ဒီနေ့က စကာင်္ပူမှာရော မြန်မာပြည်မှာရော Deepavali ဒီပါဝလီနေ့လေ။ အစိုးရ ရုံးပိတ်ရက်တစ်ခုပဲပေါ့။ ဒီတစ်ခေါက်ကတော့ ဟိန္ဒူဘာသာဝင်တွေရဲ့ အလေးအမြတ်ထားတဲ့ ပွဲတော်တစ်ခုပါ။ တစ်ကမ္ဘာလုံးက ဟိန္ဒူဘာသာဝင်တွေ ကျင်းပကြတဲ့ မီးထွန်းပွဲတော် Festival of Light တစ်ခုပေါ့။ ငယ်ငယ်တုန်းက ကုလားသီတင်းကျွတ်ဆိုပြီး အလွယ် မှတ်ထားကြခဲ့တယ်လေ။ တကယ်တော့ မြန်မာ သီတင်းကျွတ်နဲ့ လုံးဝ မဆိုင်ပါဘူး။ မီးထွန်းတာလေးပဲ တူကြတာပါ။ ဒီပါဝလီနေ့က အများအားဖြင့် အောက်တိုဘာ လကုန်ပိုင်းနဲ့ နိုဝင်ဘာ လဆန်းပိုင်းကြားလောက်မှ လုပ်လေ့လုပ်ထ ရှိခဲ့ပါတယ်။ မြန်မာပြည်က သီတင်းကျွတ်ထက်တော့ နောက်ကျလေ့ ရှိပါတယ်။
ပွဲတော်တိုင်းမှာ စိတ်ဝင်စားဖွယ် နောက်ခံသမိုင်းပုံပြင်လေးတွေ ရှိကြပါတယ်။ အခု ဒီပါဝလီနေ့မှာလည်း နောက်ခံပုံပြင်လေးလည်း ရှိတာပေါ့။ ဟိုးရှေးရှေးတုန်းက Pradyoshapuram ပြည်မှာ Narakasuraဆိုတဲ့ မကောင်းဆိုးဝါးကြီးက အုပ်ချုပ်မင်းလုပ်နေသတဲ့။ အဲဒီ မကောင်းဆိုးဝါးကြီးရဲ့ အနိုင်ကျင့် စော်ကားမှုတွေကို တိုင်းသူပြည်သားတွေခင်မျာ တောက်လျှောက် ခံစားနေရတာပေါ့။ နောက်ဆုံး မခံမရပ် ဖြစ်လာတဲ့ တိုင်းသူပြည်သားတွေဟာ Lord Khrishna ဆီကို သွားရောက်ပြီး ကူညီစောင်မဖို့ တောင်းပန်ကြပါတယ်။ အဲဒါနဲ့ Lord Khrishna လည်း စစ်ကြေညာပြီး မကောင်းဆိုးဝါးကြီးကို ၀င်ရောက် နှိမ်နင်း တိုက်ခိုက်ပါတယ်။ အဲဒီတိုက်ပွဲမှာ မကောင်းဆိုးဝါးကြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီလို မကောင်းဆိုးဝါးကြီးကို အောင်မြင်တဲ့ အထိမ်းအမှတ် တစ်ခုအနေနဲ့ အမှောင်ကိုခွင်း အလင်းဆောင်တဲ့ မီးထွန်းပွဲတော်ကို အခုလို ဒီပါဝလီနေ့အဖြစ် ကျင်းပခဲ့ကြပါတယ်။
နောက်အထိမ်းအမှတ် တစ်ခုက တိုင်းပြည်ကနေ မိထွေးဖြစ်သူရဲ့ ၁၄ နှစ်ကြာ ပြည်နှင်ဒဏ်ပေးခြင်းကို ခံခဲ့ရတဲ့ Rama ရာမမင်းသားနဲ့ ကြင်ယာတော် Sita သီတာ မင်းသမီးလေး၊ ညီတော် Lakshmana လက္ခဏာမင်းသားတို့ ပြည်တော်ပြန်ဝင်လာတဲ့အချိန်မှာ တိုင်းသူပြည်သားတွေက သူတို့ပြန်လာရာ လမ်းတလျှောက်မှာ ဆီမီးခွက်လေးတွေ ထွန်းညှိပြီး ကြိုဆိုခဲ့တာကနေ စ ခဲ့တယ်လို့လည်း ဆိုကြပြန်ပါတယ်။ သတိထားရမယ့် အချက်တစ်ချက်က ဒီပါဝလီနေ့က ဟိန္ဒူတွေရဲ့ နှစ်သစ်ကူးပွဲတော် မဟုတ်ဘူး ဆိုတာကိုပါပဲ။
