.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, September 1, 2007

The most favorite posts

ဝဲအထူးကု ဖြစ်ချင်တဲ့ ဆရာဝန်မမလေး မမွန်းသက်ပန် (လ ဆိုတာ ဒယ်အိုး) က အကြိုက်ဆုံး ပို့စ်ငါးခုကို ရွေးပြီး ပို့စ်တစ်ခု တင်ပေးပါဆိုတော့လည်း ရေးရတော့မှာပေါ့။ အလုပ်တဖက်၊ စာမေးပွဲတဖက်နဲ့ စာကျက်နေရတဲ့ သူကလည်း လက်နာနေတာတောင် သူများတကာကို ချောက်ချနိုင်သေးတယ်နော်။ အဲဒီလောက်အထိ ဘလော့လောကကို ချစ်ခင်စွဲလမ်းနေပုံများ တကယ်ကို အံမခန်းဖြစ်ရပါတယ်။

ကျွန်တော့်က ဇူလိုင် ၇ ရက်နေ့မှ ဘလော့ စရေးတာဆိုတော့ ဘလော့ သက်တမ်းက ၂ လတောင် မပြည့်ရှာသေးပါဘူး။ ပို့စ်တွေက ပြောပလောက်အောင် များများစားစား မရှိသေးပါဘူး။ ဒါပေမယ့် စာမေးပွဲ ဖြေရမယ့်သူ စိတ်ဖြောင့်ဖြောင့်နဲ့ ဖြေနိုင်အောင် ရှာရှာဖွေဖွေ ကြိုးစားပြီး ရေးပေးလိုက်ပါမယ်။ တော်ကြာ တရားခံရှာနေတဲ့အထဲ အချောင်ပါသွားမှာ စိုးရတယ်ဗျ။ နောက်တစ်ခုက ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ World Blog Day အမှတ်တရအနေဖြင့်လည်း ဒီပို့စ်ကို တင်ရတာလည်း ဖြစ်ပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ဗျာ။

တကယ်တမ်း ကျွန်တော့်အကြိုက်ဆုံး ငါးခုကို ပြန်ရွေးတော့ ကြိုက်မိနေတာက ငါးခုမကဘူး ဖြစ်နေတယ်။ ဒါပေမယ့် ငါးခုပဲ တင်ပေးရမှာဆိုတော့ ငါးခုပဲ တင်ပေးလိုက်ပါမယ်။ ကျွန်တော့်အကြိုက်တွေဆိုတော့ စာဖတ်သူအကြိုက်နဲ့ တူချင်မှ တူမှာပါလေ။ အကယ်လို့များ စာဖတ်သူတွေကလည်း ကျွန်တော်နဲ့ တိုက်တိုက်ဆိုင်ဆိုင် အကြိုက်ချင်းတူနေတာများ ရှိနေခဲ့ရင်လည်း Comment မှတ်ချက်လေးမှာ ပြောပြ ရေးသွားစေလိုပါတယ်။ အကယ်လို့ အကြိုက်မတူတာ ရှိနေရင်လည်း လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။ ပျော်ပျော်ပါးပါးပေါ့ဗျာ။

Voices from Public
ပြည်သူတွေရဲ့အသံ၊ လူထုအော်လံလေးပါ။ လောလောဆယ် အမှတ်စဉ် ခုနစ်အထိ ရှိနေပါပြီ။ အဲဒီပို့စ်တွေဟာ နိုင်ငံရေးလုပ်ဖို့၊ အစိုးရကို ဆန့်ကျင်တိုက်ခတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေ လုံးဝမပါဘဲ ပြည်သူတွေကြားထဲက ပြည်သူ့အသံတွေကို တကယ့်ကို အရိုးခံလေးနဲ့ ပြန်လည် တင်ပြထားခဲ့တဲ့ ပို့စ်တွေပါ။ ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘ၀ခရီးမှာ လူတွေကြားထဲမှာ လူတွေပြောကြတဲ့ စကားလေးတွေ ကြားသိရသမျှ မှတ်တမ်းတင်ထားတာပါ။ အသံတွေက သေးသေးမွှားမွှား ကိစ္စကအစ ကြီးကြီးမားမားတွေ အဆုံး ကြားရသမျှ စုံစီနဖာကို တဆင့် ပြန်လည် ဝေငှပေးခဲ့တာပါ။ အဲဒီပို့စ်တွေက အကြိုက်ဆုံးပို့စ်တွေ ဖြစ်ပါတယ် ခင်ဗျာ။

