.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, September 8, 2008

The Ten Brothers

တရုတ်ပြည်က မဟာတံတိုင်းကြီးကို ကြည့်ပြီး လူတွေက ရင်သပ်ရှုမော အံသားသင့်ကြမှာပါ။ တရုတ်တွေရဲ့ ချီးကျူးဖွယ် အံသြဖွယ် ရှေးယဉ်ကျေးမှု လက်ရာတစ်ခုဆိုပြီး သဘောကျ နှစ်ခြိုက်ကြပါတယ်။ ဒါပေမယ့် အဲဒီခေတ်အခါက မဟာတံတိုင်းကြီး တည်ဆောက်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ကိုယ်တိုင်ကိုယ်ကျ လုပ်အားပေး ချွေးတပ်စွဲခံရတဲ့ တရုတ်တွေကတော့ သဘောကျ နှစ်ခြိုက်ခြင်း မရှိခဲ့ပါဘူး။

မတရားတဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေကြောင့် ဒေါသထွက်ခဲ့ရပါတယ်။ အချိန်နဲ့အမျှ ဒုက္ခတွေ ခံစားခဲ့ရတယ်။ ကြမ်းတမ်းတဲ့ ရာသီဥတုနဲ့ နေ့ညမပြတ် တိုက်ပွဲဝင်ခဲ့ရတယ်။ မြောက်ပိုင်းက လူမျိုးခြားတွေရဲ့ မကြာခဏ ၀င်ရောက် တိုက်ခိုက်မှုတွေကို ခံခဲ့ရတယ်။ ဒါကြောင့် မဟာတံတိုင်းကြီး တည်ဆောက်စဉ် ကာလမှာ လူတွေ အများကြီး သေဆုံးခဲ့ရတယ်။ သေသွားတဲ့ လူတွေနေရာမှာ အစားထိုးဖို့ နောက်ထပ် လူတွေ အများကြီး ထပ်မံ ဆင့်ခေါ်ခံရတယ်။ အဲဒီလို မကျေနပ်မှုတွေ ခံစားချက်တွေကို ပုံပြင်ဇာတ်လမ်းတွေကနေ တဆင့် ဖော်ထုတ်ခဲ့တာကို တွေ့ရမှာပါ။ အခု ညီအစ်ကို ၁၀ ယောက်ဆိုတဲ့ ပုံပြင်လေးမှာလည်း အဲဒီခေတ်က အနေအထားကို သွယ်ဝိုက်သောနည်းနဲ့ တင်ပြထားတာကို တွေ့နိုင်ပါတယ်။ ပုံပြင်ထဲမှာ လုပ်အားပေးတွေရဲ့ ဆင်းရဲဒုက္ခတွေ၊ အာဏာပိုင်တွေရဲ့ မောက်မာမှုတွေ၊ မဟာတံတိုင်းကြီးကို ပျက်ဆီးစေလိုတဲ့ သဘောတွေ ပါနေတာကို တွေ့ရမှာပါ။

ဟိုးရှေးရှေးတုန်းက တရုတ်ပြည်မှာ ထူးဆန်းတဲ့ ညီအစ်ကို ၁၀ ယောက် ရှိပါတယ်။ နံပါတ် ၁ အစ်ကိုကြီးက အလွန်ဝေးတဲ့ နေရာက အသံကို ကြားနိုင်တဲ့ နားအကြီးကြီး ရှိတယ်။ ဒုတိယ အစ်ကိုကတော့ မိုင်ပေါင်းများစွာ ဝေးတဲ့နေရာက အရာဝတ္ထုတွေကို မြင်နိုင်တဲ့ စွမ်းအင်ရှိတယ်။ တတိယတစ်ယောက်က နွားသိုးလို ခွန်အား သန်မာတယ်။ စတုတ္ထတစ်ယောက်က သံမဏိလို မာလှတဲ့ ဦးခေါင်းရှိတယ်။ နံပါတ်ငါးမှာတော့ သံမဏိလို မာကျောတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပါတယ်။ နံပါတ်ခြောက်ကျတော့ အလွန်ရှည်လျားတဲ့ ခြေထောက်တွေနဲ့ပေါ့။ နံပါတ်ခုနစ် တစ်ယောက်မှာ အလွန်ကြီးမားတဲ့ ဦးခေါင်းကြီး ရှိပြန်ရော။ နံပါတ်ရှစ်မှာတော့ အလွန်ကို ကြီးတဲ့ ခြေဖ၀ါးကြီး ရှိနေပြီး နံပါတ်ကိုးမှာတော့ အလွန်ကြီးတဲ့ ပါးစပ်ကြီး ရှိပါတယ်။ အငယ်ဆုံး ညီဖြစ်သူမှာတော့ မြင်သူတကာ ကြောက်ရွှံ့လောက်တဲ့ အလွန်ကြီးမားတဲ့ မျက်လုံးကြီး ရှိတယ်ဆိုပဲ။

