.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, August 18, 2008

The Chinese Valentine's Day

ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ကို လူသိများကြပါတယ်။ အနောက်တိုင်းမှာ ချစ်သူများနေ့ ရှိသလို တရုတ်မှာလည်း ချစ်သူများနေ့ ရှိပါတယ်။ တရုတ်ပြက္ခဒိန်အရ ၇ လ ၇ ရက်နေ့ဟာ ချစ်သူများနေ့ ဖြစ်ပါတယ်။ ဒီနှစ် ၂၀၀၈ မှာတော့ သြဂုတ်လ ၇ ရက်နေ့ဟာ တရုတ်ချစ်သူများနေ့ပါ။ ၂၀၀၇ တုန်းကတော့ သြဂုတ်လ ၁၇ ရက်နေ့ပေါ။ အဲဒီတရုတ်ချစ်သူများနေ့နဲ့ ပါတ်သတ်တဲ့ နောက်ခံပုံပြင်လေးတွေထဲမှာ နွားကျောင်းသားလေးနဲ့ ယက္ကန်းသည်မလေး ပုံပြင်ဟာ လူသိများ ထင်ရှားပါတယ်။

ဟိုးရှေးရှေးတုန်းက အဖေအမေ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ သူ့ကို သူ့အကိုနဲ့ သူ့အကိုရဲ့ မိန်းမဖြစ်သူ မရီးတို့က ခေါ်ယူ ကျွေးမွေးထားပါတယ်။။ နွားတင်းကုပ်ထဲမှာပဲ နေရတဲ့ သူ့ကို လူတွေက နွားကျောင်းသားလေးလို့ ခေါ်ဝေါ်ကြပါတယ်။

တဖြည်းဖြည်း အရွယ်ရောက်လာပြီဖြစ်တဲ့ နွားကျောင်းသားလေးကို အမွေတွေ ခွဲပေးရမှာ မလိုလားတဲ့အတွက် မရီးဖြစ်သူက နွားကျောင်းသားလေးကို အိမ်မှာ မထားဖို့ လင်ယောကျာ်းကို ပူဆာပါတယ်။ မရီးဖြစ်သူက နွားကျောင်းသားလေး တချိန်ချိန်မှာ အမွေတွေ တောင်းရင် သူတို့အတွက် မကျန်မှာကို စိုးရိမ်နေပုံပါပဲ။ အဲဒါနဲ့ မိန်းမစကား နားထောင်ရတဲ့ အကိုဖြစ်သူကလည်း ညီငယ် နွားကျောင်းသားလေးကို ကျွဲတစ်ကောင်နဲ့ လှည်းအစုတ် တစ်စီးကို အမွေအဖြစ် ခွဲပေးပြီး အိမ်ကနေ နှင်ချလိုက်ပါတော့တယ်။

အဲဒါနဲ့ သနားစရာ နွားကျောင်းသားလေးဟာ သူ့ပစ္စည်းတွေကို ထုပ်ပိုး... လှည်းပေါ်တင်ပြီး ကျွဲကြီးနဲ့အတူ အိမ်ကနေ ထွက်ခွာခဲ့ရပါတယ်။ အဲဒီလိုနဲ့ တောင်ခြေတစ်ခုက မြေကွက်လပ်ကို ရှင်းလင်းပြီး ထွန်ယက်စိုက်ပျိုး အသက်မွေးဝမ်းကြောင်း ပြုရှာပါတယ်။

တစ်နေ့မှာ နွားကျောင်းသားလေးဟာ လယ်ထွန်ပြီး နေ့လည်ခင်းအချိန် တရေးတမော အိပ်စက် အနားယူနေပါတယ်။ အဲဒီအချိန်မှာ တစ်စုံတစ်ယောက်က နွားကျောင်းသားလေးရေ..... လို့ လှမ်းခေါ်သံကို ကြားလိုက်ရပါတယ်။ နွားကျောင်းသားလေး မျက်လုံးဖွင့်ကြည့်တော့လည်း ဘေးနားမှာ သူ့ကျွဲကြီးကလွဲလို့ ဘယ်သူမှ မရှိပါဘူး။ သေသေချာချာ ကြည့်တော့မှ ကျွဲကြီးက သူ့ကို စကားပြောနေတာဖြစ်နေတယ်။

ကျွဲကြီးက ပြောပါတယ်။ တကယ်တော့ ငါက မိုးကောင်းကင်က အပြာရောင်ကြယ် တစ်ခုပါ။ ငါ့အပြစ်တွေ ဆေးကြောဖို့အတွက် လူပြည်ကို ဆင်းလာရတာပါ။ အခုချိန်မှာတော့ မင်းအတွက် ဇနီးတစ်ယောက် ရှာပေးရမယ့် အချိန်ကို ရောက်နေပါပြီ။ အလွန်ကောင်းတဲ့ အခွင့်အရေးတစ်ခု မင်းအတွက် ရှိနေပြီ။ အဲဒါကို မင်း ဒီအချိန်မှာ လက်မလွှတ်သင့်ပါဘူး။ မနက်ဖြန်မှာ မင်း အရှေ့က တောင်ဆီကို သွားပါ။ သစ်တောတစ်ခု တွေ့ရင် အဲဒီ တောထဲကို ဆက်ဝင်သွားပါ။ တောထဲမှာ ရေကန်ကြီးတစ်ခု တွေ့ရလိမ့်မယ်။ မင်း... အဲဒီရေကန်ဘေးက သစ်ပင်တစ်ပင်ပေါ်ကို တက်ပြီး ပုန်းနေပါ။

အဲဒါနဲ့ နောက်တစ်နေ့ မနက်မှာ နွားကျောင်းသားလေးလည်း ကျွဲကြီး ပြောတဲ့အတိုင်း တောထဲဝင်ပြီး ရေကန်ကြီးဆီကို လာခဲ့ပါတယ်။ ရေကန်ဘေးနားရောက်တော့ အပင်အပေါ် တက်ကြည့်တာပေါ့။ ဘာတွေမြင်လိုက်ရသလဲ ဆိုတော့... ရေကန်ထဲမှာ နတ်သမီးလေးတွေ ရေချိုးနေတာကို မြင်လိုက်ရတာပေါ့။ အဲဒါနဲ့ အပင်ပေါ်က တိုးတိုးတိတ်တိတ် ပြန်ဆင်းလာပြီး ရေကန်ဘေးနားမှာ နတ်သမီးလေးတွေ ချွတ်ထားတဲ့ နတ်ဝတ်တန်စာတွေနား ကပ်လာခဲ့ပါတယ်။ သူ့ကို ကျွဲကြီး မှာထားတဲ့အတိုင်း အနီရောင်ဝတ်စုံ တစ်စုံကို ယူထားလိုက်ပါတယ်။ သူ့ဆီမှာ အနီရောင် ၀တ်စုံကို လာမေးတဲ့ နတ်သမီးလေးဟာ သူ့မိန်းမပဲလို့ သတ်မှတ်လိုက်ပါတယ်။

နတ်သမီးလေးတွေ ရေမိုးချိုး ဆော့ကစားလို့ ၀တဲ့အခါ နတ်ပြည်ကို ပြန်ဖို့ ပြင်ဆင်ကြပါတယ်။ အဲဒီအခါမှာ နတ်သမီးလေးတစ်ပါးမှာ နတ်ဝတ်တန်ဆာတွေ ပျောက်နေပါတယ်။ ကျန်တဲ့ နတ်သမီးလေးတွေလည်း ၀ိုင်းရှာပေးကြပေမယ့် မတွေ့ကြပါဘူး။ အဲဒါနဲ့ ကျန်တဲ့ နတ်သမီးတွေဟာ နတ်ပြည်ကို အ၀င် နောက်ကျမှာ စိုးတာနဲ့ မစောင့်တော့ပဲ မိုးကောင်ကင်ပေါ် ပြန်တက်သွားကြပါတယ်။

