.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, November 10, 2007

Food Directory

နှင်းဆီနီနီက အစားအသောက်ဆိုင်တွေ ပါတ်သတ်ပြီး TAG ထားပြန်ပါတယ်။ အဲဒါနဲ့ ဒီပို့စ်လေးကို ရေးပါတယ် ခင်ဗျာ။ ရန်ကုန် အစားအသောက် လမ်းညွှန် ဆိုပေမယ့် ကျွန်တော့်က အစားအသောက်နဲ့ ပါတ်သတ်ပြီး သိပ်မသိတာ များပါတယ် ခင်ဗျ။ သိသလောက် တတ်သလောက်လေး ရွှီးရတော့မှာပေါ့။

တာမွေ၊ ကျောက်မြောင်းထဲက နိဂြောဓလမ်းက ပုဇွန်ခွက်ကြော်သုပ်ကတော့ အလွန်ကောင်းပါတယ်။ ကျောက်မြောင်းမှာ သူငယ်ချင်းတွေနဲ့ စုံဖြစ်ရင် အဲဒီဆိုင်ကို ခြေဦးလှည့်တာ များပါတယ်။ အဲဒီဆိုင်က အချဉ်ကောင်းတာပါ။ ပုဇွန်ခွက်ကြော်လေး ၂ ခုကို သခွါးသီး ကြက်သွန်စိမ်းလေးထည့် ငရုတ်သီးမှုန့်လေးဖြူး အချဉ်ရည်လေး များများစမ်းပြီး အသုတ်သုပ်ပေးတာပါ။ ဘူးသီးဟင်းခါးလေးပါ ပေးပါတယ်။ အဲဒီဆိုင်မှာ ကော်ပြန့်ကြော်၊ ပဲပြားကြော်၊ ခေါက်ဆွဲ၊ ကြာဇံ စတာတွေလည်း အစုံရပါတယ်။ အရင်တုန်းက တစ်ပွဲကို ၂၀၀ ကျပ်ပါ။ အခုလောက်ဆို ၃၀၀ ကျပ် ကျော်နေလောက်ပြီ ထင်ပါတယ်။ ကျွန်တော်ကတော့ ကြာဇံသုပ်နဲ့ အဲဒီ ပုဇွန်ခွက်ကြောသုပ်ကိုပဲ စားလေ့ရှိပါတယ်။ သူငယ်ချင်းတွေလည်း ကြိုက်ကြပါတယ်။

နောက်တစ်ဆိုင်က ဗိုလ်ချုပ်လမ်းပေါ်က နန်းထိုက် ရှမ်းခေါက်ဆွဲဆိုင်ပါ။ သိမ်ဖြူလမ်း အကျော်လေးကပေါ့။ အဲဒီဆိုင်မှာက ရှမ်းအစာ အစုံအလင်ကို ရပါတယ်။ ညပိုင်း နေပြည်တော်၊ ရှေ့ဆောင်ဘက်မှာ ရုပ်ရှင်ကြည့်ဖို့ သူငယ်ချင်းတွေ ချိန်းပြီး ထွက်လာရင် ညစာကို အဲဒီဆိုင်မှာ စားလေ့ရှိတယ်။ ဆန်စီး၊ တို့ဟူးနွေး၊ ရှမ်းခေါက်ဆွဲ စတာတွေ စားဖြစ်သလို ယိုးဒယား သဘောင်္သီးထောင်းကိုလည်း ငရုပ်သီးစပ်စပ်နဲ့ မှာလေ့ရှိတယ်။ တခါတလေ ငါးထမင်းထုပ်၊ အင်းလေး ထမင်းချဉ်တွေကိုလည်း စားတယ်။ ညပိုင်းမှာ သူငယ်ချင်းတွေ အုပ်စုလိုက်ကြီး သွားစားကြတာဆိုတော့ သဘောင်္သီးထောင်းက ၂ ပွဲလောက် အနည်းဆုံး မှာရတယ်။ နို့မဟုတ်ရင် အနံ့လေးပဲ ရှုလိုက်ရမှာ။ မြင်တောင် မြင်လိုက်ရမှာ မဟုတ်ဘူး။ လက်တွေက သွက်ပါ။ အဲဒီဆိုင်မှာ ငရုတ်သီးစပ်တာနဲ့ အအေးတွေ မှာသောက်၊ ပြီးတော့ ဗိုက်တွေ ဖောင်းကားပြီး ရုပ်ရှင်ရုံကို မနည်းကို လမ်းလျှောက်ယူကြရတာ မှတ်မိနေသေးတယ်။

