.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, July 3, 2008

Clean Police

တစ်ခါကပါ... ပြည်ထောင်စု အိပ်မက်နိုင်ငံတော်ဆိုတာကြီး ရှိသတဲ့။

အဲဒီ ပြည်ထောင်စုကြီးမှာ မတူတဲ့လူမျိုးတွေလည်း ရှိပြန်သတဲ့...။ တချို့က လူနည်းစု...။ တချို့က လူများစု...။ ဘိုလိုဆိုရင်တော့ မိုင်နာရတီတို့ မေဂျာရတီတို့ပေါ့လေ...။

အဲဒီ ပြည်ထောင်စုအိပ်မက်နိုင်ငံတော်ကြီးမှာ လုပ်စရာ အလုပ်တွေက အတော်များတယ်လို့ ဆိုပါတယ်။ အဲဒီအိပ်မက်နိုင်ငံတော်ကြီးထဲမှာ သင့်ကို ၀န်ကြီးတစ်နေရာ ပေးချင်ပါတယ်။ ဘယ်ဌာနကို သင်လိုချင်ပါသလဲ။ သင်တာဝန်ယူရသော ၀န်ကြီးဌာနကို အကောင်းဆုံးဖြစ်အောင် ဘာတွေ ဆောင်ရွက်ချင်ပါသလဲ။

အဲဒါနဲ့ ပေးတုန်းယူထားအုံးမှ ဆိုပြီး ကျွန်တော် ဇူလိုင်တစ်ယောက် ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ယူပြီး ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ပေါ့။ တိုင်းပြည်အတွက် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ အိမ်မက်ထဲမှာ ဆွဲပါလေရော။

အိမ်မက်တိုင်းပြည်အတွက် ရဲအဖွဲ့ကို သန့်ရှင်းသော ရဲတပ်ဖွဲ့အဖြစ် ပြောင်းလဲယူဖို့ အဓိက စဉ်းစားမိပါတယ်။ ဒါကြောင့် ပြည်သူလူထုက အထင်ကြီးအားကိုးတဲ့ ပြည်သူထဲက ပြည်သူ့ရဲတွေ ဖြစ်အောင် ပြောင်းလဲပါမယ်။

ရဲတပ်ဖွဲ့ကို သန့်ရှင်းသော ရဲတပ်ဖွဲ့ Clean Police အဖြစ်ပြောင်းလဲယူဖို့မှာ အဓိကအားဖြင့် လာဘ်ပေး လာဘ်ယူမှု၊ အာဏာအလွဲသုံးစားလုပ်မှုတို့ကို အဓိကထား တိုက်ဖျက်ပါမယ်။ အဲဒီလိုမျိုးကိုဆောင်ရွက်နိုင်ဖို့ အတွက် လုံလောက်တဲ့ လစာများအပြင် အခြားအပိုခံစားခွင့်များ ရရှိအောင် ဆောင်ရွက်ပေးဖို့ ဘက်ဂျက် လျာထားပါမယ်။

အဖွဲ့အစည်းအပေါ် ချစ်မြတ်နိုးလာအောင်၊ အဖွဲ့အမည် မပျက်ဆီးဖို့ ထိန်းသိမ်းလာနိုင်အောင် ရဲတပ်ဖွဲ့ဝင်တွေ နေထိုင်ဖို့ အဆင့်မြင့်အိမ်ရာ တိုက်ခန်းတွေ၊ အိမ်အသုံးအဆောင်တွေ၊ ဆက်သွယ်ရေး လွယ်ကူဖို့အတွက် စကားပြောစက်တွေ၊ ဖုန်းတွေ စီစဉ်ပေးပါမယ်။ ယူနီဖောင်းကိုလည်း အဆင့်အတန်းရှိရှိ စနစ်တကျ ချုပ်လုပ်ဝတ်ဆင်စေပါမယ်။ အပြင်ပန်း ၀တ်စားဆင်ယင်မှုကို ကြည့်ကတည်းက သပ်သပ်ရပ်ရပ်နဲ့ ရှုချင်စဖွယ်ဖြစ်အောင် စီစဉ်ပေးထားပါမယ်။

