.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, February 25, 2009

Unsecured Air

လိမ္မာတယ် တော်တယ် ကောင်းတယ် မြင်နေတဲ့သူတွေအတွက်ပါ။ ကျွန်တော် အမောင်ဇူလိုင် ဆိုးသွမ်းတာတွေ အများကြီးပါ။ အူကြောင်ကြောင်လည်း လုပ်တတ်ပါတယ်။ ဂွတီးဂွကျနေတာလည်း ရှိပါတယ်။ ဘုကလန့်နဲ့ ရိုက်ချင်စရာ ကောင်းအောင်လည်း ပြောတတ်ပါတယ်။ ဒါကြောင့် အသားလွတ် အထင်ကြီးတော် မမူကြပါနဲ့။ မကောင်းတာတွေလည်း ရေးချင်လာလို့ ရေးပါအုံးမယ်။ မိတ်ပျက်ပေါင်းလည်း မနည်းပါဘူး။ လူမုန်းလည်း ခံရပါတယ်။ ကွယ်ရာမှာရော ရှေ့တင်မှာရော အတင်းလည်း အပြောခံရပါတယ်။ ဒါပေမယ့် အဲဒါတွေကို ဂရုမစိုက်တာ အခုအချိန်အထိပါပဲ။

ကရကဋ်တို့ရဲ့ ထုံးစံအရလို့ပဲ ပြောမိရင်ပဲ ဗေဒင်ရူးကြီး ရူးတော့သည်လို့ ကုန်းရုန်းအော်တော့မယ့်သူတွေ မြင်ယောင်နေပါတယ်။ ဒီလိုခံစားချက်နဲ့ အမူအကျင့်တွေကို 69 ဂဏန်းကောင်တွေပဲ လုပ်တတ်ကြသလား တခြားရာသီခွင်တွေရော လုပ်တတ်သလား သေချာတော့ မသိပါဘူး။ ကဲ... ထားလိုက်ပါတော့။ ပြောချင်တာက စိတ်ထဲမှာ အလိုမကျတာမျိုးဖြစ်လာစေတဲ့ နေရာမှာ မိနစ်ပိုင်းလေးတောင် မနေတတ်ပဲ ရှောင်ခွါသွားတတ်တဲ့ အကျင့်လေးကို ပြောချင်တာပါ။ ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနား အရေးပါတဲ့ ပွဲကြီးပွဲကောင်း ဖြစ်နေပါစေ။ ဘယ်လောက်ပဲ ရင်းနှီးတဲ့သူပဲ ဖြစ်ပါစေ။ ကျွန်တော် မကြိုက်ရင် ဟန်ဆောင်မျက်နှာနဲ့ သည်းခံအောင့်အီးပြီး မနေတတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်က ရုံးမှာ နှစ်ပတ်လည် ညစာစားပွဲလုပ်တယ်။ စင်္ကာပူရဲ့ နာမည်ကျော် ဟော်တယ်ကြီးတစ်ခုမှာ လုပ်တဲ့ပွဲပေါ့။ ပိုက်ဆံ သောက်သောက်လဲ ကုန်ခံထားတဲ့ပွဲပဲ။ အဲဒီပွဲကို တက်ရောက်မယ်လို့ အားခဲထားပြီး ရောက်အောင် သွားခဲ့တယ်။ ဟိုရောက်တော့ ကိုယ်နဲ့ချိန်းထားတဲ့ အသိတွေက အလျှိုလျှို ခုံတွေမှာ ထိုင်နေပြီ။ သူတို့က ကျွန်တော့်ကို စောင့်နေမယ် ပြောထားပြီးမှ ဟိုရောက်တော့ ဟိုအသိက ခေါ်၊ ဒီအသိက ခေါ်နဲ့ စားပွဲဝိုင်းတွေမှာ နေရာယူပြီးနေပြီ။ ကျွန်တော်ရောက်တော့ အူကြောင်ကြောင်နဲ့။ ဘယ်စားပွဲမှာ ထိုင်ရမှန်း မသိဘူး။ လွတ်နေတဲ့ ၀ိုင်းတွေမှာက ကျွန်တော်နဲ့ မသိတဲ့ တခြားဌာနက ၀န်ထမ်းတွေ။ ကိုယ်နဲ့ မသိတဲ့ မျက်နှာစိမ်းတွေကြားမှာ အထီးကျန်ဆန်ဆန် ထိုင်ပြီး ညဦးပိုင်းတစ်ခုကို အကျိုးမဲ့ဖြတ်သန်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော် အသိဆုံးပဲ။ လူတော မတိုးဘူးပေါ့ဗျာ။ အဲဒီတော့ အသာအယာ ပြန်ထွက်လာပြီး အိမ်ပြန်လာခဲ့လိုက်တယ်။ ရုံးက အသိတွေကတော့ ကျွန်တော် ပွဲလာသွားတယ်ဆိုတာပဲ သိခဲ့လိုက်တယ်။ ဘယ်စားပွဲမှာ ထိုင်နေလဲ မသိခဲ့ဘူး။ အဲဒီတုန်းက တည်ခင်းတဲ့ ညစာတွေကို မစားဖြစ်ခဲ့ပေမယ့် ကံစမ်းမဲမှာ မဲပေါက်ပြီး ဒစ်ဂျစ်တယ်ကင်မရာတစ်လုံး လက်ဆောင်ရခဲ့လိုက်တယ်။ အဲဒီကင်မရာလေးလည်း နာဂစ်တုန်းက လပွတ္တာက မူလတန်းကျောင်းတစ်ကျောင်းမှာ ထုပ်တန်းစာမိသွားလို့ အနိစ္စသဘောနဲ့ ကိစ္စချောသွားပါပြီ။

