.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, September 10, 2008

The power of tears - 1

မဟာတံတိုင်းကြီးနဲ့ ပါတ်သတ်တဲ့ နောက်ထပ် ပုံပြင်ဇာတ်လမ်းလေး တစ်ခုရှိပါတယ်။ အဲဒီဇာတ်လမ်းလေးကို ဟိုးငယ်စဉ် ကလေးဘ၀ကတည်းက အဖွားက ပြောပြလို့ ကြားသိဖူးပါတယ်။ အဖွားကလည်း မြန်မာစကား သိပ်မရ... ကိုယ်တွေကလည်း တရုတ်စကားကို နားမလည်နဲ့ မပြည့်မစုံ နားလည်ခဲ့ရတဲ့ ဇာတ်လမ်းလေးပေါ့။ အခုတော့ မဟာတံတိုင်းနဲ့ ပါတ်သတ်တဲ့အကြောင်းတွေကို အင်တာနက်မှာ ရှာရှာဖွေဖွေ လိုက်ဖတ်ရင်း အဲဒီဇာတ်လမ်းလေးကို ပြန်တွေ့မိတာပါ။ ငယ်ငယ်တုန်းက မရှင်းလင်းခဲ့သမျှ အခုတော့ ရှင်းရှင်းလင်းလင်း သိခဲ့ရပါပြီ။ ပုံပြင်ဇာတ်လမ်း ဆိုတဲ့အတိုင်း မျိုးဆက်တစ်ခုပြီးတစ်ခု အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ရတာဆိုတော့ မူကွဲတွေကတော့ အမျိုးမျိုးရှိနိုင်တာပေါ့။ ဒါကြောင့် ကျွန်တော့်ဇာတ်လမ်းနဲ့ တခြားသူတွေ သိတဲ့ဇာတ်လမ်း ထပ်တူထပ်မျှ မတူတာတွေ ဖြစ်နိုင်ပါတယ်။

လွမ်းမျက်ရည်ဆိုတဲ့ ပုံပြင်လေးဟာ မဟာတံတိုင်းကြီးနဲ့ ပတ်သတ်တဲ့ ပုံပြင်လေးတွေထဲမှာ အတော်လေးကို ကျော်ကြားတဲ့ ပုံပြင်လေးပါပဲ။ အဲဒီပုံပြင်လေးထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၆၀၀ ကျော်တုန်းက တရုတ်ပြည်မှာ ရွှီဟွမ်တီဘုရင် (အ၀ါရောင် အင်ပါယာ)ခေတ်မှာ မဟာတံတိုင်းကြီး ဆောက်လုပ်မှုကြောင့် ကြေကွဲဖွယ် ဘ၀ အဆုံးသတ်ခဲ့ရတဲ့ ချစ်သူနှစ်ဦးအကြောင်းကို ရေးဖွဲ့ထားပါတယ်။

ပုံပြင်ဆိုတဲ့အတိုင်း... ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။ ကျန့်မိသားစုတစ်စု ရှိသတဲ့ကွယ်။ အဲဒီ မိသားစုရဲ့ အိမ်ခြံဝန်းထဲမှာ ထူးဆန်းတဲ့ ဘူးပင်ကြီးတစ်ပင် ရှိသတဲ့။ အဲဒီဘူးပင်ကြီးကနေ အလွန်ကို ကြီးမားလှတဲ့ ဘူးသီးတစ်လုံးက အိမ်နီးချင်း မန်မိသားစုရဲ့ ခြံဝန်းဘက်မှာ သွားပြီး သီးနေပါတယ်။ မန်မိသားစုက အဲဒီ ဘူးသီးကြီးကို ခွဲကြည့်လိုက်တဲ့အခါ ဘူးသီးကြီးထဲမှာ ခလေးမလေးတစ်ဦး ပျော်ပျော်ရွှင်ရွှင် ထိုင်နေတာကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ ခလေးမလေးကို မန်ကျန့်နွီ (Meng Jiangnu)လို့ အမည်ပေးလိုက်ပါတယ်။ အဓိပ္ပါယ်က မန် နဲ့ ကျန့် အိမ်က သမီးလေးပေါ့ဗျာ။

