စင်္ကာပူကြက်ခြေနီမှာ လုပ်အားပေး စ၀င်တဲ့ ရုံးက ဖိလစ်ပိုင်တစ်ယောက်က ခေါ်တာနဲ့ အဲဒီနေရာလေးကို ပထမဆုံးအကြိမ် ရောက်ဖြစ်ခဲ့တယ်။ အဲဒီနေရာလေးဆိုတာ Red Cross Home for the Disabled (RCHD) ဆိုတဲ့ ဂေဟာလေးပါ။ Disabled ဆိုလို့ မျက်စိမမြင် နားမကြား ကိုယ်လက်အင်္ဂါ မသန်စွမ်းတဲ့သူတွေကို ထားတဲ့နေရာမျိုး မဟုတ်ပါဘူး။ Down Syndrome လို့ခေါ်တဲ့ မျိုးရိုးဗီဇ ဖွဲ့စည်းပုံ ချို့ယွင်းနေတဲ့ လူသားတွေကို ပြုစုစောင့်ရှောက်နေတဲ့ နေရာတစ်ခုပါ။ Down Syndrome တွေပဲတင် မဟုတ်ပါဘူး။ Cerebral palsy, Spastic quadriplegia, Muscular dystrophy, Epilepsy စတဲ့ ဝေဒနာရှင်တွေကိုလည်း ပြုစုစောင့်ရှောက်ထားပါတယ်။
သူတို့လေးတွေက မွေးရာပါရောဂါတစ်ခုကို လူ့လောကထဲ သယ်ဆောင်လာခဲ့ရပြီး လူသားတစ်ယောက်၊ ကလေးတစ်ယောက်အနေနဲ့ အပြည့်အ၀ ရပ်တည်ခွင့် မရရှာတဲ့သူတွေပါ။ သူတို့ရဲ့ ပုံပန်းသဏ္ဍာန်ကလည်း ပုံမှန်လူသားတစ်ဦးနဲ့ မတူကြပါဘူး။ သူတို့ရဲ အရပ်အမောင်းဟာ သာမန်ကလေးတွေထက် ပိုပုကြပါတယ်။ အသားအရေက ပျော့တိပျော့တွဲကြီးတွေ ဖြစ်နေတတ်ပါတယ်။ လျှာက ပါးစပ်ထက် ကြီးနေပြီး အပြင်ကို တစ်လစ်ကလေး ထွက်နေလေ့ရှိပါတယ်။ ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှု အားနည်းပါတယ်။
အဲဒီ ဂေဟာလေးကို ၁၉၈၈ ခုနှစ်မှာ စတင်ခဲ့တာပါ။ ဂေဟာမှာ အမြဲတမ်း နေထိုင်တဲ့ ဦးရေကတော့ ၈၈ ဦးရှိပါပြီ။ အသက် ၆ နှစ်ကနေ ၅၅ နှစ် အထိ အရွယ်မျိုးစုံ ရှိကြပါတယ်။ အများစုကတော့ ပြုံးတာ ရီတာလေးနဲ့ ပြန်လည် ဆက်သွယ် တုံ့ပြန်နိုင်ပါတယ်။ ၀ူးဝူးဝါးဝါး မပီကလာတွေ အော်နိုင်ပါတယ်။ တချို့တလေကျတော့ သူတို့ ခေါင်းကလေး၊ ကျောကလေး၊ လက်ကလေးကို ပွတ်သပ်နေတာလေးပဲ ခံစားနားလည်ပါတယ်။ တချို့တွေကတော့ အရောင် လင်းလင်းလက်လက် တောက်တောက်လေးတွေကိုပဲ ခံစားနိုင်ရှာတယ်။ တချို့တွေမှာ ဂီတအသံလေးတွေကိုပဲ ကြားသိခံစားရှာရတယ်။ သူတို့တွေကို ဘယ်လို အဆက်အသွယ် လုပ်ရမယ်ဆိုတာကို တစ်ဦးချင်းစီရဲ့ အမည်ကဒ်ပြားတွေမှာ အမည်၊ မွေးနေ့နဲ့အတူ ဖော်ပြထားပါတယ်။ အဲဒီကဒ်ပြားလေးကို ကုတင်ခြေရင်းမှာ ကပ်ထားပေးပါတယ်။