Dream come true
ကလေးမချစ်တတ်ဘူးလို့ ထင်ခံရတတ်တဲ့ ကျွန်တော် ... တကယ့်တမ်းကြတော့ ကလေးတွေရဲ့ ဘ၀ကို စိတ်ဝင်စားမိပါတယ်။ ကလေးတွေရဲ့ဘ၀ကို လှပစေချင်တယ်။ ကလေးသူငယ်တွေရဲ့ အကျိုးစီးပွါးကို တတ်နိုင်သလောက် သယ်ပိုးပေးချင်ခဲ့တယ်။ ရုပ်သံတစ်ခုမှာ အဲဒီအစီအစဉ်လေးကို ကြည့်မိပြီး သဘောကျ မျက်ရည်လည်မိပါတယ်။ ကျွန်တော်တို့တွေ မြန်မာပြည်က ကလေးသူငယ်တွေကို သူတို့တွေလောက် မလုပ်နိုင်ရင်တောင် ကိုယ်နိုင်သလောက်လေး ပံ့ပိုးဖြည့်ဆည်းပေးချင်ခဲ့ပါတဲ့ စိတ်တွေ ရင်ထဲနှလုံးသားထဲ ကိန်းအောင်းခိုဝင်လာလို့ အဲဒီပို့စ်လေးကို တင်ခဲ့ပါတယ်။

Lovely Breakfast
စကာင်္ပူကို ရောက်တာ အခုဆို လေးလပြည့်တော့မှာပါ။ စရောက်ကတည်းက စားနေရတဲ့ မနက်စာတွေကို ငြီးငွေ့မိပါတယ်။ တကယ်ဆို ကျွန်တော်ဟာ တေလေတစ်ယောက် နီးပါး နေထိုင်ခဲ့တာပါ။ မိဘအိမ်မှာ မနေဘဲ သူငယ်ချင်းနှစ်ယောက်နဲ့ ဘ၀ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့တာ သုံးနှစ်သုံးမိုး ရှိခဲ့ပါတယ်။ အဲဒီကာလတွေ အတွင်းမှာ မနက်မိုးသောက် အလင်းရောက်တဲ့အချိန်တိုင်း မနက်စာဆိုတာကို အဆင်ပြေရင် ပြေသလို စားသောက်ခဲ့ပါတယ်။ တကယ်တမ်း ပြန်ကြည့်လိုက်တော့ ကျွန်တော့် မနက်စာ စာရင်းကလည်း မနည်းဘူး ခင်ဗျ။ ရွှေအိုရောင် အတိတ်ဟောင်းတွေကို ပြန်လည် တမ်းတမိစေခဲ့တဲ့ ပို့စ်လေးတစ်ခုပါ။

The Cancer Born
ကရကဋ်ရာသီဖွားတွေနဲ့ ပါတ်သတ်တဲ့ အမူအကျင့်လေးတွေကို တင်ထားတဲ့ပို့စ်တစ်ခုပါ။ ဇူလိုင်ဖွားဖြစ်တဲ့ ကျွန်တော်လည်း ကရကဋ် တစ်ယောက်ပါပဲ။ တကယ်ဆိုရင် အဲဒီပို့စ်လေးက ကျွန်တော့်မှာရှိတဲ့ အမူအကျင့်တွေကို တဆင့်ခံ ပုံဖော်ပြခဲ့တာပါ။ ဂဏန်းတွေလို ကန့်လန့်ကန့်လန့်နဲ့ အရွဲ့တိုက်တတ်တယ်။ ခေါင်းမာတယ်။ မှန်တယ်ထင်ရင် ဇွတ်တိုးတတ်တဲ့ အကျင့်တွေပေါ့။ အများနဲ့မတူတဲ့ အမူအကျင့် အတွေးအခေါ်တွေ ရှိတတ်တယ်။ ဒါကြောင့်လည်း လူဂွစာလို့လဲ ထင်ခံရပေါင်းလည်း မနည်းတော့ပါဘူး။

Dream painting
ဒီပို့စ်လေးကတော့ ကာလအပိုင်းအခြား တစ်ခုအတွင်းမှာ အမှန်တကယ် ရင်မှတရှိုက် ခံစားနေရတဲ့ အဖြူရောင်သက်သက် ခံစားချက်လေးတွေကို ကိုတိုးကြီးရဲ့ သီချင်းတစ်ပုဒ်နဲ့ ဖော်ကျူးရင်ဖွင့်ထားတာပါ။ တိုးတိတ်စိုးထိတ် ရင်ဖွင့်ချင်တာတွေ အားလုံးက သွယ်ဝိုက်သောအားဖြင့် ဒီသီချင်းလေးထဲမှာ ပါနေခဲ့ပါတယ်။ မွေးနေ့လက်ဆောင်ကဒ်လေးမှာလည်း အဲဒီသီချင်းလေးပဲ ရေးပြီး ပို့ပေးခဲ့ပါတယ်။ အဲဒါကြောင့် အခြားသူတွေအတွက် တစုံတရာ အကျိုးသက်ရောက်မှုမရှိနိုင်ပေမယ့် ကျွန်တော်အတွက်တော့ ရင်ကို တိုက်ရိုက် ထိမှန်စေတဲ့ ပို့စ်လေးတစ်ခုပါပဲလေ။ ဒါကြောင့် ကြိုက်မိတဲ့ပို့စ်လေးအနေနဲ့ ရွေးခဲ့ပါတယ်။

