မာန်လှိုင်းငယ်က အကြိုက်ဆုံး စာရေးဆရာများဆိုတာကို ရေးပေးဖို့ ပြောထားတာ ကြာပါပြီ။ အခုတလော အလုပ်တွေက တကယ်များနေလို့ ကျွန်တော် မရေးနိုင်ပဲ ဖြစ်နေရပါတယ်။ ဒီနေ့ကတော့ ရုံးပိတ်ရက် ဖြစ်ပေမယ့်လည်း အလုပ်ရှိသေးလို့ ရုံးတတ်နေရပါတယ်။ အခု ရုံးပြန်ကာနီးမှာ ကပျာကယာလေး ရေးတင်လိုက်ပါအုံးမယ်။
ကျွန်တော်က ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါ ပါတယ်။ အဲဒါကတော့ ဘလော့ရေးသူ အတော်များများလဲ ဒီဝါသနာရှိကြမှာ ဆိုတာ မြေကြီးလက်ခပ်မလွဲပါ။ အဲဒီတော့ ဘ၀ခရီးမှာ စာဖတ်ခဲ့တာ အများကြီးပါ။ ခက်တာက တချို့အရာတွေက ဖတ်ပြီးသွားပေမယ့် ရင်ထဲမှာ စွဲကျန်မနေခဲ့ပါဘူး။ တချို့ကတော့ ရင်ကို တိုက်ရိုက် ထိမှန်ခံစား စေပါတယ်။ ရင်ကိုထိစေတဲ့ စာတွေကို ရေးခဲ့သီဖွဲ့ခဲ့တဲ့ စာရေးဆရာတွေရဲ့ စာပေတွေကို နှစ်နှစ်ခြိုက်ခြိုက် စွဲစွဲမက်မက် ဖတ်ရှုအားပေးခဲ့ပါတယ်။ တချို့စာအုပ်တွေက ကျွန်တော်ရဲ့ ဇူလိုင်အိပ်မက်တွေကို အများကြီး ပြုပြင်ပြောင်းလဲ သွားစေခဲ့ပါတယ်။ အမှန်တိုင်း ၀န်ခံရရင် အမေ မွေးခဲ့တဲ့ ဇူလိုင်ဆိုတာ ကျန်ခဲ့ပါပြီ။ စာအုပ်တွေနေ တဆင့် မွေးဖွားလာတဲ့ ဇူလိုင်အိပ်မက်တွေ ဖြစ်နေတာ ဆယ်စုနှစ် တစ်ခုလောက် ကြာခဲ့ပါပြီ။
ပထမဦးဆုံး ပြောချင်တဲ့ အကြိုက်ဆုံး စာရေးဆရာက လယ်တွင်းသားစောချစ်ပါ။ ကျောင်းဆရာဘ၀ကို သီဖွဲ့ထားတဲ့ သူရဲ့ ပန်းမြိုင်လည်က ဥယျာဉ်မှုး ၀တ္ထုက ကျွန်တော့်ကို ပီတိကိုစား အားရှိနေတဲ့ ဆရာများကို ချစ်ခင်လေးစားသွားအောင် ပြောင်းလဲပစ်ခဲ့ပါတယ်။ ကျွန်တော့်ဘ၀မှာလဲ ဆရာကောင်း ကျောင်းကောင်းမှာ နေခဲ့ဖူးတော့ ဆရာတွေရဲ့ဘ၀ကို နားလည် လေးစားမိခဲ့ပါတယ်။ ဆရာစောချစ်ရဲ့ ၀တ္ထုအတော်များများကို ဖတ်ရှုခဲ့ပေမယ့် ဒီဝတ္ထုကို အကြိုက်ဆုံး ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အကြိုက်ဆုံး ၀တ္ထုအဖြစ် အခုထိ နေရာယူ ဗိုလ်စွဲနေတုန်းပါ။