တစ်နေ့ လယ်ကွင်းထဲမှာ အလုပ်လုပ်နေတုန်း နံပါတ် ၁ က ငိုနေတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။ အဲဒါနဲ့ နံပါတ် ၂ က လှမ်းကြည့်လိုက်တဲ့အခါ မဟာတံတိုင်းကြီး တည်ဆောက်နေတဲ့ နေရာက အလုပ်သမားတွေ အစာရေစာ ငတ်ပြတ်လို့ ငိုယိုညည်းတွားနေတာကို တွေ့လိုက်ရတာပေါ့။ အဲဒါကို ကြားသိလိုက်ရတဲ့ နံပါတ် ၃ က အဲဒီနေရာကို ကူညီဖို့ နွားသိုးတစ်ကောင်လို ဒေါသတကြီး ဂမူးရှူးထိုး ထွက်သွားပါတယ်။ မဟာတံတိုင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်က အာဏာပိုင် အရာရှိတွေက ဒေါသတကြီး လာနေတဲ့သူ့ကို ဘယ်အတွက် ဘာလာလုပ်သလဲ ဆိုတာကို မမေးတော့ပဲ ရန်ပြုမယ့်လူလို့ပဲ ထင်သွားကြပါတယ်။ အဲဒါနဲ့ သူရဲ့ ဦးခေါင်းကို ခုတ်ထစ်ပစ်ဖို့ အမိန့်ပေးလိုက်ပါတယ်။

ဒုတိယ အစ်ကိုက အဲဒါကို မြင်လိုက်ရပြီး ပထမအစ်ကိုက ကြားလိုက်ရပါတယ်။ ဒါနဲ့ သူတို့က တခြား ညီအစ်ကိုတွေကို ပြန်ပြောပြပါတော့တယ်။ အဲဒါနဲ့ နံပါတ် ၄ တစ်ယောက်လည်း နံပါတ် ၃ ကို ကယ်ဖို့ အပြေးအလွှား လိုက်သွားပါတော့တယ်။ အာဏာပိုင်ရဲ့တပည့်တွေ ဓါးနဲ့ ၀င်ခုတ်တဲ့အခါ သူ့ဦးခေါင်းကို ထိုးပေးလိုက်ပါတယ်။ အဆက်မပြတ် ခုတ်ချလိုက်တဲ့ ဓါးချက်တွေဟာ မာလွန်းလှတဲ့ သူ့ဦးခေါင်းကြောင့် အချည်းအနှီး ဖြစ်ကုန်ပါတယ်။ ဒါနဲ့ အာဏာပိုင်တွေကို ကိုယ်ခန္ဓာကို ဓါးနဲ့ ခုတ်ထစ်ဖို့ အမိန့်ပေးပြန်ပါတယ်။ အဲဒီအချိန်မှာ နံပါတ် ၅ တစ်ယောက် အပြေးအလွှား ရောက်ရှိလာပြီး သူတို့ရဲ့ ရိုက်နှက် ထိုးခုတ်ချက်တွေကို ကြားကနေ ၀င်ခံပေးပါတယ်။ သံမဏိလို မာလှတဲ့ သူ့ခန္ဓာကိုယ်ဟာ ရဲမက်တွေရဲ့ ထိုးခုတ် ရိုက်နှက်ချက်တွေကို သက်တောင့်သက်သာ ခံနိုင်ပါတယ်။

အဲဒါနဲ့ အာဏာပိုင်တွေက သူ့ကို ပင်လယ်ထဲ ပစ်ချလိုက်ပါတယ်။ နံပါတ် ၆ တစ်ယောက် အချိန်မှီလေး ရောက်ရှိလာပြီး ရေထဲကနေ သူတို့ကို ဆယ်ယူသွားပါတယ်။ သူ့အတွက် ပင်လယ်ဆိုတဲ့ နေရာမှာ အေးအေးဆေးဆေး မတ်တပ်ရပ်နေလို့ ရတယ်လေ။ ပင်လယ်ထဲမှာ လမ်းလျှောက်နေရင်း အလွန်ကြီးမားတဲ့ ငါးကြီးတစ်ကောင်ကို ဖမ်းမိပါတယ်။ ဒါပေမယ့် အဲဒီငါးကြီးကို သယ်လာဖို့ ခက်နေပါတယ်။ အဲဒါနဲ့ နံပါတ် ၇ တစ်ယောက် ရောက်လာပြီး သူ့ခေါင်းပေါ်က ဦးထုပ်ကြီးကို ချွတ်ပေးပါတယ်။ အဲဒီ ဦးထုပ်ထဲမှာ ငါးကြီးကို ထည့်ပြီး သယ်လာခဲ့ပါတော့တယ်။