ကဲ ကျွန်တော့အနေနဲ့ အခုတဖန် ပြန်လည်လက်တို့ ချောက်ချချင်တဲ့သူတွေကတော့..... နငယ်သုံးလုံး မလေးပြုံးဆိုတဲ့ မနေနေနိုင်၊ အီမိုးရှင်းထဲက ခံစားမိသမျှ မျိုးကျော့မြိုင်ခရေဇီ မမေ၊ ကုလားမလေး ဂျာနာဂျို ဘန်းဘွင့်လေး၊ စွာကျယ်စွာကျယ် ပြောခြင်းဆိုတဲ့ မဒီဂျွန်၊ အတွင်း ၃၇ မင်း စာရင်းထဲမှာ မပါဘဲ ကျန်ခဲ့တဲ့ ရှစ်သူလေး ပုဂံနတ်၊ ဆေးကျောင်းက ကိုရည်မွန် မဟုတ်တဲ့ ယိုးဒယားက ကြောင်ချစ်သူ ကစ်တီရည်မွန်၊ ရာဇာနေ၀င်းကို သဘောကျ အားပေးတဲ့ ဒီဂျေတော်ဖီလုံး ခေါ် တောမီးခဲ တို့ပဲ ဖြစ်ပါတယ်။ ကဲ အကြိုက်ဆုံးပို့စ် ငါးခုကို အချိန်ယူပြီး ရေးပေးကြပါအုံး ခင်ဗျာ။

3 comments:

zin zin said...

သူ့ကို ကောင်ကလေးလို့ တခါလေး ခေါ်မိပါတယ်။ မွှန်းလိုက်တာ လူကိုရစရာကို မရှိတော့ဘူး ။ … ဟွန်း…

Voice from public သဘောကျတယ်။ အပြင်မှာဖြစ်နေတာကို စင်္ကာပူကနေ လှမ်းကြည့်နိုင်တာ တော်တယ်လို့ပြောရမယ်။ အဲ… နောက်တခါ ပဲပြုတ်ဈေး လာမေးရင်တော့ မုန့်ဝယ်ကျွေး ရမယ်နော်။ မဟုတ်ရင် မဖြေပေးဘူး။

Lovely breakfast အင်း စာနေတဲ့အချိန်လာဖတ်ရင် အတော်လေးလွမ်းမိမယ်။

Dream come true တမျိုးလေးပဲ။ ဒါပေမယ့်ကြိုက်တယ်။

The cancer born ဖေဖေကလည်း ကရကဋ်ဖွားပဲမို့ သတိထားလိုက်မိတယ်။ သဘောကျတယ်။

Dream painting ကိုယ့်ခံစားချက်ဆိုတော့လည်း ရေးပေါ့။ ဘယ်တတ်နိုင်မလဲ။ လာလည်မိတော့လည်း ဖတ်လိုက်ရတော့တာပေါ့… အဟင်း…

လျှာရှည်ပြီး ထပ်ထည့်လိုက်မယ် Right of the child ကြိုက်တယ်။

လေးစားလျက်
မွန်းသက်ပန် (ဆေး-၁)

madyjune said...

tag လုပ်ထားတော့လဲ ရေးရဦးမှာပေါ့...

Nay Nay Naing said...

Tag ထားတာတွေ့ ပေမယ့် ကျွန်မ ဘာမှ မရေးဖြစ်ဘူး။ အားနာပါတယ်။ ကျွန်မဘလော့မှာ ရေးထားတာတွေထဲက အကြိုက်ဆုံးတွေကို ရေးချပြရမယ်ဆို ဘာမှ ပြောစရာရှိဘူး ဖြစ်နေတယ်။ ကျွန်မ ဘလော့မှာ ရေးထားတာတွေကလည်း ဘာမှသိပ်ပြီး ထူးထူးခြားခြား မဟုတ်ပဲ၊ ကျွန်မ စိတ်ကူးပေါက်တာတွေ ဖတ်မိတာတွေကို ဒီလိုပဲ ရေးလိုက်တွေဖြစ်နေလို့ ပါ။