.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, November 30, 2007

Dear Yesterday - 1

မနေ့က နေးတစ်မြန်မာဖိုရမ်က သူငယ်ချင်းတွေနဲ့ အပြင်မှာ သိကျွမ်းဖူးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေဆီကို အီးမေးလ်တွေ ပို့ပါတယ်။ အဓိကကတော့ Forward အီးမေးလ်မှာ လိပ်စာတွေကို BCC မှာထည့်ပြီး ပို့ပေးစေလိုကြောင်း ရေးထားတာပါ။ ကျွန်တော့်ဆီကို မေးလ်မပို့ပါနဲ့လို့ မရေးထားပါဘူး။ ဒီအတိုင်း To မှာထည့်ပြီး ပို့တဲ့အခါကျတော့ လိပ်စာတွေ အားလုံးကို မြင်နေရပါတယ်။ ကိုယ့်အီးမေးလ်ကို မသိစေချင်တဲ့ လူတွေဆီကို အီးမေးလ်လိပ်စာ ရောက်သွားနိုင်သလို တခါမှ မသိကျွမ်းဘူးတဲ့ လူတွေကနေ အီးမေးလ်တွေ ပြန်ဝင်လာတာမျိုးတွေလည်း ရှိပါတယ်။ အဆိုးဆုံးက ရှိသမျှ တွေ့သမျှ အီးမေးလ်ကို ဂျီတော့ခ်မှာ Invite ပြီး စကားပြော လေဖော အီစီကလီစီ လုပ်ချင်တဲ့ လူတွေပါပဲ။

အမှန်တိုင်း ပြောရမယ်ဆိုရင် ကျွန်တော့်ဂျီတော့ခ်မှာ အမြဲတမ်း အွန်လိုင်းရှိနေတတ်တဲ့ ၈၀ ရာခိုင်နှုန်းက နေးတစ်မြန်မာဖိုရမ် မန်ဘာတွေပါ။ ကျန်တဲ့လူတွေက ဇူလိုင်ဒရမ်း ဘလော့ကနေတဆင့် သိတဲ့သူနဲ့ အပြင်လောကမှာ သိကျွမ်းဖူးတဲ့ သူတွေပါ။ တကယ်တမ်း ပြသနာဖြစ်စေတဲ့ မေးလ်ပို့တဲ့သူတွေက အပြင်ကနေ သိကျွမ်းဖူးတဲ့ လူတွေပါ။ သူတို့ရဲ့ အသိအကျွမ်းတွေကနေ တဆင့်တဆင့် ကျွန်တော့် ဂျီတော့ခ်ကို ပြဿနာပေးနေကြတာပါ။ ဖိုရမ်နဲ့ ဘလော့က အသိမိတ်ဆွေတွေက အီးမေးလ် ပို့စရာ မလိုလောက်အောင် နေ့စဉ်ထိတွေ့မှု ရှိကြပါတယ်။

အဲဒီလို တွေ့သမျှ Invite လုပ်တဲ့ကေ့စ်မှာ အများအားဖြင့် ဖွန်ကြောင်တွေ ဖြစ်နေလေ့ရှိပါတယ်။ နိုင်ငံခြားက ငကြောင်တွေ ပါသလို မြန်မာပြည်က ငကြောင်တွေလည်း ပါပါတယ်။ သူတို့ကြောင်နေတဲ့ သူတွေကနေတဆင့် ရလာတဲ့ Forward အီးမေးလ်တွေက လိပ်စာတွေကို တွေ့သမျှ Invite လုပ်ကြပါတယ်။ ပြီးရင် အထီးအမ စုံစမ်းပြီး အမဖြစ်နေရင် နောက်ထပ်ကြောင်ဖို့ လုပ်ပါတော့မယ်။ အထီးဖြစ်ရင်တော့ အရင်ဦးအောင် ကောလွတ်ပါမယ်။ အတော်လေးကို အချိန်အားနေတယ် ထင်ပါတယ်။ စိတ်ပျက်မိပါတယ်။