အဲဒီလိုပဲ သူငယ်ချင်းတစ်ယောက်က လွတ်လပ်ရေးနေ့တိုင်း သူ့အိမ်မှာ ဆွမ်းကျွေးပြီး အလှူလုပ်တယ်။ ၀ိုင်တီယူက အရင်းနှီးဆုံး သူငယ်ချင်းတွေကို အဓိကထားပြီး ဖိတ်တယ်။ နှစ်တိုင်းလည်း သူတို့အလှူကို သွားဖြစ်တယ်။ ငတ်ကြီးကျချင်လွန်းလို့ သွားစားတာတော့ မဟုတ်ပါဘူး။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စကားတွေ ပြောချင်လို့ပါ။ သူတို့နဲ့က ကျောင်းမှာလည်း တွေ့ကြတယ် ဆိုပေမယ့် ကိုယ့်မေဂျာနဲ့ကိုယ် အတန်းချိန်တွေက တူတာ မဟုတ်တော့ လွတ်လွတ်လပ်လပ် ဆုံတွေဖို့ဆိုတာ အတော်ခက်ပါတယ်။ ဒီလိုနဲ့ အလှူတစ်ခုမှာ မမြင်ချင် မတွေ့ချင်တဲ့ အကောင်တွေ ပါလာတယ်။ သူတို့နဲ့က စရိုက်တွေ မတူလို့ တမင်ရှောင်ထားတာ။ အဲဒီပွဲမှာမှ တည့်တည့် လာတိုးခဲ့တယ်။ ကဲ... ကြာပါတယ်ကွာ။ ထပြန်ကြမယ်ဆိုပြီး ကျွန်တော်တို့ တစ်ဖွဲ့လုံး ထပြန်ခဲ့ကြတယ်။ အလှူရှင်မှာ မျက်နှာလေးကို ငယ်လို့။ မပြန်ကြဖို့ အတင်း လှမ်းဆွဲပေမယ့်လည်း ဘူးဆို ဖရုံမသီးကြတဲ့ ကျွန်တော်တို့တွေ ပြန်ခဲ့ကြတာပါပဲလေ။ ဘာပဲဖြစ်ဖြစ် အပ်နဲ့ပဲ ထွင်းခဲ့လိုက်တယ်။ မဟုတ်ရင် ပုဆိန်ပေါက်တွေ လာတော့မယ်လေ။

ဒီတစ်ခေါက် ရန်ကုန်ပြန်တာကလည်း သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲတွေကို တက်ဖို့ပါ။ စင်္ကာပူက နှစ်တွဲ မြန်မာပြည်ပြန်ပြီး မင်္ဂလာဆောင်သလို ရန်ကုန်က တစ်တွဲကလည်း မင်္ဂလာဆောင်ကြပါတယ်။ ပေါင်းသုံးပွဲ တက်မယ်ဆိုပြီး ခွင့်တွေတင် လေယာဉ်လက်မှတ်ဝယ် ရန်ကုန်ပြန်ခဲ့လိုက်တယ်။ ပွဲတွေက ထပ်နေတော့ နေ့ပွဲ ညပွဲတွေ ခွဲတက်မယ်ပေါ့။ ဒါပေမယ့် တကယ့်ပွဲထဲကို ရောက်သွားတော့ စိတ်ထဲမှာ အဆင်မပြေတာတွေ ရှိတာနဲ့ ချက်ချင်းပဲ အိမ်ကို လှည့်ပြန်ခဲ့တယ်။ ထင်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ အလိုမကျမှုတွေက ရှိစမြဲပဲလေ။ မမျှော်လင့်ထားတဲ့ ဆီးကြိုမှုတွေလည်း ပါတာပေါ့။ ပွဲမှာ သတို့သားနဲ့ သတို့သမီးတောင် ရောက်မလာသေးဘူး။ သူတို့ကို မနှုတ်ဆက်ရသေးတော့ မကောင်းတတ်ပါဘူးလေ ဆိုပြီး အိမ်ကနေ ကားငှားပြီး မင်္ဂလာပွဲကို ပြန်ထွက်လာခဲ့တယ်။ ဟိုရောက်တော့ ဧည့်သည်တွေက စားနှင့်သောက်နှင့်နေကြပြီ။ သတို့သား သတို့သမီးရဲ့ စားပွဲဝိုင်းကိုသွား စကားစမြည်ပြော လက်ဆွဲနှုတ်ဆက်ခဲ့ပြီး ပြန်လှည့်လာခဲ့တယ်။ မကောင်းဘူးဆိုတာ သိပေမယ့် ကိုယ့်ဒုက္ခ ကိုယ်မရှာချင်ဘူး။ ဟန်ဆောင်အပြုံးတွေနဲ့ မနေချင်ဘူး။

စိတ်ထဲမှာ မပျော်ရင် မလုံခြုံဘူးလို့ ထင်ရင် ကျွန်တော် တမင်တကာ မိတ်ပျက်အောင် လုပ်တာ မဟုတ်ပေမယ့် မရည်ရွယ်ပဲ မိတ်ဖျက်တတ်ပါတယ်။ ကျွန်တော့်စိတ်ကို ခံစားနားလည် သဘောပေါက်တဲ့သူတွေ ရှိနိုင်သလို သောက်မြင်ကပ်ပြီး အခေါ်အပြော မလုပ်ချင်တော့တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ အားလုံး ကိုယ့်သဘော ကိုယ်ဆောင်ကြတာဖြစ်လို့ ဘာမှ အထွေအထူး မပြောလိုပါ။ သဘောရှိ နေကြပါ။ အဲ... ကျွန်တော်ကတော့ အဲဒီလို အရိုးခံလေး ဆိုးပါတယ် ခင်ဗျာ။

21 comments:

ခင်မင်းဇော် said...

အသီးကွဲတယ် ဆိုမှတော့ ဘယ်လိုဟန်ဆောင် ပျော်နိုင်ပါ့မလဲလေ။ နားလည်ပါတယ်..
(ဆရာမကြီးလေသံဖြင့်ပြော..)

khin oo may said...

ကြိုက်သလိုနေပါလေ။ ကိုယ်လဲကောင်းတဲ့ကောင်မဟုတ်ပါဘူး။

khin oo may said...

အဲဒါကိုတောင် strike က တန်းတန်းစွဲဖြစ်နေသေးတယ်။

JulyDream said...

မခင်မင်းဇော်...
အစ်မအဖြေ မှားပါတယ်။ လုံးဝကို မှားပါတယ် ခင်ဗျ။ တပည့်ကလေး လေသံဖြင့် ပြောသည်ဟု မှတ်ရန်။


မခင်ဦးမေရေ...
Strike က ယောကျာ်းရှိတယ် မဟုတ်လား။ အမှတ်မှားနေရင်တော့ စောရီးပါဗျာ။ အင်း... သူလည်း ကြိုက်သလို နေတာပဲ ဖြစ်မှာပါဗျာ။

strike said...