နောက်တစ်ဆိုင်က ဗဟိုအမျိုးသမီး ဆေးရုံရှေ့က အာဆင်နယ် ဆိုတဲ့ လက်ဖက်ရည်ဆိုင်ပါ။ သူငယ်ချင်းတွေနဲ့ မနက်ပိုင်း ရွှေတိဂုံဘုရား သွားဖူးဖြစ်ရင် အပြန်မှာ ၀င်စားကြတဲ့ ဆိုင်ပါ။ အဲဒီဆိုင်မှာက အစုံရပါတယ်။ ရှမ်းခေါက်ဆွဲ၊ နန်းကြီးသုပ်ကနေ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါး ရသလို ... မလိုင်နံပြား၊ တိုရှည်၊ အာလူးပူရီ၊ ကီမား ပလာတာ ကုလားစာလည်း အစုံရသလို ... ကြက်သား ကောက်ညှင်းထုပ်၊ ပေါက်ဆီ၊ ဂဏန်းလက်မပေါင်း၊ ၀က်သားပေါင်း စတဲ့ တရုတ်စာတွေလည်း ရပါတယ်။ လက်ဖက်ရည်ကလည်း အတော်လေးကောင်းပါတယ်။ သူငယ်ချင်းတွေ တစ်ယောက် တစ်မျိုးမှာကြတာနဲ့ သူမှာတာ ယူစား ကိုယ်မှာတာ သူယူစားနဲ့ အစုံလေးကို စားရသောက်ရပါတယ်။ အဲဒီဆိုင်မှာ ဂျာနယ်မျိုးစုံလည်း ရောင်းတော့ ဂျာနယ်ဖတ်လိုက် အစားအသောက်တွေ စားလိုက်နဲ့ မနက်ခင်းလေးတစ်ခုကို ပျော်ပျော်ပါးပါး လှလှပပလေး သူငယ်ချင်းတွေနဲ့ အတူ ဖြတ်သန်းခဲ့ရတယ်လေ။

