.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, September 11, 2008

The power of tears - 2

ခင်ပွန်းဖြစ်သူ ပြန်အလာကို မန်ကျန့်နွီလေး စောင့်နေခဲ့တာ အချိန်တွေ တစ်လပြီး တစ်လ ကုန်ဆုံးခဲ့ပါပြီ။ မဟာတံတိုင်းကြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဆောင်းရာသီရဲ့ ကြမ်းတမ်းမှုတွေ၊ အစာရေစာ ရှားပါးမှုတွေ စတာတွေကို ရွာကလူတွေ တဆင့် ပြန်ပြောပြလို့ သူမ ကြားသိခဲ့ရပါတယ်။ ဒါကြောင့် ကြမ်းတမ်းလှတဲ့ ရာသီဥတုအောက်မှာ ပင်ပန်းကြီးစွာ အလုပ်လုပ်နေရတဲ့ ချစ်ခင်ပွန်းအတွက် စိုးရိမ်သောက ရောက်နေရရှာတဲ့ မန်ကျန့်နွီလေးဟာ သူ့ခင်ပွန်းဆီ ကိုယ်တိုင်ကိုယ်ကျ သွားပြီး အ၀တ်တွေ အစားအစာတွေ သွားပို့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ ခရီးက တကယ်တော့ နီးနီးလေး မဟုတ်ပါဘူး။ ဒါပေမယ့် သူမရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူမှ မပြင်နိုင်ခဲ့ပါဘူး။ ဒါနဲ့ သူမရဲ့အဖေဟာ သူမကို သွားခွင့်ပြုလိုက်ပြီး အိမ်က အစေအပါးတွေကို အဖော်အဖြစ် ထည့်ပေးလိုက်ပါတယ်။

မန်ကျန့်နွီလေးဟာ တောအထပ်ထပ် တောင်အသွယ်သွယ်ကို အဆင့်ဆင့် ကျော်ဖြတ်လာရသလို မြစ်တွေ ချောင်းတွေကိုလည်း ကူးဖြတ်ရင်း မဟာတံတိုင်းကြီး ဆောက်လုပ်နေတဲ့ တရုတ်ပြည်မြောက်ပိုင်းကို လာခဲ့ရပါတယ်။ ခရီးလမ်းမှာ ဆာလောင်မွတ်သိပ်မှုတွေ၊ ဆောင်းရာသီရဲ့ အအေးဒဏ်တွေ၊ ခြေထောက် နာကျင်မှုတွေကို အံတုရင်း ခရီးဆက်ခဲ့ပါတယ်။ နောက်ဆုံးတော့ မဟာတံတိုင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲကို ရောက်သွားပါတယ်။ ဒါနဲ့ ဟိုလူကို မေး... ဒီလူကို မေးနဲ့ သူ့ခင်ပွန်းအကြောင်းကို စုံစမ်းရှာပါတယ်။ ဒါပေမယ့် သတင်းကောင်း မကြားရရှာပဲ သတင်းဆိုးကြီးကသာ သူမကို ဆီးကြိုနေပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဒဏ်ကို မခံနိုင်တဲ့ သူမရဲ့ခင်ပွန်းဟာ ဆုံးပါးခဲ့တာ ကြာလှပါပြီဆိုပဲ။ မဟာတံတိုင်းကြီးရဲ့ အောက်တစ်နေရာမှာ သူ့ခင်ပွန်း အလောင်းကို မြှုတ်နှံထားကြောင်း အလုပ်သမားတွေက ပြောပြကြပါတယ်။