ဟိ ဟိ...ပြောကြပါတော့ကြိုက်သလို။

မြ said...

အင်း...
ဂျူလိုင်ရေ့ တို့ကတော့ အဲလို ကမောက်ကမ အရိုင်းဆန်ဆန်နှစ်တွေဖြတ်လာခဲ့တာ (၄၃) နှစ်ကြီးများတောင် ရှိခဲ့ပြီ။ မိတ်ဆွေ နည်းနည်းလေးနဲ့ ပျော်ရတာကောင်းတယ်။ နားမပါဘဲ ပါးစပ်ပဲပါတဲ့ သူမျိုးနဲ့များ မရှောင်သာ မလွှဲသာ အသိသွားဖြစ်မိလို့ကတော့- မိတ်ပျက်ပီးသားပဲ။

မမသီရိ said...

ကိုယ်နေတတ်သလို နေတာ ကောင်းတာ ပေါ့ကွ..
အဲဒါလဲ စတိုင် တမျိုး ပဲ လေ..
ကျော်ဟိန်း ဆို ပွဲစမှ လာတာ..
မင်းက..ပွဲ မစခင် ပြန်တာ...း)
ဆက်ထိမ်းထား မောင်လေး ရေ..
စတိုင် ကွ...စတိုင်....
အဲဒါလေး ကိုပဲ.. ချစ်တဲ့ လူ က ချစ်ဦး မှာ.....း)..

juli said...

လုပ်ချင်ရာတွေလုပ်ခဲ့ပြီး နောက်ဆုံးမှ 'အဲဒီလို အရိုးခံလေး ဆိုးပါတယ် ခင်ဗျာ' ဆိုလို့ ခွင့်လွှတ်လိုက်ရ မလိုလို ဖြစ်နေပြီ... :P

khin oo may said...

ခေါင်းလာခေါက်သလိုပေါ့။

poemflower said...

ကို ဂျူလိုင်ရဲ့အတွေးတွေက ကျွန်မနဲ့တူတယ် မလုပ်ချင်ရင် လုံးဝဟန်မဆောင်နိုင်တာပဲ

JulyDream said...

Strikeကြီး...
ခင်လို့မင်လို့ စတာနော်။ မျက်နှာ အီးမှန်သလို မဖြစ်နေပါနဲ့ဗျာ။ ရုပ်ဆိုးရတဲ့အထဲ ကြည့်လို့ မကောင်းပါဘူး။ အဟား...

မအိမ်ခင်ရေ...
နားမပါဘဲ ပါးစပ်ပဲပါတဲ့ သူမျိုးဆိုတဲ့ အသုံးအနှုန်းကို သဘောကျမိတယ် ခင်ဗျာ။ နောက်ပိုင်းမှာ သုံးစရာရှိရင် သုံးခွင့်ပြုပါနော်။

မမသီရီ...
ကျွန်တော် ကျော်ဟိန်း မဟုတ်တာတော့ သေချာတယ်ဗျ။ စတိုင်တော့ စတိုင်ပဲ။ ဒါက ဇူလိုင်စတိုင်။ ဟဟ...

JulyDream said...

မျိုးရေ...
အရိုးခံလေး ဆိုးတယ်ဆိုတာ တမင်တကာ ဆိုးချင်လို့ ဇွတ်အတင်းဆိုးတာမျိုး မဟုတ်ပါဘူး။ မရည်ရွယ်ပဲ ဆိုးသလို ဖြစ်သွားတာကို ပြောချင်တာပါ ခင်ဗျ။ ဟဟ...

ဆရာမကြီးကွမ်း...
ကျွန်တော် ခေါင်းခေါက်တာ မဟုတ်ပါဘူးဗျာ။ မတော်တဆ ခေါက်မိတာပဲ နေမှာပါ။

ကဗျာပန်းရေ...
ဟန်ဆောင်ရတာ ပင်ပန်းတယ်ဗျ။ ပြီးတော့ ဘာမှ အကျိုးမများဘူးလေ။ ပျားရည်လို ချိုတဲ့ အပြုံးတွေနဲ့ အနားကပ်လာပြီး နောက်ကျောကို ဓါးနဲ့ ထိုးခံခဲ့ရတာ အများသားဗျ။

Taungoo said...