ကျွန်တော်ကလည်း ကိုယ့်ရဲ့ ခင်မင်ရာ မိတ်ဆွေဟောင်း သူငယ်ချင်းဟောင်းတွေ ဖြစ်နေမှာ စိုးရိမ်လို့ Add လုပ်ထားလိုက်တယ်။ နစ်ခ်ဆိုတာ ပေးချင်သလို ပေးထားတော့ ဘယ်သူလဲဆိုတာ ချက်ချင်း ခွဲမသိနိုင်ဘူးလေ။ သူငယ်ချင်း အသိမိတ်ဆွေဟောင်းလား လူသစ်လားဆိုတာ ဘယ်လိုခွဲမလဲဗျာ။ ဒါပေမယ့် ကျေးဇူးရှင်တွေက ကျွန်တော့်ကို ခင်လို့မင်လို့ စကားစမြည် ပြောရင် အဆင်ပြေပေမယ့် အခုလို အလုပ်ပျက်လောက်အောင် အထီးအမခွဲခြားနေတဲ့ မေးခွန်းပေါင်း များစွာကို ထိုင်ဖြေနေရတာကိုတော့ မကြိုက်တာ အမှန်ပါပဲ။ ပြန်မဖြေပြန်တော့လည်း ကြီးကျယ်တာလားတဲ့။ ပြီးတော့ သူတို့ကပဲ မေးနေပြီး ကိုယ်က ပြန်မေးခွင့်တောင် မရလိုက်ဘူး။ ဘယ်သူဘယ်ဝှာလဲ ဆိုတာကိုလည်း မသိရ။ ဒွတ်ခ ...

မပြောချင်ရင် Block လုပ်လို့ရတဲ့အရာကို ဘာဖြစ်လို့ ရေးကြီးခွင်ကျယ် စာတစ်စောင် ပေတစ်လွှာ လုပ်နေရလဲ ဆိုတာကတော့ သူတို့ကို Block မလုပ်ခင် မေးမြန်းစုံစမ်းနေတာကို သည်းမခံနိုင်လို့ပါပဲ။ ဂျီတော့ခ် မသုံးပဲ နေပေါ့လို့ ပြောချင်ရင်လည်း အလုပ်သဘောအရ လိုအပ်ချက်အရ အလုပ်ချိန်အတွင်းမှာ ဂျီတော့ခ် ၀င်ကို ၀င်ထားရပါတယ်ခင်ဗျာ လို့ ပြန်ဖြေကြားချင်ပါတယ်။ အခုဒီပို့စ်ကြောင့် စိတ်အနှောင်အယှက် ဖြစ်သွားရရင် သွေ့ပုချိပါ။ ကျွန်တော့်ကို အီးမေးလ် မပို့ချင်လောက်အောင် အမြင်ကတ်သွားရင်လည်း ရွှေသဘောတော် အလိုကျပါပဲ။ ကျွန်တော်ကတော့ မငြိုငြင်ပါဘူး။ ၀မ်းမြောက်ဝမ်းသာ သာဓုတောင် ခေါ်ပါမယ်။

အဲဒါကြောင့် ဖြစ်နိုင်ရင် အီးမေးလ်ပို့တဲ့အခါမှာ ကျွန်တော်တို့ရဲ့ လိပ်စာတွေကို BCC မှာ သတိတရ ထည့်ပြီး ပို့ပေးစေလိုကြောင်း တိုက်တွန်းချင်ပါတယ်။ တစ်ပါးသူ ကာယကံရှင်ရဲ့ ခွင့်ပြုချက် မရပဲ အီးမေးလ်လိပ်စာကို To မှာ စုပြုံထည့်ပြီး အီးမေးလ်ပို့တဲ့ အကျင့်ကို ပြင်စေချင်ပါတယ်။ ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်စေချင်ပါဘူး။

မနေ့က အူကြောင်ကြောင် ဇာတ်လမ်းတစ်ပုဒ်ပေါ့။

No comments: