ဒီနေ့ဟာ အမေလူထုဒေါ်အမာရဲ့ အသက် ၉၂ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်...။
အမေ သက်တော်ရာကျော်ရှည်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။
လူထုဒေါ်အမာ၊ လူထုဦးလှ၊ လူထုစာအုပ်တိုက်၊ လူထုသတင်းစာတို့ဟာ ကျွန်တော်တို့အတွက် မမေ့သင့်သော နာမည်များဖြစ်ပါတယ်။ ဦးလေးလှလို့ စာပေနယ်ကလူအတော်များများ ခေါ်ကြတဲ့ ဦးလှဟာ ကြီးပွားရေး စာအုပ်တိုက်ထောင်၊ ကြီးပွားရေးမဂ္ဂဇင်းထုတ်ပြီး လူငယ်တွေအတွက် လိုအပ်သမျှကို ဖြည့်ဆည်းပေးဖို့ ကြံဆခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်း လူထုစာအုပ်တိုက်ထောင်၊ လူထုသတင်းစာကို ထုတ်တဲ့နောက်မှာ လူထုဦးလှရယ်လို့ နာမည်တွင်ပါတယ်။ အမေဒေါ်အမာကတော့ လူထုဦးလှရဲ့ ဇနီးလည်းဖြစ်တယ်... လူထုသတင်းစာနဲ့ လူထုစာအုပ်တိုက်တွေမှာလည်း စာပေရေးသားခဲ့သူမို့ လူထုဒေါ်အမာလို့ နာမည်ကြီးခဲ့ပါတယ်။ အမေဟာ ကွန်မြူနစ်ဘက်ကိုလည်းမလိုက်၊ ဆိုရှယ်လစ်ဘက်ကိုလည်းမပါ၊ လက်ယာ အစွန်းရောက်လည်း မဖြစ်ခဲ့ပါဘဲ၊ တိုင်းပြည်နဲ့လူမျိုး ကြီးပွားတိုးတက်ဖို့၊ တိုင်းသူပြည်သားတွေ သာယာဝပြောဖို့အတွက် ဆိုတဲ့ဘက်ကနေသာ တစ်သက်လုံး ရပ်တည်ရေးသားခဲ့သူဖြစ်ပါတယ်။ အမေဟာ မည်သူက ငြိုငြင်သည်ဖြစ်စေ လူထုအကျိုးရှိမယ်ဆိုရင် စာတစ်ပိုဒ် စာတစ်ပုဒ် ရေးသားဖို့ ၀န်လေးသူ မဟုတ်ပါဘူး။ သမိုင်းအဆက်ဆက်ကို ဖြတ်သန်းခဲ့သူမို့လည်း အမေ့ရဲ့ အတွေ့အကြုံတွေအရ အမေဟာ မှန်တဲ့ဘက်က ဘယ်ဟာဆိုတာကို ခေတ်အဆက်ဆက်မှာ မီးမောင်းထိုးပြနိုင်ခဲ့သလို မှန်တဲ့ဘက်မှာ ရပ်ရဲတဲ့စိတ်ကိုလည်း အများအတွက် နမူနာပြ ရပ်တည်ပြနိုင်ခဲ့သူဖြစ်ပါတယ်။ အမေ့ရဲ့ အားထုတ်မှုကြောင့် ဖြစ်လာခဲ့တဲ့ စာအုပ်တွေဟာ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ ယဉ်ကျေးမှုအတွက် အမွေအနှစ်ကောင်းတွေ မှတ်တမ်း မှတ်ရာကောင်းတွေအဖြစ် အမြဲတန်ဖိုးထား သိမ်းဆည်းရမယ့် စာအုပ်တွေဖြစ်တယ်ဆိုတာကို မည်သူကမျှ မငြင်းနိုင်ပါ။
