.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, September 27, 2008

An offhand meal

ဖြစ်သလို စားတယ်ဆိုတာ ယောကျာ်းလေးတွေအတွက် မထူးဆန်းတဲ့ ကိစ္စတစ်ခုပါ။ မိန်းကလေးတွေလို ဖွယ်ဖွယ်ရာရာ အချိန်ပေး ချက်ပြုတ်စားသောက်တယ် ဆိုတဲ့ ယောကျာ်းလေးတွေက ရှိတော့ ရှိပါတယ်။ ဒါပေမယ့် ရှားပါတယ်။ ယောကျာ်းလေးအများစုကတော့ ဗိုက်ထဲကို အစာဝင်သွားရင် ဗိုက်ဆာပြေရင် ပြီးတာပဲ သဘောထားကြမှာပါ။

မနေ့က ဒွေး၊ တင့်တင့်ထွန်း၊ အိန္ဒြာကျော်ဇင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ချစ်ခြင်းရင်ခုန်ယုံကြည်စွာဖြင့် ဆိုတဲ့ကားကို ကြည့်မိသေးတယ်။ MIT ကျောင်းဝင်းထဲမှာ ရိုက်ထားတဲ့ ဗီဒီယိုဇာတ်လမ်းပါ။ အဲဒီထဲမှာ ဒွေးက ကန်တင်းမှာ တင့်တင့်ထွန်းတို့ ထိုင်နေတဲ့ စားပွဲကို စားသောက်ပြီးတဲ့အချိန်အထိ စောင့်ပြီးမှ မိတ်ဆက် စကားသွားပြောပါတယ်။ ဘာကြောင့် စားပြီးတဲ့အထိ စောင့်ရသလဲဆိုတာကို သူငယ်ချင်းတွေက မေးတော့ သူပြန်ဖြေတဲ့ စကားရဲ့သဘောက... မိန်းကလေးတွေအတွက်ကတော့ အစားအစာဆိုတာ ပထမဦးစားပေး အဆင့်အထဲမှာ ရှိပါတယ်တဲ့။ အစာစားနေတဲ့အချိန် ကျန်တာတွေ သွားပြောရင် စိတ်မ၀င်စားဘူးဆိုပဲဗျ။ အဟဲ... ဇာတ်ကားထဲမှာက အဲဒီလိုပဲ ပြောသွားတာပဲလေ။ မှန်လား မမှန်လား ကျွန်တော်တော့ မသိပါဘူးဗျာ။ ကာယကံရှင် အမျိုးသမီးထုကြီးက ပိုသိမှာပါလေ။

မိဘအိမ်မှာမနေပဲ သူငယ်ချင်းတွေနဲ့ အိမ်ငှားပြီးနေခဲ့တဲ့ ကျွန်တော့်အဖို့တော့ ဖြစ်သလိုစားတယ်ဆိုတာ လုပ်နေကြမို့ တခါတလေ ဖြစ်သလို စားတယ်ဆိုတာ ဘာကိုပြောမှန်းတောင် သေသေချာချာ မသိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆယ်စုနှစ်တစ်ခုစာနီးပါးမှာ နေ့စဉ် စားသောက်နေတဲ့ ပုံစံက ဖြစ်သလိုစားသောက်တဲ့ ပုံစံထဲမှာပဲ ရှိနေလို့ပါ။

ရန်ကုန်မှာ သူငယ်ချင်းတွေနဲ့ အတူနေတုန်းက မနက်အိပ်ရာထရင် အိမ်ရှေ့က လက်ဖက်ရည်ဆိုင်က ထမင်းကြော်၊ ပဲအီကြာ၊ စမူဆာနဲ့ လက်ဖက်ရည် တစ်ခုခုမှာပြီး ဗိုက်ဖြည့်လိုက်တယ်။ ဒါမှမဟုတ် ဘေးအိမ်မှာ ဖွင့်ထားတဲ့ မုန့်ဟင်းခါးဆိုင် အသုပ်ဆိုင်ကနေ အုန်းနို့ခေါက်ဆွဲ၊ ကြာဇံသုပ်တွေ မှာပြီး စားလိုက်တာပါပဲ။ အိပ်ရာထတာ စောရင်တော့ လမ်းထိပ်က ဈေးကို သွားပြီး ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ ရွှေထမင်း စတဲ့ မုန့်ပဲသရေစာတွေ ၀ယ်လာပြီး မနက်စာအဖြစ် စားလိုက်ပါတယ်။ အိပ်ရာထ နောက်ကျလို့ အဲဒါတွေ မရှိတော့ရင်လည်း လက်ဖက်ရည်တစ်ခွက်နဲ့ပဲ ပြီးသွားတာပါပဲလေ။