ပွဲတော်နေ့ မတိုင်ခင် ၂ ပတ်လောက်ကတည်းက ဟိန္ဒူဘာသာဝင်တွေ အလုပ်များကြပါပြီ။ အိမ်တွေကို အသစ်ပြန်လည် မွမ်းမံတာတွေ၊ ဆေးသုတ်တာတွေ၊ သန့်ရှင်းရေးတွေ လုပ်နေကြပါပြီ။ ဆိုင်တွေမှာလည်း ပွဲတော် အထိမ်းအမှတ် ပို့စ်ကဒ်တွေ၊ ရိုးရာအ၀တ်တွေ၊ ကော်ဇော်တွေ၊ ပန်းတွေကို ရောင်းချနေကြပါပြီ။
ပွဲတော်နေ့မနက်မှာတော့ ဟိန္ဒူတွေ မနက် ၃ နာရီကတည်းက အိပ်ရာစောစော ထကြပါပြီ။ မနက်စောစောမှာပဲ နံ့သာဆီမွှေးတွေနဲ့ Oil Bath ရေချိုးသန့်စင်ကြပါတယ်။ အဲဒါက ဒီပါဝလီနေ့ရဲ့ အရေးပါတဲ့ အစဉ်အလာ လုပ်ထုံးတစ်ခုပါပဲ။ အ၀တ်အစား အသစ်တွေကို ဆင်မြန်းကြပါတယ်။ အရောင်စုံ အသွေးစုံပေါ့။ ဒါပေမယ့် အနက်ရောင်ကိုတော့ ရှောင်ကြပါတယ်။ လူကြီးမိဘတွေကို အရိုအသေ ပေးကြပါတယ်။ မနက်စာ စားပြီးတဲ့အခါမှာတော့ ဘုရားကျောင်းတွေကို သွားပြီး ၀တ်ပြု ဆုတောင်းကြပါတယ်။ ညပိုင်းမှာတော့ အိမ်တွေမှာ ဆီးမီးခွက်လေးတွေ စီတန်းထွန်းညှိပြီး အလှဆင်ထားကြပါတယ်။ ကလေးတွေကတော့ မီးရှုးမီးပန်းတွေ ဆော့ကစားကြပြန်တယ်။ ပထမနေ့မှာ ဘယ်မှာမသွားပဲ အိမ်မှာပဲ နေ့လေ့ရှိပြီး အိမ်ကိုလာလည်တဲ့ ဧည့်သည့်များကို ဧည့်ခံကြပါတယ်။ အိန္ဒိယမှာတော့ နောက်တစ်ရက်ဖြစ်တဲ့ ၉ ရက်နေ့ကလည်း တရားဝင် ရုံးပိတ်ရက် တစ်ခုပါပဲ။
ရုံးက ကုလားတွေ အားလုံး ရှေ့ ၁ ပတ်ကတည်းက အိန္ဒိယပြန်သွားလို့ ဒီမှာကတော့ ဘာမှလည်း မစားရဘူး၊ ဘယ်ကိုမှလည်း လည်လို့ မရဘူး ဖြစ်နေတယ်။ စလုံးက Little India မှာ စည်ကားမှန်း သိပေမယ့်လည်း နေလို့ကလည်း မကောင်းဆိုတော့ ဘယ်မှ မသွားဖြစ်ပြန်ဘူး။ မျက်မှန်ပါဝါ တိုးနေလို့ လူက အောက်ခြေလွတ်နေတယ်လေ။ မြောက်ကြွမြောက်ကြွ ဖြစ်နေလေရဲ့။ တော်ကြာ မတော်လို့ ချော်လဲရင် လူကြားထဲမှာ နင်းခံနေရအုံးမယ်။ အဲဒါကြောင့် မသွားတော့ပါဘူး။

3 comments:
ပိုစ့် အတွက် ကျေးဇူးတင်ပါတယ် ဇူလိုင်ထဲက အကိုကြီးရေ.. ။ လူကိုယ်လုံးကြီးမှ အားမနာ အနင်းခံရမှာ ကြောက်နေသေးတယ် လား ။ အဟား ..
လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)
ဘယ်သူပြောလဲ ကိုယ်လုံးကြီးမှ အားမနာတဲ့။ လူ ဒီလောက် များတဲ့နေရာမှာ အကြီး အသေး မရွေးဘူးနော်။ အနင်းခံရရင် ပြားချပ်နေမှာ။ လူက အောက်ခြေလွတ် နေတော့ ပိုဆိုးတယ်။ မြောက်ကြွ မြောက်ကြွ ဖြစ်နေတယ်။ မူးနေတာပါပဲ။
Thanks for your sharing! :)
Post a Comment