သစ်ပင်လူသား... သူက ဒီးဒီး လိုခေါ်တဲ့ အသက် ၃၅ နှစ်အရွယ် အင်ဒိုနီးရှား တံငါသည် တစ်ယောက်ပါ။ သူ ဆယ်ကျော်သက် အရွယ်မှာဖြစ်တဲ့ မတော်တဆမှုတစ်ခုကြောင့် ဒူးခေါင်း ဖြတ်ပစ်လိုက်ရပြီးတဲ့နောက်မှာမှ သူ့ရဲ့ခြေတွေ လက်တွေက သစ်ပင်အမြစ်တွေလို ပုံပြောင်းလာပါတယ်။ တဖြည်းဖြည်းနဲ့ အမြစ်တွေက ပြန့်လာတာ သူ့ရဲ့ တစ်နေ့တာ လုပ်ငန်းတွေ မလုပ်နိုင်တဲ့အထိ ဆိုးရွားလာပါတယ်။ အဲဒါကြောင့် အလုပ်ကလည်း ထွက်လိုက်ရပါတယ်။ မိန်းမနဲ့လည်း ကွဲတယ်။ အခု သူ့ရဲ့ကလေးနှစ်ယောက်နဲ့ အတူနေနေပါတယ်။ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ပါ။ သူ့နေထိုင်ရာ နယ်တ၀ိုက်က ဆရာဝန် တော်တော်များများက သူ့ရောဂါကို ကုလို့မရဘူးလို့ပဲ ပြောနေကြပါတယ်။ ဘာအလုပ်မှ မလုပ်နိုင်တဲ့အတွက် စားဝတ်နေရေး ပြေလည်ဖို့ တစ်ခါတစ်ရံမှာ သစ်မြစ်တွေ ထွက်နေတဲ့ ခြေလက်တွေကို လူထူးလူဆန်းပြပွဲ လုပ်ပြီး ပိုက်ဆံရှာနေရပါတယ်။ အမေရိကန်က အရေပြားအထူးကု ဆရာဝန်ကြီး ရောက်မလာခင်အထိတော့ ဒီအမြစ်တွေ တစ်ကိုယ်လုံးပြန့်သွားပြီး သစ်ပင်ဖြစ်သွားမှာကို သူစိုးရိမ်ခဲ့ပါတယ်။ အခုတော့ သူ့မှာ မျှော်လင့်ချက်လေး ရှိလာပြီပေါ့ဗျာ။

မေရီလန်းတက္ကသိုလ် University of Maryland က ဒေါက်တာ အန်တိုနီဂတ်စ်ပါရီက သစ်ပင်လူသားရဲ့ သွေးနဲ့ အမြစ်တွေလို ပုံပြောင်းနေတဲ့ အနာတွေကိုစစ်ဆေးပြီး အဲဒါတွေက ကြွက်နို့ကို ဖြစ်စေတဲ့ Human papilloma virus (HPV virus) ကြောင့်ဖြစ်တာလို့ မှတ်ချက်ပေးပါတယ်။ အဓိက ပြသနာကတော့ ရှားပါးတဲ့ မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် ခန္ဓာကိုယ်ထဲက ခုခံအားတွေက ကြွက်နို့တွေကို တိုက်မထုတ်နိုင်တာပါ။ အဲဒါကြောင့် ဗိုင်းရပ်စ်က သူ့ရဲ့အရေပြားဆဲလ်တွေကို အများကြီးပွားစေပြီး ခြေတွေလက်တွေမှာ သစ်ပင်အမြစ်တွေနဲ့ တူတဲ့ Cutaneous hornတွေ ဖြစ်လာစေတာပါ။ သစ်ပင်လူသားရဲ့ သွေးဖြူဥအဆင့်က အရမ်းကို ကျဆင်းနေတာကြောင့် ဆရာဝန်က အေအိုင်ဒီအက်စ် တောင်ရှိနေနိုင်မယ်လို့ ထင်ပေမယ့် တကယ်တမ်းကြတော့ အဲဒီပိုး မရှိပါဘူး။ သူရဲ့ မျိုးရိုးဗီဇချို့ယွင်းမှုက တကယ့်ကိုရှားပါးပြီး လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေပါတယ်။ ဒီ ကြွက်နို့တွေကလွဲလို့ သူ့မှာ ကိုယ်ခံအား မကောင်းတဲ့ ခုခံအားကျ လက္ခဏာ တစ်ခုမှ မတွေ့ရပါဘူး။ သူ့ရဲ့ မိဘနဲ့ ဆွေမျိုး သားချင်းတွေထဲမှာလည်း ဒီလို အဖြစ်မျိုးတစ်ခါမှ မဖြစ်ဖူးခဲ့ပါဘူး။ အဲလို ချို့ယွင်းမှုမျိုးက လူတစ်သန်းမှာ တစ်ယောက်ပဲ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ဆိုးရွားတဲ့ HPV ဗိုင်းရပ်စ်ကူးစက်မှုတွေမှာ ကြွက်နို့တွေ ကြီးထွားလာတာကို တားနိုင်တဲ့ Vitamin A ကို နေ့စဉ်တိုက်ကျွေးပြီး သစ်ပင်လူသားကို ကုသနိုင်မယ်လို့ ဒေါက်တာက ယုံကြည်ပါတယ်။ လုံးဝ ပျောက်ကင်းပြီး အရင်လိုတော့ ပြန်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ၃ လကနေ ၆ လအတွင်း သူ့လက်တွေ ခြေထောက်တွေ ပြန်သုံးနိုင်ပြီး ပုံမှန်ဘ၀ပြန်ရောက်ဖို့ အထိတော့ ကူညီနိုင်မှာပါ။ ပြီးတော့ လက်တွေ ခြေထောက်တွေက အမြစ်တွေကို ခွဲစိတ်ကုသပြီး ဖယ်ရှားပစ်ပါမယ်။ ဒေါက်တာ ဂတ်စ်ပါရီက သစ်ပင်လူသားကို ယူအက်စ်ထိ ခေါ်သွားပြီး ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်ချင်ပေမယ့် ရန်ပုံငွေတွေ လိုအပ်နေပါသေးတယ်။ သူ့ဘ၀မှာ ဒီလို လူနာမျိုးတစ်ခါမှလည်း မတွေ့ဖူးသေးပါဘူးလို့ ၀န်ခံသွားပါတယ်။
Remark : HPV virus infection က လိင်ဆက်ဆံရာမှ ကူးစက်တဲ့ရောဂါ (sexually transmitted disease) တွေထဲမှာပါဝင်ပါတယ်။ အများစုက လိင်အင်္ဂါတစ်ဝိုက်မှာ ကြွက်နို့နဲ့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေပါတယ်။ လက်နဲ့ ခြေမှာလည်း ကြွက်နို့ဖြစ်စေတဲ့ အမျိုးအစားတွေလည်းရှိပါတယ်။
Ref: Telegraph (Tree man 'who grew roots' may be cured)
အဲဒီသတင်းလေးကို နေးတစ်မြန်မာဖိုရမ်မှာ ညွှန်းထားလို့ ဖတ်လိုက်ရပါတယ်။ အဲဒါနဲ့ပဲ ကျွန်တော့်Blog မှာတင်ဖို့ စိတ်ကူးမိပါတယ်။ အခုတလော အလုပ်မအားတာနဲ့ Blog မရေးဖြစ်ပါဘူး။ နောက်ဆုံး ဖိုရမ်က ညီမငယ် ငွေနှင်းမြူကို အကူအညီတောင်းပြီး ဘာသာပြန်ပေးဖို့ အပူကပ်လိုက်ပါတယ်။ သူက တတိယနှစ် ဆေးကျောင်းသူဆိုတော့ ဆေးပညာကို ကျွန်တော်ထက် ပိုနားလည်တယ်လေ။ အခု သူဘာသာပြန် ပေးထားတဲ့အတိုင်း ကျွန်တော့်Blogမှာ အဲဒီ သစ်ပင်လူသားအကြောင်းကို တင်လိုက်ပါတယ်။ လောကကြီးမှာ ထူးထူးဆန်းဆန်း ရောဂါဆန်းတွေကို သိရှိရအောင် ဗဟုသုတအဖြစ် ဝေမျှပေးချင်တာပါ ခင်ဗျာ။ မူရင်းသတင်းကို စကားလုံးတစ်လုံးချင်း အတိအကျ ဘာသာပြန်ထားတာ မဟုတ်ပေမယ့် အကျိုးရှိမယ်လို့ မျှော်လင့်မိရင်း ...

