို အများသုံးအိမ်သာ လေးလုံးတွဲတွေ ဆောက်ခွင့်ပြုပါတယ်။ ဗျူဟာမှုးက နောက်ထပ် ပြောသေးတာက... မင်းတို့ လှူတယ်ဆိုရင် ကြိုက်တဲ့နေရာမှာ ကြိုက်သလို လှူဒါန်းလို့ ရပါတယ်။ အခု အဘပြောတာကတော့ တကယ်လိုအပ်နေလို့ လုပ်ပေးစေချင်တာပါတဲ့။ ကျောင်းတွေမှာ အိမ်သာ ဆောက်လုပ်ပြီးလို့ ဘတ်ဂျက်ရှိသေးရင်လဲ အခြားလိုအပ်တဲ့နေရာတွေ ရွာတွေမှာ ထပ်ဆောက်ပေါ့။ လိုအပ်တဲ့ အကူအညီ ရှိရင်လည်း ပြောပေါ့တဲ့။

အင်း... ဘာပဲဖြစ်ဖြစ်... လိုအပ်နေတဲ့ နေရာမှာ လိုအပ်သလို ဖြည့်ဆည်းပေးဖို့က အဓိကပဲလေ။ အခုလက်ရှိ ဘတ်ဂျက်အရ ၄ လုံးတွဲ အိမ်သာ ၁၈ လုံးအထိ ဆောက်ဖို့ စီစဉ်နေပါပြီ။ ၁ လုံးစီရေမယ်ဆိုရင် ၇၂ လုံးပေါ့။ အခုချိန်မှာ ကျောင်းတက်နေရပြီဖြစ်တဲ့ ကလေးတွေအတွက် အိမ်သာလိုနေတဲ့ ကျောင်းတွေကို အိမ်သာတွေ ဆောက်ပေးပြီးရင် အဲဒီလို အိမ်သာလိုအပ်တဲ့ အခြားရွာတွေမှာ ဆက်လက် တည်ဆောက်ပေးဖို့ကျွန်တော်တို့ ကြိုးစားကြအုံးမှာပေါ့ဗျာ။

တိမ်မည်းညိုတွေမှာ ငွေနားကွပ်လေးတွေ မြင်ရတော့လည်း စိတ်ချမ်းသာပါတယ်။

4 comments:

Anonymous said...

ကောင်းတာလုပ်တဲ့လူတွေဟာ ကောင်းတာပဲဖြစ်ရမှာပေါ့.....
အဆင်ပြေမှာပါ....

JulyDream said...

ကောင်းတာလုပ်ပြီး တရား ရသွားတဲ့ သူတွေလည်း အများကြီးဗျ။ အဲဒါကြောင့် ကောင်းတာလုပ်တိုင်း ကောင်းတာဖြစ်မယ်လို့ ဒီခေတ်ကြီးမှာ မမျှော်ဝံ့ပါဘူးဗျာ။

3D Crazy said...

တောင့်ထား ကိုယ့်လူ...
လူတိုင်းက ကိုယ်နဲ့တော့ ဘယ်တူနိုင်ပါ့မလဲ။
စေတနာ အကျိုးပေးပါလိမ့်မယ်။
အကြောင်းတရားတွေလဲ တတ်နိုင်သမျှအကောင်းဆုံးလုပ်နေတာပဲဟာ။

JulyDream said...

တောင့်ထားဆိုပဲ...
အင်း အဲဒါဆို အားဆေးလိုတယ်။
လူတိုင်း ကိုယ်နဲ့ မတူတာကို သိပါတယ်။ ဒါပေမယ့်... ဒါပေမယ့်ပေါ့ကွာ။ အတ္တရဲ့ သားကောင်တွေကို အမြင်ကတ်တာ ကြာပြီလေ။ အဟ...