အတွင်းပိုင်းစိတ်ပိုင်းဆိုင်ရာအနေနဲ့ ရဲကျင့်ဝတ်တွေကို ကြက်တူရွေးစာအံသလို မသင်ကြားဘဲ ကျင့်ဝတ် တစ်ခုချင်းစီကို သေသေချာချာ နားလည်သဘောပေါက်အောင် သင်ပြဖို့ ရဲကျောင်းတွေမှာ စီစဉ်ပါမယ်။ ပြည်သူ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ပြည်သူတွေကို အမိအဘလို တန်ဖိုးထားတတ်အောင် လေ့ကျင့် ပျိုးထောင်ပေးပါမယ်။ ကူညီပါရစေ..... ဆိုတဲ့အတိုင်း အကူအညီ လိုအပ်နေတဲ့သူ မှန်သမျှကို စိတ်ရောကိုယ်ပါနှစ်ပြီး အချိန်ပေး ကူညီတတ်လာအောင် စိတ်ဓါတ်တွေကို ပြုပြင်ပေးပါမယ်။ မကောင်းမှုကို တားဆီးကာကွယ်သူ အနေနဲ့ မကောင်းမှုကို မိမိကိုယ်တိုင် မပြုလုပ်မိအောင်လည်း မကောင်းမှုပြုခြင်းကို သေမတတ် ရှက်တတ်လာအောင် ခေါင်းထဲ ရိုက်သွင်းပေးပါမယ်။

ရဲတပ်ဖွဲ့ဝင်တိုင်းကိုလည်း သိအပ်တတ်အပ်တဲ့ ကိုယ်ခံပညာ ရဲပညာ အားလုံးကို ကျွမ်းကျင်အဆင့် ထိရောက်အောင် လေ့ကျင့်သင်ကြားပါမယ်။ အချိန်တိုင်း အစဉ်အမြဲ ဆက်လက်လေ့ကျင့်နိုင်ဖို့ တာဝန်ကျရာ စခန်းတိုင်းမှာ လေ့ကျင့်ရေးကွင်းတွေ လေ့ကျင့်ရေးအဆောင်တွေ ဆောက်လုပ်ထားပါမယ်။ နောက်ပြီး ဥပဒေပိုင်းဆိုင်ရာများကိုလည်း နှံ့စပ်တတ်ကျွမ်းအောင် လေ့လာဆည်းပူးစေပါမယ်။ ပညာတွေကို ဆက်လက် ဆည်းပူးနိုင်ဖို့အတွက် ခရိုင်ရဲစခန်းတိုင်းမှာ ခေတ်မှီ အဆင့်မြင့် စာကြည့်တိုက်များကို ထားရှိစေပါမယ်။ ဘာသာရပ်ဆိုင်ရာများအပြင် အခြားသိအပ်တဲ့ သုတရသစာပေအစုံကို ထားရှိစေပါမယ်။ အဲဒီလို ထားရှိပေးသလို ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အားကစားလုပ်နိုင်အောင် စာဖတ်နိုင်အောင် အပန်းဖြေ အနားယူနိုင်အောင် ကိုယ်ပိုင် အချိန်တွေကို အလုံအလောက် ပေးထားပါမယ်။

သက်ဆိုင်ရာရဲစခန်းများကိုလည်း အဆင့်မြင့်ရဲစခန်းအဖြစ် ပြုပြင်မွမ်းမံသွားပါမယ်။ ရဲစခန်းတွေကိုရောက်ရင် စိတ်မသက်မသာ ခံစားစေရတဲ့ အမင်္ဂလာနေရာ မဖြစ်စေရာပဲ အေးအေးဆေးဆေး သက်တောင့်သက်သာ အနေအထားမျိုး ခံစားရအောင် ရုံးအတွင်းပိုင်းတွေကိုလည်း ခေတ်မှီအောင် စနစ်တကျ Interior Decoration လုပ်ပါမယ်။ အချုပ်ခန်းများကိုလည်း သန့်သန့်ရှင်းရှင်း အနံ့ဆိုးကင်း ဂျပိုးကင်း သံကြေးကင်း အချုပ်ခန်းများအဖြစ် ပြောင်းလဲတည်ဆောက်ပါမယ်။ စခန်းမှာ အသုံးပြုဖို့အတွက်၊ နယ်မြေအတွင်း ကင်းလှည့်နိုင်ဖို့အတွက်၊ အရေးပေါ်လိုအပ်ရင် လိုအပ်သလို အချိန်မှီရောက်ရှိ ဆောင်ရွက်နိုင်ဖို့အတွက် အသင့်သုံးနိုင်သော အဆင့်မှီရဲကားများ၊ ရဲဆိုင်ကယ်များကိုလည်း လိုအပ်သလောက် စနစ်တကျ ခွဲတမ်းချပေးပါမယ်။ ရုံးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် ပေးပို့မှုများကိုလည်း လက်ရှိအသုံးပြုနေတဲ့ စာရွက်စာတမ်းအခြေပြုစနစ်မှ ကွန်ပျူတာအသုံးချစနစ်များ အဖြစ်ပြောင်းလဲ အသုံးပြုပါမယ်။