တစ်ညမှာ မန်ကျန့်နွီရဲ့ အိမ်မက်ထဲမှာ ကွမ်ရင်မယ်တော်က သူ့ကို လာပြီး စကားပြောပါတယ်။ သူ့ရဲ့ လုံလုံခြုံခြုံ ၀တ်ထားတဲ့ ၀တ်ရုံအောက်က အသားအရေကို မြင်တွေ့ခွင့်ရခဲ့တဲ့သူကို လက်ထပ်ယူရမယ်လို့ မိန့်မှာသွားပါတယ်။ သူမကတော့ အိမ်မက်ထဲက အဲဒီစကားကို အတော်လေးကို ယုံကြည်ပါတယ်။ ဒီိလိုနဲ့ တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးခဲ့ရင်း ခလေးမလေး အရွယ်ရောက်လာပါတယ်။ နတ်သမီးလေး တစ်ပါးအမျှ ချောမောလွန်းလှတဲ့ သူရဲ့ အလှဂုဏ်တွေဟာ ကျော်ကြားသထက် ကျော်ကြားလာပါတယ်။

တစ်နေ့မှာ ဘုရင်က မဟာတံတိုင်းကြီး ဆောက်လုပ်ဖို့ အမိန့်တော် ချမှတ်လိုက်ပါတယ်။ သက်ဦးစံပိုင်ဘုရင် စနစ်ဖြစ်တာကြောင့် အာဏာပိုင်တွေအနေနဲ့ ရွေးချယ်စရာ လမ်းမရှိတဲ့အတွက် မဖြစ်ဖြစ်အောင် စီစဉ်ရပါပြီ။ ဒါနဲ့ပဲ အနယ်နယ် အရပ်ရပ်ကနေ လုပ်အားပေးတွေ အတင်းအဓမ္မ ဆင့်ခေါ်ခံကြရပါတယ်။ လုပ်အားပေး ပြည်သူတွေဟာ ကြမ်းတမ်းတဲ့ ရာသီဥတုအောက်မှာ မိုးလင်းမိုးချုပ် မနားတမ်းလုပ်ရပါတယ်။ ပိုက်ဆံ တစ်ပြားမှ မရတဲ့အပြင် အနှိပ်စက်ခံ အကြိမ်းမောင်းခံရတဲ့ ပြည်သူတွေခင်မျာ... ပဒေသရာဇ်ခေတ်ရဲ့ သားကောင် မြေစာပင်လေးတွေ ဖြစ်ကြရတာပေါ့။ ဒါကြောင့် ရှောင်ပြေးလို့ရရင် ရသလို လုပ်အားပေးအဖြစ် ဆင့်ခေါ်ခြင်းကို ရှောင်ပြေးကြပါတယ်။

အဲဒီလို ရှောင်ပြေးတဲ့အထဲမှာ စာပေပညာရှင် တစ်ဦးဖြစ်တဲ့ ဖန်ရှီးလန် ဆိုတဲ့ ကောင်လေးလည်း ပါတာပေါ့။ သူ့မိဘတွေကတော့ ဆုံးသွားရှာပြီဖြစ်လို့ သူ့မိသားစု ကိုယ်စား လုပ်အားပေးအနေနဲ့ သူ့ကို ဆင့်ခေါ်တာပါ။ ဒီလို ရှောင်ပြေးနေတဲ့ သူ့ကို အာဏာပိုင်တွေက ၀ရမ်းပြေးလို့ သတ်မှတ်ပြီး သူပြေးရာ လမ်းတစ်လျှောက်မှာ တောက်လျှောက် ခြေရာခံ ရှာဖွေနေတာပေါ့။ မကြာခင်မှာ သူ့ကို အာဏာပိုင်တွေက ရှာဖွေမိပြီး လိုက်လံ ဖမ်းဆီးပါတော့တယ်။

နောက်က လိုက်တဲ့လူတွေ ရှိနေသလို သူကလည်း ရှေ့ကနေ အားသွန် ပြေးတာပေါ့။ အဲဒါနဲ့ မန်မိသားစုရဲ့ ခြံဝန်းကြီး ဘေးနားက ဖြတ်ပြေးမိပါလေရော။ ခြံဝန်းကြီးက ကျယ်သလို အပင်တွေကလည်း များလှတဲ့အတွက် အာဏာပိုင်တွေ လက်ထဲက လွတ်အောင် ခဏတာ ပုန်းဖို့ အဆင်ပြေလှပါတယ်။ ဒါကြောင့် အုတ်တံတိုင်းကို ကျော်တက်ပြီး ခြံဝန်းထဲက အပင်တွေနောက်မှာ ပုန်းနေလိုက်ပါတယ်။

