.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, December 29, 2011

Heros on Dec 29


Photo Credit: Kaung Htet, The Myanmar Times

နှစ်သစ်ကူးခါနီး ဆောင်းမနက်ခင်းမှာ အကျည်းတန် အရုပ်ဆိုးတဲ့ ကြောက်လန့်စရာ သဘာဝဘေးဆိုးတခု ရန်ကုန်မြို့ကို ရောက်လာမယ်လို့ ဘယ်သူက ကြိုသိထားခဲ့မလဲ။ ၂၀၁၂ ဆိုတာ တဖြည်းဖြည်း တရွေ့ရွေ့ ချဉ်းကပ်လာလို့ ကမ္ဘာပျက်တော့မလား ဆိုပြီး ဘယ်သူကမှလည်း ထိတ်လန့်တုန်လှုပ်နေမယ် မထင်ပါဘူး။ တစ်တစ်တူးလို မိုးပြိုမှာစိုးလို့ ခြေနှစ်ချောင်း ထောင်ပြီး အိပ်မယ့်သူတွေလည်း မရှိလောက်ပါဘူး။

မီး... မီး... ကားတွေ ထွက် ကားတွေထွက်... လို့ဆော်သြောသံ အော်သံကြားတော့ မီးသတ်စခန်းက မီးသတ်ရဲဘော်တွေ အိပ်ယာထဲက ထသူထ... ယူနီဖောင်း ကပျာကယာလဲ... ဦးထုပ်တွေ ဆောင်းပြီး မီးသတ်ကားပေါ်ကိုပဲ အလုအယက် တက်ခဲ့ကြမှာပါ။ နောက်နှစ်ရက်ဆိုရင် Happy new year 2012 လို့ အော်ပြီး နှစ်သစ်ကူးညကို ပျော်ပျော်ကြီး ဆင်နွှဲလိုက်အုံးမယ်လို့ အိပ်ယာမဝင်ခင် စိတ်ကူးထဲမှာတော့ အဲဒီလို အတွေးလေးတွေ ရှိနေမှာပေါ့။

ဒီဘဝမှာ ဒီမျှနဲ့ ဇာတ်သိမ်းခန်းတခု ရောက်လာလိမ့်မယ်လို့ ကြိုများ သိထားနိုင်မှာလည်း မဟုတ်တဲ့ သူတို့တတွေ... မိဘဆွေမျိုး သူငယ်ချင်း အပေါင်းအသင်းတွေကို နှုတ်ဆက် စကားလေးတောင် ပြောခွင့် မရခဲ့လိုက်ပါဘူး။ တာဝန်ဆိုတဲ့ အသိနဲ့ ချက်ချင်း ကားပေါ်တက် မီးသတ်ဖို့ မကြောက်မရွံ့ ထွက်ခဲ့ကြတယ်။ အများပြည်သူအတွက် အသက်စွန့်ခဲ့ရတယ်။ Happy new year 2012 လို့ အော်ခွင့် ပျော်ခွင့် မကြုံလိုက်ဘူး။

မီးသတ်သမားမို့ မီးသတ်ရတာ မဆန်းပါဘူး။ သူ့ဆန်စားမှ ရဲရပြီပေါ့လေ။ ဒါပေမယ့် အသက်ကို ဖက်နဲ့ ထုပ်ထားရတဲ့ ဘဝမျိုးမှာ တာဝန်ဆိုတဲ့ အသိတရားကို ရင်မှာပိုက်ပြီး မီးနဲ့ အနီးဆုံးနေရာကနေ မီးအပူခံပြီး သက်စွန့်ဆံဖျား မီးငြိမ်းသတ်ရတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ တိမ်မယောင်နဲ့ နက်ပါတယ်။ မီးလောင်ပြင်မှာ ပစ္စည်းကိရိယာ မပြည့်မစုံနဲ့ ရန်သူမီးကို စစ်ခင်းရတာကို စဉ်းစားကြည့်ရင် ဘယ်လောက်ထိ အန္တရာယ်များလဲ ဆိုတာ ချက်ချင်း သိနိုင်ပါတယ်။