အဲဒီလောက်ကြီးတဲ့ ငါးကြီးကို ကင်ဖို့အတွက် ထင်းတွေ အများကြီး လိုပါတယ်။ အဲဒါနဲ့ နံပါတ် ၈ က တောင်ပေါ်ကို တက်သွားပြီး သူ့ခြေထောက်အကြီးကြီးနဲ့ အပင်တွေကို နင်းခြေပြီး ထင်းအဖြစ် ပြောင်းလဲ ဖန်တီးပေးပါတယ်။ အဲဒီကနေ ရလာတဲ့ ထင်းတွေနဲ့ ငါးကြီးကို ကင်ကြတာပေါ့။ မီးကင်ထားတဲ့ ငါးကင် အနံ့က မွေးကြိုင်နေတာပဲ။ ငါးကင့်အနံ့ကြောင့် နံပါတ် ၉ တစ်ယောက်က စိတ်မထိန်းနိုင်တော့ပဲ ငါးကင်ကြီး တစ်ခုလုံးကို သူ့ပါးစပ်ကြီးထဲကို ထည့်ပြီး ၀ါးမျိုလိုက်ပါတော့တယ်။ ဘယ်သူမှ မစားလိုက်ရပဲ နံပါတ် ၉ အစ်ကိုတစ်ယောက်ပဲ စားသွားတာကို အငယ်ဆုံး နံပါတ် ၁၀ က မကျေနပ်ပါဘူး။ ဒေါသထွက်ထွက်နဲ့ ငိုလိုက်တာများ သူ့မျက်လုံးအကြီးကြီးကနေ မျက်ရည်တွေ မျက်ရည်တွေ... ဘူးသီးလုံးလောက် ကျလာပြီး ရေတွေကြီးကုန်ပါတယ်။ အဲဒီ ရေကြီးချက်က ဘယ်လောက်များ ဆိုးသလဲဆိုရင် မဟာတံတိုင်းရဲ့ တချို့အစိတ်အပိုင်းတွေကို ပြိုပျက်စေကုန်ပါတယ် သတဲ့ကွယ်။

4 comments:

ရွှန်းမီ said...

ဟင်...
မျက်ရည်တွေ ဘူးသီးလုံးလောက် ဆိုတာ ဒီက စ တာကိုး..။ မိုးတွေရေတွေ ကြီးလိုက်တာ မဟာတံတိုင်းကြီးရဲ့  အစိတ်အပိုင်းတွေတောင် ပြိုသတဲ့.. ဆောက်ခဲ့တဲ့သူတွေကို နောက်ဆုံးတော့ ဒုက္ခထပ်ပေးတာပေါ့လေ..။
အစကတော့ ငိုသံကြားလို့ လိုက်သွားရာကနေ။
အဲ့လို ညီအစ်ကိုတွေ တွေ့ရင် ဆင်ခြင်မှ။

kay said...

ကြားဖူးတာတော့..မဟာတံတိုင်းကြီး ရဲ့အလျား တပေ တိုင်း က..လူတယောက်အသက်နဲ့ညီတယ်တဲ့။
ဟုတ်တယ်နော်။ ဟိုးခေတ်တွေတုန်းက.. မှတ်တမ်းမှတ်ရာ.. လည်းမရှိ.. သမိုင်းဆိုတာကလည်း..အာဏာရှိသူပဲရေးနိုင် ခဲ့တာ ဆိုတော့..အချင်းချင်းပုံပြင်လေးတွေနဲ့ပဲ..လက်ဆင့်ကမ်းရတာ ။

Anonymous said...

ကိုဇူလိုင်ကြီး..... ပုံပြင်လာဖတ်တာ...
ကောင်း၏။
အာဏာရှင်ဆိုတော့ အတူတူပဲပေါ့ဗျာ....ဟဲ...ဟဲ

JulyDream said...

ရွှန်းတီရေ...
ပုံပြင်ဇာတ်လမ်းလေးက မဟာတံတိုင်းကြီး တည်ဆောက်မှုမှာ ချွေးတပ်ဆွဲတာကို မကျေနပ်မှုကြောင်း ဖော်ထုတ်ပြသတာပါ။ ဒါကြောင့် မဟာတံတိုင်းကြီး ပြိုလဲတဲ့အထိ ဖော်ကျူးထားတာပါ။ အပြင်မှာ ဖြိုလို့ မရတော့ ပုံပြင်ထဲမှာ ဖြိုပစ်တာပေါ့။

မကေသွယ်...
ဟုတ်ပဗျာ။ သမိုင်းဆိုတာ အာဏာရှင်တွေရဲ့ လက်ထဲမှာ ဆိုတော့ သာမာန် အရပ်သားတွေက ပုံပြင်လေးတွေကနေ ဖော်ကျူးရတာပေါ့။

ပြတိုက်ကြီး...
အာဏာရှင်ဆိုတော့ အတူတူပဲပေါ့... လို့ ကျွန်တော် မပြောဘူးနော်။ အဟက်...