.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, August 8, 2008

08-08-08

ဘာလိုလိုနဲ့ ၀၈-၀၈-၀၈ ကို တစ်ခါ ရောက်လာပြန်ပြီ။ ရှေ့နှစ်တုံးကတော့ ၀၇-၀၇-၀၇ ပေါ့။ ခုနစ် သုံးလုံး ဆုံတဲ့အခေါက်တုန်းက လပ်ကီးဆဲဗင်း ဆိုပြီး အနောက်နိုင်ငံတွေမှာ မင်္ဂလာပွဲတွေ ကျင်းပခဲ့ကြပါတယ်။ ဒီနှစ် ရှစ်သုံးလုံး ဆုံတဲ့နှစ်မှာ တရုတ်တွေက မင်္ဂလာပွဲတွေ လုပ်ကြပြန်ပါတယ်။ ၈ ဂဏန်းက စီးပွါးတိုးတက်တယ်လို့ ယူဆထားကြပုံပါပဲ။

ဒီနှစ်မှာ ၀၈-၀၈-၀၈ မြန်မာနိုင်ငံရဲ့ ၈ လေးလုံး အရေးတော်ပုံကတော့ နှစ် ၂၀ ပြည့်ပြီပေါ့။ ၈၈၈၈ မှာ မွေးတဲ့သူလည်း အခုဆို အသက် ၂၀ ရှိပြီပေါ့။ ၈၈ တုန်းက ၀ါးပွင့်တွေ ပွင့်တယ်တဲ့။ အခု ၂၀၀၈ မှာလည်း ချင်းပြည်မှာ ၀ါးပွင့်တွေ ပွင့်နေပြန်ပြီ။ နေကြတ်တာတွေ။ မြန်မာလကွယ်ရက် ၂ ရက် အင်္ဂလိပ်လ တစ်လထဲမှာ ရှိနေတာတွေ။ အင်း... စုံပလုံကို စိနေတာပါပဲ။ ဗေဒင်ကိန်းခန်းတွေအရ သွေးထွက်သံယိုတွေ ဖြစ်မယ်လို့ ပြောတဲ့စကားတွေ ရှိသလို အဲဒါတွေကို အယူသည်းပြီး စိုးရိမ်လွန်နေကြတဲ့ လူတွေကလည်း ရှိနေပါတယ်။ အာဏာပိုင်တွေဘက်ကလည်း ဟုတ်သော်ရှိ... မဟုတ်သော်ရှိ... လုံခြုံရေးတွေ အထူးတင်းကျပ်ထားလို့ ဓါတ်တိုင်တစ်တိုင်ခြားစီမှာ လက်နက်ကိုင် ရဲတစ်ယောက်စီ တာဝန်ချထားကြောင်း ရန်ကုန်က သူငယ်ချင်းတွေ လှမ်းပြောပြလို့ ကြားရပြန်တယ်။ ဒီမိုး ဒီလေနဲ့ ရွှေပြည်တော်ကြီး မျှော်တိုင်း ဝေး... နေအုံးမှာပါ။

ဒီနှစ် ၀၈-၀၈-၀၈ မှာတော့ ၂၀၀၈ တရုတ် ပေကျင်း အိုလံပစ်ပွဲတော် ဖွင့်ပွဲကို ကျင်းပပါတယ်။ ကမ္ဘာတစ်ဝှန်းက နိုင်ငံခေါင်းဆောင်တွေ တက်ရောက်တာကို တွေ့ရပါတယ်။ အမေရိကန်သမ္မတ ပြင်သစ်သမ္မတတို့ကိုလည်း တွေ့ရပါတယ်။ စင်္ကာပူ လီကွမ်းယူလည်း ဖွင့်ပွဲကို တက်ပါတယ်။ ၂၀၀၈ ပေကျင်း အိုလံပစ်ပွဲတော်ကို တရုတ်သမ္မတ ဟူကျင်တောင်က ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီအိုလံပစ်ပွဲတော်မှာ နိုင်ငံပေါင်း ၂၀၄ နိုင်ငံက အားကစားသမားပေါင်း ၁၁၀၂၈ ဦးက အဓိက အားကစားနည်း ၂၈ မျိုးမှာ ပါဝင် ယှဉ်ပြိုင်ကြမှာပါ။ တရုတ်နိုင်ငံအနေနဲ့ အိုလံပစ်ပွဲတော် အိမ်ရှင်အဖြစ် ၂၀၀၁ ခု ဇူလိုင်လ ၁၃ ရက်နေ့မှာ ရွေးချယ်ခံရတာပါ။ အိမ်ရှင်အဖြစ် လျှောက်ထားတဲ့ တိုရန်တို၊ ပဲရစ်၊ အီစတန်ဘူးလ်၊ အိုစကာတွေနဲ့ ယှဉ်ပြိုင်ပြီး မဲအသာနဲ့ ရွေးချယ်ခံခဲ့ရတာပါ။ တရုတ်လူမျိုးတွေကတော့ ၂၀၀၈ ပေကျင်း အိုလံပစ်ပွဲတော်အတွက် အတော်လေးကို ဂုဏ်ယူနေကြတာကို တွေ့မြင်ရပါတယ်။ ဖွင့်ပွဲကိုလည်း အတော်လေး ကြီးကျယ်ခမ်းနားအောင် အစွမ်းကုန် ပြင်ဆင်ထားတာ တွေ့ရမှာပါ။