သက်ရှိလောကကြီးမှာ အထီးကျန်ဆန်ဆန် ဖြတ်သန်းနေရတဲ့ သူတို့လေးတွေအတွက် အကြင်နာ မေတ္တာတွေ၊ အားပေးမှုတွေ၊ ဂရုစိုက်မှုတွေ လိုအပ်နေပါတယ်။ တစ်နေ့တစ်နေ့ ဘီးတပ်ကုလားထိုင်လေးပေါ်မှာပဲ ကုတင်ပေါ်မှာပဲ သူများလုပ်ပေးမှ ကျွေးမှ စားရနေရတဲ့ ဘ၀လေးတွေဟာ တကယ်ကို အထီးကျန်ဆန် ခြောက်သွေ့လွန်းလှပါတယ်။ သီးခြားကမ္ဘာလေးမှာ နေရတဲ့ သူတို့လေးတွေဟာ လူတွေနဲ့ ထိတွေ့ ဆက်ဆံချင်ကြပါတယ်။ ကိုယ်တွေရဲ့ အပြုံးလေးတွေဟာ သူတို့ဘ၀လေးတွေမှာ အလွန်ကို တန်ဖိုးရှိပါတယ်။ ကိုယ်တွေက သူတို့ကို စကားတွေ ပြောနေရင် မျက်လုံးလေး အ၀ိုင်းသားနဲ့ ကြည့်နေတတ်ပါတယ်။ ကိုယ်တွေက သူတို့ လက်ကလေးတွေကို ဆုပ်ထားရင် ငြိမ်ငြိမ်လေးနဲ့ ပြန်ဆုပ်ထားတတ်ပါတယ်။
ကျွန်တော် ရောက်ခဲ့တဲ့အချိန်က ဂေဟာမှာ လမုန့်ပွဲတော် မီးထွန်းပွဲတော် ပြုလုပ်ပေးတဲ့အချိန် ဖြစ်နေပါတယ်။ အခြေအနေ အတော်လေး ကောင်းမွန်တဲ့သူတွေကို ဘီးတပ်ကုလားထိုင်တွေနဲ့ ပွဲကျင်းပတဲ့နေရာမှာ ထားရှိပေးထားပါတယ်။ ပထမဆုံး အစီအစဉ်အနေနဲ့ ဂေဟာမှာ နေထိုင်တဲ့ အဘွား ၂ ယောက်က သီချင်းဆိုပါတယ်။ သူတို့ ဆိုတာကတော့ မပီကလာပေါ့။ ဘေးကနေ ၀ိုင်းပြီး ထောက်ကူပြီး ဆိုပေးရတာပေါ့။ ဒုတိယ အစီအစဉ်ကတော့ RCHD က သူနာပြု ဆရာမလေးတွေနဲ့ ဂေဟာက တချို့ ပါဝင်တဲ့ အကအဖွဲ့က ကပြပါတယ်။ ဂေဟာက လူတွေကတော့ လက်ထဲမှာကိုင်ထားတဲ့ ပန်းပွါးလေးတွေပဲ လှုပ်ပြီးကနိုင်တာပါ။ ဘီးတပ်ကုလားထိုင်ပေါ်ကနေ ကြည့်နေတဲ့သူတွေကလည်း ၀ူးဝူးဝါးဝါးတွေ အော်ပြီး အားပေးကြရှာတယ်။ လက်တွေ ခြေတွေ မြှောက်ကြတယ်။ လှုပ်ကြတယ်။