အမောင်ဂျူလိုင်ငယ်
အစက အဲလောက်ထိ ထင်မထားဘူး။
အနို့သော်လည်း အမောင်ငယ် ကိုယ်တိုင် ရှင်းရှင်းကြီးပြောမှ ဘွင်းဘွင်းကြီး သိရတော့တယ်။ တော်တော်ဆိုးးးးးးးးး

ကလူသစ် said...

ရပြီ ရပြီ နောက်ထပ်မဖေါ်နဲ့တော့ အသဲကွဲတာပဲ ကောင်းတယ် :)

Rita said...

ဖတ်ပြီး ဟားဟားဟား လုပ်သွားပါသည်

JulyDream said...

အမောင်တောင်ငူ....
အကျွန်ုပ် ဆိုးကြောင်း ၀န်ခံထားပါတယ်။ အကောင်လိုက်ကြီး ပြထားတာတောင် အရိပ်မမြင်ရင် ဒီထက်မိုက်တဲ့သူ ရှိတော့မယ် မထင်။ ဟဟ...

ကိုလူသစ်
ဖော်မယ့်အထဲမှာ ကိုလူသစ်အကြောင်းတွေ မပါပါဘူး ခင်ဗျ။ စိတ်မပူပါနဲ့လေ။ အဟား...

Rita ရေ...
ကျွန်တော် ဟာသစာရေးဆရာ လုပ်လို့ရပြီ ထင်တယ်နော်။ ဟားဟားဟား ဆိုပြီး သုံးခါတောင် ရီနိုင်တယ်ဆိုတော့ ကျွန်တော့် ရေးသားချက်တွေက ဟာသမြောက်နေပြီ ထင်တယ်။ အခုလို ဖတ်ပြီး ရီသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။

strike said...

ရပါတယ် JDရယ်။

TKLinn said...

ကောင်းပါလေ့တော်.. ကောင်းပါလေ့
ငါ့ကို ဖုန်းလေးနဲ့ ဆက်ပြောလည်း ရတဲ့ဟာကို
သောက်ကောင်လေး

Anonymous said...

ကရကဋ်တို့ရဲ့ ထုံးစံ.. ကရကဋ်ချင်းတူတူ.. ကျနော် မောင်ဝလုံးက ပိုဆိုးပါတယ်.. ဇွန်၂၂ .. ရာသီစမှာ လူလာဖြစ်ခဲ့လေတယ်။ လူကလား.. စိတ်အကျင့်ပဲလား.. သေချာခွဲခြား မသိ.။
ဂဏန်းကောင်လို အမြဲ ကန့်လန့်ပဲ သွားမိနေပါတယ်။ ကြိုးစားပြုပြင် နေထိုင်နေရ..။ ဒါမှလဲ အေးချမ်းနိုင်မှာ ခင်ဗျ။ မဟုတ်ရင် ကိုယ့်ကိုကိုယ်နဲ့တောင် ရန်ဖက်ဖြစ်နေတာ။ တိုက်ဆိုင်လို့ ခံစားချက်လေး ဖွင့်ထုတ်သွားတာပါ။ ခွင့်ပြုပေးပါ။

JulyDream said...

မနှင်းဆီရေ...
ဖုန်းဆက်ဖို့ကမှ မလွယ်တာနော်။ သူများတွေရဲ့ အပျော်တွေ မပျောက်ပျက်စေချင်ဘူးလေ။ ကိုယ်လည်း အောင့်အီးပြီး မနေနိုင်ဘူးလေ။ ဒီလောက်ပါပဲ။

ဝလုံးဝိုင်းဝိုင်းလည်း.. ကရကဋ် ဂဏန်းပဲလား။ တွေ့ရတာ ၀မ်းသာတယ်ဗျာ။ ဂဏန်းတွေ အဲဒီလိုပဲဗျ။ တိုက်ဆိုင်တဲ့ ခံစားချက်တွေကို နားလည် သဘောပေါက်ပါတယ် ခင်ဗျာ။

Anonymous said...

မသူတော်ချင်းတော့ တွေ့ကြပြီဗျို့ ကျနော်လဲ ထိုနည်း၎င်းပါပဲဗျာ ဟားဟား