မြန်မာပြည်ရဲ့ အသံတိတ် သူရဲကောင်းလို့ ကျွန်တော် တင်စားခဲ့ဖူးတဲ့ မီးသတ်ရဲဘော်တွေ... အန္တရာယ်ကင်း ဘေးရှင်းကြပါစေ... အချိန်မတန်ခင် ကြွေလွင့်ခဲ့ရတဲ့ သားကောင်းရတနာတွေ ကောင်းရာ သုဂတိလားပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ။ နိုင်ငံတော်အစိုးရအနေနဲ့လည်း မြို့စောင့်တပ်တခုဖြစ်တဲ့ မီးသတ်တပ်ဖွဲ့ကြီး ခေတ်မှီဖွံ့ဖြိုးလာအောင် အစွမ်းကုန် ပံ့ပိုးကူညီပေးပါလို့လည်း တောင်းဆိုချင်ပါတယ်။

~~~~

ရင်ကို ထိခတ်တဲ့ သတင်းဆောင်းပါးတခုကိုလည်း မှတ်တမ်းအဖြစ် သိမ်းဆည်းထားပါရစေ။


မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား...
By 7Day News Journal

တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ဒုတပ်ကြပ် သီဟမျိုးမှာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ခွဲစိတ်ကုသမှုခံယူပြီးနောက် သတိလစ် မေ့မျောနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဆေးရုံသို့ကိုယ်တိုင်သွားရောက် ကူညီလှူဒါန်းခဲ့သူများက ဒုတပ်ကြပ် သီဟမျိုးမှာ ၁၀ နာရီကျော်ကြာ သတိလစ်မေ့မျောနေရာမှ ယနေ့ညနေ ၃ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ယောင်ရမ်း၍ စကားတစ်ခွန်း ပြောသည်ကို တွေ့ရကြောင်း ပြန်လည်ပြောပြသည်။

"မီးငြိမ်းသွားပြီလား၊ မိုးလင်းပြီလား" ဟု အရေးပေါ်ခွဲစိတ်မှုပြုလုပ်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် ပြင်းထန်စွာ တုန်ယင်နေ၍ မိသားစုဝင်များက ဖိထားသည့်ကြားမှ ဒုတပ်ကြပ် သီဟမျိုးက ယောင်ရမ်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ကိုယ်တိုင်သတိလစ်နေမေ့မျောနေသော်လည်း မီးလောင်မှုအတွက် ရတက်မအေးနိုင်ဘဲ ၁၀ နာရီကျော်အတွင်း ၎င်း၏ပြောစကားကြောင့် များစွာ စိတ်မကောင်းဝမ်းနည်းရကြောင်း ကိုယ်တိုင် သွားရောက်ကြည့်ရှု လှူဒါန်းသော အလှူရှင်တစ်ဦးကပြောသည်။

Sunday, December 25, 2011

Happy Christmas 2011



ပျော်ရွှင်ဖွယ် ခရစ်စမတ် အချိန်သမယလေး ဖြစ်ပါစေဗျာ...

Merry Christmas & Happy New Year.
Wish you happy and healthy many years ahead.

Saturday, December 24, 2011

Balloon of wishes



နှစ်သစ်ကူးခါနီးအချိန်ရောက်တိုင်း Marina Bay က ရေပြင်ကျယ်ကြီးမှာ ထုံးစံအတိုင်း တောင်းဆုချွေတဲ့ ဘောလုံးဖြူဖြူတွေ ဖွေးဖွေးလှုပ်နေပါပြီ။

ရင်ထဲက ဆန္ဒတွေ တောင်းဆုတွေ ပြည့်ဝခဲ့မယ်ဆိုရင်...
မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာ တိုးတက်ပါစေလို့ပဲ။

တကယ်ပါ... မွေးရပ်မြေလောက် ချစ်စရာကောင်းတဲ့ နေရာမရှိပါဘူး။
အခြေအနေနဲ့ အချိန်အခါအရ ဝေးတမြေခြားကို ရောက်နေပေမယ့်
စိတ်အစဉ်က အမိမြေရဲ့ ရင်ခွင်ကိုပဲ တမ်းတလွမ်းဆွတ်နေမိတယ်။

မြန်မာပြည်ကြီးသာ ငြိမ်းချမ်းသာယာ တိုးတက်လာရင်...
အဝေးရောက်နေတဲ့ သားတွေ သမီးတွေအတွက်
အိမ်အပြန်လမ်းက ကတ္တီပါကော်ဇောနီ မခင်းထားလည်း
အလျင်အမြန် လှမ်းနေတဲ့ အပြန်ခြေလှမ်းတွေအတွက် အဆင်ပြေနေမှာပါပဲ။

Sunday, December 18, 2011

30 Things to stop doing yourself

Maria Robinson ဆိုတဲ့ စာရေးဆရာမက တခါတုန်းက ပြောခဲ့ဖူးတယ်။ ဘယ်သူကမှ အတိတ်ကို ပြန်သွားပြီး အသစ်တဖန် ပြန်လည်မွေးဖွားချင်လို့ မရဘူးတဲ့။ ဒါပေမယ့် အသစ်တွေကို အခုပစ္စုပ္ပန်အချိန်မှာ စတင်ပြီး အဆုံးသတ်ချင်တဲ့ ကိစ္စတွေကိုလည်း လက်စသတ်လို့ ရပါသတဲ့။ အဲဒီလိုမျိုးတွေ ဖြစ်အောင် ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ ရပ်သင့်တဲ့ကိစ္စတွေကို ရပ်ပစ်သင့်ပါသတဲ့။ ဘဝမှာ ဘယ်လိုအရာတွေကို ဆက်မလုပ်တော့ပဲ ရပ်တန့်ပစ်ရမယ် ဆိုတာကို အောက်မှာ ဖော်ပြထားပါတယ် ခင်ဗျာ။

Here are some ideas to get you started:

Stop spending time with the wrong people.
Stop running from your problems.
Stop lying to yourself.
Stop putting your own needs on the back burner.
Stop trying to be someone you’re not.
Stop trying to hold onto the past.
Stop being scared to make a mistake.
Stop berating yourself for old mistakes.
Stop trying to buy happiness.
Stop exclusively looking to others for happiness.
Stop being idle.
Stop thinking you’re not ready.
Stop getting involved in relationships for the wrong reasons.
Stop rejecting new relationships just because old ones didn’t work.
Stop trying to compete against everyone else.
Stop being jealous of others.
Stop complaining and feeling sorry for yourself.
Stop holding grudges.
Stop letting others bring you down to their level.
Stop wasting time explaining yourself to others.
Stop doing the same things over and over without taking a break.
Stop overlooking the beauty of small moments.
Stop trying to make things perfect.
Stop following the path of least resistance.
Stop acting like everything is fine if it isn’t.
Stop blaming others for your troubles.
Stop trying to be everything to everyone.
Stop worrying so much.
Stop focusing on what you don’t want to happen.
Stop being ungrateful.

ကျွန်တော်ဖတ်ဖို့ မှတ်သားထားတဲ့စာလေးတွေကို ဘလော့ဂ်မှာ ထပ်ဆင့်ဝေမျှတာပါ။ အပြည့်အစုံ အသေးစိတ် ဖတ်ချင်ရင်တော့ အောက်မှာပေးထားတဲ့ ဘလော့ဂ်လင့်ခ်မှာ သွားဖတ်လိုက်ပါခင်ဗျာ။

Read more, please go to this link.

Credit to http://www.marcandangel.com

Saturday, December 17, 2011

Congratulations Chew Yinn



ဒီနေ့က ညီမဝမ်းကွဲတယောက်ရဲ့ မင်္ဂလာဆောင်။ ညီမဝမ်းကွဲဆိုပေမယ့် အထက်အောက် ဖြစ်နေတော့ တခြားမောင်နှမတွေထက် ပိုပြီး ရင်းနှီးတယ်။ စင်္ကာပူမှာ ရှိတဲ့ အမျိုးအရင်းကလည်း လက်ချိုးရေရင် လက်ငါးချောင်းတောင် မပြည့်ဘူး။ အဲဒီတော့ သူ့မင်္ဂလာဆောင်က မတက်မဖြစ် တက်ကိုတက်ရမယ့် မင်္ဂလာဆောင်ပေါ့။ အဲဒီတော့ ချစ်ချစ်အတွက် မြန်မာဝတ်စုံလေး ချုပ်ထားဖို့ အစောကြီးကတည်းက ရန်ကုန်ရောက်တုန်းလေး စီစဉ်ခဲ့ရတယ်။ ကျွန်တော်အတွက်ကတော့ ဘာဝတ်ဝတ် အဆင်ပြေပါတယ်။

သူက စီတီးဟော ပင်နီဇူလားပလာဇာနားက ဟော်တယ်မှာ ဆောင်တာ။ လက်မှတ်ထိုးပွဲက မနက် ၁၁ နာရီ လုပ်မှာဆိုတော့ အိမ်ကနေ မနက် ၁၀ နာရီလောက် ထွက်ခဲ့တယ်။ သိတဲ့အတိုင်း အခုတလော စင်္ကာပူမှာ ရထားလိုင်းတွေရဲ့ ကျန်းမာရေးက ရန်ကုန်မှာပေးတဲ့ လျှပ်စစ်မီးလိုပဲ မကောင်းတချက် ကောင်းတချက် ဆိုတော့ တက်စီပဲ ငှားလိုက်တယ်။ လမ်းမှာက ကားတွေ အတော်များသား။ စနေ ပိတ်ရက် ဖြစ်ပေမယ့် ကားတွေ လမ်းမှာ ပြည့်နေတယ်။ ပြည့်နေမှာပေါ့လေ... အနီလိုင်းရထားက အလုပ် မလုပ်တော့ဘူးတဲ့။ ရထားလိုင်းရဲ့ တာဝန်ရှိသူတွေ အတော်ကို ခေါင်းကျိန်းနေလောက်ပြီ။ ရထားလိုင်းမှာ ဖြစ်နေတဲ့ ပြဿနာရဲ့ ဇစ်မြစ်ကို ဖော်ထုတ်ပြီး အကောင်းဆုံးဖြစ်အောင် ပြန်ပြင်သွားမယ်လို့ ယုံကြည်ပါတယ်။

ရထားလိုင်း ပျက်နေလို့ပဲလား မသိ... အတော်များများ မင်္ဂလာပွဲကို အချိန်မှီ မရောက်ကြဘူး။ တက်စီငှားပြီး လာကြပေမယ့်လည်း ကားလမ်းမှာ အိပဲ့အိပဲ့ပဲ သွားလို့ရမှာမျိုး ဖြစ်နေတာကိုး။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ မင်္ဂလာပွဲကတော့ လူစည်ပါတယ်။ တအိအိနဲ့ တသုတ်ပြီး တသုတ် ရောက်လာကြတယ်။ ကျွေးမွေးဧည့်ခံတဲ့ အစားအသောက်နဲ့ နေရာထိုင်ခင်းက အဆင်ပြေပါတယ်။ ဘူဖေးကျွေးတဲ့ မင်္ဂလာဆောင် ဆိုတော့လည်း တခုခု စားချင်ရင် တန်းစီရတာလေးပဲ အခက်အခဲ ရှိတာပါ။

ပြီးခဲ့တဲ့နှစ် ၂၀၁၀ နဲ့ ဒီနှစ် ၂၀၁၁ အတွင်းမှာ အမျိုးအရင်းထဲက မောင်နှမတွေ... တယောက်ပြီး တယောက် သင့်တော်ရာ အိမ်ထောင်ဘက်တွေနဲ့ အိမ်ထောင်ကျကုန်တာ ကောင်းပါတယ်။ လူပျိုသိုး အစ်ကိုတွေလည်း အိမ်ထောင်ပြုတယ်။ ငယ်သေးတဲ့ ညီမတွေလည်း အိမ်ထောင်ပြုတယ်။ အဲဒီစာရင်းထဲမှာ ကျွန်တော်လည်း ပါတာပေါ့နော်။ လူကြီးတွေဘက်က ကြည့်ရင်တော့ သူတို့ကလေးတွေ နောင်ရေးအတွက် စိတ်အေးရတာပေါ့။ လူငယ်တွေဘက်က ကြည့်ရင်လည်း... ရှေ့က စီနီယာကားတွေ တစီးပြီး တစီး... အစီစီအရီရီ အလှည့်ကျ ထွက်ကုန်တော့ နောက်ကားတွေလည်း အလှည့်ရောက်တာပေါ့။ မဟုတ်ရင် သူတို့ခမျာ ရင်တမမနဲ့ အလှည့်စောင့်နေရမယ်လေ။ အမျိုးအရင်းမှာ မောင်နှမက အတော်များသား။ အလှည့်ကျ စောင့်ရင်တောင် အတော် စောင့်ယူရမယ်။

ကဲကဲ... ကျွန်တော်က အကြီးဆိုတော့လည်း မင်္ဂလာဆုတောင်းလေးတော့ ပေးအုံးမှ...

မင်္ဂလာမောင်နှံဖြစ်တဲ့ ညီမနဲ့ ပူပူနွေးနွေး ယောက်ဖကို... သားတရာ မြေးတဖျာရတဲ့အထိ သေတပန်သက်တဆုံး ပျော်ပျော်ရွှင်ရွှင် ကြင်ကြင်နာနာ နားလည်မှူအပေါင်းနဲ့ ဆိုးတူကောင်းဖက် ပေါင်းဖက်နိုင်ကြပါစေလို့... ဒီနေရာကနေ တောင်းဆုမင်္ဂလာ ပြုလိုက်ပါတယ်လေ။

Sunday, November 20, 2011

Save 57 lives



မြန်မာပြည်ရဲ့ ၉၁ နှစ်မြောက် အမျိုးသားနေ့မှာ ၁၉ ကြိမ်မြောက် သွေးလှူဖြစ်တယ်...

ငှက်ဖျားဖြစ်ဖူးတဲ့သူတွေကို စင်္ကာပူသွေးဘဏ်က သွေးပေးမလှူတော့ဘူး။ အရင်တုန်းကတော့ ၃ နှစ်အတွင်း ငှက်ဖျား ရှိဖူးတဲ့သူကိုပဲ မလှူခိုင်းတာ။ အခုတော့ ငယ်ငယ်တုန်းက ဖြစ်ခဲ့လည်း ပေးမလှူတော့ဘူးလို့ သိလိုက်ရတယ်။ စင်္ကာပူကို ရောက်တာ ၆ လ မပြည့်တဲ့သူဆိုရင်လည်း ဘယ်က လာသလဲဆိုတာ စစ်ပါတယ်။ ရန်ကုန်က မဟုတ်ပဲ တခြားနယ်က လာတယ်ဆိုရင် ငှက်ဖျားပိုး ရှိနိုင်တယ်လို့ ယူဆပြီး သွေးမလှူခိုင်းပါဘူး။ ငှက်ဖျားပိုးက ၆ လ ကျော်မှ သေချာ စစ်လို့ရတယ် ဆိုပဲဗျ။

Friday, November 11, 2011

11-11-11



11-11-11 က တိုက်တိုက်ဆိုင်ဆိုင် တန်ဆောင်မုန်း လပြည့်ညနဲ့ တိုက်ဆိုင်နေတယ်။ ဆေးပေါင်းခတဲ့ညမှာ မဲဇလီဖူးသုပ် စားကြတယ် ဆိုပေမယ့် အခုချိန်ထိ တခါမှ မစားခဲ့ဖူးဘူး။ ကျွေးတဲ့သူက ကျွေးပေမယ့် မစားချင်လို့ မစားခဲ့တာဆို ပိုမှန်မယ်။ ရန်ကုန်မှာဆိုရင်တော့ ဒီညကတော့ သူခိုးကြီးည၊ ကျီးမနိုးပွဲ ကျင်းပတဲ့ ညပါပဲ။ ချစ်လို့ ခင်လို့ ကျီစယ်တဲ့ သဘောနဲ့ ဆိုင်းဘုတ်တွေ ဖြုတ်ပြီး တခြားအိမ်မှာ တပ်၊ ပန်းအိုးတွေ ခုံတွေ နေရာရွေ့၊ လူငယ်တွေ သူခိုးလုပ်တမ်း ကစားကြတယ်။ ကျီးမနိုးပွဲမှာ ဆော့တဲ့သူတွေ ရှိသလို တကယ်ခိုးတဲ့သူတွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် အဲဒီလိုမျိုး တကယ်ခိုးသွားတယ် ဆိုတာက ရှားပါတယ်လေ။

ဒီနှစ်ကျီးမနိုးပွဲမှာ ခိုးချင်သပ... နေရာရွှေ့ချင်သပ ဆိုတဲ့သူတွေအတွက် အိမ်ရှေ့မှာ ဘတ်စ်ကားဟောင်းတစီး ထားပေးလိုက်မယ်။ ရှေးဟောင်းဆိုပေမယ့် ကားအသစ်သွင်းဖို့ ပါမစ်လျှောက်လို့ရတဲ့ ကားနော်။ ကားမှာ နံပါတ်ပြားတောင် မတပ်ထားတော့ဘူး။ ကဲ... ခိုးချင်သလို ခိုးတော့... ယူချင်သလိုသာ ယူပေတော့ဗျို့။

Thursday, October 27, 2011

MBS



MBS (Marina Bay Sands) ဆိုတာ စင်္ကာပူရဲ့ အထင်ကရ နေရာအသစ်တခုပေါ့။ နီယွန်မီးရောင်စုံနဲ့ လှပြီးသား နေရာတခုမှာ အလှတွေ ထပ်တိုး ပေါင်းဖြည့်ထားတဲ့ နေရာတခုပါပဲ။ နေ့စဉ်အလုပ်တွေနဲ့ မွန်းကျပ်နေတဲ့ ဘဝအမောတွေကနေ ခဏတာ ရုန်းထွက်ဖို့ မိသားစုအလိုက် အပန်းဖြေစရာ... ဟိုဟိုဒီဒီ လည်ပတ်စရာ နေရာလေးတခုလို့လည်း ပြောလို့ ရပါတယ်။ ကာစီနိုနဲ့ ဟိုတယ်အတွက် အဓိကထား ဖွင့်ထားပေမယ့် လောင်းကစား ဝါသနာမပါတဲ့ ကျွန်တော်တို့အဖို့တော့ ဓါတ်ပုံရိုက်ဖို့ မိသားစုနဲ့အတူ ညခင်းချိန်ခါ လေညင်းခံဖို့ အလွန်ကောင်းတဲ့ နေရာပါပဲ။