နောက် မီးထွန်းပွဲတော် ကျင်းပပါတယ်။ ဓါတ်ပုံတွေ ရိုက်ကြပါတယ်။ ပြီးရင် ဓါတ်ပုံတွေကို ချက်ချင်းကူးပြီး ဂေဟာမှာ နေထိုင်တဲ့သူတွေကို ပေးပါတယ်။ သူတို့တွေ အတော်လေး ပျော်ကြပါတယ်။ ကျွန်တော်တို့လို လုပ်အားပေး လာတဲ့သူတွေ အများကြီးပါ။ အနောက်နိုင်ငံက အဖိုးကြီး အဖွားကြီးတွေလည်း ပါပါတယ်။ သူတို့တွေက ဂေဟာကလူတွေကို ကိုယ့်သားသမီးလိုပဲ ယုယုယယ ဆက်ဆံကြပါတယ်။ ပါးကလေးတွေ နမ်းလိုက်၊ ရင်ချင်းအပ်လိုက်နဲ့ ပခုံးလေး ဖက်လိုက် ကြင်နာကြပါတယ်။ မီးပုံးလေးတွေ လိုက်ပြ၊ အစားတွေ ကျွေးလိုက် လုပ်ကြတာပေါ့။ သီချင်းဆိုတဲ့ အဖွဲ့က သီချင်းဆိုပြီး ဖျော်ဖြေသလို ဂီတပညာရှင်တွေကလည်း သူတို့ရဲ ဂီတပညာနဲ့ ပေးဆပ်ကြပါတယ်။
တကယ်ဆို ဂေဟာကလူတွေဟာ ကမ္ဘာလောကကြီးအတွက် ဘာတစ်ခုမှ အကျိုးမပြုနိုင်ရှာတဲ့ လူသားတွေပါ။ ဒါပေမယ့် အဲဒီလို လူတွေကို ၀န်ထုပ်ဝန်ပိုးတစ်ခုလို မပစ်ပယ်ထားပဲ လူပီသစွာ အကြင်နာ မေတ္တာတွေနဲ့ ဖေးကူနေတာကို ကြည်နူးစွာ မြင်တွေ့ခွင့်ရခဲ့ပါတယ်။ လူသားဆန်မှုဆိုတဲ့ ခံစားမှုကို အားလုံး အတူတကွ ခံစား နားလည် ပီတိဖြာခဲ့ရတဲ့ အချိန်ကလေးပေါ့။ ကျွန်တော်အနေနဲ့ လူပီသတယ် လူသားဆန်တယ် ဆိုတာ ဘာလဲဆိုတာကို အဲဒီအချိန်မှာ နက်နက်နဲနဲ ခံစား နားလည် သိရှိသွားခဲ့ရပါတော့တယ်။
ကျွန်တော် ရောက်ခဲ့တဲ့အချိန်က ဂေဟာမှာ လမုန့်ပွဲတော် မီးထွန်းပွဲတော် ပြုလုပ်ပေးတဲ့အချိန် ဖြစ်နေပါတယ်။ အခြေအနေ အတော်လေး ကောင်းမွန်တဲ့သူတွေကို ဘီးတပ်ကုလားထိုင်တွေနဲ့ ပွဲကျင်းပတဲ့နေရာမှာ ထားရှိပေးထားပါတယ်။ ပထမဆုံး အစီအစဉ်အနေနဲ့ ဂေဟာမှာ နေထိုင်တဲ့ အဘွား ၂ ယောက်က သီချင်းဆိုပါတယ်။ သူတို့ ဆိုတာကတော့ မပီကလာပေါ့။ ဘေးကနေ ၀ိုင်းပြီး ထောက်ကူပြီး ဆိုပေးရတာပေါ့။ ဒုတိယ အစီအစဉ်ကတော့ RCHD က သူနာပြု ဆရာမလေးတွေနဲ့ ဂေဟာက တချို့ ပါဝင်တဲ့ အကအဖွဲ့က ကပြပါတယ်။ ဂေဟာက လူတွေကတော့ လက်ထဲမှာကိုင်ထားတဲ့ ပန်းပွါးလေးတွေပဲ လှုပ်ပြီးကနိုင်တာပါ။ ဘီးတပ်ကုလားထိုင်ပေါ်ကနေ ကြည့်နေတဲ့သူတွေကလည်း ၀ူးဝူးဝါးဝါးတွေ အော်ပြီး အားပေးကြရှာတယ်။ လက်တွေ ခြေတွေ မြှောက်ကြတယ်။ လှုပ်ကြတယ်။