နောက်ထပ် တစ်ယောက်ကတော့ သိပ္ပံမောင်ဝ ပါပဲ။ မောင်ဝရဲ့ မောင်လူအေး ၀တ္ထုတိုတွေက ဘယ်အချိန် ဖတ်ဖတ် မရိုးသွားပါဘူး။ အခုချိန် ပြန်ဖတ်လည်း ဖတ်လို့ ကောင်းနေဆဲပါ။ အရေးအသား ပြေပြစ်ရှင်းလင်းမှုက တကယ်ကို့ အားကျမိပါတယ်။ ဆယ်ကျော်သက် လူငယ်ဘ၀ကို ဖြတ်သန်းခဲ့ရတဲ့ တလျှောက်မှာ မောင်လူအေး ဇာတ်လမ်းတွေက ကျွန်တော်ကို အလင်းပြနိုင်ခဲ့တဲ့ အတွေးတွေ အသိတွေ ပေးစွမ်းခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စာဖတ်ဝါသနာကလည်း သူ့စာပေတွေကို လိုက်ဖတ်ရင်း ၀ါသနာတွေ တိုးလာခဲ့ရတာပါ။
နောက်ထပ်တစ်ယောက် မြသန်းတင့်ပါ။ တောင်သမာန်အင်းက လေညှင်းဆော်တော့ ဆိုတဲ့ စာပေကောင်း တစ်ခုကို ဖတ်ရှုခဲ့ရတာ မြန်မာပြည်မှာ လူဖြစ်ရတဲ့ ဒီဘ၀မှာ တကယ်ကို တန်ဖိုးရှိလှပါတယ်။ ကုန်းဘောင်ခေတ် မြန်မာ့နန်းတွင်းကို နောက်ကြောင်းပြန် တကယ်ပြန်လည် ရောက်ရှိစေသလို ထိထိမိမိ သရုပ်ဖော် ရေးသားပြသွားခဲ့ပါတယ်။ ရင်ထဲမှာ စွဲငြိနေဆဲ ဆရာရဲ့ နောက်ထပ် စာအုပ်တစ်အုပ်က ကာလကတ္တားက ဆင်းရဲသား မိသားစုဘ၀ အကြောင်းကို ပုံဖော်ထားတဲ့ သုခမြို့တော် ဆိုတဲ့ စာအုပ်တစ်အုပ်ပါ။ အဲဒီ စာအုပ်လေးကို ဖတ်ခဲ့ပြီး အဲဒီက ဘ၀ပုံရိပ်တွေကို တွေ့ချင်မြင်ချင်လို့ ကျွန်တော့် အဲဒီမြို့ကို ၂ ရက်ကြာ အလည်သွားခဲ့ပါတယ်။ အဲဒီလောက်ထိ ကျွန်တော့်ကို တိုက်တွန်း စေလွှတ်နိုင်ခဲ့ပါတယ်။
နောက်ထပ်တစ်ဦးက ဂျူးပါ။ သိတဲ့အတိုင်း ဂျူးဝတ္ထုတွေက ဖတ်ရှုတဲ့သူတွေအပေါ် တစုံတရာ လွှမ်းမိုးမှု ရှိပါတယ်။ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်ထဲက ဇာတ်ကောင်တစ်ဦးရဲ့ နေထိုင်မှုစရိုက်က ကျွန်တော့်ရဲ့ လက်ရှိ နေထိုင်မှု စရိုက်အတိုင်းပါပဲ။ အဲဒီ ဇာတ်ကောင်ရဲ့ နေထိုင်ပြောဆိုမှု တန်ဖိုးထားမှုတွေကို ကျွန်တော် ကော်ပီကူး နေထိုင်ပြုမှုနေပါတယ်။ လည်ကတုံး လက်ရှည် အဖြူလေးနဲ့ ကချင်ပုဆိုးဝတ်တဲ့ ဇာတ်ကောင်ကို သဘောကျလွန်းလို့ ကျွန်တော့်ရဲ့ လက်တွေ့ဘ၀မှာ လည်ကတုံးကို နေ့စဉ်လိုလို ၀တ်ဆင်လေ့ ရှိခဲ့ပါတယ်။ ကချင်ပုဆိုးတော့ မ၀တ်ပါဘူး။ အဲဒီလောက်ထိ ကျွန်တော့်ဘ၀ကို ပြောင်းလဲထားခဲ့ပါတယ်။