အလုပ်မှာ လူကြီးအသစ် ရောက်လာလို့ အပြောင်းအလဲတွေ များလွန်းတဲ့ အချိန်အခါ၊ ရှိရင်းစွဲ အလုပ်တွေအပြင် အပိုဆောင်းလာတဲ့ တခြားအလုပ်တွေနဲ့အတူ သောကတွေ၊ စိတ်ဖိစီးမှုတွေက အပိုဆုတွေအဖြစ် တွဲပါလာတယ်။ အလုပ်မှာ လုပ်နေရတာ စိတ်မပါသလိုလို ဖြစ်နေပြီ။ အကြည်ဓါတ်တွေ သိပ်မရှိတော့တာ အမှန်ပဲ။ လက်ရှိအလုပ်ကလည်း နှစ်အတော်ကြာနေပြီဆိုတော့ အလုပ်အသစ်လည်း ရှာဖို့ သင့်နေပြီ။ အဲဒါကြောင့် ရုံးပိတ်ရက်တွေမှာ အရင်လို အလုပ်တွေ ဖိလုပ်မနေတော့ဘူး။ အဲဒီတော့ ချစ်ချစ်နဲ့အတူတူ ညခင်းသာယာ အပြင်ထွက်လည် ဖြစ်တယ်။ စင်္ကာပူမြို့ထဲမှာ ဟိုသွားဒီသွား လည်စရာက သိပ်မပေါတော့ ဒီနေရာတွေမှာ တဝဲလည်လည် ဖြစ်နေတတ်တာလည်း အားလုံးအသိပဲ မဟုတ်လား။

MBS ကို ရောက်တုန်း ရိုက်ခိုက် ဓါတ်ပုံလေး ရိုက်လာဖြစ်လို့ ဘလော့ဂ်ပေါ်မှာ ဖုန်လေးသုတ်ပြီး တင်ထားလိုက်ပါတယ်လေ။ စာမရေးတဲ့ ဘလော့ဂါတွေထဲမှာ ကျွန်တော်ဇူလိုင်လည်း ပါနေပြီလေ။

Saturday, October 1, 2011

Wish for flower



ပွင့်သောပန်းတိုင်း လှပါစေ...
လှသောပန်းတိုင်း လန်းပါစေ...
ပင်ယံထက်မှာ မြဲမြံစေ...

Thursday, September 15, 2011

Lonely night at HCM



မင်း မရှိတဲ့ မြို့တော်မှာ...
ကိုယ်ဟာ ဝမ်းနည်းဆွေးမြေ့မှု
လမ်းတွေမှာ အဖော်မပါ...
ခေါင်းငိုက်စိုက်နဲ့ လှမ်းနေပြီ
ချစ်သူ မင်းကို လွမ်းနေမိ...


မှတ်ချက်။ ဂျေမောင်မောင်ရဲ့ အသည်းကွဲမြို့တော်ထဲက သီချင်းစာသားပါ။

Friday, September 9, 2011

King Naresuan Monument



နရဲစွမ် ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ဖူးတဲ့သူတွေ ရှိမှာပါ။ ကျွန်တော်ကတော့ မကြည့်ဖူးသေးဘူး။ ဒါပေမယ့် အယုဒ္ဓမြို့ကို အလည်တခေါက် ရောက်တုန်းက သူ့ရဲ့အထိမ်းအမှတ်ရုပ်ထုဆီတော့ ရောက်ခဲ့တယ်။ ဘုရင့်နောင် တည်ခဲ့တဲ့ ရွှေတောင်ဘုရားဆီကို လာတဲ့လမ်းရဲ့ အလည်ကျွန်းမှာ သူ့အထိမ်းအမှတ် ရုပ်ထုကြီးကို ခမ်းခမ်းနားနား ဂုဏ်ပြု ထုလုပ်ထားတယ်။ ထိုင်းတွေအတွက် နရဲစွမ်က သူရဲကောင်းတဦးပါပဲ။

နရဲစွမ်ကို ၁၅၅၅ ဧပြီလမှာ မွေးဖွားတယ်လို့ မှတ်သားဖူးပါတယ်။ ထိုင်းတွေက သူ့ကို မင်းသားနက် လို့ ခေါ်ပြီး သူ့ညီကိုတော့ မင်းသားဖြူလို့ ခေါ်ကြတယ်။ သူ့ညီက အသားဖြူပြီး သူက အသားမည်းလို့ အဲဒီလိုမျိုး အခေါ်ခံရတာလား ဆိုတာတာ့ သေချာ မသိပါ။ သူ့တို့ အစ်မကြီးကိုတော့ ရွှေမင်းသမီးလို့ တင်စားကြတယ်။ သေချာတာကတော့ မောင်နှမ သုံးယောက် ရှိတယ်ပေါ့။

အယုဒ္ဓယမြို့ကို ဗမာတွေ သိမ်းပိုက်ပြီးတဲ့နောက် သူနဲ့ သူ့ညီကို ဘုရင့်နောင်က မွေးစားမယ်ဆိုပြီး ပဲခူးကို ခေါ်သွားပါတယ်။ အဲဒါကိုတော့ ဓါးစားခံ အနေနဲ့ သိမ်းထားတယ်လို့ပဲ ကျွန်တော် မြင်မိပါတယ်။ အဲဒီလို ပဲခူးမှာ ကြီးပြင်းလာခဲ့တဲ့ နရဲစွမ်တယောက် ပေါ်တူဂီတွေရဲ့ ခေတ်မှီလက်နက်တွေ၊ ဗမာတွေရဲ့ စစ်ချီစစ်ခင်း သေနင်္ဂဗျူဟာတွေကို နားလည် တတ်ကျွမ်း သင်ယူနိုင်ခဲ့တယ်။ အဲဒီဟာတွေက အယုဒ္ဓမြို့ လွတ်လပ်ရေး ရဖို့ ဗမာတွေကို တော်လှန်တဲ့အခါမှာ အတော်ကို အသုံးတည့်ခဲ့ပါတယ်။ သူ့အရိုးနဲ့ သူ့ပြန်ထိုးတယ်... ဆိုတာ ဒါမျိုးပဲ ဖြစ်မယ်။

ဘုရင့်နောင်မှာ နန္ဒ လို့ ခေါ်တဲ့ သားတော်ရှိတယ်။ နရဲစွမ်နဲ့ သက်တူ ရွယ်တူ ကစားဖော်ပေါ့။ သူတို့ ကလေးဘဝမှာ ကြက်တိုက်တုန်းက နရဲစွမ်ရဲ့ ကြက်က အနိုင်ရလေ့ရှိတယ်။ အဲဒီကြက်ဝိုင်းမှာ နရဲစွမ်က တချိန်ကျရင် ငါ့မြို့တော်ကို ငါပြန်ပြီး အုပ်ချုပ် မင်းလုပ်မယ်... လို့ ပြောခဲ့တယ် ဆိုပဲ။ အဲဒီကြက်ဝိုင်းမှာ ကျွန်တော် မပါတဲ့အတွက် သူပြောတဲ့ စကားလုံး အတိအကျအတိုင်း မတူနိုင်ပါဘူး။ ဒါပေမယ့် သူပြောခဲ့တဲ့ အဓိပ္ပါယ်ကတော့ အဲဒီလိုမျိုးပဲ။ ကြက်ဝိုင်းနိုင်ခဲ့တဲ့ အောင်စိတ်လေးက သူ့တိုင်းပြည်ကို ပြန်သိမ်းနိုင်တဲ့အထိ အင်အားကြီးခဲ့တယ်လို့ မြင်မိတယ်။

နရဲစွမ်ရဲ့ တိုက်ကြက်က အမြီးဖြူပါတယ်။ ဗမာကြက်လား ထိုင်းကြက်လားတော့ မသိပါ။ အဲဒီ အမြီးဖြူကြက်က ဗမာဘုရင်ရဲ့သား ကိုင်တဲ့ ကြက်ကို နိုင်အောင် ခွပ်နိုင်လို့ဆိုပြီး ထိုင်းတွေက အမြီးဖြူ ကြက်ဖရုပ်ထုတွေကို နရဲစွမ်ရဲ့ အထိမ်းအမှတ် ရုပ်တုနားမှာ ပူဇော်ပသကြပါတယ်။ မျက်နှာစာဘက်မှာ ထားတဲ့ ကြက်ဖရုပ်တုတွေက လူတရပ်မက မြင့်ပါတယ်။ ကြက်ဖရုပ်တု သေးသေးလေးတွေလည်း အများကြီး တွေ့ရပါမယ်။ သမိုင်းကို မသိ နားမလည်တဲ့ သူတွေကတော့ ကြက်ဖရုပ်တုတွေ အများကြီး တွေ့ရလို့ အဲဒီနေရာနဲ့ ဘုရင့်နောင် တည်ခဲ့တဲ့ ဘုရားကို ကြက်ဘုရားလို့ ခေါ်ကြပါတယ်။ ကြက်ဘုရားကို လိုက်ပို့ပေးပါလို့ တက်စီသမားကို ပြောကြည့်ရင် ဘယ်သူမှ သိမယ် မထင်ပါဘူး။ အမှန်ကတော့ နရဲစွမ် ရုပ်တုနဲ့ ရွှေတောင်ဘုရား သီးခြား တခုစီပါပဲ။


နရဲစွမ် အထိမ်းအမှတ်ရုပ်တုကနေ လှမ်းကြည့်ရင် မြင်ရတဲ့ ခပ်စောင်းစောင်း ရွှေတောင်ဘုရား...


ကိုကြီးကျော်နတ်ကို ဗမာတွေ ကိုးကွယ်သလိုမျိုး ထိုင်းတွေကလည်း နရဲစွမ်ကို ပူဇော်ပသကြပါတယ်...


နရဲစွမ်အတွက် ဓါးတွေ ဆက်သထားတာကိုလည်း မြင်ရလိမ့်မယ်...


ဘုရင့်နောင်ရဲ့သားနဲ့ နရဲစွမ်တို့ ငယ်စဉ်ဘဝမှာ ကြက်တိုက်တဲ့ပုံလေးပေါ့...


လူတရပ်မက မြင့်တဲ့ အမြီးဖြူ တိုက်ကြက်ဖရုပ်ထုတွေလည်း အများကြီးပဲ...


နရဲစွမ်အတွက် ပသထားတဲ့ တိုက်ကြက်ဖတွေလည်း တွေ့ရလိမ့်မယ်...

Sunday, August 28, 2011

Save 54 lives



သြဂုတ်လ ၂၈ ရက်နေ့- စင်္ကာပူသွေးဘဏ်မှာ ၁၈ ကြိမ်မြောက် သွေးလှူဖြစ်ခဲ့တယ်။
သွေးလှူပွဲတွေ လုပ်ရင်း တခါတည်း သွေးလှူဖြစ်တာ ဒါနဲ့ဆို ၅ ကြိမ်မြောက် ရှိသွားပါပြီ။
အလုပ် မအားတဲ့သူတွေ များသွားလို့ ဒီတခေါက် သွေးလှူပွဲကတော့ လူနည်းပါတယ်။

Friday, August 26, 2011

The Golden Mount











အယုဒ္ဓမြို့ရဲ့ မြောက်ဘက်စွန်းစွန်းမှာ တည်ထားတဲ့ စေတီပါ။ Wat Phukhaothong လို့ အမည်တွင်ပါတယ်။ ကွင်းပြင်ကျယ်ကျယ်ထဲမှာ မိုးပေါ်ကို ထိုးတက်နေတဲ့ စေတီဟာ ရွှေတောင်ကြီးတခုအလား ထင်မှတ်စရာ ရှိလို့ ဘုရားကို ရွှေတောင်ဘုရားလို့ ဘွဲ့တော် ပေးခဲ့ပုံပါပဲ။ ဝင်ကြေး ပေးစရာ မလိုတဲ့ ဘုရားလည်း ဖြစ်ပါတယ်။ ဘုရားသမိုင်းကတော့ ၂ မျိုးကွဲနေပါတယ်။

တခုက ဘုရင့်နောင်မင်းတရားကြီး အယုဒ္ဓမြို့ကို အောင်နိုင်ပြီးတဲ့နောက် အောင်ပွဲအထိမ်းအမှတ် အနေနဲ့ တည်ထားတဲ့ စေတီပါ။ ပစ္စယံအဆင့်ဆင့်တွေဟာ မွန်ဗမာ ဗိသုကာလက်ရာတွေပေါ့။ ဘုရားမှာ ရေးထားတဲ့ ဆိုင်းဘုတ်အရ အစက အဲဒီနေရာက ဘုန်းကြီးကျောင်းပါ။ ဘုရင့်နောင် အယုဒ္ဓမြို့ကို အောင်နိုင်ပြီးတဲ့ နောက်မှ အဲဒီ ကွင်းပြင်ကျယ်မှာ ဘုရားတည်တာပါ။

နောက်တခုကတော့ နရဲစွမ်က ဗမာတွေကို တော်လှန် အောင်မြင်ပြီးတဲ့နောက် အယုဒ္ဓမြို့ လွတ်လပ်ရေး ရတဲ့ အထိမ်းအမှတ်၊ ဗမာတွေကို နိုင်ပြီဆိုတဲ့ အထိမ်းအမှတ် အနေနဲ့ ဒီဘုရားကို တည်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မွန်ဗမာ လက်ရာဖြစ်တဲ့ ပစ္စယံကို အောက်ခြေမှာ ခံထားပြီး ထိုင်းဗိသုကာ လက်ရာဖြစ်တဲ့ ၁၂ ထောင့် စေတီတော်ကို အပေါ်မှာ တည်ထားတာပါ။ ဗမာက အောက် ထိုင်းက အပေါ်မှာလို့ ဆိုလိုချင်တာပါ။ အဲဒီလိုမျိုး ရေးထားတာကို Ayutthaya - Guide to art & architecture ဆိုတဲ့ စာအုပ်မှာ တွေ့နိုင်ပါမယ်။

အဲဒီစေတီကို ငရဲမကြောက်တဲ့သူတွေက စေတီတော်ရဲ့ အနောက်ဘက် ရင်ပြင်ကနေ ပစ္စယံကို လှိုဏ်ခေါင်းတူးပြီး ဌာပနာဖောက်ဖို့ ကြိုးစားဖူးပါတယ်။ တာဝန်ရှိသူတွေက အဲဒီပစ္စယံက လှိုဏ်ခေါင်းကို ကွန်ကရစ်တွေနဲ့ ပြန်ထည့်ပြီး အစားထိုး ဖာထေးခဲ့ပေမယ့် စေတီဟာ ပစ္စယံထဲကို ၂ မီတာလောက် ကျွံဝင်သွားခဲ့ပြီး ခပ်စောင်းစောင်းလေး ဖြစ်သွားရရှာပါတယ်။ အဝေးတနေရာကနေ လှမ်းကြည့်မယ်ဆိုရင် ပစ္စယံအထက်က စေတီတော် စောင်းနေတယ်ဆိုတာကို မြင်နိုင်ပါတယ်။

အဲဒါဖြစ်ရပ်ကို သေသေချာချာ မသိခဲ့ရင် ဗမာတွေ တည်ထားတဲ့ ပစ္စယံတွေက တည့်မတ်ပြီး ထိုင်းတွေ တည်တဲ့ အပေါ်ပိုင်း စေတီက စောင်းနေတယ်လို့ ပြောဆိုနိုင်ပါတယ်။ ထိုင်းတွေ ဘုရားကို တည့်မတ်အောင် မတည်နိုင်ဘူး ညံ့တယ်ပေါ့လေ။ အမှန်တော့ လှိုဏ်ခေါင်းတူးခဲ့တာကြောင့် စေတီတခုလုံး စောင်းနေပြီး ပစ္စယံတွေပဲ အတည့်အတိုင်း ကျန်ရှိနေတာပါ ခင်ဗျာ။

Sunday, August 21, 2011

City of water













ဒီတခေါက် ထိုင်းကို အလုပ်ကိစ္စနဲ့ ရောက်ရင်း အယုဒ္ဓယမြို့ကို အလည်တခေါက် ရောက်ခဲ့ပါတယ်။ အယုဒ္ဓယမြို့တော်ဆိုတာကို သီတာမြို့လို့ ခေါ်ကြသတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမြို့ကို မြစ်သုံးစင်းက ဝန်းရံပတ်ထားတာ ကျွန်းလေး တကျွန်းလို ဖြစ်နေလို့ပါပဲ။ မိုးတွင်းမှာ ဆိုရင် မြစ်သုံးစင်းက ရေတွေ တက်လာလို့ မြို့ပတ်လည်က လယ်ကွင်းတွေမှာ ရေတဖွေးဖွေးဖြစ်နေတတ်တယ်တဲ့။ ရေတွေ အပြည့်နဲ့ လယ်ကွင်းပြင်ကြီးဟာ စစ်ရေးဗျူဟာအရဆိုရင်တော့ အတော်ကို အရေးပါတဲ့ နေရာတွေပါပဲ။ မြို့ပတ်လည်က တံတိုင်းတွေရယ် ရေပတ်လည် ဝိုင်းနေတာတွေဟာ မြို့တော်ကို တိုက်ခိုက်မယ့် ရန်သူတွေရဲ့ ဘေးကနေ ကာကွယ်ပေးနိုင်တာပေါ့။ မိုးတွင်းကာလ မဟုတ်တဲ့အချိန်မှာ ရန်သူတွေ လာတိုက်ရင်တော့ မြို့အပြင်ဘက် ကွင်းပြင်တွေရဲ့ ဝေးဝေးကနေ မိုးရွာတဲ့အချိန်ထိ ရောက်အောင် အချိန်ဆွဲ ခုံခံလေ့ရှိကြတယ်။ မိုးတွေ ရွာပြီဆိုတာနဲ့ ရန်သူတွေ မြို့ကို ကြာကြာ ဝိုင်းမထားနိုင်ပဲ ပြန်ဆုတ် သွားရတယ်တဲ့။

အယုဒ္ဓယမြို့ သက်တမ်းက ၄၁၇ နှစ် ကြာခဲ့ပြီး မင်းဆက် ၃၅ ဆက် အုပ်ချုပ်ခဲ့တယ်။ နရဲစွမ်လို့ နာမည်ကြီးတဲ့ ဘုရင်က ၂၀ ယောက်မြောက် ဘုရင်ပေါ့။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေးမှာ ဘုရင်ကတော့ အာဏာ အရှိဆုံး ပုဂ္ဂိုလ်ပါ။ ရှေးဘဝအဆက်ဆက်မှာ ကုသိုလ် ကောင်းမှူ အစုစုကို ပြုကျင့်ဖြည့်တင်းခဲ့တဲ့သူမျိုးမှ ဘုရင်ဖြစ်တယ်လို့ ယုံကြည်ကြလို့ ဘုရင်ဆိုတာ အတော်ကို ဘုန်းတန်ခိုး ကြီးလှပါတယ်။ မြို့မှ လူတန်းစား ၄ မျိုး ရှိတယ်။ ဘုရင့်ဆွေတော်မျိုးတော်၊ မှုးကြီးမတ်ရာ၊ ကုန်သည်နဲ့ သာမန်ပြည်သူတို့ပါ။ အဲဒီအထဲမှာ သာမန် ပြည်သူက လူဦးရေ အချိုးအစား အများဆုံးပေါ့။ တိုင်းပြည်ရဲ့ အင်အားကလည်း သူတို့အပေါ်မှာပဲ မူတည်ပါတယ်။

အယုဒ္ဓယမြို့နဲ့ ပတ်သက်လာရင် ဆင်တွေကိုလည်း ချန်ထားလို့ မရပါဘူး။ အဲဒီခေတ်မှာ ဆင်တွေက အတော်ကို တန်ဖိုးရှိတဲ့ တိရိစ္ဆာန်ပါ။ ဆင်များများပိုင်တဲ့ ဘုရင်က ပိုပြီးဘုန်းကြီးတယ်လို့ မြင်ကြပါတယ်။ ဆင်ဖြူကိုသာပိုင်ခဲ့ရင် အဲဒီဘုရင်မှာ ဆင်ဖြူရှင် ဆိုပြီး ဂုဏ်တခု အပိုတိုးတာပေါ့။ အဲဒီခေတ်မှာ ဆင်ကို သယ်ယူပို့ဆောင်ရေးမှာ သုံးပါတယ်။ စစ်ပွဲတွေမှာလည်း သုံးပါတယ်။ နောက်တခုကတော့ ပြည်ပပို့ကုန်အဖြစ် ဆင်တွေကို ရောင်းပါတယ်။ အိန္ဒိယနဲ့ ပါရှားဘက်က ဆင်အများဆုံး ဝယ်ပါတယ်။ အဲဒီခေတ်မှာ အနည်းဆုံး ဆင်ကောင်ရေ ၃၀၀ ကနေ ၄၀၀ ကြား နိုင်ငံခြားကို တင်ပို့ ရောင်းချခဲ့ပါတယ်။ ဆင်စွယ်ကိုတော့ တရုတ်ပြည်က အဓိက ဝယ်ပါတယ်။

အယုဒ္ဓယမြို့တော် ကျဆုံးပြီးတဲ့နောက် ထိုင်းမင်းဆက်က ဘန်ကောက်ဘက်ကို ပြောင်းရွှေ့ အခြေချပါတယ်။ ရာမဘုရင် (၁) က အယုဒ္ဓယမြို့က အုတ်တွေ ကျောက်တွေကို ဘန်ကောက်မြို့ တည်ဆောက်ရေးမှာ ယူသုံးဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒါကြောင့် ဂူဘုရားစေတီတွေ ကျောင်းဆောင်တွေ ပျက်ဆီးခဲ့ပါတယ်။ ရာမဘုရင် (၃) လက်ထက်မှာလည်း အယုဒ္ဓယမြို့က ဂဝံကျောက်တွေကို ဘန်ကောက်မြို့က အဆောက်အဦးတွေမှာ ယူသုံးဖို့ ခွင့်ပြုခဲ့ပြန်ပါတယ်။ နဂို အပျက်တွေကနေ ပျက်သထက် ပျက် ဖြစ်သွားရရှာတယ်။ ရာမဘုရင် (၄) လက်ထက်မှာတော့ အယုဒ္ဓယမြို့က ရှေးဟောင်း ဘုရားပုထိုး အဆောက်အဦးတွေကို ပြုပြင် ထိန်းသိမ်းဖို့ လုပ်ဆောင်ခဲ့ပါတယ်။ သူ့ ကျေးဇူးကြောင့် အယုဒ္ဓယမြို့က အခုလိုမျိုး ကျန်ရှိနေတာပါ။

ဗမာတွေ စစ်လာတိုက်လို့ အယုဒ္ဓယမြို့ ပျက်ဆီးတယ် ဆိုတာထက် ဘန်ကောက်မြို့ တည်ဆောက်ဖို့ မြို့ဟောင်းက အုတ်တွေ ဂဝံကျောက်တွေ ယူသုံးဖို့ ဘုရင်တွေက ခွင့်ပြုခဲ့လို့ အယုဒ္ဓယမြို့ အခုလို အပျက်အဆီးပုံစံမျိုး ကျန်နေတယ်လို့ မြင်မိပါတယ်လေ။

Sunday, August 14, 2011

To my brother

ညီလေးရေ...

ညီလေးရေ...
လမ်းမမှားအောင် ရွေးကွာ
အချိန်များဟာ နည်းလွန်းတယ် ဘဝမှာ
ညီလေးရေ...
မြစ်တစ်ခုမှာ ရေနှစ်ခါ
ချိုးလို့မရနိုင်တာ မင်းနားလည်ပါ...

ညီလေးရေ...
လောကစာမျက်နှာ
သင်ကြားပါ ကောင်းမှူရှာတဲ့အခါ
ညီလေးရေ...
အမျိုးအကျိုးဆောင်ယူပါ
နှလုံးသားရဲ့ အမှန်တရား စွဲမြဲခိုင်မာ...

စည်းနှစ်ဘက်ရဲ့ကြား မင်းမရပ်နဲ့ကွာ
တွေဝေတတ်သူအလုပ် တို့နဲ့မဆိုင်ပါ
လမ်းတစ်ခုသာရွေး အမှား (သို့) အမှန်
ဒါပဲပေါ့ကွာ ယုံကြည်စိတ်ထား...

မင်းသွေးများ အားနည်းနေလား
သွေးသစ်လဲလိုက်ပေါ့ အမှန်တရား
လောကကောင်းကျိုးထမ်းရွက်မယ့်
လူသားတစ်ယောက်အဖြစ်နဲ့...

ညီလေးရေ...
လမ်းရွေးပြီးရင် သွားကွာ
အချိန်မရှိပါ
တို့နောက်မှာ သေခြင်းတရား

ညီလေးရေ...
လမ်းဆုံးရင် ရွာတစ်ရွာ
ရောက်ရှိဖို့ယုံပါ စွဲမြဲခိုင်မာ...

စည်းနှစ်ဘက်ရဲ့ကြား မင်းမရပ်နဲ့ကွာ
တွေဝေတတ်သူအလုပ် တို့နဲ့မဆိုင်ပါ
လမ်းတစ်ခုသာရွေး အမှား (သို့) အမှန်
ဒါပဲပေါ့ကွာ ယုံကြည်စိတ်ထား...

မင်းသွေးများ အားနည်းနေလား
သွေးသစ်လဲလိုက်ပေါ့ အမှန်တရား
လောကကောင်းကျိုးထမ်းရွက်မယ့်
လူသားတစ်ယောက်အဖြစ်နဲ့...

ညီလေးရေ...
မင်းအကြောင်းဟာ သမိုင်းမှာ
မှတ်သားစရာ မရှိခဲ့တဲ့ မဟုတ်ပါ
ညီလေးရေ...
အားလုံးဟာ မရေရာ
ဝမ်းနည်းဖို့ မလိုတာ မင်းနားလည်ပါ။


ဒီသီချင်းရဲ့ တေးရေး/ တေးဆိုက ထူးအိမ်သင်ပါ။ ဒီသီချင်းလေးက ကျွန်တော့်ညီရဲ့ မွေးနေ့အတွက် ရည်ရွယ်ပြီး ရေးတင်လိုက်သလို ထူးအိမ်သင်နေ့ အမှတ်တရအနေနဲ့ ရေးတင်တာလည်း ပါပါတယ်။

ညီလေးရေ ဆိုတဲ့ သီချင်းလေးက ကိုငှက်ရဲ့ လူငယ်တွေအပေါ်မှာ ထားရှိတဲ့ စေတနာကို နားလည် သိရှိ ခံစားစေနိုင်ပါတယ်။ တက်သစ်စ လူငယ်တွေကို နားဝင်အောင် ပြောဆို ဆုံးပ ညွှန်ပြရတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ အညွှန့်တလူလူနဲ့ မာနတံခွန် ထူစ ပြုနေတဲ့အရွယ်၊ ပြောသမျှကို အလွယ်တကူ နားမထောင်ပဲ အရာရာကို လက်တည့်စမ်း လုပ်ချင်တဲ့ အရွယ်၊ ဂျစ်ကန်ကန် မိုက်ကန်းကန်း ထင်ရာစိုင်းတဲ့ အရွယ်၊ ဒီလို အရွယ်တွေကို နားဝင်အောင် ပြောဆိုဖို့ဆိုတာ တကယ်ကို မလွယ်မှန်း သိကြမှာပါ။ ကိုငှက်ကတော့ သီချင်းလေး ဖန်ဆင်းပြီး လူငယ်တွေ နားဝင်အောင် ပြောဆို ဆုံးမသွားတာ တကယ်ကို လှလွန်းပါတယ်။ ဒီလိုအလှကို မြင်အောင် ကြည့်တတ်စရာတောင် မလိုပါဘူး။ အလွယ်တကူ မြင်နိုင် သိနိုင် ခံစားနိုင်ပါတယ်။

ကိုယ်တတ်စွမ်းတဲ့ အနုပညာမှော်စွမ်းအားနဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့အကျိုး၊ အနာဂတ် တိုင်းပြည်ရဲ့ အကျိုးကို စေတနာအပြည့်နဲ့ ဖြည့်တင်းသွားတဲ့ ကိုငှက်ကို လေးစားရင်း ဒီစာလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

Tuesday, July 19, 2011

His story (or) History

ဖတ်ဖူးတာလေးတွေကို ခပ်ဝါးဝါး မှတ်မိသလောက် လျှောက်ရေးမယ်လို့ စဉ်းစားတော့ ဒါဟာ သမိုင်းတော့ သမိုင်းပဲ ဒါပေမယ့် သက်သေမရှိတဲ့ သမိုင်းတွေလို့ ပြောရမှာပဲ။ မှော်ဘီဆရာသိန်းရဲ့ ပါးစပ်ရာဇဝင် ဆိုတာမျိုးပေါ့။

အာဇာနည်နေ့၊ ၁၉ရက်၊ ဇူလိုင်လ၊ ၁၉၄၇ခုနှစ်

အာဇာနည်နေ့အကြောင်းကို လူတော်တော်များများသိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် (၉)ဦး လုပ်ကြံခံရတယ်။ လုပ်ကြံသူများကို စေခိုင်းခဲ့သူက ဂဠုန်ဦးစောဖြစ်တယ်။ ဂဠုန်ဦးစောကို ကြိုးပေးကွပ်မျက်ခဲ့တယ်။ ဂဠုန်ဦးစောဟာ ဗိုလ်ချုပ်အောင်ဆန်းမရှိလျှင် ၀န်ကြီးချုပ်ရာထူး သူရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အာဏာအတွက် လုပ်ကြံခဲ့တာဖြစ်တယ်။


ဗိုလ်ချုပ်ကိုဘယ်သူလုပ်ကြံခဲ့သလဲ

ငယ်ငယ်ကတော့ အတော့်ကို ရှင်းခဲ့ပါတယ်။ အပေါ်မှာ ပြောထားသလိုပေါ့။ ဗိုလ်ချုပ်ကို ဂဠုန်ဦးစောက လုပ်ကြံခဲ့တယ်။ တရေးနိုးလာမေးလည်း ဒါက အဖြေပါပဲ။ နောက်ပိုင်းတော့ ဟိုဟာလေး နည်းနည်းဖတ် ဒီဟာလေး နည်းနည်းဖတ်ကနေ အတိုအစအတော်များများကို ဦးနှောက်ထဲ စုမိသလိုဖြစ်တော့တာပါပဲ။

ဗိုလ်ချုပ်ကို လုပ်ကြံလို့ ဦးစောကို တရားရုံးက ကြိုးပေးခဲ့ပေမယ့် မရှင်းမလင်းဇာတ်လမ်းတွေ အတော်လေး ရှိနေတာကို တွေ့ရပါတယ်။ ပထမဆုံးကတော့ ဦးစောရဲ့ တရားရုံးထွက်ချက်တွေမှာ တွေ့ရပါတယ်။ ဦးစောက သူ့ကို ဗိုလ်ချုပ်က စတင်လုပ်ကြံလို့သာ သူက လက်တုံ့ပြန်ရတာပါလို့ ထွက်ဆိုခဲ့ပါတယ်။ သေဒဏ်ပေးခံရပြီးတဲ့နောက်မှာ သူ့သမီးကို နောက်ဆုံးရေးခဲ့တဲ့ နှုတ်ဆက်စာမှာလည်း ဒီအကြောင်း တစ်စွန်းတစ်စ ထည့်ရေးခဲ့ပါတယ်။ မိမိတို့အမျိုးဟာ ကိုယ့်ကိုလာထိရင် လက်တုံ့ပြန်တတ်ကြောင်းနဲ့ ယင်းကဲ့သို့ စိတ်လိုက်မာန်ပါ လုပ်မိတဲ့အတွက် ဒီအဖြစ်ဆိုးကို ကြုံရတာဖြစ်တယ်။ သမီးအနေနဲ့ ဘယ်သူ့ကိုမှ လက်တုံ့မပြန်ပါနဲ့တော့လို့ ရေးထားပါတယ်။

အဲဒီမှာ ကျွန်တော့်စိတ်ထဲ ၀င်သွားတာက ဦးစောကို ဗိုလ်ချုပ်က တကယ်လုပ်ကြံခဲ့သလားပေါ့။ ဒါနဲ့ ဟိုရှာ ဒီရှာ ရှာရပါတော့တယ်။ ဒီမှာ တွေ့ရတာက ဗိုလ်ချုပ်ဟာ ဦးစောကို လုပ်ကြံခဲ့တာမဟုတ်ဘဲ ပြည်သူ့ရဲဘော်တချို့က ဦးစောကို လုပ်ကြံခဲ့တာဖြစ်ကြောင်းပါ။

ဒါပေမယ့် ပြည်သူ့ရဲဘော်ဆိုတာတွေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို အင်အားလျှော့တဲ့အထဲ ပါသွားရှာတဲ့ ရဲဘော်တွေနဲ့ ပြန်ဖွဲ့ထားတဲ့ လက်နက်ကိုင်မထားသော စစ်မှုထမ်းဟောင်းတွေ ဖြစ်နေလေတော့ မပြေးသော်ကန်ရာရှိ ဗိုလ်ချုပ်ခမျာ တပည့်မကောင်း ဆရာ့ခေါင်း ဖြစ်ခဲ့ရတာပါလားလို့ သုံးသပ်မိရပါတယ်။


ဦးစောလုပ်ကြံခံရခြင်း

ဦးစောကို သေနတ်နဲ့ ပစ်ခဲ့တာက ၁၉၄၆ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာဖြစ်ပါတယ်။

မြေနီကုန်းရှိ စမ်းချောင်း အ.ထ.က(၂) စိန့်ဖလိုးကျောင်းအနီး၊ ပြည်လမ်းမပေါ်တွင် ဦးစောစီးလာသော အနက်ရောင်ဗင်ကားအား ပြည်သူ့ရဲဘော်ဝတ်စုံဝတ်ထားသည့် လူလေးဦးပါသော ဂျစ်ကားတစ်စီးမှ သေနတ်နှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် ကားမှန်ကွဲသွားပြီး ဦးစောရဲ့ မျက်စိထဲကို မှန်ကွဲစတချို့ ထိမှန်ဒဏ်ရာရခဲ့ပါတယ်။ ဦးစောကို ဆေးရုံတင်ပြီး ကုသခဲ့ပါတယ်။

ပြည်သူ့ရဲဘော်တွေလက်ချက်မို့ ဦးစောကတော့ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းခိုင်းတာလို့ တစ်ထစ်ချ တွက်ခဲ့ပါတယ်။

ဦးစောဆေးရုံတက်နေတုန်းမှာ ဗိုလ်ချုပ်အောင်ဆန်းက သတင်းသွားမေးခဲ့ပါတယ်။

ဒီအကြောင်းကို သခင်တင်မြရဲ့ (ဘုံဘ၀မှာဖြင့်ထပ်ကြပ်မကွာ)မှာဖတ်နိုင်သလို သခင်တင်မြရဲ့ (ဘုံဘ၀မှာဖြင့်ဒုတိယပိုင်း အမှားနှင့်အမှန်)မှာလည်း ဖတ်နိုင်ပါတယ်။

တစ်ခါ ကိုကိုမောင်ကြီးရဲ့ (ကျွန်တော်သိသော တစ်ရံရောအခါများ)ထဲမှာလည်း ဒီအကြောင်းကို ထပ်ဖတ်ရပါတယ်။ ကိုကိုမောင်ကြီးကတော့ နာမည်အတိအကျနဲ့ ဘယ်သူတွေပါဝင်တယ်လို့ကို ပြောပါတယ်။

ဗိုလ်ကျော်ဇံလို့ နာမည်နှင့်တကွ ထုတ်ရေးခဲ့သလို လုပ်ကြံမယ်ဆိုတဲ့အကြောင်းကိုလည်း သူ့ကို ပြောခဲ့တယ်လို့ အတိအကျ ရေးထားပါတယ်။ လုပ်ကြံမှုဖြစ်တဲ့နေ့ကလည်း ဗိုလ်ကျော်ဇံကို ဦးစောကားနောက်မှာ ဆိုင်ကယ်ဖြင့် လိုက်ပါသွားတာ တွေ့လိုက်ရတယ်ဆိုပါတယ်။ ဗိုလ်ကျော်ဇံဟာ ကိုကိုမောင်ကြီးနှင့်အသက်တူပြီး၊ မင်္ဂလာဒုံဗိုလ်သင်တန်း တတိယပတ်မှဖြစ်ပါတယ်။ ဘီဒီအေတွင် ၀င်ရောက်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးတွင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်ကျော်မြင့်၊ ၀န်ကြီးချုပ်ဖြစ်ခဲ့သူ သူရဦးထွန်းတင်တို့နှင့် ၀မ်းကွဲညီအစ်ကိုတော်သူဖြစ်ပါတယ်။ ဒါပေမယ့် ပစ်ခတ်ခဲ့တဲ့ ကားပေါ်က လူတွေက ဘယ်သူတွေဆိုတာတော့ မပြောထားပါဘူး။ ဗိုလ်ကျော်ဇံကလည်း မပြောပါဘူး။ ဗိုလ်ကျော်ဇံရဲ့ စကားမှာတော့ သူလည်းသေနတ်နဲ့ပစ်မလို့လိုက်သွားတာ ဟိုလူတွေက ပစ်ပြီး ကားက ကွေ့ထွက်သွားတယ်လို့ ပြောထားတဲ့အတွက် ဟိုလူတွေနဲ့ သူနဲ့ဟာ အတူတူပဲလား တစ်ဖွဲ့စီလားမရှင်းပါဘူး။

တစ်နေရာမှာ ကျွန်တော်ဖတ်ရတာကတော့ ဂဠုန်ဦးစောကို လုပ်ကြံဖို့ ကြိုးစားခဲ့တာဟာ စာရေးဆရာ ရန်ကုန်ဘဆွေဦးဆောင်တဲ့ ပြည်သူ့ရဲဘော်တွေလို့ သိရပါတယ်။ ရန်ကုန်ဘဆွေဆိုတာက ကလောင်နာမည်ဖြစ်ပြီး သူ့ရဲ့ အပြင်ကနာမည်ကို ကျွန်တော် မမှတ်မိတော့ပါ။ ဒီအတွက် ကိုကိုမောင်ကြီးပြောသော ဗိုလ်ကျော်ဇံနဲ့ ရန်ကုန်ဘဆွေဟာ တစ်ဦးတည်းလား တစ်ဦးစီလား ကျွန်တော် မသိပါ။ သိသူများ ဖြည့်ပေးစေချင်ပါတယ်။

အဆိုအားလုံးက မငြင်းတာကတော့ ဦးစောကို ပြည်သူ့ရဲဘော်တွေက လုပ်ကြံခဲ့တယ်ဆိုတာပါပဲ။

တလောက စာလေးတစ်ပုဒ်ဖတ်ရပြန်ပါတယ်။ အဲဒီထဲမှာတော့ ဗိုလ်ချုပ်အောင်ဆန်းက ဦးစောကို လုပ်ကြံမှုနောက်ကွယ်မှာ သူမပါဘူးလို့ တွေ့ဆုံရှင်းလင်းကြောင်း ရေးထားတာလေးပါ။ ဘေးမှာ ပါတဲ့လူတစ်ယောက်က ပြန်ရေးထားတာပါ။ သမိုင်းမှာ သက်သေတော့ မရှိပါဘူး။ အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်းက သူမဟုတ်ကြောင်း သုံးကြိမ်တိတိ ငြင်းဆိုခဲ့ပေမယ့် ဦးစောက တစ်ထစ်ချ စွပ်စွဲနေလို့ နောက်ဆုံးမှာ ခင်ဗျားဘယ်လိုထင်ထင် ကျုပ်ဂရုမစိုက်တော့ဘူးလို့ ဗိုလ်ချုပ်က ပြန်ပြောခဲ့တယ် ဆိုပါတယ်။ ဒါဟာလည်း ဗိုလ်ချုပ်ကို လုပ်ကြံမှုဖြစ်စေခဲ့တဲ့ အကြောင်းတွေမှာ ထည့်စဉ်းစားမယ်ဆိုရင် စဉ်းစားရမယ့်အချက်တစ်ခုပါပဲ။

အင်္ဂလိပ်တို့၏ပါဝင်ပတ်သက်မှု

အင်္ဂလိပ်တွေရဲ့ ပါဝင်ပတ်သက်မှုကတော့ အတော်လေး ရှိခဲ့ပါတယ်။ ဦးစောကို လက်နက်ထုတ်ပေးခဲ့တာ။ ဦးစောရဲ့ ထောင်တွင်းပေးစာများမှာ အကြံပေးတဲ့အတိုင်း ဆောင်ရွက်ခဲ့တယ်လို့ အင်္ဂလိပ်အရာရှိကြီးတစ်ဦးကို နာမည်မတပ်ဘဲ အရပ်မြင့်မြင့်လူလို့ ညွှန်းဆိုခဲ့တာ စတာတွေဟာ သက်သေများဖြစ်ပါတယ်။

ထူးခြားသောအချက်များ

ဗိုလ်ချုပ်ကို ဦးစောလုပ်ကြံကြောင်း ဘာကြောင့် ချက်ချင်း ရဲ က သိပြီး သွားဖမ်းတယ်ဆိုတာကို ထင်ထင်ရှားရှား ရေးသားဖော်ပြတာ မဖတ်ဖူးပါဘူး။ ထင်စရာလူတွေ အများကြီးထဲမှာ ဦးစောတစ်ယောက်တည်းကို ကိန်းသေစွပ်စွဲပြီး ခြံမှာ သွားရောက်ဖမ်းဆီးစေခဲ့တာဟာ စိတ်ဝင်စားစရာကောင်းပါတယ်။

တစ်ခါက သမိုင်းသုတေသီလို့ သူ့ဘာသာနာမည်တပ်ထားတဲ့ ဆရာဝန်တစ်ယောက်ကလည်း ဗိုလ်ချုပ်လုပ်ကြံမှုမှာ ဦးနေ၀င်းပါဝင်ခဲ့သယောင် ပြောဆိုရေးသားဖူးတာလည်း ဖတ်ဖူးပါတယ်။ သူလည်း သက်သေတော့ မရှိပါဘူး။

သေချာတာက ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ လုပ်ကြံခံခဲ့ရပါတယ်။ ဂဠုန်ဦးစောဆိုတဲ့ နိုင်ငံရေးသမား၊ ၀န်ကြီးချုပ်ဟောင်းက လုပ်ကြံခဲ့တာဖြစ်ပါတယ်။ ဦးစောဟာ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ ဂဠုန်ဆရာစံအမှုမှာ သူ့ဆရာ ဟိုက်ကုတ်ရှေ့နေကြီး ဦးသူတော်ကို ရုံးအလုပ်တွေ ကူညီခဲ့ရသူသာဖြစ်တယ်။ နိုင်ငံရေးထဲဝင်တော့မှ လူအထင်ကြီးအောင် ဂဠုန်ကို သူ့နာမည်ရှေ့တပ်ခဲ့တာလို့ သခင်မြက ပြောကြောင်း သခင်တင်မြက ရေးဖူးပါတယ်။

နောက်ထပ်ထူးခြားတဲ့ သတင်းတစ်ခုကို ကျွန်တော်ကြားဖူးခဲ့ပါသေးတယ်။ အဲဒါကတော့ မှုန်ကြီးဆိုတဲ့ ဦးစောတပည့်ဟာ အခု မြန်မာပြည်က သူဌေးကြီးတစ်ဦးရဲ့ ယောက္ခမနဲ့ သမီးရည်းစားဖြစ်ခဲ့ကြောင်းနဲ့ အဲဒီ သူဌေးသမီးကို လက်ထပ်ချင်တာနဲ့ ဒီလုပ်ကြံမှုမှာ ပါဝင်ခဲ့တယ်ဆိုတာပါပဲ။ ဒါလည်း ကျွန်တော့်မှာတော့ သက်သေအထောက်အထား မရှိပါကြောင်း။
~~~