6 comments:
လူသားဆန်တဲ့လူသားတွေ ဆက်လက်ရှိနေသေးဖို့လဲ ဆုတောင်းပေးပါတယ်ဗျာ။
သိပ်စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်တစ်ခုပါ။ ဓာတ်ပုံတွေနဲ့ အပြည့်အစုံဖော်ပြပေးလို့ ကိုJuly ကို ကျေးဇူးတင်ပါတယ်။ တခါတလေ လောကကြီးမှာ အဲဒီလို လူသားဆန်တဲ့လူတွေ ရှိနေပါသေးလားဆိုတဲ့ အသိလေးက တော်တော်စိတ်ချမ်းသာစေပါတယ်။
ဒီလို post လေးတွေ ဖတ်ရတာကို
အရမ်းနှစ်သက် အားပေးမိပါတယ်..
ကျနော်တို့ ကျမတို့တွေ အားလုံးလည်း
လူသားဆန်စွာ အသက်ရှုရင်း...တွေးခေါ်ရင်း
နေထိုင်အသက်ရှင် ရပ်တည်သွားနိုင်ကြဖို့
ဆန္ဒပြုမိပါတယ်...၊။
ကျမရဲ့မွေးစားသမီး “ကလေးလေး” ကို
သိပြီးသားဖြစ်ပါလိမ့်မယ်နော်.. သမီးလေးက မွေးရာပါ
နှလုံးရောဂါရှိသူလေးပါ.. သူ့စိတ်လေးပျော်ရွှင်စေဖို့ကို
ကျမရော ကိုရင်ပါ အရမ်းဂရုစိုက်ပေးနေကြပါတယ်...
အားလုံး ပျော်ပျော်ပါးပါးနဲ့ ပျော်ရွင်စရာပွဲလေး။
ဒီလိုတော့လည်း လောကကြီးက လှပလို့နေနေပါလား။
ဒီပိုစ့်ကိုဖတ်ပြီး ဟိုးအဝေးမှာနေတဲ့ အမျိုး မောင်လေးနှစ်ယောက်ကို သတိရတယ်။ နှစ်ယောက်လုံး လူပျိုပေါက် ကလေးတွေသာ ဖြစ်နေတယ်။ အသိဥာဏ်က ကလေးလေးတွေလိုပါပဲ။ တအားသနားဖို့ကောင်းတယ်။ မိဘတွေ ခုချိန်ထိ သူတို့အတွက် ရတက်မအေးရဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ပတ်ဝန်းကျင်မှာ လူသားဆန်တဲ့ လူတွေရဲ့ ပြုစုစောင့်ရှောက်မှု အောက်မှာ သူတို့ ဆက်လက်ရှင်သန်ဖို့ အားယူနေကျတုန်းပေါ့
စလုံးမှာ နေတဲ့သူတွေ တက်နိုင်ရင် အချိန်ပေးနိုင်ရင် volunteer လုပ်ဖို့ တိုက်တွန်းလိုပါတယ် ခင်ဗျာ။ ကျွန်တော်ကတော့ အပတ်တိုင်း အဲဒီကို သွားဖို့ ဆုံးဖြတ် စီစဉ်ထားပါတယ်။ စနေ သွားတဲ့အပတ်နဲ့ တနင်္ဂနွေ သွားတဲ့အပတ် တစ်လှည့်စီ သွားပါမယ်။
Post a Comment