စည်းကမ်းပိုင်းအနေနဲ့ စည်းကမ်းမလိုက်နာတဲ့ ရဲတပ်ဖွဲ့ဝင်ကို ပထမအကြိမ် သတိပေးပါမယ်။ နောက်ထပ် ကျူးလွန်လာရင်တော့ ရဲတပ်ဖွဲ့က ထုတ်ပစ်တဲ့အပြင် ပြစ်မှုပေါ်မူတည်ပြီး ဥပဒေအရ အရေးယူသင့်ရင် အရေးယူ အပြစ်ပေးပါမယ်။ No one above the law... တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာကို ဥပဒေဘက်တော်သားတွေကို စွဲစွဲမြဲမြဲ သိရှိမှတ်သားထားနိုင်အောင် စီမံဆောင်ရွက်ပါမယ်။ နောက်ပြီး ယူနီဖောင်း ၀တ်ဆင်ထားချိန်၊ နောက်တာဝန်ချိန်အတွင်း အရက်သေစာ သောက်စားခြင်းကို တင်းတင်းကြပ်ကြပ် တားမြစ်အရေးယူပါမယ်။ အပြစ်ကျူးလွန်တဲ့ ရဲဝန်ထမ်းများ စာရင်းကို လစဉ် ခရိုင်ရဲတပ်ဖွဲ့မှာ ထုတ်ပြန်ကြေငြာပါမယ်။ အရက်စွဲနေတဲ့ ရဲတပ်ဖွဲ့ဝင်များကိုလည်း ရဲတပ်ဖွဲ့မှာ တာဝန်ဆက်လက် ထမ်းဆောင်စေခြင်း မပြုခိုင်းဘဲ တာဝန်မှ ရပ်နားပါမယ်။

ရဲတပ်ဖွဲ့ ပုံရိပ်ကို မညှိုးနွမ်းစေချင်တဲ့အတွက် ဗိုက်ပူဗိုက်ရွဲနေသော တပ်ဖွဲ့ဝင်များကိုလည်း ဗိုက်ချပ်အောင် အားကစားလေ့ကျင့်ခိုင်းပြီး ပြုပြင်ပါမယ်။ အဂတိလိုက်စားမှု အာဏာအလွဲသုံးမှုတွေကို တွေ့ရှိရင်လည်း နမူနာ စံပြအဖြစ် ထိထိရောက်ရောက် ပြစ်ဒဏ်များ ချမှတ်ဖို့ စီစဉ်ဆောင်ရွက်ပါမယ်။ ပြည်သူတွေအပေါ် အထက်စီး ရိုင်းပြစွာ ဆက်ဆံမှုများကိုလည်း အပြစ်ပေး အရေးယူ ဆောင်ရွက်သွားပါမယ်။

Police Box များကိုလည်း ရပ်ကွက်တိုင်း လူစည်ကားရာနေရာတိုင်းမှာ ထားပေးမှာပါ။ ရဲတစ်ယောက် နှစ်ယောက်စာနေလို့ရတဲ့ သွပ်မိုးအုပ် သစ်သားကင်းတဲ ပိစိကွေးလေးတွေကို စာခြောက်ရုပ်ထားသလို လမ်းဆုံလမ်းထောင့်တိုင်းမှာတော့ ထားမှာ မဟုတ်ပါဘူး။ ရုပ်ဆိုး အကျည်းတန်... ကြည့်ရဆိုးလွန်းလို့ပါ။ ဒါပေမယ့် လူစည်ကားရာနေရာတွေမှာ ရဲတပ်ဖွဲ့ဝင်များကို အချိန်ပိုင်းအလျောက် ကားနဲ့ဖြစ်စေ... ဆိုင်ကယ်နဲ့ဖြစ်စေ... ခြေလျင်ဖြစ်စေ... နေရာယူ ကင်းလှည့်နေစေမှာပါ။ ရဲတပ်ဖွဲ့ဝင်တွေကို တကူးတက သွားရှာစရာ မလိုလောက်အောင် လူမြင်ကွင်းတွေမှာ တာဝန်ပေးထားပါမယ်။ အရေးပေါ်ခေါ်ဆိုလို့ ရတဲ့ တယ်လီဖုန်းလိုင်းကိုလည်း လိုင်းအကျယ် အများအပြားထား ရှိပေးပါမယ်။