နောက်ထပ် စာရေးဆရာကတော့ မစန္ဒာပါ။ ငယ်သူမို့ မသိပါ၊ ဂျီဟောသူ၊ နှင်းဆီ၊ အရိပ်၊ ပန်းစကား၊ ကွက်လပ်လေး ဖြည့်ပါ၊ မနက်ဖြန်၊ ဘ၀အိပ်မက် ပန်းအိပ်မက်၊ ဆဌဂံ စတဲ့ စာအုပ်ပေါင်းများစွာကို ကျွန်တော့် စုဆောင်းထားပါတယ်။ ပထမဦးဆုံး စဖတ်မိတာက နှင်းဆီပါ။ နောက်တော့ ဂျီဟောသူ ... အဲဒီ ဂျီဟောသူကြောင့် ကျွန်တော် ၀ိုင်တီယူမှာ ပုဂံကိုချစ်တဲ့ စိတ်အခံနဲ့အတူ ဗိသုကာ မေဂျာကို ယူခဲ့တာပါ။ ဗိသုကာ ကျောင်းသားဘ၀ကို ဖြတ်သန်းချင်လို့ ဘ၀မှာ အသက်မွေးဝမ်းကြောင်းဖို့ အစီအစဉ် လုံးဝ မရှိတဲ့ ဗိသုကာဘွဲ့ကို ကျွန်တော် ရယူခဲ့ပါတယ်။ ဘ၀အိပ်မက် ပန်းအိပ်မက်ကြောင့် ကျွန်တော့် ဇူလိုင်အိပ်မက်တွေ ဖြစ်လာစေပါတယ်။ တိုတောင်းလှတဲ့ လူ့ဘ၀မှာ တန်ဖိုးရှိတဲ့ လူတစ်ယောက်အဖြစ် လူမှုရေးလုပ်ငန်းတွေကို စိတ်ဝင်တစား ရှိလာအောင် အသိတရား နှိုးကြားပေးခဲ့တဲ့ စာအုပ်လေးပါ။
နောက်ထပ်တစ်ဦးကတော့ မိုးမိုး (အင်းလျား) ပါ။ ဆရာမရဲ့ မှတပါး အခြားမရှိ၊ ဘယ်သူလာကူပါမယ် စတဲ့ ဘ၀သရုပ်ဖော်ဇာတ်လမ်းတွေက တကယ်ကို ဖတ်လို့ကောင်းတဲ့ ၀တ္ထုတွေပါ။ ဆရာမရဲ့ ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါးက ကျွန်တော့်ကို အခုချိန်ထိ အိမ်ထောင်မပြုသေးဘဲ လူလွတ်ဘ၀မှာ တည်ရှိနေအောင် ထိန်းချုပ်လွှမ်းမိုး ထားနိုင်ခဲ့ပါတယ်။ ငယ်ရွယ်စဉ်မှာ အချစ်ကို ကိုးကွယ်ပြီး အိမ်ထောင်တစ်ခု တည်ထောင်လိုက်ချိန်မှာ ဘ၀ဆိုတာ တကယ်တော့ ပန်းခင်းလမ်း မဟုတ်ဘူးဆိုတာကို သိရှိနားလည် စေခဲ့ပါတယ်။
နောက်ထပ်တစ်ဦးက ဂျာနယ်ကျော် မမလေးပါ။ သူလိုလူ၊ သွေး၊ ရင်နင့်အောင်မွှေး၊ ရင်မှတရှိုက် စတဲ့ စာအုပ်တွေက အတော်လေးကို ရသမြောက်တဲ့ စာပေတွေပါ။ သူလိုလူက ဂျာနယ်ကျော် ဦးချစ်မောင်ကို ရည်ညွှန်းဖွဲ့ဆိုထားတာ ဖြစ်ပေမယ့် အတုယူစရာ လေးစားစရာ အမူအကျင့်တွေကို နာခံလိုက်နာမိစေခဲ့အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ရင်နင့်အောင်မွှေးမှာ အချစ်စစ် အချစ်မှန်တွေရဲ့ မဖြောင့်ဖြူးတဲ့ လမ်းကြောင်း ... မိဘနဲ့ သားသမီးအကြားက သံယောဇဉ် ကျေးဇူးတရားများ အကြောင်း... စတာတွေကို လှလှပပ ခြယ်မှုန်းထားပါတယ်။ အဲဒီထဲက မော်ဆိုတဲ့ ဇာတ်ကောင်မျိုးကတော့ ဒီခေတ်ကြီးမှာ တော်တော်လေး ရှားသွားလောက်ပါပြီ။ လုံးဝ မရှိဘူးလို့တော့ မပြောရဲဘူးပေါ့ဗျာ။
နောက်ထပ်တစ်ဦးက ချစ်နိုင် (စိတ်ပညာ) ပါ။ ဆရာရဲ့ ချစ်လို့ပြောတာမှတ်ပါ ဆိုတဲ့ စာအုပ်က ကျွန်တော့်ကို အတော်လေး ပြုပြင်ပြောင်းလဲစေခဲ့ပါတယ်။ အဲဒီစာအုပ်ထဲက သူညွှန်းထားတဲ့ စာအုပ်တွေကို လိုက်ဖတ်ရင်း ကျွန်တော့် အသိတွေ တိုးပွါးလာခဲ့ပါတယ်။ အမြင်တွေ ပြောင်းလဲ စေခဲ့ပါတယ်။ အဲဒီစာအုပ်လေးက လူငယ်တွေအတွက် တကယ့်ကို အကျိုးရှိတဲ့ စာအုပ်တစ်အုပ်လို့ ညွှန်းချင်ပြောချင်မိပါတယ်ဗျာ။
သြော် ကျန်သေးတယ်။ သူကတော့ ဖေမြင့်ပါ။ ဆရာရဲ့ နှလုံးသား အာဟာရဆိုတဲ့ စာအုပ်လေးတွေက အတော်ကို ကောင်းလွန်းတဲ့ စာအုပ်တွေပါ။ ဘာသာပြန်ဖြစ်ပေမယ့် ရှင်းလင်းထိမိတဲ့ ပြန်ဆိုမှုတွေကြောင့် ဖတ်ရတဲ့သူအတွက် အတော်လေး မျက်စိချော နားဝင်စေပါတယ်။ အဲဒီထဲက ဇာတ်လမ်းလေး တစ်ပုဒ်က ကျွန်တော်တို့ တောကျီးကန်း သွေးလှူရှင်အဖွဲ့ကို မွေးဖွားပေးခဲ့ပါတယ်။ အဲဒါကတော့ ပင်လယ်ကမ်းစပ်မှာ လမ်းလျှောက်ရင်း ကမ်းခြေသဲသောင်မှာ လာတင်တဲ့ ကြယ်ငါးတွေကို ကောက် ကောက်ပြီး ရေထဲ ပြန်ပစ်ချပေးနေတဲ့လူကို အချိန်ကုန်ခံလို့ဗျာ ခင်ဗျား ကြယ်ငါး ဘယ်နှစ်ကောင်များ ကယ်နိုင်မှာမို့လဲ.. ခင်ဗျား ဘယ်လောက်များ အချိန်ပေးနိုင်မှာမို့လို့လဲ.. ဘာတွေများ ထူးခြားသွားမှာ မို့လို့လဲ.. မေးတော့ အမေးခံရတဲ့သူက လက်ထဲက ကြယ်ငါးကို ရေထဲ လှမ်းပစ်ချလိုက်ရင်း အနဲဆုံး ဒီကြယ်ငါး တစ်ကောင်အတွက်တော့ ထူးခြားသွားပြီပေါ့ဗျာလို့ ပြန်ဖြေခဲ့တဲ့ ဇာတ်လမ်းလေးပေါ့။ အဲဒီလို ဖတ်ခဲ့ရတဲ့ ဇာတ်လမ်းလေးကြောင့်လည်း ၂၀၀၆ မှာ ရန်ကုန်မြို့ရှိ ဆေးရုံပေါ်က ကြယ်ငါးအားလုံးတွေ အတွက် ကျွန်တော်တို့ မကူညီနိုင်ခဲ့ပေမယ့် ကျွန်တော်တို့နဲ့ တွေ့မိဆုံမိခဲ့တဲ့ ကြယ်ငါးတွေကို အသက်ကယ် ကူညီနိုင်ပေးခဲ့ပါတယ်။ အနည်းဆုံး ကိုယ်ရှေ့က အဲဒီ ကြယ်ငါးအတွက် လုပ်ပေးနိုင်ခဲ့တာကိုပဲ ပီတိဖြစ်မိပါတယ်။ တကယ်တော့ ကြယ်ငါး အားလုံးကို ကူညီချင်ပါတယ်။ တစ်နေ့မှာတော့ အဲဒီလို ကူညီနိုင်ဖို့ အခွင့်အရေး ရချင်ပါသေးတယ်။
ကဲ... ဒီလောက်ပဲ စာရင်းပြုစုလိုက်ပါရစေ။ တကယ်ဆို နောက်ထပ် ဘာသာပြန်တွေ၊ စာရေးဆရာတွေ ကျန်ပါသေးတယ်။ ကျွန်တော်အိမ်မှာတော့ ကျောင်းစာကြည့်တိုက်တစ်ခု ဖွင့်လို့ရအောင် လုံလောက်တဲ့ ရသစာပေ၊ ပုံပြင်၊ ကာတွန်း စတဲ့ စာအုပ်ပေါင်းမျိုးစုံ ကျွန်တော် စုဆောင်းထားတာ ရှိပါတယ်။ အခု ကျွန်တော့် အနားတ၀ိုက်မှာ အဲဒီစာအုပ်တွေက မရှိဘူးလေ။ အားလုံး အိမ်မှာပဲ ထားခဲ့တာပါ။ အဲဒါကြောင့် မှတ်မိသလောက် ရေးတင်လိုက်တယ် ဆိုတာကို ဖြေကြားရေးသား လိုက်ပါရစေ ခင်ဗျာ။

8 comments:
ဟုတ်ကဲ့။ သူတို့ရဲ့စာမူလေးတွေတင်ပေးပါလား။ ကျွန်တော့်အတွက်တော့ စစ်ကြိုခေတ်ကဆိုရင် သိပ္ပံမောင်ဝ၊ ဒီဘက်ခေတ်မှာဆိုရင် ဂျူး ပေါ့ဗျာ။
ကိုဇူလိုင်ရေ ဂျာနယ်ကျော်မမလေး၊ ခင်နှင်းယု၊ မိုးမိုး (အင်းလျား) တို့ကို ကြိုက်တယ်။
မစန္ဒာ ရဲ့စာအုပ်တွေထဲမှာ အီးစာအုပ် တွေရှိသေးတယ်ဆိုရင် နဲနဲ လိုချင်ပါတယ်ရှင်။
အကြိုက်ဆုံးစာရေးဆရာများကို ဆုဝေရေးတုန်းက မစန္ဒာကျန်သွားတယ်။ ကိုဇူလိုင်ပြောတဲ့ မစန္ဒာရဲ့စာအုပ် အားလုံးကို ဖတ်ဖူးပါတယ်။ တချို့စာအုပ်တွေက အပိုင်ဝယ်ထားတယ်။ တချို့ကတော့ ငှားဖတ်တာပါ။ မစန္ဒာရဲ့ `စိမ်းရွက်သစ်တို့ တဝေေ၀´ဆိုတဲ့ စာအုပ်လေးလဲ ကောင်းတယ်။ အားလုံးထဲမှာ `ဆဌဂံ´ကိုတော့ အကြိုက်ဆုံးပဲ။ ကိုဇူလိုင်ကြိုက်တဲ့ စာရေးဆရာတွေထဲက ငါးယောက်က ဆုဝေကြိုက်တာနဲ့ တူတယ်။ မိုးမိုး ( အင်းလျား ) ရဲ့ `ပျောက်သောလမ်းမှာ စမ်းတ၀ါး ´ထဲက `လှိုင်´ဆိုတဲ့ ဇာတ်ကောင်လေးကို အခုထိ စွဲလမ်းနေတုန်းပါပဲ။
ကိုဝမ်းဒါဖစ်ရှ်ရေ ...
