Perseverance: steady persistence in a course of action, a purpose, a state, etc., especially. in spite of difficulties, obstacles, or discouragement.
(from dictionary.com)
ဇွဲကြီးသူတို့သည်..... သူတစ်ပါး မစဉ်းစားရဲသော အလုပ်မျိုးကို စဉ်းစားရွေးချယ်ရဲ၏။ အောင်မြင် ပြီးမြောက်အောင်လည်း လုပ်နိုင်ကြ၏။ ထို့ပြင် ဇွဲသမားတို့သည် ခက်ခဲသော အလုပ်များကို မတွန့်မဆုတ် လုပ်ကိုင်ရင်း ကျင့်သားရကာ သူတကာထက် ကြံ့ခိုင်ကျွမ်းကျင်လာတတ်သော သဘော၊ ထိုမှဆက်ကာ အောင်မြင်မှုတွေ ဆင့်ကဲဆင့်ကဲ ရရှိလာတတ်သော သဘောလည်း ရှိ၏။
ဥပမာ ဧ၀ရတ်တောင်တက်သည့် ကိစ္စကိုပဲ ကြည့်ပါ။ ဧ၀ရတ်တောင်ကို ဗြိတိသျှတို့ စတင် တွေ့ရှိကြသည့် ၁၈၅၀ ခုနှစ်လောက်မှ စကာ နိုင်ငံတကာတောင်တက်သမားများ တက်ရန် ကြိုးပမ်းခဲ့ကြသည်။ နှစ်ပေါင်း ၁၀၀ လောက် အထိ မအောင်မြင်ကြ။ ၁၉၅၃ ခုနှစ်တွင်မှ အက်ဒမန် ဟီလာရီနှင့် တင်ဇင်းနော်ဂေးတို့ နှစ်ယောက် တောင်ထိပ်သို့ ပထမဆုံး ရောက်ကြ၏။ ထို့နောက်ပိုင်း နှစ်ပေါင်း ၅၀ နီးပါးကာလအတွင်းတွင် နိုင်ငံတကာမှ တောင်တက်သမား ၃၆၀ ခန့် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြသော်လည်း တောင်တက်ရန် ကြိုးစားရင်း..... အသက်ဆုံးရှုံးခဲ့ရသူ ဦးရေမှာလည်း ၁၀၀ ကျော်မျှရှိခဲ့ရာ ဧ၀ရတ်တောင်ထိပ်သို့ ရောက်ရှိရေးသည် ယနေ့ထိ မလွယ်ကူသေးသော သဘောဖြစ်သည်။
သို့သော်... အဲသည် မလွယ်သော တောင်ကို အခေါက်ခေါက် အခါခါ ဆင်းလိုက် တက်လိုက် လုပ်နေသူတွေ ရှိသည်။ ရှာပ (Sherpa) ဟုခေါ်ကြသည့် နီပေါနိုင်ငံသား တိုင်းရင်းသား လူမျိုးတစ်စု။ သူတို့သည် နိုင်ငံတကာမှ လာသည့် တောင်တက်အဖွဲ့များကို လမ်းပြရင်း၊ ပစ္စည်းများ ထမ်းပိုး သယ်ဆောင်ပေးရင်း ဧ၀ရတ်တောင်ကို ကျွမ်းချင်တိုင်း ကျွမ်းနေကြသည်။
သူတို့အထဲမှာ ထင်ရှားသူတစ်ယောက်က ဘာဘူးချီရီ။ ဘာဘူးချီရီ (Babu Chiri) သည် တောင်တက် အထမ်းသမားအလုပ်ကို အသက် ၁၄ နှစ်အရွယ်က စ၍ လုပ်ခဲ့သည်။ အထမ်းသမားအဖြစ် ဟိမ၀န္တာ တောင်ထိပ် အတော်များများသို့ သူ ရောက်ခဲ့သည်။