နောက်ထပ် ရေးဖို့ ဆိုင်တစ်ဆိုင် ကျန်ခဲ့တယ်။ အဲဒါက ကျွန်တော်တို့ ကြို့ကုန်းကျောင်းတော်ကြီးက နွေအေး ကဖီးပါ။ ၀ိုင်တီယူ တတိယနှစ် စတက်ခဲ့ကတည်း ကြို့ကုန်းကျောင်းက ကန်တင်းမှာ ထိုင်ဖြစ်ခဲ့ပါတယ်။ နွေအေးက လှိုင်သာယာမှာလည်း လာဖွင့်ပေမယ့် လူမနိုင်တာနဲ့ ပိတ်ပစ်လိုက်တယ်။ ကြို့ကုန်းကျောင်းမှာပဲ ဖွင့်တော့တယ်။ ကျောင်းကနေ ကြို့ကုန်းကို ဆရာမတွေ ပြန်ပို့တဲ့ကားကြုံရှိရင် လှိုင်သာယာမှာ မစားတော့ပဲ ဗိုက်အဆာခံပြီး ကြို့ကုန်းကျောင်းထိ ပြန်လိုက်သွားပြီး နွေအေးမှာပဲ စားလေ့ရှိတယ်။ အဲဒီမှာ စားရင် ပသျှူးထမင်းကြော်ကို မုန့်ဟင်းခါး ဟင်းရည်လေးနဲ့ စားဖြစ်တယ်။ ပြီးရင် ပဲနို့ ဒါမှမဟုတ် စပါကလင် တစ်လုံးသောက်လေ့ ရှိတယ်။ ကျောင်းမှာ နောက်ဆုံးနှစ်ပြီးတော့ Measured Drawing Camp ၀င်တုန်းက မနက်ပိုင်းဆို ကြက်ဥကြော်တစ်လုံးနဲ့ ပဲပြုတ် ထမင်းကြော်ကို လက်ဖက်ရည် ချိုကျတစ်ခွက်နဲ့ အမြဲတမ်း စားလေ့ရှိခဲ့တယ်။ ပုံဆွဲစခန်းဝင်နေတဲ့ တလျှောက်လုံး အဲဒီလိုပဲ မနက်စာ တစ်မျိုးတည်းကို စားနေတာလေ။ အဲဒီလောက်ထိ အစွဲအလန်းကြီးကြီးနဲ့ စားလေ့ရှိခဲ့တယ်။ ညပိုင်းဆိုရင်လည်း ပသျှူးထမင်းကြော်ပဲ။ ဆိုင်မှာ ထိုင်လိုက်တာနဲ့ မှာစရာမလိုအောင် နွေအေးက ဆိုင်ရှင်လေးလေးတို့က အလိုက်သိနေကြတယ်။ အဲဒါတွေကြောင့်လည်း အဲဒီဆိုင်ကို စွဲစွဲမြဲမြဲ ထိုင်ခဲ့တာ။ လက်ရာလည်း တကယ် ကောင်းပါတယ်။ ၀ိုင်တီယူ ကျောင်းတော်ကြီးက နွေအေးကို တကယ်ကို လွမ်းမိပါတယ်။

သြော် အခုတော့ အဲဒီလို ဘ၀လေးတွေကို တကယ်ပဲ လွမ်းမိပါတယ်။ အင်း တကယ်တော့ ဘ၀ဆိုတာ ပျော်ရာမှာ မနေရ ... တော်ရာမှာ နေရတာ ဆိုတော့လည်း ... အခုတော့ လွမ်း နေရုံမှတပါး အခြားမရှိ။

11 comments:

မေပျို said...

အခုတော့ လွမ်းနေရုံမှတပါး အခြားမရှိတဲ့။ စာသားကတော့ ရေလည်လန်ထွက်တယ်။ ဒါဆို ရန်ကုန်ရောက်ရင်ပြောလေ။ စားချင်တာတွေကို။ လိုက်ဝယ်ကျွေးမှာ မဟုတ်ဘူးနော်။ ကူစားပေးမှာ။ ဟဲဟဲ

JulyDream said...

ရန်ကုန်ရောက်ရင် သူက ကျွေးမယ် မရှိဘူး။ အိမ်ရှင်က ဧည့်သည်ဆီကနေ ကပ်စားအုံးမယ်တဲ့။ အတော်လေးကို ကပ်စေးနဲတဲ့ ကျောက်စရစ်ခဲပဲ။ ဒါမှမဟုတ် အစားပုပ်တဲ့ ဆေးကျောင်းသူ ထင်တယ်။

မေပျို said...

အံမယ် ဧည့်သည်လို့ ပြောရအောင် သူက မြန်မာနိုင်ငံကလူ မဟုတ်တာကျနေတာပဲ။ ဟိုမှာ ခဏပဲ နေပြီး ပြန်လာတဲ့လူကများ ဧည့်သည်တဲ့။ လျှောက်ပြောနေတယ်။ နောက်ပြီး သဲကအငယ်ပဲ။ ကိုယ့်တူမလေးကို ၀ယ်ကျွေးဖို့တောင် ကပ်စေးကနဲပါ့။ ဒါနဲ့များ သူကတဖန် ပြန်ပြောနေတယ်။ အစားကြီးသလေး ဘာလေးနဲ့။ ဘယ်သူက အစားပိုကြီးတယ် ဆိုတာ မသိတာကျနေတာပဲ။

JulyDream said...