အမေဟာ အသက်အရွယ်ကြီးလာပြီး အသက် ၈၀ ၀န်းကျင်ကို ရောက်လာတဲ့အခါကစလို့ ကလျာမဂ္ဂဇင်းမှာ အမေ့ရှေးစကားဆိုပြီး ဆောင်းပါးတိုလေးတွေ လစဉ်ရေးသားခဲ့ပါတယ်။ အမေ့အသက်အရွယ်အရ အမြင်မတော်တဲ့ ၀တ်စားဆင်ယင်မှုလေးတွေ၊ အနေအထိုင်အပြောအဆိုလေးတွေ၊ ထိန်းသိမ်းသင့်တဲ့ ယဉ်ကျေးမှုအမွေလေးတွေကို ရေးသားသလို တခြား သိသင့်သိရာလေးတွေကိုလည်း လစဉ်ရေးသား ပေးခဲ့ပါတယ်။ ၁၃ နှစ်ခန့် ရေးသားခဲ့ပါတယ်။ ဆောင်းပါးတွေကို စာအုပ်အဖြစ် ပြန်ထုတ်တော့လည်း အတွဲသုံးတွဲ ခွဲပြီးတောင် ထုတ်ခဲ့ပါတယ်။
အမေ့ရှေးစကား ဆောင်းပါးပေါင်းချုပ်စာအုပ် တတိယတွဲရဲ့ အမှာစာမှာ အမေက ဒီလိုရေးသားခဲ့ပါတယ်။
"ပထမအုပ်တုန်းက ကျွန်မဆောင်းပါး အပုဒ် ၄၀ ပါတယ်။ ဒုတိယအုပ်မှာလည်း ကျွန်မဆောင်းပါး အပုဒ် ၃၉ ပုဒ်ပါတယ်။ ဒီတတိယအုပ်မှာတော့ နောက်ထပ် စတုတ္ထတွဲထုတ်နိုင်မယ့် အလားအလာမရှိတော့လို့ အပုဒ်ပေါင်း ၅၉ပုဒ်ပါတယ်။
ဒေါ်ကလျာထုတ်ဝေတဲ့ ကလျာမဂ္ဂဇင်းမှာ အမေ့ရှေးစကားဆိုတဲ့အခန်းကို မရေးနိုင်တာကလည်း အခုဆိုရင် ၂လထက် မနည်းတော့ဘူး။ နောက်လည်း ရေးနိုင်မယ့် အလားအလာ သိပ်မရှိတော့ဘူး။ အိုနာကို အရှုံးပေးလိုက်ရပြီလေ။"
ဒီစာပိုဒ်လေးကို ဖတ်ရတဲ့ခဏမှာ ရင်ထဲစို့သွားခဲ့တယ်။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက တလေးတစား စောင့်ဖတ်ခဲ့ရတဲ့ အမေ့ရဲ့စာတွေကို ကျွန်တော်တို့ ဆက်လက်ဖတ်ခွင့် မရတော့ပါလားလို့လည်း ၀မ်းနည်း အားငယ်သွားမိတယ်။ အမေ့ရဲ့ ဆုံးမတဲ့အသံတွေကို ကျွန်တော်တို့ မရနိုင်တော့ဘူးပေါ့။ အမေသက်ရှိ ထင်ရှားရှိနေသေးတာပဲ တော်လှပေါ့လို့ ဖြေသိမ့်ပေမယ့်... "အိုနာကို အရှုံးပေးလိုက်ရပြီလေ..." ဆိုတဲ့ အမေ့အသံက အနားမှာ ကပ်ပြောနေသလို ကြားနေမိတယ်။ အမေ့နေရာကို ၀င်နိုင်တဲ့လူ မြန်မာစာပေ လောကမှာ မရှိသေးပါဘူး။ ရှိလာပါစေလို့ ဆုတောင်းပေမယ့်လည်း ဒီနှစ်ပေါင်း ၅၀ အတွင်းမှာ တစ်ယောက်မှ ထွန်းပေါက်မလာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ တစ်မျိုးသားလုံးအတွက် အမေစာမရေးနိုင်ခြင်းဟာ အစားထိုးမရသော ဆုံးရှုံးမှုကြီးတစ်ခုအဖြစ် ခံယူမိပါတယ်။
အဲဒီ အိုကြီးအိုမ အမယ်ကြီးဟာ သူ့မွေးနေ့ကို သူနေထိုင်ရာ မန္တလေးမြို့မှာ နှစ်စဉ်ပြုလုပ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးက အမေ့ကို ချစ်တဲ့ အမေ့ကို လေးစားတဲ့ အမေ့ရဲ့ ကျေးဇူးဂုဏ်ကိုမမေ့သူတိုင်းက အမေ့မွေးနေ့ကို တက်ရောက်ခဲ့ကြတယ်။ ဆရာကြီးဒဂုန်တာရာ၊ ဆရာကြီးဒေါက်တာသန်းထွန်း၊ ဆရာကြီး လူထုစိန်ဝင်းတို့ဟာ နှစ်စဉ် မပျက်မကွက်တက်ခဲ့ကြတာပေါ့။ ဆရာကြီးဒေါက်တာသန်းထွန်းဟာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ဆီက အမေ့မွေးနေ့ကို သွားရင်း မန္တလေးမှာပဲ ကွယ်လွန်ရှာတယ်။ ဒီနှစ်တော့ ဆရာကြီးဒဂုန်တာရာနဲ့ ဆရာကြီးလူထုစိန်ဝင်းတို့ဟာ ကျန်းမာရေးကြောင့် အမေ့မွေးနေ့ကို မလာနိုင်ကြ တော့ဘူးတဲ့။
အဲဒီလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကဗျာဆရာ၊ စာရေးဆရာ၊ စာနယ်ဇင်းဆရာတွေ မပျက်မကွက် တက်ရောက် ဂါရ၀ပြုကြတဲ့ အမေ့မွေးနေ့ပွဲကို မနှစ်က ကျင်းပခွင့်မရပါဘူး။ အသက် ၉၁ နှစ်ပြည့် မွေးနေ့ပေါ့။ အဲဒီ အသက် ၉၁ နှစ်ပြည့် အမေအိုကြီးရဲ့ မွေးနေ့ကို ဘယ်သူတွေက ဘယ်လိုစိတ်ထားနဲ့ ဘယ်လိုစေတနာနဲ့ ပိတ်ပင်ခဲ့သလဲ။ ခံပြင်းမှုနဲ့အတူ ဒေါသမျက်ရည်တွေ ထွက်ခဲ့ရတယ်။ ဒါပေမယ့် ဘာမှတော့ မတတ်နိုင်ခဲ့ကြပါ။ နေ့စဉ်အိမ်ရှေ့မှာ ထောက်လှမ်းရေး၊ ရဲ၊ စွမ်းအားရှင် စသဖြင့် စောင့်ကြည့်နေသူ ငါးဦးမှ ဆယ်ဦးခန့် အမြဲရှိနေတဲ့ အမေ့အိမ်ကို လုံခြုံရေးစိတ်ချရတာပေါ့ အမေရယ်ဆိုတဲ့ စကားအပြင် ဘာမှမပြောနိုင်ခဲ့တာ နှစ်ပေါင်းမှ မနည်းတော့ဘဲကလား။ အမေ့မွေးနေ့မလုပ်ရဆိုတာ လောက်ကတော့ စကားထဲထည့်ပြောရင် ပြောသူ မောရုံပဲရှိပေမပေါ့။
အားကောင်းမောင်းသန် ယောက်ျားကြီးလေးသိန်းလောက်က လက်ညှိုးလေးကွေးလိုက်တာနဲ့ လူတွေကို အတုံးလိုက် အရုံးလိုက် ဖြစ်စေနိုင်သော တန်ခိုးပါဝါတွေ ရှိနေပါလျက်နဲ့ ဒီအသက် ၉၀ ကျော် အမေအိုကြီးကို ကြောက်ရွံ့ထိတ်လန့်နေကြရတာဟာ ဘာကြောင့်များလဲလို့ တွေးမယ်ဆိုရင် တွေးကြည့်ဖို့တောင် ကောင်းပါသေးရဲ့။
မနေ့ညက အမေ့ရဲ့ အင်တာဗျူးကို ကြားလိုက်ရတယ်။ အမေကပြောတယ်... သားတို့ သမီးတို့တွေလည်း အခြေအနေကိုကြည့်ပြီး လှုပ်ရှားကြတဲ့။ အမေကြုံဖူးသမျှ ခေတ်တွေထဲမှာ ဒီခေတ်ကြီးထက်ဆိုးတဲ့ ခေတ်မရှိဘူးတဲ့။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်နဲ့ ဆိုရှယ်လစ်ခေတ်တွေကို ဖြတ်သန်းခဲ့တဲ့ အမေ့ရဲ့ စကားလေးပေါ့။
တိုင်းပြည်အုပ်ချုပ်နေတဲ့အစိုးရကို ဘာပြောချင်သေးလဲလို့ မေးတဲ့အခါ ဘာမှမပြောချင်ပါဘူးလို့ အမေက ပြန်ပြောခဲ့တယ်။
ပြည်သူပြည်သားတွေကိုရောဆိုတော့ အမေက တစ်ခွန်းပြောတယ်။ အသံတွေ တုန်ရင်နေပြီဖြစ်တဲ့ အသက် ၉၂ နှစ်ပြည့်ပြီး ၉၃ နှစ်ထဲကို ရောက်တော့မယ့် အမေ့ရဲ့စကားဟာ ကျွန်တော်တို့ကို ကြက်သီးမွှေးညင်း ထစေခဲ့တယ်။
