.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, August 2, 2008

The new shell

ဒီရက်ပိုင်းတွေမှာ အိမ်ရှာရတာနဲ့ အိမ်ပြောင်းရတာနဲ့ အလုပ်တွေ များနေတယ်။ စကာင်္ပူမှာ နေဖို့တစ်နေရာ ရဖို့ဆိုတာလည်း အတော်ကို မလွယ်တာပါ။ တကယ်ဆို အိမ်မှာ နေရတဲ့အချိန်က သိပ်မများပေမယ့် ကျောခင်းဖို့ တစ်နေရာကတော့ မရှိမဖြစ် လိုအပ်တော့လည်း အိမ်ဆိုတာ ရှိရမှာပါပဲ။ ဒါကြောင့် အိမ်ဆိုတဲ့ အခွံလေးတော့ လိုတယ်လေ။

အရင်ကနေတဲ့ အိမ်ရဲ့ အိမ်ရှင်က သူ့အိမ်ကို ရောင်းတော့မှာဆိုတော့ ကိုယ်တွေအနေနဲ့ ဆက်နေဖို့ အာမခံချက် မရှိတော့ပါဘူး။ သူက နောက်ထပ် အိမ်အသစ်တစ်လုံး ထပ်ဝယ်ထားတော့ လက်ရှိ အိမ်ကို ရောင်းရမှာပါ။ အိမ်ရှင်ပြောတာကတော့ မိသားစုတစ်ခုကို အိမ်တစ်လုံးထက် မပိုင်ရဘူးလို့ ပြောတာပါပဲ။ အိမ်ရှင်က အိမ်ပြောင်းပေးဖို့ မတောင်းဆိုသေးပေမယ့် အချိန်မရွေး ပြောင်းခိုင်းနိုင်တဲ့ အနေအထားဆိုတော့ နေရထိုင်ရတာ စိုးတထိတ်ထိတ်ပဲလေ။ နောက်ပြီး ပွဲစားတွေ လာလာကြည့်တာကို မခံချင်တာလည်း ပါတယ်။ ကိုယ်တွေ နေထိုင်ရတာ မလွတ်လပ်သလို ခံစားရတယ်။

အဲဒါနဲ့ ငှားဖို့ အိမ်တွေ လိုက်ကြည့်ရပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေလည်း အနားမနေရပါဘူး။ အိမ်သတင်း ကြားရင် လက်တို့ပါတယ်။ ဖုန်းနဲ့ မတ်ဆေ့ခ်ျ ပို့ပေးပါတယ်။ သတင်းစာကနေ အိမ်ငှားမယ့် ကြေငြာတွေကို ဖတ်ရပါတယ်။ နေရထိုင်ရ အဆင်ပြေမယ် ထင်တဲ့ အိမ်ငှားကြေငြာတွေကို စုစည်းပြီး ပွဲစားတွေ အိမ်ပိုင်ရှင်တွေဆီကို ဖုန်းဆက်ကြည့်ရပါတယ်။ ပြီးတော့ အိမ် လာကြည့်လို့ ရမယ့်အချိန်ကို ညှိရပါတယ်။ ပြီးရင် အိမ်အနေအထားကို သွားကြည့်ရတာပေါ့ဗျာ။

အိမ်ဈေးတွေက ခေါင်ခိုက်နေတာ အိမ်တွေ သွားကြည့်တော့လည်း အဆင်မပြေတာ များတယ်။ အိပ်ခန်း ၂ ခန်းထဲ ရှိတဲ့ အိမ်ကို လူ ၆ ယောက်လောက် နေရင် ဈေးကို ထပ်တိုးမယ် ဆိုတာက ရှိသေးတယ်။ အိမ်ကတော့ ကောင်းပါရဲ့ အ၀တ်လျှော်စက် ကုတင် မွေ့ယာ မပါလို့ မငှားဖြစ်တာလည်း ရှိပြန်ရော။ အဲဒါတွေ မပါလို့ ကိုယ်က ၀ယ်ထည့်တာက အရေးမကြီးဘူး။ နောက်တစ်ခါ အိမ်ထပ်ပြောင်းရင် ဒီပစ္စည်းတွေ အများကြီးနဲ့ ပြောင်းရရွှေ့ရတာ အဆင်မပြေဘူးလေ။ တချို့အိမ်တွေကျတော့ အခန်း ဖွဲ့စည်းပုံ မကြိုက်တာနဲ့ သွားရလာရ ဝေးတာနဲ့ မငှားဖြစ်ပြန်ဘူး။ အဲဒီလိုနဲ့ အိမ်ရှာရတာ အတော်ကို ကြာပြန်ရော။

အခု နောက်ဆုံးတော့ အိမ်ကို တွေ့တော့ အဆင်ပြေတာနဲ့ ယူလိုက်ပါတယ်။ အိမ်ရှင်က ချက်ချင်း ပြောင်းမှ ငှားမယ်ဆိုတော့လည်း သြဂုတ်လမှာ ချက်ချင်း ပြောင်းပေးရတာပေါ့။ နဂိုအရင် အိမ်မှာ အိမ်ပြောင်းမယ် ဆိုတာ ၁ လ ကြို မပြောထားမိတော့ တင်ထားတဲ့ Deposit ၁ လစာ အသားတင် ကုန်ရတာပေါ့။ ၁ လ ကြိုပြောဖို့ ဆိုတာကလည်း အိမ်ရလား မရလား မသေချာသေးတော့ ယတိပြတ် မပြောနိုင်ဘူးလေ။ အခု ရထားတဲ့ အိမ်ကလည်း အဆင်ပြေတယ် ဆိုတော့ ရတုန်းလေး ယူထားလိုက်ရတာ။ အချိန်ကုန် လူပန်းတဲ့ အိမ်ရှာရတဲ့ အလုပ်ကို စိတ်ကုန်တာလည်း ပါတာပေါ့ဗျာ။

အိမ်ပြောင်းရတဲ့ ဒုက္ခကလည်း မသေးပါဘူး။ လူတစ်ယောက်စာ ဘာမှမရှိဘူး မှတ်နေတာ တကယ် ထုပ်ပိုးကြည့်တော့ အားပါးပါး အထုပ်တွေ မနည်းလှပါလား။ အ၀တ်သေတ္တာတင် ၂ လုံး။ ကျန်တဲ့ စာအုပ်တွေက ခရီးဆောင်အိတ် တစ်လုံး အပြည့်။ ကျန်တဲ့ စာရွက်စာတမ်းတွေ၊ တိုလီမိုလီတွေကလည်း မနည်းမနောပါပဲ။ Taxi ကားတစ်စီးနဲ့ ဆန့်တာကိုပဲ ကျေးဇူးတင်ရပါမယ်။ Taxi တွေကလည်း မူသေးတယ်ဗျ။ ပစ္စည်းတွေ အများကြီးနဲ့ဆို သိပ်မတင်ချင်ပုံပဲ။ ၂ စီး ၃ စီးလောက်က ဟိုလိုလို ဒီလိုလိုနဲ့ အရူးကွက် နင်းသွားတယ်။ သဘောကောင်းတဲ့ Taxi ကားကျတော့လည်း ကောင်းချက်က ရှယ်ပဲဗျာ။ ပစ္စည်းတွေတောင် ၀ိုင်းသယ်ပေးသေးတယ်။ ပစ္စည်း ၀ိုင်းကူသယ်ပေးမယ့် သူငယ်ချင်းကလည်း မနက် ၇ နာရီမှ အိပ်ရာဝင်လို့ အရမ်းအိပ်ချင်တာနဲ့ မလာတော့ဘူးတဲ့။ အင်း... မွေးတုန်းကလည်း တစ်ယောက်တည်းပဲ။ အခုလည်း တစ်ယောက်တည်းပဲပေါ့။ အဲဒီလိုနဲ့ ပြောင်းရွှေ့လိုက်တာ အခုတော့ အိမ်အသစ်မှာ ဇိမ်ကျနေပါပြီ။

ပျော်ရာမှာ မနေရ... တော်ရာမှာ နေနေရတဲ့... ၀င်ကစွပ် ကျွန်တော်ဇူလိုင် အခုတော့ အခွံအသစ်လေးထဲမှာ နေ့သစ်တွေကို ခေါင်းမာစွာနဲ့ ဖြတ်သန်းဖို့ အသင့်ဖြစ်နေပါပြီ။

ဘာပဲဖြစ်ဖြစ်လေ...
မုန်တိုင်းပြီးရင် လေပြေကတော့ လာစမြဲပဲလေ။ ဟုတ်တယ် ဟုတ်...

12 comments:

ရွှန်းမီ said...

:-)
ဟုတ်ပါပြီ.. မုန်တိုင်းနိုင် သိုင်းသမားကြီးရယ်.. ။
လေပြေကို မျှော်နေပြီပေါ့..။
;-)

Anonymous said...

ဟုတ်တယ် ကိုဇူလိုင်ရေ.... မုန်းတိုင်းပြီးရင်တော့ လေပြေလာစမြဲပါပဲ... အဲဒီမုန်တိုင်းကိုတော့ ခံနိုင်ရှိရှိနဲ့တော့ ဖြတ်သန်းနိုင်ရမယ်... ဟီးဟီး... ဒါပဲလေ.. အဆင်ပြေပါစေ... ဒို့တိုကြီး

Soe Mya Nandar Thet Lwin (Borros Roxo) said...

God luck with your new shelf.

:))
SMNTL

P.Ti said...

အိမ်အသစ်မှာ အဆင်ပြေပါစေဗျာ။ ကျွန်တော်ကတော့ အိမ်ပြောင်းတာ ၆ ခါလောက်ရှိနေပြီဆိုတော့ ဘယ်လောက် ဒုက္ခရောက်သလဲဆိုတာကို ကောင်းကောင်းသဘောပေါက်ပါတယ်။ ကျွန်တော်လည်း အိမ်ပြောင်းပြီးတာမကြာသေးဘူးလေ…

လင်း said...

အိမ်အသစ်လေးမှာ အဆင်ပြေပါစေဗျို့။ အိမ်သစ်တက်ပွဲလေး ဘာလေးလဲလုပ်ပါအုန်း

ကိုရင်နော်ခင်လေးငယ် said...