9 comments:
ထူးဆန်းတယ်နော်။ သူ့ခမျာသနားပါတယ်။ လူဖြစ်ရတဲ့ဒုက္ခပေါ့။ သီချင်းထဲကအတိုင်းပြောကြည့်တာ။
ဝေမျှပေးတာကျေးဇူးပါ ကိုဂျူလိုင်။
အားပါး
သနားပါတယ်နော်
စိတ်မကောင်းဘူး ကြည့်ရတာ
ဗဟုသုတလဲရတယ်
ဂွတ်ဂွတ်
ကိုဇူလိုင်ရေ…HIV virus ထက် HPV virus က ပိုတောင် ကြောက်ဖို့ကောင်းနေပါလား…။ သူက လူပါ ပုံပျက်ပန်းပျက် ဖြစ်သွားတာမျိုးနော်…။ ဒီလိုထူးထူးခြားခြား ချို့ယွင်းမှုမျိုး ဖြစ်ရတာ တော်တော် ၀ဋ်ကြွေးကြီးလို့ ပဲ ဖြစ်မယ်…။ ဒါတောင် အခုလို သိပ္ပံပညာရော၊ ဆေးပညာရော ထွန်းကားတဲ့ ခေတ်ကြီးမှာမို့လို့နော်…။ အစွဲအလမ်းကြီးတဲ့၊ သိပ္ပံပညာ မထွန်းကားသေးတဲ့၊ ရှေးရိုးဆန်ုတဲ့ ဟိုးခေတ်တုန်းကလိုမျိုးဆို ဒီလူခမျာ ထင်ယောင်ထင်မှားနဲ့ အမျိုးမျိုး အပြောအဆိုခံရ။ ၀ိုင်းပယ်ခံရလိမ့်လို့ ဆုဝေတော့ ထင်တာပဲ။ ကိုဇူလိုင် တင်ထားတဲ့ သတင်းလေးဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဒီလိုမျိုး ရှင်သန်နေထိုင်ခွင့်ရတာ တော်တော် ကံကောင်းပါလားလို့ တွေးမိတယ်။ လောကကြီးမှာ ကိုယ့်ထက် အခြေအနေ အများကြီးဆိုးတဲ့လူတွေ ရှိနေပါလားလို့ တွေးမိတဲ့ခဏ စိတ်ညစ်တာတွေ တော်တော်လေး လျော့သွားပါတယ်။ ဒီအတွက် ကိုဇူလိုင့်ကို ကျေးဇူးတင်ပါတယ်နော်…
အဲဒီ ရောဂါက ဖြစ်ခဲပါတယ်။ ၁သန်းမှာ ၁ ယောက် လောက်ပဲ ဖြစ်တာမျိုးပါ။ သူ့ကံပေါ့ဗျာ။ အခုလည်း ရပ်ရွာထဲမှာ အပယ်ခံ ဘ၀ပါပဲ။ အင်ဒိုနီးရှား ဆိုတာ အရှေ့တောင် အာရှထဲကပဲ ဆိုတော့ အကျင့်စရိုက် တွေက အာရှသားတွေ လိုပါပဲဗျာ။ သိပ်မကွာ ပါဘူးဗျာ။ အဲဒါကြောင့် အလုပ် ထုတ်ခံရ။ မိန်းမကွာ တာခံရ ဖြစ်တာပေါ့။ ခလေးတွေ ကတော့ အဖေနဲ့ နေတုန်းပါပဲ။ အကြီးကောင် ကတော့ သိပ်ပြီး အဖေကို ကြည်ကြည် လင်လင် ရှိပုံမရ ဘူးဗျ။ အငယ်မလေး ကတော့ အဖေကို ချစ်ရှာပါ သေးတယ်။
ပိုစ့် တင်ပေးတဲ့  ကိုဇူလိုင်ကိုကျေးဇူးတင်ပါတယ်
လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)
Thanks for posting ! and thanks to Sis Ngwe Hninn Myu for translating!
It reminds me of one of the stories by Dagon Shwe Myar (လူသစ်ပင်နှင့်ဖြစ်ရပ်ဆန်းကြယ်ဝတ္ထုတိုများ).
ထူးဆန်းအံ့ရာပါပဲဗျာ။ ဒါမျိုးကို ၀တ္ထုထဲမှာတော့ ဖတ်ဖူးသဗျ။ လျှို့ဝှက်သဲဖိုဆန်ဆန်လေ။ အခုမှ တကယ် မြင်ဖူးတော့တယ်ဗျာ။
တကယ်ခြောက်ခြားဖို့ကောင်းတာပဲ.....။
Post a Comment