အချိန်ရရင် လုပ်ပေးချင်ပါတယ်။ ခက်တာက စာအုပ်တွေက ရန်ကုန်မှာ ခင်ဗျ။ အီးဘွတ်ခ်တွေ ရှိမှာပါ။ အွန်လိုင်းမှာ ရှာကြည့်ရင် ရှာတွေ့မှာပါ ခင်ဗျာ။
နှင်းဆီနီနီ အပျိုကြီး ခင်ဗျာ ...
ကျွန်တော်မှာ အီးဘွတ်ခ်တွေ မရှိပါကြောင်း ၀မ်းနည်းစွာနဲ့ ဖြေကြားလိုက်ပါရစေ။ တကယ့် စာအုပ်တွေက ရန်ကုန်မှာပါ ခင်ဗျာ။
ဆုဝေ ခင်ဗျာ ...
ဟုတ်ကဲ့ ... အကြိုက်ချင်းတူတာ မထူးဆန်း ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စာရေးဆရာတွေက တကယ်ကို ကောင်းနေတာ ဆိုတော့ ကြိုက်တဲ့သူက အများသားပဲလေ။ ကျွန်တော့်က ဆဌဂံထက် ဘ၀အိမ်မက် ပန်းအိမ်မက်ကို ပိုကြိုက် ပါတယ် ခင်ဗျာ။
သူတို့ရဲ့ စာတော်တေိာများများဖတ်ဘူးတယ်။ ကြိုက်လည်းကြိုက်တယ်။ အကြိုက်ဆုံးက ဆရာတက္ကသိုလ် ဘုန်းနိုင် နှင့် ဂျူး။
ဟဲဟဲ ငါ့ကို မုန့်  ၀ယ်ကျွေးရမယ်။
ဒီပိုစ့်ဖြစ်မြောက်ရေးအတွက် ငါ့လဲ နျမ်းစေလောက် ကူညီထားတယ်။
ဟုတ်ကဲ့ပါ အမရေ... စာအုပ် အမည်တွေ ကျွန်တော့် မေ့နေလို့ အစ ပြန်ဖော်ပေး တဲ့အတွက် အပြင်မှာ ဆုံဖြစ်ရင် မုန့်ဝယ်ကျွေး မှာပါ။ အများကြီးတော့ မစားနဲ့ပေါ့။ တော်ကြာ ၀လာရင် ဟိုလူကြီးက ကျွန်တော်ကို ပြောနေအုံးမယ်။ ဗလချင်း ကွာတယ်ဗျ။
ကိုဇူလိုင်ဆီက စာအုပ်တွေငှားဖတ်မှထင်တယ် .. ရှာဖတ်ချင်အောင် ဆွဲဆောင်သွားတယ် ..း)
Post a Comment