ဒါနဲ့ မန်ကျန့်နွီဟာ သူ့ခင်ပွန်းအလောင်းကို မြှုပ်ထားတဲ့နေရာကို လိုက်ပြပေးဖို့ တောင်းဆိုပါတယ်။ အဲဒီ နေရာကို ရောက်တဲ့အခါမှာ သူမဟာ ၀မ်းနည်းလွန်းလို့ အူလိုက်သည်းလိုက် ငိုကြွေးရှာပါတယ်။ ငိုပြီးရင်း ဆက်ငို... ငိုပြီးရင်း ဆက်ငိုတာ ၃ ရက်တိတိတောင် ဖြစ်လာပါပြီ။ အဲဒီအချိန်မှာ နှင်းမုန်တိုင်းကြီး တိုက်ခတ်ပြီး သူမရဲ့ခင်ပွန်းကို မြှုပ်နှံထားတဲ့အပေါ်က မဟာတံတိုင်းကြီးရဲ့ အစိတ်အပိုင်းအချို့ ပြိုကျပျက်စီးကုန်ပါတယ်။ အဲဒီအောက်မှာ အရိုးတွေက အများကြီးဆိုတော့ ဘယ်အရိုးက သူမရဲ့ ခင်ပွန်းမှန်း မခွဲနိုင်ပါဘူး။ မန်ကျန့်နွီက လက်ညှိုးထိပ်ကို ပါးစပ်နဲ့ ကိုက်ဖြတ်ပြီး သွေးစက်တွေကို အရိုးတွေပေါ်က လိုက်ချတဲ့အခါမှာ သူမရဲ့ ခင်ပွန်းဖြစ်သူရဲ့ အရိုးတွေအထဲကို သွေးတွေ ထိုးဖောက် စီးဝင်သွားတာကို တွေ့ရပါတယ်။ အဲဒီလိုနဲ့ပဲ သူမခင်ပွန်းရဲ့ အရိုးတွေကို ရရှိခဲ့ပါတော့တယ်။

"မိန်းခလေးတစ်ယောက် ငိုလိုက်တဲ့ မျက်ရည်တွေကြောင့် မဟာတံတိုင်းကြီး ပြိုကျသွားတယ်ဟေ့" ဆိုတဲ့ သတင်းက တိုင်းပြည်အနှံ့မှာ ချက်ချင်း ပျံ့နှံ့သွားပါတော့တယ်။ မဟာတံတိုင်းကြီး ပြိုကျတဲ့ သတင်းဟာ လွှတ်တော်အထိ ရောက်ရှိသွားပြီး ဘုရင်မင်းမြတ် ကိုယ်တော်တိုင် အံ့အားသင့်ပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားစေပါတယ်။ ဒါကြောင့် မျက်မြင် ကိုယ်တွေ့ဖြစ်အောင် ဆိုပြီး အဲဒီ မဟာတံတိုင်းကြီး ပြိုကျတဲ့နေရာကို ကြွချီတော်မူလာပါတယ်။ မျက်ရည်များနဲ့ တံတိုင်းကြီးကို ပြိုလဲစေနိုင်တဲ့ အစွမ်းထက်တဲ့ မိန်းခလေးကိုလည်း တွေ့ချင်တာလည်း ပါတာပေါ့ကွယ်။

မန်ကျန့်နွီကို တွေ့လိုက်တဲ့အချိန်မှာ သူမရဲ့ အလှထဲမှာ ယစ်မူးသွားရှာပါတယ်။ ဘုရင်က ပြောရှာပါတယ်... "အရမ်းလှတာပဲကွယ်။ နတ်သမီးလေး တစ်ပါးလား မှတ်ရတယ်။ ငါ့ကိုယ်တော်ကို လက်ထပ်ပါလားကွယ်။"

မန်ကျန်နွီက စဉ်းစားသုံးသပ်လိုက်ပြီး ချက်ချင်း တုံ့ပြန်ပါတယ်။ သူမလိုချင်တာတွေကို ပေးနိုင်ရင် ဘုရင်ကို လက်ထပ်မယ်ပေါ့။ ဘုရင်ကလည်း ဆု ၃ ဆု တောင်းစေဆိုပြီး ခွင့်ပြုပါတယ်။ ပထမဆုံး တောင်းတဲ့ဆုက သူမခင်ပွန်းရဲ့ အလောင်းကို ထည့်ဖို့ အကောင်းစား ခေါင်းတစ်လုံးပါ။ ဒုတိယ တောင်းတဲ့ဆုက ဘုရင်အနေနဲ့ သူမခင်ပွန်းအတွက် နိုင်ငံတော်အဆင့် အသုဘအခမ်းအနားကို ကျင်းပပြုလုပ်ပေးဖို့ပါ။ တတိယဆုကတော့ ဘုရင်အပါအ၀င် မှူးကြီးမတ်ရာ စစ်သည်ဗိုလ်ပါ နန်းတွင်းသူ နန်းတွင်းသား အားလုံး ၀မ်းနည်းခြင်း အထိမ်းအမှတ် ၀တ်စုံတွေကို ၀တ်ဆင်ပေးဖို့ တောင်းဆိုပါတယ်။ တောင်းထားတဲ့ ဆုတွေက အတော်လေး တရားလွန်နေပေမယ့် ဘုရင်က လက်ခံသဘောတူလိုက်ပါတယ်။

အသုဘအခမ်းအနားကို သူမ ပြောသလို အတိအကျ ပြုလုပ်ပေးပါတယ်။ အကောင်းစား အခေါင်းကြီးကို တင်ထားတဲ့ လှည်းရဲ့နောက်ကနေ ဘုရင်ကိုယ်တိုင် ဦးဆောင်ပြီး အားလုံးသော ၀န်ကြီးတွေ ဗိုလ်ချုပ်တွေ လိုက်လာပါတယ်။ ဂူသွင်းမယ့်နေရာအဖြစ် သူမရွေးချယ်ထားတာက ရေစီးကြမ်းလွန်းလှတဲ့ မြစ်ကြီးအပေါ်က ချောက်ကမ်းပါးတစ်ခုမှာပါ။

ဖန်ရှီးလန်ရဲ့ အသုဘကို လိုက်ပို့တဲ့ တစ်ဖွဲ့လုံး ချောက်ကမ်းပါးပေါ်ကို ရောက်လာကြပါပြီ။ ဘုရင်အပါဝင် အမှုထမ်း အရာထမ်းတွေ အားလုံး ဖန်ရှီးလန်ရဲ့ ဂူကြီးဘေးနားမှာ ထုံးတမ်းစဉ်လာအရ မတ်တပ်ရပ်နေကြပါပြီ။ ဖန်ရှီးလန်ကို ဂူသွင်းပြီးတဲ့အခါမှာ မန်ကျန့်နွီတစ်ယောက် အငိုတိတ်သွားပါတယ်။ ဒူးထောက် ထိုင်နေရာကနေ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပါတယ်။ ပြီးတော့ နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူကို ဦးညွှတ်ပြီး ဂါရ၀ါပြု အရိုအသေပေးပါတယ်။ အရိုအသေ ပေးပြီးတာနဲ့ ချက်ချင်းဆိုသလို ပြေးထွက်သွားပြီး ချောက်ကမ်းပါးပေါ်ကနေ ရေစီးသန်တဲ့ မြစ်ထဲကို ခုန်ချပြီး ဘ၀ကို အဆုံးစီရင်သွားပါတော့တယ်။

ကဲ... ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ တရုတ်တွေရဲ့ ပါးစပ်ဖျားမှာတော့ အချစ်ကြီးတဲ့ သစ္စာရှင် မန်ကျန့်နွီရဲ့ မျက်ရည်အစွမ်းကို သတိတရ ရှိနေမှာတော့ အမှန်ပါပဲကွယ်။

8 comments:

April said...

သနားစရာလေးနော်။

April said...

သနားစရာလေးနော်။

Apprenticeship said...

အချစ်ကြီးတာ ကောင်းလား စိုးလား

ဆောင်း said...

အဲဒီ ပုံပြင်ကြားဘူးတယ်။

Red's Rose Dream said...

အခုမှပဲပြီးသွားတော့တယ်။ ရေးတာကြာလိုက်တာ

စူး said...

အရမ်းကောင်းတဲ့ပုံပြင်လေးပါ..

သနားစရာလေးပဲ..။
ငယ်ငယ်ကသာနားထောင်ရရင် မျက်ရည်မဆည်နိုင်ဖြစ်မယ်

ရွှန်းမီ said...

သနားဖို့ သိပ်ကောင်းတယ်။
စစ်မတိုက်ချင်ရင် ပြဿနာ မတက်အောင် အုတ်တံတိုင်းကြီးကာလိုက်မယ် ဆိုတဲ့ အတွေးမျိုးနဲ့ ဖြေရှင်းကြတဲ့ခေတ်ကပေါ့။

နှင်းပွင့်ဖြူ said...

အဟင့်.....
အချစ်မရှိတော့ အသက်ဆက်လက်မရှင်သန်ချင်တော့ဘူးပေါ့လေ။
ဇာတ်သိမ်းမလှလိုက်တာနော်