ဒီနှစ် ၀၈-၀၈-၀၈ မှာ တစ်ယောက်သောသူအတွက် အမှတ်တရ မွေးနေ့ဆုတောင်းလေး မတင်ဖြစ်ပါဘူး။ အဲဒီလိုပဲ မွေးနေ့ကဒ်လေးလည်း မပို့ဖြစ်ပါဘူး။ မွေးနေ့တိုင်း မွေးနေ့ကဒ်လေး ပို့ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာ မွေးနေ့ကဒ် ပို့ရမလား... မပို့ရဘူးလားပေါ့။ ချီတုံချတုံ ဒွိဟဖြစ်နေတဲ့ စိတ်အစုံမှာ ဆုံးဖြတ်ချက်ချဖို့ ခက်နေပါတယ်။ နှလုံးသားနဲ့ ဦးနှောက် လွန်ဆွဲတဲ့ပွဲမှာ ဒီတစ်ခါတော့ ဦးနှောက်ကို အနိုင်ပေးထားပါတယ်။ မွန်းကျပ်တဲ့ ခံစားချက်တွေကို အလုပ်ထဲမှာ နှစ်မြှုပ်ထားပြီး အထီးကျန် ဆန်တဲ့ ဘ၀ခရီးလမ်းကို ပဲ့ကိုင်ရှင် မရှိပဲ ရွက်လွင့်ဖြတ်သန်းဖို့ ကြိုးစားရမှာပါပဲ။ လွမ်းစရာရှိရင် နာစရာနဲ့ ဖြေဆိုလို့ ဖြေဖို့ ကြိုးစားပေမယ့် နာစရာတွေတိုင်းမှာ လွမ်းစရာလေးတွေ ရှိနေပြန်ရော။ ဘ၀ဆိုတာ ပန်းခင်းလမ်း မဟုတ်ဘူး ဆိုတော့လည်း... ရင်ဆိုင်ရဲရဲပေါ့။ မိုးရဲရင်... ဆောင်းရဲရမယ်လေ။ အဲ... သူက နှင်းဆိုတော့ ဆောင်း ပေါ့။ ကျွန်တော်က ဇူလိုင်ဆိုတော့ မိုးပေါ့။ အဲဒီတော့ ပြန်ပြောင်းလိုက်မယ်ဗျာ။ ဆောင်းရဲရင်... မိုးရဲရမယ်။ အဟက်...

ဒီနှစ် ၀၈-၀၈-၀၈ ည ၁၀ နာရီမှာ ဦးလေးအကြီး ဆုံးသွားကြောင်း ဖုန်းဝင်လာပါတယ်။ အသည်းရောင် အသားဝါ ဘီပိုးကနေ အသည်းကင်ဆာ ဖြစ်ပြီး ဆုံးပါးသွားတာပါ။ သူ ဘီပိုးကြောင့် ဆေးရုံတက်တဲ့ အချိန်က ၂၀၀၆ ခုနှစ် မှာပါ။ သူငယ်ချင်းတွေနဲ့အတူ အာရှတော်ဝင်ဆေးရုံသွား လူနာကြည့်ရင်း အပြန်လမ်းမှာ အသည်းရောင် အသားဝါ ရောဂါပိုးအကြောင်း မြန်မာပြည်လူထု သိရှိအောင် လုပ်ကြမယ်ဆိုပြီး တောကျီးကန်း အဖွဲ့လေး စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ တောကျီးကန်းအဖွဲ့ စတင်ဖွဲ့တည်ခဲ့ရာ ပင်မမြစ်ဖျားတစ်ခုဖြစ်ခဲ့တဲ့ ဦးလေးကတော့ အခုတော့ ဘ၀တစ်ပါး ပြောင်းသွားပါပြီ။ တောကျီးကန်းလေး ကတော့ ၂ နှစ်သားရှိသွားပါပြီ။ ၂ နှစ်ဆိုတဲ့ ကာလမှာ အခက်အခဲ အတားအဆီး အမျိုးမျိုးကို ရင်ဆိုင်ပြီး ကျော်ဖြတ်နေပါတယ်။

ဘာရယ်တော့ မဟုတ်ပါဘူး.....
၂၀၀၈ သြဂုတ်လ ၈ ရက်နေ့... ၀၈-၀၈-၀၈ မှတ်တမ်းလေးတစ်ခုပါ။

4 comments:

စိုးထက် - Soe Htet ! said...

Congrats !
Happy 2nd Anniversary Raven BC!
Cheers !

လင်း said...

ဦးလေးဆုံးသွားတယ်ဆိုလို့ စိတ်မကောင်းပါ၊ အလွမ်းပေါ်စိတ်မကောင်းစရာတွေဆင့်ပြီး အမှတ်တရတွေများနေပြီပေါ့ ၀၈-၀၈-၀၈က

ဆောင်း said...

တောကျီးကန်း အဖွဲ့ ပိုမိုအောင်မြင်ပါစေ..
www.saundoo.blogspot.com

ခင်မင်းဇော် said...

8 ရက်နေ့က သတိရတယ်.. ဒါပေမယ့် မေ့မေ့ပျောက်ပျောက် နေပါစေ ဆိုပြီး လှမ်းမစ တော့တာ။ ခုတော့ ပို့စ်ထဲမှာ နည်းနည်းတော့ တို့ထိထားသကိုး..။
ဒီလိုပါပဲလေ ...