ကျန်ခဲ့တဲ့ နတ်သမီးလေးက ကောင်းကင်မယ်တော်ကြီးရဲ့ မြေးမလေးတစ်ဦးပါ။ နတ်ပြည်မှာ ယက္ကန်းယက်တဲ့ နတ်သမီးလေးပေါ့။ မိုးကောင်းကင်က တိမ်စိုင်တိမ်ခဲတွေက သူမရဲ့ လက်ရာတွေပေါ့။ နတ်ပြည်မှာ နေရတာ ပျင်းလွန်းလို့ဆိုပြီး ကောင်းကင်မယ်တော်ကြီး အိပ်မောကျတဲ့အချိန် လူ့ပြည်ကို ခိုးထွက်လာရင်း အခုလို အ၀တ်ပျောက်တဲ့ ဘ၀ကို ရောက်ရရှာတာပါ။ အဲဒီလိုနဲ့ပဲ နွားကျောင်းသားလေးနဲ့ နတ်သမီးလေးတို့ အကြင်လင်မယားတွေ ဖြစ်သွားကြပါလေရော။ နောက်တော့ ကလေးတွေပါ မွေးကြတာပေါ့။

လူ့ပြည်မှာ ၇ နှစ်လောက် ကြာတဲ့အခါ နတ်ပြည်မှာတော့ ၇ ရက် ရှိသွားပါပြီ။ အဲဒီအချိန်မှာ မယ်တော်ကြီးလည်း ယက္ကန်းသည် နတ်သမီးလေး ပျောက်နေတာကို သတိထားမိသွားပါတယ်။ နတ်ပြည်ကနေ လူ့ပြည်ကို နတ်ကြေးမုံကနေတဆင့် လှမ်းကြည့်လိုက်တော့ တောင်ခြေက လယ်တောအိမ်လေးမှာ သားသမီးတွေနဲ့ ပျော်ရွှင်နေတဲ့ နတ်သမီးလေးကို တွေ့သွားပါတယ်။ နွားကျောင်းသားလေး လယ်တောထဲမှာ လယ်ထွန်နေတုန်း နတ်ပြည်က မယ်တော်ကြီး ဆင်းလာပြီး နတ်သမီးလေးကို ပြန်ဖမ်းခေါ်သွားပါတော့တယ်။

ကလေးတွေက သူ့တို့အမေကို ဖမ်းခေါ်သွားတာ တွေ့တော့ လယ်ထွန်နေတဲ့ အဖေဆီကို ငိုယိုပြီး လာပြောကြတာပေါ့။ အဲဒါနဲ့ နွားကျောင်းသားလေးလည်း ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ နတ်သမီးလေးကို ဖမ်းခေါ်သွားတာ တွေ့လိုက်ရတာပေါ့။ အဲဒါနဲ့ သားနဲ့ သမီးကို တောင်းထဲထည့် ခေါ်ခဲ့ပြီး လိုက်ကြတာပေါ့။ ဒါပေမယ့် ဟိုက ကောင်းကင်ကနေ ပျံနေတာ ဆိုတော့ လိုက်လို့ မမှီဘူးဖြစ်နေတယ်။ အဲဒီအချိန်မှာ ကျွဲကြီးက သူ့ဦးချိုတွေကို လှေတစစင်းအဖြစ် ဖန်ဆင်းလိုက်ပြီး နွားကျောင်းသားလေးကို လှေပေါ်တက်ဖို့ လှမ်းပြောပါတယ်။ ကလေးတွေနဲ့အတူ လှေပေါ်တက်ပြီးတာနဲ့ချက်ချင်း လှေက မိုးကောင်းကင်ပေါ်ကို ပျံတက်သွားပါတယ်။

နွားကျောင်းသားလေး လှေနဲ့ လိုက်လာတာကို တွေ့လိုက်ရတဲ့ ကောင်းကင်မယ်တော်ကြီးက နတ်သမီးလေးနဲ့ နွားကျောင်းသားလေးတို့ ကြားမှာ ဧရာမ မြစ်ပြင်ကျယ်ကြီးကို ချက်ချင်း ဖန်ဆင်းလိုက်ပါတယ်။ လှေလေးက မြစ်ပြင်ကျယ်ကို ဖြတ်သန်းနိုင်ပေမယ့် မြစ်က ကြီးသထက် ကြီးကြီးလာပါတယ်။ ဒီလိုနဲ့ နွားကျောင်းသားလေး တစ်ယောက် မြစ်ပြင်ကျယ်ကို ဖြတ်ကျော်ဖို့ အခက်တွေ့နေရပါတယ်။

အဲဒီအချိန်မှာ မရေတွက်နိုင်လောက်အောင် များပြားတဲ့ ငှက်ကြားတွေ အုပ်စုဖွဲ့ ပျံသန်းလာကြပါတယ်။ ပြီးတော့ ကောင်းကင်ပေါ်က မြစ်ပြင်ကြယ်ကြီးပေါ်မှာ ငှက်တံတားတစ်ခုအဖြစ် ဖန်တီးကြပါတယ်။ အဲဒီ ငှက်တံတားပေါ်ကနေ နွားကျောင်းသားလေး ဖြတ်လာပြီး နတ်သမီးလေးနောက် လိုက်လာခွင့်ရလိုက်ပါတယ်။

နောက်ဆုံးတော့ ကောင်းကင်မယ်တော်ကြီးလည်း ချစ်သူနှစ်ဦးကို အလျှော့ပေး လိုက်လျောတဲ့အနေနဲ့ နှစ်စဉ် ၇ လ ၇ ရက် ရောက်တိုင်း ကောင်းကင်ဘုံမှာ ချစ်သူနှစ်ဦးကို ဆုံတွေ့ခွင့်ပေးပါတော့တယ်။

ကဲ... အဲဒါလေးကတော့ တရုတ်ချစ်သူများနေ့ နောက်ခံပုံပြင်လေးပါပဲကွယ်။

6 comments:

little moon said...

ကဲကဲ ပုံပြင်ကတော့ ဟုတ်ပါပြီ။ ကိုဂျုလိုင်ကိုယ်တိုင်ကရော ဘယ်ကောင်မလေးရေချိုးတာ ချောင်းကြည့်ခဲ့ပြီး အ၀တ်အစားတွေ တိုထားလို့ ဘာတွေဆက်လုပ်တယ် ဆိုတာလေး ပြောပါဦး :P

JulyDream said...

ဗျာ... ကိုလပိစိကွေး (ကလေးအဖေ ပူပူနွေးနွေးကြီး)...
ကောင်မလေးတွေ ရေချိုးတာကို ဘယ်နားကနေ ဘယ်လို သွားချောင်းရမယ်တောင် မသိသေးပါဘူးဗျာ။ သူတို့ရဲ့ အ၀တ်အစားတွေကို တိုဖို့ကတော့ ဝေးပါသေးတယ်။ ဘာတွေ ဆက်လုပ်ရမယ်ဆိုတာ ကိုလကလေးတို့လို့ အတွေ့အကြုံရှိ ရှေ့တန်း တိုက်စစ်မှုးတွေ ပြောပြ သင်ပေးမှ သိရမယ့် ဘ၀လေးပါ ခင်ဗျာ။

ရွှေပြည်သူ (ShwePyiThu) said...

စိတ်ဝင်စားစရာဇာတ်လမ်းလေးအတွက် ကျေးဇူးတင်ပါတယ် July Dream ရေ... ဒဏ္ဍာရီဇာတ်လမ်းကရော အရေးအသားကပါ တကယ် ကောင်းပါတယ်။

Alvin S. C. Lee said...

Astronomy guide for those who want to look through the sky with telescope...

牛郎星 (Altair, brightest star of Aquila constellation) represents the man. The two stars (Aquila -β and -γ) at Altair's side represents the two children.

织女星 (Vega, brightest star of Lyra constellation) represents the heavenly fairy.

Cygnus constellation represents the 鹊桥 ('magpie bridge') across the 银河 (Milky Way).

For those who want to know more about 七夕 ('The Night of Sevens'), you may want to read the story of Cowherd and Weaver Girl

Unknown said...

ဒီပုံပြင်ကို ကြားဖူးတယ်။ ဒါပေမယ့် တရုတ် ဗယ်လင်တိုင်းမှန်း မသိဘူး။ အခုမှ သိရတာ။

JulyDream said...

မရွှေပြည်သူရေ...
ကျွန်တော့် အရေးအသားက ပုံမှန်ပဲခင်ဗျ။ တခါတလေ စာတွေ ထွေးနေမှာတောင် စိုးနေရတယ်။

ကရ၀ိတ်ကြီးရေ...
အခုလို ထပ်ဆင့် ဝေမျှတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ကိုနေမင်းရေ...
ဟုတ်ကဲ့။ ဒီပုံပြင်လေးက တရုတ်ချစ်သူများနေ့ နောက်ခံ ပုံပြင်လေးတစ်ပုဒ်ပါ။