နေရာသစ်လေးမှာ အသားကျ
ပျော်ရွှင်နေပြီလား..!!
ဆုတွေတောင်းပေးလိုက်ပါတယ်..။

JulyDream said...

အဆင်ပြေစေကြောင်း တောင်းဆုချွေတဲ့ ရွှေဧည့်သည်များကို ကျေးဇူးတင်ပါတယ်။

ဒို့တိုကြီး ဆိုတဲ့ တစ်ယောက်ကြောင့်... ဘာတွေ တိုနေလဲ ပြန်စဉ်းစားရပါတယ်။ အိမ်မပြောင်းခင်လေး ဆံပင်ညှပ်ထားမိတော့ တော်သေးတာပေါ့ဗျာ။

ဟို ညီမလေးကလည်း ကျွန်တော်ကို အတော် ချစ်ရှာတယ်နော်။ နိမ့်တဲ့ New Shell မှာ မနေစေချင်ဘူး ထင်တယ်။ မြင့်တဲ့ နေရာဖြစ်တဲ့ Shelf ပေါ်ကို အတင်းကို တွန်းတင်နေတယ်။ သူ typing ကို ဂရုမစိုက်တာနဲ့ ကျုပ်က နေရင်းထိုင်ရင်း စင်ပေါ် တက်နေရတော့မယ်။ မသိရင် ရုက္ခစိုးနတ် လိုလို... ဘာလိုလိုပေါ့။ အဟ...

အိမ်သစ်တက်ပွဲ လုပ်ရမယ်။ ဘာအတွက်လဲ ဟင်... အဟီး။ ကပ်စေးနှဲတာတော့ မဟုတ်ပါဘူး။ လူတော မတိုးဘူးလို့ပဲ မှတ်ပေးပါဗျာ။ အဟီး...

အိမ်အသစ်လေးမှာ နေသားတကျ ဖြစ်အောင် ကြိုးစားနေပါတယ်။ လေပြေလာအောင် ပြတင်းပေါက် ဖွင့်ပါတယ်။ တခါတလေ လေက မတိုက်ပါဘူး။ ဒါနဲ့ ပန်ကာဖွင့်ပါတယ်။ Air Con. ဖွင့်ပါတယ်။

လောလောဆယ် ရုံးအလုပ်က များ... အိမ်အသစ်မှာ လိုအပ်ချက်တွေ ရှိ... ပစ္စည်းတွေ ၀ယ်ဖြည့်နဲ့ ကျွန်တော် ဇူလိုင် မအားမလပ် ဖြစ်နေရပါတယ် ခင်ဗျာ။

ရွှန်းမီ said...

ဟုတ်ပါတယ်လေ.. ဘာပြောလို့လဲ . .
ပြတင်းပေါက်ရယ်၊ ပန်ကာရယ်၊ air con ရယ်၊ .. ပြည့်စုံပါတယ်။ လိုသေးရင် ယပ်တောင် ထပ်ဝယ်.. ဒါမှမဟုတ်.. ဖိုင်တွဲကြီးတွေနဲ့ ယပ်ခပ်ပေါ့..
:-)

တားမြစ် ထားသော... said...

အိမ်ရာ အသစ်မှာ ဆက်လက်လို့ ရှေ့ကိုချီတက်ရင်း ပျော်ရွှင်နိုင်ပါစေဗျာ။

မေ said...

ဘယ်နားပြောင်းသွားတာလဲ ကိုဂျူလိုင်ရဲ့။ အိမ်ရှာရတာ ပိုပိုခက်လာတယ်။ မမေလဲ အိမ်ရှာရတော့မယ်ထင်တယ် စိတ်ညစ်ပါ့။ :(

JulyDream said...

မမေ...
ကျွန်တော် နဂိုထက် ၃ ဘူတာလောက် အကွာမှာပါ။ အလုပ်နဲ့ ၃ ဘူတာလောက် ပိုနီးသွားတယ်။ အချိန် ၁၀ မိနစ်လောက် သက်သာသွားတယ် ခင်ဗျ။

ဟုတ်တယ်... အခုနောက်ပိုင်းမှာ အိမ်ရှာရတာ မလွယ်ဘူး။ ဈေးတွေက အမြင့်ကြီးခေါ်ထားတာ။ တချို့ကတော့ ဈေးဆစ်တတ်တော့ အဆင်ပြေပါတယ်။ ကျွန်တော်ကတော့ ဈေးမဆစ်တတ်တော့ အတော်လေးကို ဒုက္ခရောက်ပါတယ်။

ထွန်း said...

ကျွန်တော်ဆို ပြောင်းရွှေ့ ကုမဏီကို လူငှားပြီး ပစ္စည်းပြောင်းပါတယ် ၇၀ပတ်ဝန်းကျင် ပေးရပါတယ်။ ကားရော သယ်ခိုင်းတာရော ပါပါတယ်။ သူငယ်ချင်းတွေက ကြိုပြောလဲ မကူညီတတ်တာမို့  ဘယ်သူကိုမှ အကူညီတောင်းမနေပါဘူး