သို့သော် တောင်ထိပ်ရောက်တာချင်း အတူတူ နိုင်ငံခြားသား တောင်တက်သမားများကိုသာ နိုင်ငံတကာ စာနယ်ဇင်းများက ချီးကျူးဖော်ပြကြသည်။ သူတို့ ရှာများကို အရေးတယူ မပြုကြ။ သူတို့ကို တောင်တက်သမား ဟူ၍ သဘောမထား၊ အလုပ်သမားများ ဟုသာ သတ်မှတ်ထားသည့် သဘောပင်။
သည်အနေအထားကို ပြောင်းလဲပစ်ဖို့ ဘာဘူးချီရီ ကြိုးပမ်းခဲ့သည်။။ ဧ၀ရတ်တောင်ကို အငှားလိုက်သူ အဖြစ် မဟုတ်ဘဲ သည်အတိုင်း မိမိဘာသာ တက်ပြသည်။ တောင်ပေါ်သို့ အမြန်ဆုံး ရောက်သည့်စံချိန်၊ အခေါက်ရေ အများဆုံး တက်သည့် စံချိန်၊ တောင်ပေါ်မှာ အကြာဆုံး နေနိုင်သည့် စံချိန်တွေ တင်နိုင်ဖို့ သူ ကြိုးစားသည်။
ဇွဲနပဲနှင့် ကြိုးစားသည့်အခါ သူအောင်မြင်သည်။ နိုင်ငံတကာ တောင်တက်သမားတွေသည် ဧ၀ရတ် တောင်ထိပ် ရောက်အောင် ပျဉ်းမျှခြင်း ရက်သတ္တပတ် နှစ်ပတ်ခန့် တက်ကြရသည်။ ဘာဘူးချီရီက တစ်ရက်ပင် မကြာ။ ၂၀၀၀ ပြည့်နှစ် မေလထဲတွင် သူတင်လိုက်သည့် စံချိန်က ၁၆ နာရီ ၅၆ မိနစ်။ သူများတကာတွေ တောင်တက်ရန်အတွက် ရက်လချီပြီး ပြင်ဆင်ရသည်။ ဘာဘူးချီရီက ၁၄ ရက်အတွင်း တောင်ထိပ်သို့ နှစ်ခေါက် အရောက် တက်ပြလိုက်သည်။
ဧ၀ရတ်တောင်ထိပ်သည် အလွန်အေးသော နေရာဖြစ်၍ တောင်တက်သမားများ အများစုတို့မှာ တောင်ထိပ် အထိ ရောက်အောင် တက်နိုင်ပြီးလျှင်..... ၀မ်းမြောက်ဝမ်းသာ အမှတ်တရ ဓါတ်ပုံတွေ ရိုက်ကြပြီး အလျင်အမြန်ပင် ပြန်ဆင်းသွားလေ့ ရှိကြသည်။ ဘာဘူးချီရီက တောင်ထိပ်မှာ ရွက်ဖျင်တဲတစ်လုံးနှင့် တစ်ယောက်တည်း အောက်ဆီဂျင် ဓါတ်ငွေ့ အကူအညီမပါဘဲ ၂၁ နာရီတိတိ နေပြခဲ့သည်။
အဲသည်လိုတွေ စွမ်းဆောင်ပြပြီးသည့်နောက်တွင် ဘာဘူးချီရီသည် အထမ်းသမား... မဟုတ်တော့။ တောင်တက် နည်းပြဆရာ ဖြစ်လာသည်။ တောင်တက်လုပ်ငန်း ကုမ္ပဏီပိုင်ရှင် တစ်ဦးလည်း ဖြစ်လာသည်။ သူ့အကြောင်းကို ကမ္ဘာ့စာနယ်ဇင်းကြီးတွေက တခမ်းတနား ဖော်ပြလာရသည်။