အဲဒီအချိန်မှာ မန်ကျန့်နွီလေးတစ်ယောက် လက်ထဲမှာ ယပ်တောင်လေးကို ကိုင်ပြီး ခြံဝန်းထဲမှာ လိပ်ပြာ လိုက်ဖမ်းနေပါတယ်။ လိပ်ပြာလေးက ရေကန်လေးကို ဖြတ်အပြေးမှာ သူမက လှမ်းဖမ်းပါတယ်။ ဒါပေမယ့် လိပ်ပြာလေးကို ဖမ်းမမိပဲ ယပ်တောင်လေးသာ ရေထဲကျသွားပါတယ်။ ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိဘူး အထင်နဲ့ သူမရဲ့အင်္ကျီလက်ရှည်ကို လက်မောင်းရင်းအထိ ပင့်တင်လိုက်ပြီး ရေကန်ထဲက ယပ်တောင်လေးကို မမှီတမှီ လှမ်းဆယ်နေပါတယ်။ အပင်နောက်မှာ ပုန်းနေတဲ့ ဖန်ရှီးလန်က အဲဒါကို အစအဆုံး မြင်နေရပြီး ကောင်မလေး ရေထဲကို အရှိန်လွန်ပြီး ပြုတ်ကျသွားမှာကို စိုးရိမ်နေပါတယ်။ ဘယ်လိုမှ မနေနိုင်တဲ့အဆုံးမှာ ညီမရေ... သတိထားပါဗျို့ လို့ လှမ်းအော်မိသွားပါတယ်။

ရုတ်တရက်ဆိုတော့ မန်ကျန့်နွီလေး လန့်သွားတာပေါ့။ သေချာ ပြန်ကြည့်လိုက်တဲ့အခါမှာ ရုပ်ရောချောမော ပြေပြစ်လွန်းတဲ့ လူငယ်လေးဆိုတာ သတိထားမိခဲ့ပါတယ်။ အဲဒီ လူငယ်လေးဟာ သူမရဲ့ လက်မောင်းရင်းအထိ မြင်ထားတဲ့သူ ဖြစ်လို့ ကွမ်ရင်မယ်တော် ပြောခဲ့တဲ့အချက်နဲ့ ကိုက်ညီနေပါတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ဦးဟာ မြင်မြင်ချင်းကို ချစ်မိသွားကြပါတယ်။ မိန်းခလေးရှင်ဆီကနေ ခွင့်ပန်ပြီး သူတို့နှစ်ဦး လက်ထပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုလည်း ညဘက်မှပဲ တိတ်တခိုးလေး ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း... ကံဆိုးမိုးမှောင်ကျဖို့ အချိန်ဖြစ်လာပါပြီ။ ဖန်ရှီးလန် ဘယ်မှာရှိနေသလဲဆိုတာကို သိသွားတဲ့ အာဏာပိုင်တွေဟာ မန်မိသားစုရဲ့ အိမ်ကို ညတွင်းချင်း လိုက်လာပြီး သတို့သားကို ဖမ်းဆီးပြီး မဟာတံတိုင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲကို ပြန်သွားဖို့ ခေါ်သွားပါတော့တယ်။ ကြင်စဦး ဇနီးမောင်နှံဟာ ဒီလိုနဲ့ပဲ အခွဲခံလိုက်ရပါတယ်။ သူတို့နှစ်ယောက် အသက်ရှင်လျှက် ပြန်လည် ဆုံတွေ့ကြမယ်ဆိုတာကို ဘယ်သူ တစ်ဦးတစ်ယောက်ကမှ မမျှော်လင့်ရဲပါဘူး။ နှစ်ဦးစလုံးရဲ့ ရင်ထဲမှာ အသည်းနှလုံးတွေ တစ်စစီ ကျိုးပဲ့ ကြေမွနေသလို ဝေဒနာ မျက်ရည်မိုးတွေကလည်း ရပ်တန့်လို့ မရအောင် ရွာသွန်းဖြိုးနေခဲ့ပါတော့တယ်။

5 comments:

puluque said...

ဆန့်ငင် ဆန့်ငင်ဖြစ်အောင် မလုပ်ပါနဲ့ဗျာ နောက်တစ်ပိုင်းမြန်မြန်တင်ပါ

ပန်းခရမ်းပြာ said...

ဇာတ်လမ်းကောင်းတုန်း မီးပျက်သွားသလိုပဲ ကိုဂျူလိုင်ရေ။

April said...

ဖတ်လို့ကောင်းတယ်။

JulyDream said...

ဟုတ်ကဲ့ပါခင်ဗျာ။ ဆက်ပြီး ရေးတင်နေအုံးမှာပါ။ အခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။

နှင်းပွင့်ဖြူ said...

ကြေကွဲစ၇ာ ဇာတ်လမ်းလေး အဟင့် ၇ွတ် ဖတ်
ဆက်ဖတ်လိုက်ဦးမယ်နော်