အိပ်မက်တိုင်းပြည်ရဲ့ရဲတပ်ဖွဲ့မှာ ယာဉ်ထိန်းရဲ၊ စည်ပင်ရဲ၊ ဘုရားရဲ၊မီးရထားရဲ၊ နယ်စပ်စည်ပင်ရဲ အဲဒီလို ရဲပေါင်းများစွာ ယူနီဖောင်းမျိုးစုံနဲ့ ကွဲပြားနေခြင်းကို လုံးဝ လက်ခံစဉ်းစားခြင်း ပြုမှာမဟုတ်ပါဘူး။ ယူနီဖောင်းဝတ် ရဲတစ်မျိုးတစ်စားတည်း ရှိပါမယ်။ သက်ဆိုင်ရာ တာဝန်ကျနယ်မြေပေါ်မူတည်ပြီး ရဲလုပ်ငန်းတွေကို လုပ်ဆောင်အကူအညီပေးသွားပါမယ်။ ယာဉ်ထိန်းရဲ မရှိပေမယ့် အိပ်မက်နိုင်ငံတော်ရဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်၊ ပို့ဆောင်ဆက်သွယ်ရေးစနစ်၊ ယာဉ်လမ်းကြောင်း ထိန်းသိမ်းတဲ့စနစ်စတဲ့ စနစ်အားလုံးဟာ စီစီတီဗွီ၊ ကွန်ပျူတာစနစ်များဖြင့် အခြေခံတည်ဆောက်ထားမှာ ဖြစ်တဲ့အတွက် ယာဉ်ထိန်းရဲ သီးသန့်ထားရှိရန် မလိုအပ်ဘူးလို့ ယူဆပါတယ်။ ယာဉ်မတော်တဆဖြစ်ခဲ့ရင်လည်း အနီးဆုံး သက်ဆိုင်ရာ လမ်းကြောင်းပေါ်မှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်မှ လာရောက်ကူညီ ဖြေရှင်းပေးမှာဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်မယ့်သူဟာ အနိမ့်ဆုံး ပညာအရည်အချင်း အနေနဲ့ ဆယ်တန်းအောင်ရပါမယ်။ တက္ကသိုလ်ဝင်တန်း (သို့) ဆယ်တန်းမအောင်တဲ့ သူများကို တပ်ဖွဲ့မှာ ခန့်ထားခြင်း လုံးဝ ပြုလုပ်မှာ မဟုတ်ပါဘူး။ ပညာအရည်အချင်း နိမ့်ပါးမှုကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြသနာများကို ကြိုတင်ဖြေရှင်းတဲ့အနေနဲ့ ပြုလုပ်ရတာပါ။ အဆင့်မြင့် ပညာရပ်များကို ဆက်လက်ဆည်းပူးတဲ့အခါ ပညာအရည်အချင်းက စကားပြောလာပါတယ်။ အဲဒါကြောင့် ပညာအရည်အချင်း နည်းပါးတဲ့သူများကို အိပ်မက်တိုင်းပြည် ရဲတပ်ဖွဲ့မှာ ခန့်အပ်တာဝန်ပေးခြင်း မရှိပါခင်ဗျာ။

အဲဒီလို အိပ်မက်တိုင်းပြည်အတွက် အိပ်မက်တွေ မက်ရင်း...

11 comments:

ကလူသစ် said...

တချို့နိုင်ငံသားတွေအတွက် အိမ်မက်....
တချို့နိုင်ငံသားတွေအတွက် အိမ်မက်မဟုတ်ဘူး။

JulyDream said...

ကျွန်တော်က ဇူလိုင်အိမ်မက်ဆိုတော့... ဇူလိုင်လမှာ အိမ်မက်နေဆဲပါ... ဒါကြောင့် အိမ်မက်တိုင်းပြည်ကြီးဟာ ကျွန်တော့်အတွက်တော့ အိမ်မက်တစ်ခုပါပဲ။

အိမ်မက်က နိုးထလာတဲ့အချိန်... လက်တွေ့ဘ၀မှာ တကယ်ဖြစ်နေရင် ဘယ်လောက် ကောင်းလိမ့်မလဲ...

Anonymous said...

အဲဒီလိုနိုးထလို့ အိပ်မက်ကလက်တွေ့ဖြစ်လာမယ်ဆိုရင်
ကျနော်လည်းကူမက်ပေးမယ်.......
ဖြစ်ချင်တာတွေ အိပ်မက်ထဲမှာထည့်မက်ပစ်မယ်...

Unknown said...