ဘာဘူးချီရီကို အထမ်းသမားဘ၀မှ တောင်တက်ပညာရှင်... လုပ်ငန်းရှင်ဘ၀သို့ ပြောင်းလဲပေးလိုက်သော အရာသည် ဇွဲနပဲပင် ဖြစ်သည်။
စစ်စစ် မည်သူမဆို မိမိစိတ်ဝင်စားသော အလုပ်၊ သို့တည်းမဟုတ် လက်ရှိ မိမိဘ၀ အခြေအနေအရ ရွေးချယ်နိုင်သမျှထဲမှ အကောင်းဆုံးအလုပ်ကို တကယ် စိတ်အားထက်သန်စွာ လုပ်ကိုင်မည်၊ သည်အလုပ်မှာ ငါ အကျွမ်းကျင် အလိမ္မာဆုံး လူဖြစ်ရမည် ဆိုသော ရည်မှန်းချက်မျိုး ထားရှိကာ စွဲစွဲမြဲမြဲ ဇွဲသန်သန်နှင့် ကြိုးစား လုပ်ကိုင်မည်ဆိုပါက အဲသည် လုပ်ငန်းနယ်ပယ်တွင် အထင်ရှား အအောင်မြင်ဆုံး ပုဂ္ဂိုလ်ဖြစ်လာမှာ သေချာပေသည်။
ဘာရယ်တော့ မဟုတ်ပါဘူး... ပို့စ်လေးတင်ပြီး ကိုယ်ဘာသာကိုယ် ပြန်ဆုံးမနေတာပါ။
နောက်မဆုတ်နဲ့ ကိုယ်ကံချွန် မဟုတ်ပေမယ့် နောက်မဆုတ်နဲ့ ကိုဇူလိုင်ပေါ့ဗျာ။

--------------------
ဆရာဖေမြင့်ရဲ့ စိတ်ဓါတ်နှင့်နည်းနာ စာအုပ်ထဲမှာပါတဲ့ "လူငယ်နှင့် တိုးတက်ကြီးပွါးရေး" ဆိုတဲ့ စာစုထဲက ထုတ်နှုတ်တင်ပြတာပါ။ အဲဒီစာစုထဲမှာ ဖော်ပြထားတဲ့ ရှာပ... ဘာဘူးချီရီတစ်ယောက်တော့ ၂၀၀၁ခု ဧင်္ပြီလမှာ ဆုံးပါးသွားခဲ့ပါတယ်။ ဧ၀ရတ်တောင်ထိပ်ကို ထပ်မံတက်ရောက်ဖို့ ကြိုးစားရင်း ပြုတ်ကျသေဆုံးခဲ့ရတာပါ။ဘာရယ်တော့ မဟုတ်ပါဘူး... ပို့စ်လေးတင်ပြီး ကိုယ်ဘာသာကိုယ် ပြန်ဆုံးမနေတာပါ။
နောက်မဆုတ်နဲ့ ကိုယ်ကံချွန် မဟုတ်ပေမယ့် နောက်မဆုတ်နဲ့ ကိုဇူလိုင်ပေါ့ဗျာ။
5 comments:
ကိုဂျူလိုင်ရေ မဆုတ်မနစ်ကြိုးစားချင်းဖြင့် လိုရာပန်းတိုင်းကို ရောက်ရှိအောင်မြင်ပါစေဗျာ....
:D Success is achieved not by strength, but by perseverance. :P
Perserverance အင်း ဒီအရည်အချင်းကို Entrepreneur တွေရဲ့ မရှိမဖြစ်အရည်ချင်းတစ်ရပ်အဖြစ် သင်ကြားခဲ့ရဖူးတယ်
ဆုံးမစကား အားပေးစကားများအတွက် အများကြီး ကျေးဇူးတင်ပါတယ် . . .
=)
ဘာရယ်တော့ မဟုတ်ပါဘူး။ လမ်းပေါ်ရောက်ရင်း လမ်းပျောက်နေမှာ စိုးလို့ ကိုယ့်ဘာသာကိုယ် ပြန်ဆုံးမထားတာပါ။
Post a Comment