ညည်းအိမ်ကို လာလည်ရင် ညည်းက အိမ်ရှင်လေ။ ကျုပ်က ဧည့်သည်လေ။ တူမလေးကိုတော့ ကျွေးနိုင်ပါတယ်။ ဒါပေမယ့် တူမလေးက လူလိုသူလိုတော့ စားပေါ့နော်။ သရဲမရဲစီး သလိုတော့ မစားနဲ့ပေါ့။ အငယ်တာ ပြောတာ စွာတာကတော့ လက်လန်တယ်။ တကယ် စွာတယ်နော်။

မေပျို said...

အိမ်မှာကျွေးမယ်လို့ ဘယ်သူက ပြောလို့လဲ။ စားချင်ရင် လိုက်စားပေးမယ်လို့ပဲ ပြောတာပါ။ သူများက လူလိုသူလို မစားလို့ ဘယ်လိုစားရမှာလဲ။ ဦးဇူလိုင် စားတဲ့ပုံစံအတိုင်းတော့ သဲကမစားဘူးနော်။ စွာတာများ လက်လန်တယ်တဲ့။ သူကကျတော့ မစွာရှာဘူးကိုး။ အစွယ်တကားကားနဲ့ ဦးဇူလိုင်ကများ။ ဟီဟီ နောက်တာနော်။ စိတ်မဆိုးနဲ့။

JulyDream said...

ကဲ ကြည့် .... ပြောပြီးသွားမှ စိတ်မဆိုးနဲ့တဲ့။ ပြောတော့ အငယ်တဲ့။ ဒီခလေးကတော့လေ။ ကြမ်းပိုးကိုတောင် သတိရသွားပြီ။ ကြမ်းပိုးလည်းပဲ အကိုက် ကြမ်းတယ်နော်။ တကယ် မလွယ်တဲ့ ခလေးမပဲ။

မေပျို said...

ဘယ်သူကစပြီး စွာတယ်လို့ ပြောတာလဲ။ ပြန်စဉ်းစားဦးနော်။ သူကလည်း ပြောလို့ သဲကလိုက်ပြောရသေးတယ်။ ဂျပိုးက အကိုက်ကြမ်းတယ်တဲ့။ မြွေကလည်း အပေါက်မကြမ်းတာ ကျနေတာပဲ။ စကားမစပ် ဦးဇူလိုင်က ၂၆နှစ်တောင် ရှိပြီနော်။ သဲကအခုမှ ၁၉တောင် မပြည့်သေးတာ။ ဘယ်သူက ပိုငယ်သလဲဆိုတာ အသိသာကြီးပါဗျ။

Red's Rose Dream said...

ကိုဇူလိုင်ရေ ၄၆ လမ်းက နန်းထိုက်ရှမ်းဆိုင်က ရှမ်းထမင်းစားလို့အရမ်းကောင်းတာ ကိုဇူလိုင်
ပြောမှ သတိရသွားတယ်။ လွမ်းလိုက်ပါဦးမယ်။

TKLinn said...

နွေအေး ဆိုတဲ့ နာမည်ကို
မစန်ဒါ ၀တ်ထု
ငြိမ်းကျော် နဲ့ တစ်ခြား ဘယ်မှာလဲ မသိဘူး ခဏခဏ ရင်းနှီးနေမိတယ်။

JulyDream said...

ဟုတ်တယ် အမ ဂျီဟောသူမှာ နွေအေးဆိုင် ပါလေ့ရှိပါတယ်။ ကြို့ကုန်းကျောင်းမှာ နွေအေးက ထိုင်လို့ ကောင်းတဲ့ နေရာလည်း ဖြစ်သလို အစားအသောက် ကလည်း အရသာရှိ လက်ရာမွန်တွေ ဖြစ်နေပါတယ်။ ဆက်ဆံရေးလည်း ကောင်းပါတယ်။

မိုးခါး said...

နိဂြောဓလမ်းကအသုတ်ဆိုင်ကတော့ ညီမတို့လည်း လက်စွဲပဲး)