နောက်တစ်ဖွဲ့ အကြောင်းရေးဗျာအစ်ကို စိတ်ဝင်စားတယ်...။ တစ်ချို့အချက်တွေကတော့ အပြင်မှာ တကယ်တမ်း အကောင်အထည့်ဖော်တဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲတွေရှိ နိုင်တောပေါ့...။ ဒါပေမယ့် အိပ်မက်ဆိုတာ လူတိုင်းမက်ခွင့် ရှိပါတယ်ဗျာ...။ ဟုတ်ဖူးလား? :)

ခင်မင်းဇော် said...

ပြည်ထဲရေးဝန်ကြီးရှင့်..
ကျမရဲချုပ် ဖြစ်ခဲ့ရင် အဆင့်မြင့်အိမ်ယာ လုံးချင်းပေးနော် ...

JulyDream said...

ရွာသားလေးရေ... ဖြစ်ချင်တာက အိမ်မက်တွေပဲလေ။ အိမ်မက်တွေနဲ့ ရှေ့ဆက်နေတဲ့ ဘ၀လေးတွေပေါ့ဗျာ။ အဟဲ...

အိမ်မက်မဲမဲကြီးရေ...
နောက်တစ်ဖွဲ့က ဘာအဖွဲ့လဲ ခင်ဗျ။ တချို့အဖွဲ့တွေကို ကျွန်တော် သေချာ မသိဘူးလေ။ ကိုယ်ရဲ့ ပတ်ဝန်းကျင်က သိတဲ့အဖွဲ့လောက်ပဲ ရေးလို့ ကောင်းတာဗျ။ အိမ်မက်ဆိုပေမယ့်လည်း... :P

မခင်မင်းဇော်...
အစ်မက ရဲချုပ်ဖြစ်ဖို့ထက် ရဲချုပ်ကတော် ဖြစ်ဖို့ အခွင့်အလမ်း ပိုများမှာပါ။ အဟီး။ အစ်မယောကျာ်း ရဲချုပ်ဖြစ်ရင် လုံးချင်းတော့ ရပါမယ်။ အစီရင်ခံစာရေး... ပြီးတော့ အဲဒီ စက္ကူတွေ လုံးပြီး ခြင်းထဲ ထည့်ပေါ့ဗျာ။

Welcome said...

ဘ၀မှာ တန်ဖိုးမရှိတဲ့အရာဆိုလို့
ဘာမှမရှိပါဘူး။
အရာရာတိုင်းမှာ
သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။
ကိုယ်နဲ့အသုံးမတည့်လို့သာ
တန်ဖိုးမသိလို့
တန်ဖိုးမရှိဘူး ထင်တာပါ။
အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ပါစေ

ဝင်းဇော်

Anonymous said...

သဘောအရမ်းကျတယ်ရှင့်
အဲဒီအိပ်မက်ကို အမြန်ဆုံးအကာင် အထည်
ဖော်နိုင်ပါစေရှင့်. အုပ်တစ်ချပ် သဲတစ်ပွင့်
အဖြစ်ပါဝင်ချင်ပါတယ်။
(ဌာနမှာ အလုပ်ခန့်ပါလား)

နှင်းပွင့်ဖြူ said...

အိမ်မက်ကတော့ မိုက်လယ်
မီးမီး ရဲမေလုပ်မယ်နော်
Miss Congenialty ဇာတ်ကားထဲကလိုလေ ဟိဟိ

JulyDream said...

ကိုဝင်းဇော်ရေ...
အိမ်မက်တွေ အကောင်အထည် ဖော်ဖို့က ကျွန်တော် ၁ ယောက်တည်းနဲ့ မရဘူးခင်ဗျ။ ဒါကြောင့် အိမ်မက်လေးပဲ ဆက် မက်လိုက်ပါရစေဗျာ။

Cloud နဲ့ နှင်းပွင့်ဖြူလေးရေ...
ရဲမေလုပ်ချင်ရင် ရပါတယ်။ ဒါပေမယ့် ဗိုက်ခေါက်ထူထူ အဆီတွေ ရစ်နေရင်တော့ ဗိုက်ချပ်အောင် လေ့ကျင့်ခန်း လုပ်ပေတော့ဗျို့။ အိမ်မက်နိုင်ငံတော်ကြီးမှာ ဗိုက်ပူရဲတွေ မထားဘူးဗျ။ အဟ...

Unknown said...

အဲဒီအိပ်မက်က နှစ်ပေါင်းဘယ်လောက်ကြာမှ မြန်မာနိုင်ငံမှာဖြစ်လာနိုင်မလဲ