"အမေမသေခင် တိုင်းပြည်ပြောင်းလဲသွားတာလေးကို မြင်ချင်ပါတယ်တဲ့...။"
အမေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သက်တော်ရာကျော်ရှည်ပါစေ။ စာတွေ မရေးနိုင်တော့ ပေမယ့်လည်း ကျွန်တော်တို့တွေအတွက် ခွန်အားတစ်ရပ်အဖြစ် အမေအသက်ရှင် နေပေးနိုင်ပါစေ။
ကိုပေါ်ဦးသက်၊ ကိုညီပုလေးနဲ့ ရဲဘော်သံချောင်းတို့ရဲ့ မိခင်အတွက် ဒီနေရာကနေ ဆုတောင်းပေး လိုက်ပါတယ်။
မှတ်ချက်။ ။ နေးတစ်မြန်မာဖိုရမ်မှာ ကိုမင်းအိုရဲ့ အမေမာ့မွေးနေ့ဆုတောင်း ပို့စ်လေးကို ကျွန်တော့်ဘလော့မှာ တင်ထားချင်လို့ ကူးယူဖော်ပြလိုက်ပါတယ်။ ဒီပို့စ်ကို ကျွန်တော်ရေးရင်လည်း သူ့ရေးတာလောက် မကောင်းနိုင်ဘူးလေ။ အဟဲ... အဲဒါကြောင့် ကူးယူဖော်ပြလိုက်တယ်။

8 comments:
ဆရာလူထု ဦးလှရဲ့ လူတစ်လုံး ကို ဖတ်ပြီး တိုးတက်အောင် လုပ်လာရတာပါ လူထုဒေါ်အမာ ကတော့ ၀တ္ထုတို အနည်းငယ်ပဲ ဖတ်ဖူးပါတယ် ... ဘာပဲ ဖြစ်ဖြစ် တိုင်းပြည် တိုးတက် တာကို မြင်သွား နိုင်ပါစေ လို့ ဆုတောင်း ပေးပါတယ် ခင်ဗျာ :D
အမေဒေါ်အမာ အသက်ရာကျော်ရှည်ပါစေ..
အသက်ရာကျော်ရှည်ပါစေ ဆိုတဲ့ စကားက သူတော်ကောင်းတွေ အတွက်ပြည့်သင့်ပါတယ်နော်။
``အမေ မသေခင် တိုင်းပြည်ပြောင်းလွဲ တာမြင်ချင်တယ်´´
ဆိုတဲ့ အမေစကားလေးကိုအကြိုက်ဆုံးပါပဲ
ကိုဇူလိုင်ရေ…အမေမာ့မွေးနေ့ပို့စ်လေးကို ပြန်လည်ဝေမျှပေးတာ ကျေးဇူးနော်… တန်ဖိုးရှိတဲ့သားတွေကို မွေးထုတ်ပေးထားတဲ့ အမေတစ်ယောက်ဖြစ်တဲ့၊ ကိုယ်တိုင်လဲ ထက်မြက်တဲ့ အမေမာ့ကို အရမ်းလေးစားပါတယ်… အမေမာ အသက်ရာကျော်ရှည်ပြီး ရင်ထဲက ဆန္ဒတွေလဲ ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်…
လူထုဒေါ်အမာ အသက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပါတယ်။
တယ်တော်ပါလား ကိုဝါဆိုရေ့..
ကူးယူဖော်ပြသင့်တာကို ကူးယူဖော်ပြနိုင်တဲ့ အရည်အချင်းက နည်းလို့လား ဟားဟား
လူထုဒေါ်အမာ အတွက် မွေးနေ့ဆုတောင်း ပေးကြတဲ့ အသိ မိတ်ဆွေများကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။
မခင်မင်းဇော်ရေ ...
အရည်အချင်းက မနည်းပါဘူး။ အဲဒါကြောင့် ပို့စ်ကို ကူးပစ်လိုက် တာပေါ့ဗျာ။ အဟား။
Post a Comment