မှတ်ချက်။ အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ ကိုမင်းအို ရေးသားထားတဲ့ Facebook က Note ကို ပြန်လည် ကူးယူ ဝေမျှ ဖော်ပြခြင်းသာ ဖြစ်ပါတယ်။

Saturday, July 16, 2011

Radio for Blood Mobile Organizer





သွေးလှူပွဲတွေ ကျင်းပပြုလုပ်တဲ့ လူတွေကို စင်္ကာပူကြက်ခြေနီက အမှတ်တရလက်ဆောင်အနေနဲ့ ပေးလိုက်တဲ့ ရေဒီယိုလေးပါ။

Friday, July 8, 2011

Birthday Cake



ရုံးက လုပ်ပေးတဲ့ မွေးနေ့ပွဲက ချော့ကလက် ကိတ်မုန့်ကြီးပါ။ အလုပ် လုပ်ခဲ့တဲ့ ၄ နှစ်ကျော် ကာလမှာ ဒုတိယအကြိမ်မြောက် လုပ်ပေးတဲ့ မွေးနေ့ပွဲပါ။ အလုပ်ဝင်တဲ့ နှစ်တုန်းက မွေးနေ့ပွဲ လုပ်ပေးပါတယ်။ အခုနှစ်မှာလည်း မွေးနေ့ပွဲ လုပ်ပါတယ်။ ကြားထဲက ၂ နှစ်မှာတော့ မေ့ထားတာလား မေ့နေတာလား မအားတာလား မသိပါဘူး။ ရုံးမှာ မွေးနေ့ပွဲ မလုပ်တာတော့ အတော်ကြာပါပြီ။

မွေးနေ့ပွဲအတွက် ကျေးဇူးတင်ထိုက်တဲ့ သူတွေကို ကျေးဇူးတင်တဲ့အနေနဲ့ အမှတ်တရ မှတ်တမ်းတင် သိမ်းထားလိုက်ပါရစေဗျာ။

Sunday, July 3, 2011

By the way - 04

ဘာရယ်တော့ မဟုတ်ဘူး။ စာမရေးဖြစ်တာ အတော်ကြာပေါ့။ မိန်းမ ရပြီးကတည်းက စာအရေးကျဲနေတာကို သတိထားမိတဲ့လူတွေ ရှိနေနိုင်ပါတယ်လေ။ မသိရင် ချစ်ချစ်က စာမရေးခိုင်းလို့ စာမရေးဖြစ်တာလို့ ထင်နေအုံးမယ်။ အမှန်ကတော့ ကိုယ်တိုင်လည်း မအားတာ ပါသလို စာရေးဖို့ စိတ်မပါတာလည်း ရှိတယ်။ စာရေးဖို့ စိတ်မပါတာက မထူးဆန်းပါဘူး။ သူများရေးတဲ့ စာတွေ မဖတ်နိုင်မှတော့ ကိုယ်တိုင်လည်း စာရေးချင်စိတ် မရှိတော့ပါဘူး။ ဟိုဟိုဒီဒီ ရေးဖို့ အကြောင်းတွေလည်း ခေါင်းထဲမှာ ခဏလေးပေါ် ခဏလေး ပျောက် ဖြစ်နေတယ်။ စာမရေးဖြစ်တာ တခြား မဟုတ်တာတွေ လုပ်ပြီး ရှုပ်နေတာလည်း ပါတယ်။ မဟုတ်တာ လုပ်တယ်ဆိုတာကို တခြား မတွေးပါနဲ့။ မျက်နှာစာအုပ်မှာ ဂိမ်းဆော့နေတာမျိုးကို ပြောတာပါ။ အခုတလော မဆိုသလောက်လေး အားလာလို့ စာလေး ရေးပါအုံးမယ်လေ။

ဘာရယ်တော့ မဟုတ်ဘူး။ ရုံးမှာ အပြောင်းအလဲတွေ အရမ်းများတယ်။ အုပ်ချုပ်ရေးက လူကြီးပိုင်းတွေ အလုပ်ထွက်တာတွေ ရှိတယ်။ သက်တော်ရှည်ကြီးတွေ အလုပ်ထွက်တော့ ကိုယ်တွေလို ငမြောက်ငခြောက်တွေ ဘာရယ်မဟုတ် မျက်ခုံးလှုပ်တာမျိုးပါ။ ခေါင်ချုပ်အသစ်လည်း ခန့်ထားတယ်။ ခေါင်ချုပ်အသစ်ဆိုတော့ ထုံးစံအတိုင်း ရက်ပေါင်း ၁၀၀ အတွင်းမှာ တော်လှန်ရေးတွေ လုပ်ကြသည်ပေါ့။ ပြုပြင် ပြောင်းလဲရေးတွေ အများကြီး လုပ်ဖို့ တာစူထားပုံပဲ။ ဟိုလူကို ဒီပြောင်း ဒီလူကို ဟိုပြောင်း၊ ဟိုဌာနနဲ့ ဒီဌာန ပေါင်း၊ အဲဒီလိုပဲ ဌာနအသစ်တွေ မန်နေဂျာအသစ်တွေ မြင်ရအုံးမယ်။ အလိုက်သင့်လေး ပြောင်းလဲနိုင်ဖို့ ပြင်ဆင်ရင်းနဲ့ အပြောင်းအလဲ ဆိုတာ သိပ်မကြိုက်တတ်တဲ့ ကျွန်တော်အတွက်တော့ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ရင်ခုန်ဖင်တုန် စောင့်စားရင်းပေါ့ဗျာ။

ဘာရယ်တော့ မဟုတ်ဘူး ဘုန်းကြီးအမှု ရွာပတ်နေတယ်။ ရုံးမှာ ကျွန်တော့်အဖွဲ့ထဲက ဝန်ထမ်းတယောက် အိန္ဒိယပြန်ဖို့ဆိုပြီး ၂ ပတ် ခွင့်တိုင်ထားပြီး ခွင့်ရက်ပြည့်တဲ့အချိန် ရုံးပြန်မတက်ဘူး။ တနလာင်္နေ့ ရုံးတက်ရမှာကို မတတ်နိုင်တဲ့ အကြောင်း အိန္ဒိယကနေ ဖုန်းဆက်ပြီး အကြောင်းကြားတယ်။ သူ့ ယောက်ခမက ပတ်စ်ပို့ သိမ်းထားလို့ ပြန်လာလို့ မရတဲ့အကြောင်း ပြောပြတယ်။ လိမ်တာလား အမှန်လား ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ အဲဒီလိုနဲ့ ၃ ပတ်ကြာတော့လည်း ပြန်မလာ၊ ၁ လ ကြာတော့လည်း ပေါ်မလာ၊ စာမလာ သတင်းမကြား။ စင်္ကာပူမှာ ငှားနေတဲ့ အိမ်ကို သူ့အသိ သူငယ်ချင်းတွေ သွားစုံစမ်းတော့ စင်္ကာပူကို ပြန်လာပြီး ၃ ရက်လောက် နေပြီး ခရီး ပြန်ထွက်သွားတယ်တဲ့။ အိန္ဒိယက သူ့မိန်းမကို ဖုန်းဆက်ကြည့်တော့ ကျွန်တော်တို့ရုံးက သူ့ကို အလုပ်ကိစ္စအတွက်နဲ့ အင်ဒိုနီးရှားကို သွားရမယ်လို့ ပြောထားတယ်တဲ့။ ကိုယ်တော်က ကြားထဲမှာ နှစ်ပင်လိမ်ပြီး ပျောက်နေပြီ။ အိန္ဒိယမှာလည်း မရှိ၊ စင်္ကာပူက အိမ်မှာလည်း မနေ၊ တကယ်ပဲ အင်ဒိုနီးရှားကို ထွက်သွားလား ဆိုတာလည်း မသိ။ အလုပ်မတက်ပဲ ခွင့်မဲ့ပျက်တာ ၃ ရက် ကျော်သွားရင် ရုံးရဲ့ စည်းကမ်းအတိုင်း အလုပ် ထုတ်ရတယ် ဆိုတော့ သူ့ အလုပ် လုပ်ခွင့် ပါမစ်ကို ဖျက်သိမ်းရတာပေါ့။ အခုလို မပြောမဆို အလုပ်ပြုတ်သွားတာ သူ့အတွက် နစ်နာနိုင်သလို ကျွန်တော်အတွက်လည်း လက်မောင်း ပြုတ်ပါတယ်။ အစစအရာရာ လက်လွှဲလို့ရတဲ့ ဝန်ထမ်းတယောက် မရှိတော့ သူ့အလုပ်တွေ ကျွန်တော်ဆီကို ရောက်လာသတည်းပေါ့ဗျာ။

ဘာရယ်တော့ မဟုတ်ပါဘူး။ ဟိုရေး ဒီရေးပါ။ နောက်များမှာ အခွင့်သင့်ရင် သင့်သလို စိတ်ပါရင် ပါသလို စာတွေ ရေးပါအုံးမယ်လေ။

Saturday, May 28, 2011

The unpleasant day

ဒီလိုနေ့မျိုးကို တနေ့စာ အလွဲများလို့လည်း ပြောလို့မရ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ကြောင့် လွဲတာမျိုး မဟုတ်ဘူးလေ။ အဲဒီတော့ အဆင်မပြေတာတွေ ရှိတဲ့ နေ့တနေ့လို့ပဲ ပြောရမယ် ထင်တယ်။ ကိုယ့်စိတ်နဲ့ မတည့်တာတော့ အမှန်ပဲလေ။

နေ့လည်ပိုင်းလောက် မူစတာဖာမှာ ဈေးဝယ်ဖို့ ချစ်ချစ်နဲ့အတူ ထွက်လာကြတယ်။ ရထားပေါ် ရောက်တော့ ခုံတွေက လွတ်နေတယ်။ အသက်ကြီးကြီး ပိန်ညောင်ညောင် တရုတ်ကြီးတယောက်က ခုံလွတ်မှာ မထိုင်ပဲ တံခါးဘေးနားမှာ မှီပြီးရပ်နေတယ်။ ကျွန်တော်တို့ သွားရမယ့် ခရီးက နည်းနည်းဝေးတော့ ခုံတွေ လွတ်နေတဲ့ အတူတူ နှစ်ဦးသား ဝင်ထိုင်လိုက်တာပေါ့။ ထိုင်လိုက်တာနဲ့ သတိထားမိတာက တံခါးနားက တရုတ်ကြီး။ သူ့ဆီကနေ အရက်စော် ထွက်နေတယ်။ အရက်နံ့ တထောင်းထောင်းပေါ့။ လူကလည်း ယိုင်တိုင်တိုင်ပဲ။

သွေးဆိုးတဲ့ အရက်သမားတို့ ထုံးစံအတိုင်း ရစ်ပါပြီဗျာ။ လူကြီးက မထိုင်ပဲ လူငယ်တွေက ထိုင်နေရသလား ဆိုပြီး ဘာညာကွိကွကို တရုတ်လို ပွစိပွစိ လုပ်ပါတယ်။ တခြားခုံလွတ်တွေလည်း အများကြီး ကျန်နေရဲ့သားနဲ့ သူနဲ့ အနီးဆုံးမှာ ရှိတဲ့ ကျွန်တော်တို့ နှစ်ယောက်ကို ရစ်ပါတယ်။ သူ့ဘာသာ သူ ကြိုက်သလို ရစ် ကိုယ်တွေကတော့ မဆိုင်သလိုပဲ လျစ်လျှူရှု ဘေးမဲ့ ပေးလိုက်တယ်။ သူက မူးနေတဲ့သူဆိုတော့ သည်းခံလိုက်တာပဲ ကောင်းပါတယ်။ ချစ်ချစ်ကတော့ ရှူးရှူးရှဲရှဲပေါ့။ ရှေ့ဘူတာ ရောက်တော့ သူ့ဘာသာ ယိုင်တိုင်တိုင်နဲ့ ဆင်းသွားတယ်။ အသက်တာကြီးတာ အချိန်က လေလို ပေါ့နေသေးတဲ့ လူတယောက်ပေါ့။ လူ့လောကအတွက် တနေရာရာမှာတော့ အသုံးကျ ကောင်းပါရဲ့လေ။

အဲဒီလိုပဲ မူစတာဖာက ပြန်လာတော့ အိမ်ကို ဘတ်စ်ကား စီးပြီး ပြန်ဖို့ Bus Interchange မှာ တန်းစီ စောင့်ရပါတယ်။ ကျွန်တော့်ရှေ့တည့်တည့်မှာ အရွယ်လတ်လတ် ကုလားမက တန်းစီနေတဲ့ ဘားတန်းအပြင်က ဆွေမျိုးတွေကို နှုတ်ဆက်လို့ မပြီးပဲ ရှေ့ကနေ တစ်နေတယ်။ နောက်မှာ တန်းစီတဲ့ လူတန်းက သူ့ကို စောင့်နေရတယ်။ သူ နှုတ်ဆက်လို့ ဝသွားတော့ ရှေ့ကို ဆက်ရွေ့သွားတယ်။ ကိုယ်တွေလည်း ဆက်ရွှေ့ပေါ့။ ကားစောင့်နေရင်း သူ့ iPhone နဲ့ Facebook ဝင်နေတယ်။ ကားလာတော့ သူ့ရှေ့က လူတန်းက ရွှေ့သွားပြီ။ သူကတော့ Facebook ညှောင့်ရင်း လိပ်သွားနှုန်းနဲ့ ရှေ့ကို မကြည့်ပဲ တဖြေးဖြေး ရွှေ့ရှာတယ်။

အချိုးမပြေပုံက ဒါနဲ့ မပြီးသေးဘူး။ ကားတံခါးဝကို ရောက်တော့မှ ဖုန်းကို ကပျာကယာ သိမ်းပြီး သူ့လက်ကိုင်အိတ်ထဲက ပိုက်ဆံအိတ်ကို ပြူးပြဲ ရှာပါတယ်။ ဆပ်ပြာသည် လင်ပျောက်သလို ပြာယာခတ် ရှာပြီးတဲ့နောက် ပြီးသွားပြီလို့ ထင်ပါသလား။ မပြီးသေးပါ။ ပိုက်ဆံအိတ်ထဲက အကြွေစေ့တွေကို ထပ်ပြီး ရှာပါတယ်။ ဒါလေးများဗျာ... အဲဒီ ကုလားမကို မစောင့်ပဲ ဘေးနားက ကျော်တက်သွားပေါ့လို့ စေတနာနဲ့ အကြံပေးချင်တဲ့သူကို ပြောပြချင်တာက... သူ့ခန္ဓာကိုယ်က ကျွဲတကောင်လောက် ရှိလေတော့ လက်မှတ်ဖြတ်တဲ့နားမှာ သူ့ဖင် သူရင်နဲ့တင် လမ်းက ပျောက်သွားပါပြီ။ နောက်လူတွေလည်း ဗေလုဝလို ပိန်နေရင်တောင်မှ ကျော်တက်လို့ မရပါ။ အဖြေကတော့ ပွဲပြီးတဲ့အထိ စောင့်ပေါ့။ တဖက်သားကို နားလည်မှု လုံးဝ မရှိတဲ့ အချိုးမပြေတဲ့ ကျွဲပါးစောင်းတီး ကုလားမလို့ပဲ ပြောပစ်ချင်တယ်။

အသွားခရီးမှာ ကြုံတာက တရုတ်ရှုပ် အပြန်ခရီးမှာ ဆုံတာက ချီးထုပ်ကုလားမ။ အဲဒီတော့ အဲဒီခရီးက တရုတ်ရှုပ်နဲ့ ချီးထုပ်ကုလားမ ခရီးလို့ပဲ ပြောရမယ့်ကိန်းပဲ။ အဲဒီနေ့ကတော့ အတော်လေးကို စိတ်အချဉ်ပေါက် စိတ်တိုမိတာတော့ အမှန်ပါပဲဗျာ။

Sunday, May 15, 2011

Save 51 lives



မေလ ၁၅ ရက်နေ့- စင်္ကာပူသွေးဘဏ်မှာ ၁၇ ကြိမ်မြောက် သွေးလှူဖြစ်ခဲ့တယ်။
သွေးလှူပွဲတွေ လုပ်ရင်း တခါတည်း သွေးလှူဖြစ်တာ ဒါနဲ့ဆို ၄ ကြိမ်မြောက် ရှိပြီပေါ့။

Tuesday, May 10, 2011

Merit Employee Award



2010 ရဲ့ လက်ကျန်နှစ်ဝက်အတွက်
အကောင်းဆုံး ရုန်းအားကောင်း နွားကြီးဆု...

Sunday, May 8, 2011

Marry Points to Note

၁။ စားပွဲ ကုလားထိုင် ပရိဘောဂများကို သန့်ရှင်းပြီးလျှင် သေသပ် သပ်ရပ်စွာ ထားရှိပေးပါ။

၂။ နေ့စဉ် အလုပ်များကို စနစ်တကျ အချိန်မှန် လုပ်ဆောင်ပေးပါ။

၃။ ဆိုဖာများ ပစ္စည်းများကို မ ပြီး ကြမ်းပြင်တခုလုံးကို တံမြက်စည်း လှည်းပေးပါ။

၎။ ကြမ်းတိုက်ပါက ပြောင်အောင် အားစိုက်ပြီး တိုက်ပေးပါ။

၅။ အလုပ်ခိုင်းစရာ ရှိသဖြင့် လှမ်းခေါ်လျှင် အမြန်လာပေးပါ။

၆။ လုပ်စရာရှိသော အလုပ်များကို မိမိဘာသာ ဦးဆောင် လုပ်ဆောင်ပေးပါ။ ဥပမာ၊ လှမ်းထားသော အဝတ်များ ခြောက်မခြောက် စစ်ပေးရန်၊ အဝတ်များ ခြောက်နေပါက ရုတ်ပေးရန်၊ အဝတ်များ ခေါက်ပေးရန်၊ ပြီးလျှင် ဘီရိုထဲမှာ သိမ်းဆည်းပေးရန်။

၇။ စေတနာအပြည့်ဖြင့် အလုပ် လုပ်ရင်း အရာရာကို လေ့လာသင်ယူပါ။

၈။ အင်္ဂလိပ်စာကို လေ့လာသင်ယူပါ။

၉။ အလုပ်ပေါ်မှာ အာရုံစူးစိုက်ပြီး အသေအချာ လုပ်ဆောင်ပေးပါ။

၁၀။ တီဗွီ မကြည့်ပါနှင့်။

၁၁။ ဆိုဖာခုံနှင့် အိပ်ယာကုတင်ပေါ်မှာ မထိုင်ပါနှင့်။

၁၂။ မပြီးသေးတော့ အလုပ်များကို ဆက်မလုပ်ပဲ ယောင်ခြောက်ဆယ် မလုပ်ပါနှင့်။

၁၃။ အိမ်ရှိလူများ အလုပ်ရှုပ်နေချိန်တွင် ကလေးကို ထိန်းပေးပါ။

၁၄။ နို့ဖျော်လျှင် မြန်မြန်ဖျော်ပေးပါ။ အချိန်မဆွဲပါနှင့်။

၁၅။ မနက် ၁၀ နာရီတွင် ကလေးများ စားရန်အတွက် အသီးများ ပြင်ဆင်ပေးပါ။

၁၆။ မနက်နှင့် နေ့လည်တွင် နို့မှုန့် ၅ ဇွန်းကို ရေ ၁၈၀ မီလီလီတာနှင့် ရောပြီး ဖျော်ပေးပါ။

၁၇။ ညဘက်တွင် နို့မှုန့် ၆ ဇွန်းကို ရေ ၂၄၀ မီလီလီတာနှင့် ရောပြီး ဖျော်ပေးပါ။

၁၈။ အိမ်ရှိ လူများနဲ့ ဧည့်သည်များကို မနက်ရောက်လျှင် Good Morning၊ ညဘက်တွင် Good Night ဟု နှုတ်ဆက်ပေးပါ။

၁၉။ နားမလည်တာများ ရှိပါက မေးမြန်းပါရန်။

၂၀။ ကလေး အိပ်ချင်နေလျှင် ကလေးအတွက် အိပ်ယာပြင်ပေးပါ။

၂၁။ ကြမ်းပြင်တွေ ပစ္စည်းတစုံတခု ကျနေပါက ပြန်ကောက်ပြီး သူ့နေရာတကျ ပြန်ထားပေးပါ။

၂၂။ ကြမ်းပြင်ပေါ်ကို အစားအသောက်များ ကျသွားပါက ချက်ချင်း သန့်ရှင်းရေး လုပ်ပေးပါ။

၂၃။ အိမ်ရှင်များ စားသောက်ဖို့ ပြင်ဆင်ပေးနေစဉ် ရေစိုဝတ်တခုကို အဆင်သင့် ဆောင်ထားပါ။

၂၄။ ပုရွတ်ဆိတ်များ မလာစေရန် မီးဖိုချောင်ကို အစဉ်အမြဲ သန့်ရှင်းနေအောင် ထားပေးပါ။

၂၅။ လမ်းဖြတ်ကူးပါ ကလေး၏ လက်ကို ကိုင်ဆွဲထားပြီး ဘယ်ညာနှစ်ဘက်ရှိ ကားများကို သေချာ ကြည့်ပြီးမှ လမ်းဖြတ်ကူးပါ။

၂၆။ လတ်တလော အသုံးမပြုသော လျှပ်စစ်ပစ္စည်းများကို မီးခလုတ်ပိတ်ပေးထားရန် သတိရပါ။

၂၇။ ကလေးကိုရေချိုးပေးပြီးပါက ရေချိုးခန်းထဲရှိ ပစ္စည်းများကို စနစ်တကျ ပြန်ထားပေးပါ။

၂၈။ ကိုယ်ပိုင်ရေချိုးချိန်တွင် အချိန် အကြာကြီး မချိုးပါနှင့်။

၂၉။ အမှိုက်ပုံး ပြည့်နေပါက ပလတ်စတစ်အိတ်ကို ချည်နှောင်ပြီး အမှိုက်သွားပစ်ပါ။


စင်္ကာပူမှာ အလုပ် လာလုပ်တဲ့ အိမ်ဖော်မလေးတယောက်အတွက် ဘာသာပြန်ပေးထားရတဲ့ စာလေးတွေပါ။ အသက် ၂၀ ကျော်လောက် ရှိတယ်လို့ ပြောပါတယ်။ အိမ်ရှင်က ခိုင်းချင်တာကို အင်္ဂလိပ်လို ပြောပေမယ့် သူက နားမလည်ပါဘူး။ သူ့ရဲ့အိမ်ရှင်က ကျွန်တော်ရုံးကပါ။ အဲဒီတော့ အိမ်ရှင်က Marry Points to Note When Working ဆိုတာလေး ပေးပြီး ဘာသာပြန်ပေးဖို့ အကူအညီ တောင်းပါတယ်။ ကျွန်တော်က အဲဒါတွေကို ဘာသာပြန်ပေးလိုက်ပေမယ့် အဲဒီကလေးမက မြန်မာစာ မဖတ်တတ်ပြန်ဘူး။ ကောင်းရောဗျာ။

မြန်မာပြည်က အလုပ်သမား အေဂျင်စီတွေ ပိုက်ဆံတခုပဲ မကြည့်ပဲ သားသမီးချင်း စိတ်နာစိတ်လေး ထားပေးပြီး လိုအပ်သမျှ ပြင်ဆင်ပြီးမှ နိုင်ငံခြားကို လွှတ်ဖို့ သင့်တယ်လို့ ထင်မြင်ယူဆမိပါကြောင်း ခင်ဗျာ။

Thursday, May 5, 2011

The 3rd Myanmar Literature Talk -SG


ဆရာမ ခင်ခင်ထူးရဲ့ အညာဓလေ့ ရွာဓလေ့

ဆရာချစ်စံဝင်းရဲ့ အမေဟူသည် အလွမ်းသည်

ဆရာဖေမြင့်ရဲ့ ဘဝတိုးတက်ဖို့ စာဖတ်ကြစို့

ဆရာအောင်သင်းရဲ့ ရပ်ဝေးမြေခြား လူငယ်များသို့

စာပေဆွေးနွေးပွဲမှ ဆရာနေဝင်းမြင့်

စာပေဆွေးနွေးပွဲမှ ဆရာအောင်သင်း

Sunday, May 1, 2011

A smile speaks them all



So many languages in the world, and a smile speaks them all.

အပြုံး...

ပကာသန မပါတဲ့ အပြုံး
အမုန်းတရား မပါတဲ့ အပြုံး
တည်ငြိမ်တဲ့ အပြုံး
ရင့်ကျက်တဲ့ အပြုံး
စစ်မှန်တဲ့ အပြုံး
ဖြူစင်တဲ့ အပြုံး
ချစ်ခင်တဲ့ အပြုံး
စေတနာအပြည့်နဲ့ အပြုံး။

Tuesday, April 19, 2011

Fire Fighting

အလုပ်တွေ များလွန်းလို့ ဘလော့ဘက်ကို ခြေဦးမလှည့်မိတာ အတော် ကြာလှပေါ့။ စာရေးဖို့ အချိန် မရသလို စာရေးချင်စိတ်လည်း လုံးဝကို မရှိဘူး။ ရေးစရာအကြောင်းလည်း ခေါင်းထဲမှာ မစဉ်းစားမိဘူး။ အဲဒီလို မစဉ်းစားနိုင်လောက်အောင် မြွေကိုက်ပျားတုပ် ကင်းမှောင့်ခံနေရသလိုမျိုး ပြဿနာပေါင်းစုံကို တခုပြီး နောက်တခု ဒိုင်ခံ ရှင်းပေးနေရတယ်။ တခုများ ပြီးသွားလို့ အေးသွားပြီ မထင်နဲ့ နောက်တခုက အရန်သင့် စောင့်နေတတ်တယ်။ တခါတလေဆို သုံးလေး ငါးခုကို တပြိုင်နက်တည်း ရှင်းပေးရတယ်။

အလုပ်မှာ လုပ်သက်ရင့်လာတာနဲအမျှ အေးဆေးသက်သာတဲ့ သေးသေးမွှားမွှား အလုပ်တွေက ကျွန်တော့်ဆီကို မလာဘူးခင်ဗျ။ တကယ်ကို မိုးမီးလောင်နေတဲ့ ပြဿနာမျိုးတွေ ပရောဂျက်တွေ ကျွန်တော်ဆီ လာတယ်။ အကြောင်းပြချက်က ခင်ဗျားက လွဲရင် ကျန်တဲ့သူတွေ ရှင်းတတ်မှာ မဟုတ်ဘူး ဆိုတာမျိုးတွေ။ အဲဒီလိုနဲ့ ရုံးရဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာ Fire fighter ဖြစ်လာတယ်။

Fire fighter ဆိုတာကလည်း တကယ်တမ်းကျတော့ လွယ်တဲ့ အလုပ် မဟုတ်ပါဘူး။ အရင်ဆုံး ရင်ဆိုင်ရတာကတော့ ပြဿနာတက်နေတဲ့ ပတ်ဝန်းကျင်ကို သည်းခံ ရင်ဆိုင်ရတာပဲ။ ဘာဖြစ်နေမှန်း မသိလို့ စုံစမ်းရင်လည်း အသေးစိတ် မသိရဘူး။ အပြစ်တွေကို လွှဲချနေတာကိုပဲ နားထောင်နေရတယ်။ သူ့ကြောင့် ဟိုဟာကြောင့် ဒီလူကြောင့်ပေါ့။ ဒီလိုနဲ့ပဲ တခါတလေ ပြဿနာရဲ့ အဓိက လိုရင်းကို မရောက်တော့ဘူး။ ဘာကြောင့် ဖြစ်နေရတယ်ဆိုတဲ့ အကြောင်းအရင်းထက် ဘာဖြစ်နေမှန်းကို မသိရတာလည်း ရှိတယ်။ မေးမြန်းရင်လည်း ဖြေတဲ့အသံတွေက ဒေါသသံတွေ စွက်နေတယ်။ အမုန်းတွေ ဝေနေတဲ့ ပတ်ဝန်းကျင် အလည်မှာ ငုတ်တုပ်လေး ထိုင်နေရတဲ့ ဘဝမျိုးပေါ့။

သည်းခံသင့်သမျှ သည်းခံ။ ပြန်အော်သင့်သမျှ ပြန်အော်၊ ခံစစ်ရော တိုက်စစ်ရော ပေါင်းစုံ ကစားရတဲ့ ကွန်မွန်ဒို ဖြစ်လာရတယ်။ ရာထူးကြီးတာတွေ ငယ်တာတွေ ဘေးချိတ်ထားလိုက်တာ ကြာပြီ။ မှားနေရင် မှားနေကြောင်း ပြောပစ်ရတယ်။ ရာထူးကြီးလို့ လုပ်သမျှ မှန်တာမျိုးမှ မဟုတ်တာလေ။ အကောင်ကြီးပြီး အချိန်မစီးတာတွေ အများသား။ ကျွန်တော်လည်း သိလွန်းလို့ တတ်လွန်းလို့ ဒီလိုသတ်ကွင်းထဲ ဝင်လာရတာမျိုး မဟုတ်ပါဘူး။ လာသမျှ ပြဿနာပေါင်းစုံကို သိထားသမျှ တတ်သမျှ အကောင်းဆုံး ဒိုင်ခံဖြေရှင်းရင်း သိသထက်သိ တတ်သထက်တက် လာရတာမျိုးပေါ့။ ပိုသိလို့ဆိုပြီး ပြဿနာတွေပဲ ထပ်ပို့တယ်။ အဲဒါနဲ့ သံသရာ လည်နေတယ်။

အခုချိန်ထိတော့ ပြဿနာရှင်းတဲ့ အကောင်ကြီးဘဝနဲ့ နေ့ရော ညရော အလုပ်တွေ ပိနေမိတယ်။ ဝင်လာသမျှ ပြဿနာအားလုံးကို စိန်ခေါ်မှုတခုလို့ ရှုမြင်ထားရတယ်။ အဲဒီစိန်ခေါ်မှုတွေက ကျွန်တော့်အတွက် အခွင့်အလမ်းတွေလည်း ဖြစ်လာနိုင်တယ်။ စိန်ခေါ်မှုတိုင်းမှာ အောင်မြင်တာတွေ ရှိသလို ကျရှုံးတာလည်း ရှိတယ်။ ယောင်လည်လည်နဲ့ အဖြေမထွက်ပဲ ပွဲပြီးသွားတာမျိုးလည်း ရှိတယ်။ ဒါပေမယ့် တိုက်ပွဲထဲက ရလိုက်တဲ့ အသိအမြင်နဲ့ အတွေ့အကြုံကတော့ ကျွန်တော့်အတွက် အမြတ်ပါပဲလေ။

Sunday, April 10, 2011

They are lovely birds...


Silver-beaked tanager


Green Honey-creeper


Saffron Finch

ဒီကနေ့ ညပိုင်း RIO ဆိုတဲ့ ကာတွန်းကား သွားကြည့်ဖြစ်ပြီး အရင်တုန်းက ရိုက်ခဲ့တဲ့ ငှက်ပုံတွေကို သတိတရ ရှိတာနဲ့ ဘလော့ဂ်မှာ တင်ထားလိုက်တာပါ။ တကယ်တော့ ငှက်ကလေးတွေက ချစ်ဖို့ အလွန်ကောင်းပါတယ်။ အရောင်အသွေး စုံလင်လှတဲ့ ငှက်တွေရဲ့ အလှ၊ တီတီတျာတျာ အသံပေးနေတဲ့ ငှက်တွေရဲ့ ဘာသာစကား၊ အဲဒါတွေကို ခံစားနားဆင် ရှုမြင်နိုင်ရင် အပြစ်ကင်းတဲ့ ချစ်ခြင်းတွေနဲ့ ရိုးရိုးရှင်းရှင်းလှပနေတဲ့ ကမ္ဘာကြီးကို ပိုင်ဆိုင်နေမှာပေါ့လေ။

Sunday, March 20, 2011

Mother's Home...

အမေ့အိမ်

လောကရဲ့ လမ်းများပေါ်
လျှောက်သွားရင်းနဲ့ မောပန်းနွမ်းနယ်
နှလုံးသားက လွမ်းဆွတ်လို့
တမ်းတမိခဲ့ အမေ့ရဲ့အိမ်ကို
အေးမြတဲ့အမေ့ရဲ့မေတ္တာရိပ်နဲ့ဝေးခဲ့သူမို့
တခါတလေ ပြန်လည်တွေးရင်
ရင်မှာပိုကြေကွဲ...

ခြောက်သွေ့တဲ့ အိပ်မက်ရှည်တွေကြားထဲမှာ
အရိပ်တခု လွင့်ပြယ်
ရက်စက်တဲ့ နေ့ရက်များ
တိုက်ခိုက်လို့ အားနည်းနေပြီဆို
တင်းထားတဲ့ စိတ်ဓါတ်များ
ပြိုကွဲသွားမလား စိုးရိမ်လို့
ရင်မှာဒဏ်ရာများနဲ့ နာကျင်နေပြီပဲ...

အိမ်ပြန်ချင်တယ် အနွေးထွေးဆုံး အမေ့အိမ်...
အိမ်ပြန်ချင်တယ် အငြိမ်းချမ်းဆုံး အမေ့အိမ်...

အိပ်မရတဲ့ ညများစွာထဲ
ရထားဥသြသံလေးများ ကြားရင်
အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူး။

မွန်းကြပ်တဲ့ မြို့ပြလူနေမှုစနစ်မှာ
စီးမျောရင်းလေ
မပြီးသေးတဲ့ ခရီးဆုံးတခု
အဆုံးထိရောက်ဖို့ ကြိုးစားနေသူမှာ
ရိုးသားတဲ့ ကျေးလက်က
အမေ့အိမ်ကလေးအကြောင်း တွေးမိနေလို့
မြင်ယောင်ကာ အိပ်မက်ရင်
အလိုလို ငိုချင်တယ်...

အိမ်ပြန်ချင်တယ် အငြိမ်းချမ်းဆုံး အမေ့အိမ်...
အိမ်ပြန်ချင်တယ် အနွေးထွေးဆုံး အမေ့အိမ်...

အိပ်မရတဲ့ ညများစွာထဲ
ရထားဥသြသံလေးများ ကြားရင်
အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူး။


တေးရေး တေးဆိုက ထူးအိမ်သင်ပါ။ သီချင်းထဲမှာကတော့ ရထားဥသြသံလေးတွေ ကြားမိရင် အမေ့အိမ်ကို လွမ်းတယ်ပေါ့လေ။ ဒီမှာကတော့ ရထားဥသြသံ မကြားရဘူး။ ရထားလာရင် အဝါရောင်လိုင်း အနောက်မှာ ရပ်နေဖို့ သတိပေးသံတော့ ကြားရတယ်။ ဒါပေမဲ့ အရှေ့ဘက်ကမ်းခြေကို အလည်တခေါက်များ ရောက်ခဲ့ရင် ငါးမိနစ်ခြား ဆင်းလာနေတဲ့ လေယာဉ်ပျံကြီးတွေကို မြင်မိရင် မြန်မာပြည်ကို ပြန်ချင်စိတ်တွေ တဖွားဖွား ပေါ်မိတယ်။ မြန်မာပြည်ကို ပြန်ထားတာ မကြာသေးပေမယ့်လည်း အဲဒီလို လေယာဉ်ပျံကြီးတွေ မြင်မိလိုက်ရင် ထပ်ပြန်ချင်မိတယ်။

မွန်းကြပ်တဲ့ မြို့ပြ လူနေမှုစနစ် ဆိုတာကိုလည်း ခံစားရတာ အတူတူပါပဲ။ ရန်ကုန်သား မြို့သားဖြစ်ပေမယ့် စင်္ကာပူမှာက ပိုပြီး မွန်းကြပ်တယ်လို့ ခံစားမိတယ်။ ရန်ကုန်မြို့ပေါ် အမေ့အိမ်က စင်္ကာပူနဲ့ ယှဉ်လိုက်ရင် သီချင်းထဲမှာလို ကျေးလက်အိမ်ကလေး ဖြစ်သွားရှာတယ်။ နေပွင့်တဲ့ မနက်ခင်းချင်း အတူတူတောင် ရန်ကုန်က မနက်ခင်းက ရိုးရှင်းတယ်၊ ပွင့်လင်းတယ်၊ အေးချမ်းလှတယ်။ စိတ်လွတ် ကိုယ်လွတ် အပူအပင် သိပ်မရှိဘူး။ ခေါင်းထဲမှာ အလုပ်တွေ တန်းစီ မနေဘူး။ ဒါကတော့ စင်္ကာပူကို ရောက်နေတဲ့သူတယောက်ရဲ့ နှိုင်းယှဉ် ခံစားချက်ပါ။

အဲဒီအကြောင်းတွေ တွေးမိလိုက်ရင်... အဲဒီအမေ့အိမ်သီချင်းကို နားထောင်မိရင်... ခရီးဆုံးတခု ရောက်ဖို့ တောက်လျှောက် ကြိုးစားနေရတဲ့ ကျွန်တော့်ရဲ့ စိတ်ထဲမှာ ခေတ်မှီဖွံ့ဖြိုး တိုးတက်နေတဲ့ ရွှေပြည်ကြီးကို လွမ်းသွားတာကတော့ ငြင်းလို့မရတဲ့ တကယ့်အဖြစ်ပါပဲလေ။ ပျော်ရာမှာ မနေရ... တော်ရာမှာ နေရတဲ့ အဝေးမြေရောက် ရွှေပြည်သားရဲ့ ခံစားချက်တွေပေါ့ဗျာ။

Sunday, March 6, 2011

Merlion Hotel



စင်္ကာပူရဲ့ အထင်ကရ ရုပ်တုကြီးဖြစ်တဲ့ Merlion လည်း အခပေးတည်းခိုရတဲ့ ဟိုတယ်ဘဝကို ဧပြီလ ၄ ရက်နေ့ကနေ မေလ ၅ ရက်နေ့အထိ ၃၂ ရက်တာ ပြောင်းလဲရှာရတော့မယ်။ ငါးခြင်္သေ့ရုပ်ကြီးရဲ့ ရှေ့မှာ ၂ ယောက်အိပ် အိပ်ခန်းဆောင်တခုပဲ ပါတဲ့ ဟိုတယ်က တညတာ တည်းခိုခ စင်္ကာပူဒေါ်လာ ၁၅၀ ပါ။ ရေချိုးခန်း အိမ်သာလည်း ပါပါတယ်။ မနက်စာကိုတော့ ဖူလတန်ဟိုတယ်မှာ သွားစားရပါမယ်။ ဈေးကြီးလွန်းတယ်လို့ မဆိုနိုင်တဲ့ စင်္ကာပူဒေါ်လာ ၁၅၀ ကြောင့် ဟိုတယ် Booking လုပ်ထားတာ ၃၂ ရက်စာအပြည့်ပါပဲ။

အခုတော့ ပြင်ဆင်တည်ဆောက်ဆဲ ကာလပေါ့။ မတ်လ ၁၁ ရက်နေ့မှာ တည်ဆောက်ရေး လုပ်ငန်းခွင်ကို အပြီးသပ်ပါမယ်။ မတ်လ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်းမှာတော့ အများပြည်သူ အလည်အပတ် ကြည့်ရှုခွင့်ပြုမယ်လို့ ကြားထားပါတယ်။

ဒီနေ့ မရည်ရွယ်ပဲ အဲဒီအနား ရောက်သွားလို့ မှတ်တမ်းတင် ဓါတ်ပုံရိုက်ယူထားခဲ့လိုက်တယ်။

Sunday, February 27, 2011

Trust or not?

ဟိုတလောက အသိတယောက်က အကူအညီတောင်းပါတယ်။ စင်္ကာပူကို အလုပ် လာရှာဖို့အတွက် Show Money ပြချင်လို့ စင်္ကာပူငွေ ရောင်းပေးပါတဲ့။ အစိမ်းတွေ ပြရင်လည်း ရပါတယ်လို့ ပြောပြပေမယ့် စလုံးငွေပဲ လိုချင်တယ်တဲ့။ ကူညီနိုင်ရင် ကူညီပေးပါဆိုလို့ အဲဒီနေ့က ပေါက်ဈေးအတိုင်း တွက်ချက် သဘောတူပြီး လွှဲပေးမယ်လို့ ပြောလိုက်တယ်။ အိမ်ကို ငွေလွှဲဖို့ မလိုတဲ့အချိန် ဖြစ်ပေမယ့်လည်း ကူညီပေးလိုက်တယ်။

ငွေကို ဘယ်လို လွှဲပေးရမလဲ ဆိုတော့ သူ့အသိတယောက်က စင်္ကာပူကို ခေတ္တခဏ အလည်ရောက်နေတယ်။ အဲဒီတယောက်ဆီ စလုံးငွေကို သွားပို့ပေးရင် ရပြီတဲ့။ အဲဒါဆို စင်္ကာပူဘက်အခြမ်း ကိစ္စက ရှင်းတယ်။ ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်ကို ယူထားပြီး ဆက်သွယ်လိုက်ရုံပဲ။ ပြီးရင် နှစ်ဦးနှစ်ဘက် အဆင်ပြေမယ့် အချိန်မှာ ငွေလွှဲပေးကြတာပေါ့။ ရန်ကုန်ဘက်အခြမ်းက ဘယ်လို ငွေလက်ခံယူရမလဲ။ သွားပို့မှာလား လာယူရမှာလား။ ရန်ကုန်ဘက်မှာ အိမ်အရောက် ကိုယ်တိုင် သွားပို့ပေးမယ်ဆိုတော့ သွားရလာရ လွယ်ကူတဲ့ ကျွန်တော့်အဖွားအိမ်ကိုပဲ သွားပို့ပေးဖို့ ပြောလိုက်တယ်။ အဲဒီအထိတော့ အားလုံး အဆင်ပြေ အိုခေနေတာပေါ့။

အဆင်မပြေတာတွေက နောက်မှ သိလိုက်ရတယ်။ ငွေသွားပို့တဲ့နေ့မှာ စာချုပ်လုပ်သွားပြီး ငွေလက်ခံ ရယူတဲ့ အိမ်က အဖွားကို လက်မှတ်ထိုးခိုင်းသလို ဦးလေးကိုလည်း အသိသက်သေနေရာမှာ လက်မှတ်ထိုးခိုင်းတယ်။ အဲဒီအထိကတော့ အိမ်က လူကြီးတွေက အိုခေပါတယ်။ ငွေရေးကြေးရေးကိစ္စမှာ စာချုပ်တွေနဲ့ လုပ်တာကို အတိုင်းအတာ တခုအနေနဲ့ လက်ခံပါတယ်။ လိုအပ်သလို လက်မှတ် ထိုးပေးတယ်။ ပြဿနာက စာချုပ်ကို ယူသွားပြီး ပြန်သွားပြီးကာမှ နောက်ပြန်လှည့်လာပြီး အဖွားကို သက်သေအနေနဲ့ ဓါတ်ပုံရိုက်ယူသွားတယ်။ အိမ်က လူကြီးတွေက အဲဒီကိစ္စကို အစာမကြေဖြစ်ပြီး ကျွန်တော့်ဘက်ကို ဖုန်းဆက်ဗုံးကြဲပါလေရော။

အခုကိစ္စမှာ... ဘဝတခု အသစ်စဖို့ ရှိသမျှကို စုဆောင်းပြီး ပျံသန်းဖို့ အရှိန်ယူဆဲကာလမှာ အလိမ်အညာ မုသားအိမ်ထဲ ယောင်မှားဝင်မိမှာ စိုးရိမ်မိလို့... မိုးပြိုခဲ့သည် ရှိသော်ဆိုပြီး ခြေနှစ်ချောင်း မိုးပေါ်ထောင် အိပ်တဲ့ တစ်တီတူးငှက်လိုမျိုး... သံသယကို အခြေခံပြီး မရည်ရွယ်ပဲ လုပ်သွားတဲ့ အမှားလေးက တဘက်လူရဲ့ စေတနာကို ဝေဒနာ ဖြစ်စေခဲ့တယ်။ ကူညီတတ်တယ်၊ ရက်ရောတယ် ဆိုတဲ့ မြန်မာ့လူနေမှုဘဝမှာ ခြေနှစ်ချောင်း မကယ်ကောင်းဘူး ဆိုတဲ့စကားက အလကားပေါ်လာခဲ့ပုံ မပေါ်ပါဘူး။ အကူအညီလိုနေတဲ့ သူကို ကူညီရတာ မင်္ဂလာတပါးပါပဲ။ မလိုတဲ့နေရာမှာ သွားပြီး ကူနေရတာထက် တကယ်လိုနေတဲ့သူကို ကူရတာ ပိုကောင်းတာပေါ့။ ဒါပေ့မယ် ခြေနှစ်ချောင်း မကယ်ကောင်းဘူးဆိုတဲ့ အဲဒီစကားက ဘယ်ကနေ ဘယ်လိုမျိုး ပေါ်လာရတာလဲ။

ကျွန်တော့်ဘက်မှာ အဆင်မပြေတာ အသေးအမွှားလေးတွေလည်း ရှိပါတယ်။ ပုံမှန်မှာဆို မြန်မာပြည်ကို ငွေလွှဲချင်ရင် ပင်နီဇူလားက လွှဲနေကြအေးဂျင့်ကို လွှဲပေးလိုက်ရင် အဆင်ပြေပြီ။ ကိုယ်မအားလို့ ကိုယ်တိုင် မသွားဖြစ်ရင်လည်း ဘဏ်ကနေ ငွေလွှဲပေးလိုက်ရင် အဆင်ပြေတာပဲ။ အခုဟာကျတော့ တမျိုးပါ။ သူ့ဘက် ကိုယ့်ဘက် အားတဲ့အချိန်ကို ညှိယူရတယ်။ ပြီးတော့ ငွေလက်ခံမယ့်သူ တည်းနေတဲ့ နေရာကို ကိုယ်တိုင် အရောက် သွားပေးရတယ်။ ဘဏ်ကနေ လွှဲပေးလို့ရတာမျိုး မဟုတ်ဘူး။ အလုပ်တွေ မအားတဲ့ ကြားကနေ ရုံးဆင်းချိန်မှာ အပြေးတပိုင်း မြို့ထဲသွားရတယ်။ ဖုန်းတွေ ဆက်ရတယ်။ ဆိုလိုချင်တာက အေးဂျင့်ကနေ လွှဲတာလောက် မလွယ်ပါဘူး။ အချိန်ကုန် လူပန်း စိတ်ရှုပ်ရပါတယ်။

အပြန်အလှန် ယုံကြည်မှုဆိုတာ ရင်းနှီးခင်မင်ပါတဲ့ လူရင်းတွေကြားမှာတောင် ရှိခဲပါတယ်။ ယုံရပါတယ် ဆိုတဲ့ လူတွေတောင် ယုံကြည်မှုကို အလွဲသုံးစား လုပ်တတ်သေးတာပဲ။ ဒီလိုနဲ့ပဲ ဖိုးတွမ်တီးဆိုတဲ့ အမှုတွေက ပေါများလွန်းနေတယ်။ ဒါကြောင့် အကျွမ်းတဝင် မရှိသေးတဲ့ လူအဖို့ဆိုရင် အပြန်အလှန် ယုံကြည်မှု ရှိဖို့ဆိုတာ ပိုလို့တောင် ခက်လှပါတယ်။ ဆွေမျိုးသားချင်းတောင် မယုံရဲတဲ့ ခေတ်ကို ရောက်နေပြီလေ။

အဲဒါကြောင့် ခြေနှစ်ချောင်းကို အပေါ်ထောင်ထားတဲ့ တစ်တီတူးလို လူမျိုးရဲ့ သဘောသဘာဝကို ကျွန်တော် နားလည်ဆင်ခြင်မိတဲ့အလျှောက် အခုကိစ္စမှာ အိမ်က ပြောသမျှ ဆူသမျှကို ခေါင်းငုံ့ခံပြီး ရေငုံနှုတ်ပိတ် တိတ်တိတ်လေးပဲ နေလိုက်ပါတယ်။ စေတနာကို ဝေဒနာ ဖြစ်အောင် မလုပ်မိစေလိုတဲ့ ဆန္ဒလေးပဲ ရင်ထဲမှာ ရှိနေခဲ့လို့ ဆင်ခြင်နိုင်အောင် ရေးမှတ်ထားလိုက်ပါတယ်။

Sunday, February 20, 2011

Oh! My Valentine



စင်္ကာပူက သွေးဘဏ်မှာ တတိယအကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို လုပ်ဖြစ်ခဲ့တယ်။ ပထမအကြိမ်က သြဂုတ်လ ဂ ရက်နေ့ ၂၀၁၀ ခုနှစ်မှာ လုပ်ခဲ့တာပါ။ သွေးအိတ်ပေါင်း ၇၀ လှူဒါန်းနိုင်ခဲ့တယ်။ ဒုတိယအကြိမ်က နိုဝင်ဘာလ ၂၈ ရက်နေ့ ၂၀၁၀ ခုနှစ်မှာ လုပ်ခဲ့တယ်။ သွေးအိတ်ပေါင်း ၇၆ အိတ် လှူဒါန်းနိုင်ခဲ့တယ်။ အခုတခါကတော့ တတိယအကြိမ်မြောက်ပေါ့။ သွေးလှူရှင် ၉၀ ပတ်ဝန်းကျင် လာရောက် လှူဒါန်းပါတယ်။ ဒါပေမယ့် ဆေးမအောင်တာတို့၊ သွေးပေါင်တက်နေတာတို့၊ သံဓါတ် အားနည်းနေတာတို့ ရှိတဲ့အတွက် ၉၀ တော့ ပြည့်မယ် မထင်ပါဘူး။ သွေးဘဏ်က သွေးအိတ်စာရင်း ပြန်ပို့ပေးတာကို စောင့်ကြည့်ရမှာပေါ့။

Oh! My Valentine..... ဆိုတာကတော့ ဒီနေ့ ဒူးရင်းသီးထဲမှာ သွားကြည့်ခဲ့တဲ့ Wind Orchestra ရဲ့ ပွဲအမည်ခေါင်းစဉ်လေးပါ။ သွေးလှူတဲ့ ရက်နဲ့ တိုက်ဆိုင်လို့ ပို့စ်ခေါင်းစဉ်ကို အဲဒီအတိုင်းပဲ ပေးလိုက်တာပါ။ အထွေအထူး ဘာမှ မရှိပါဘူး။ ဗိုလ်ချုပ်မွေးနေ့မှာ သွေးလှူပွဲ လုပ်ဖြစ်ခဲ့ရင်တော့ အဲဒီလိုအမည် မပေးဖြစ်တာ သေချာပါတယ်လေ။

ဒီနေ့ပွဲကို လာရောက်ကူညီပေးတဲ့ ဘလော့ဂါရီနိုမာန်နဲ့ စီပုံး-မဟူရာမင်းသားကြီး ကောင်ကောင်မိုတို့ကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

ဖြည့်စွက်ချက်... သွေးလှူဘဏ်က သွေးယူနစ်ပေါင်း ၇၅ ယူနစ် ရရှိတဲ့အကြောင်း အကြောင်းပြန်ပါတယ်။

Friday, February 18, 2011

Chingay 2011 - 02








မှတ်ချက်... လက်ရာကောင်းလို့ အကြိုက်တွေ့လို့ ဓါတ်ပုံတွေ တင်ထားတာမျိုး မဟုတ်ပါ။ အချိန် အားအားရှိ ပင်နီဇူလားမှာ အချိန်ဖြုန်းနေတတ်တဲ့ အသိမိတ်ဆွေတချို့ကို စင်္ကာပူမှာ ဒီလိုမျိုးပွဲတွေ... သွားသင့်လာသင့်တဲ့ နေရာတွေ... ရှိပါတယ် ဆိုတာလေးကို သိစေချင်ယုံလေးပါ။ အချိန်တန်လို့ အိမ်ပြန်တဲ့အခါ စင်္ကာပူဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ သိရအောင် အမြင်မကျဉ်းရလေအောင် ဆိုတဲ့ စေတနာလေးကို အရင်းခံထားပါတယ်။