အဲဒီလို မနက်စာ စားပြီးရင် နေ့လည် ၂ နာရီအထိ ဘာမှမစားပဲ ဂိမ်းပဲ ထိုင်ဆော့နေပါတယ်။ ဗိုက်ဆာရင် ဆာသလို လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်တစ်ခွက် လှမ်းမှာလိုက်တယ်။ တခါတလေ ညနေ ၆ နာရီအထိ ထမင်းမစားပဲ လက်ဖက်ရည် တစ်ခွက်ပြီး တစ်ခွက် သောက်နေတတ်ပါတယ်။ အများအားဖြင့် ညစာပဲ စားဖြစ်ပါတယ်။ ညစာကိုလည်း သီရိမင်္ဂလာဈေးမှာ ညလုံးပေါက်ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်မှာ ထမင်းကြော် သွားစားဖြစ်တာ များပါတယ်။ အအိပ်အစား လုံးဝမမှန်တဲ့ ပေတေတေ လူတစ်ယောက်ပေါ့။

ဒါနဲ့ပဲ မိဘတွေက အပေအတေ ကျွန်တော်ကို ရန်ကုန်ကနေ စကာင်္ပူကို နှစ်အကန့်အသတ်မရှိ ပြည်နှင်ဒဏ် ပေးလိုက်ပါတော့တယ်။ ဒီရောက်တော့မှပဲ အစားအသောက်နဲ့ အိပ်ချိန် နည်းနည်းလေး မှန်သွားပါတယ်။ နည်းနည်းလေး မှန်တယ်ဆိုတာ ပုံမှန်တော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့ ပုံမှန်မဟုတ်လဲ ဆိုတော့ စနေ တနင်္ဂနွေလို ရုံးပိတ်ရက်တွေမှာ အအိပ်အစား မမှန်လို့ပါ။ ကွန်ပျူတာရှေ့မှာ နတ်ကရာ ကျီးမော့သလို ဟိုဝင်ဒီထွက် ဟိုဖတ်ဒီဖတ်နဲ့ နာရီအချိန်မိနစ်စက္ကန့်တွေကို ဥပက္ခာပြုနေမိလို့ပါပဲ။

ရုံးတက်ရတဲ့နေ့တွေမှာတော့ နေ့လည်စာကတော့ အချိန်မှန်လေး စားဖြစ်ပါတယ်။ အလုပ်တွေ ခဏနားပြီး အပြင်ထွက်လို့ရတာကြောင့် ထမင်းစားချိန်မှာ ထွက်ဖြစ်တယ်လေ။ ရုံးနားမှာရှိတဲ့ စားသောက်ဆိုင်တန်းမှာ ဆိုင်တွေ အများကြီး ရှိပေမယ့် ခေါက်ဆွဲမကြိုက်တဲ့ ကျွန်တော်အဖို့ ခေါက်ဆွဲဆိုင်တွေ ရှေ့ကို ဖြတ်တောင် မလျှောက်ပါဘူး။ မလေးထမင်းဟင်းတွေ ရောင်းတဲ့ဆိုင်မှာ တခါတလေ ထမင်းစားဖြစ်ပါတယ်။ ဒါပေမယ့် ခြေလေးချောင်းသား မစားတာကြောင့် အမဲသား ဆိတ်သားဟင်းကို ရှောင်ဖို့ မေးမြန်းရတာ အတော်လေးကို ကရိကထ များပါတယ်။ ဒါကြောင့် နောက်ပိုင်း သိပ်မစားဖြစ်ပါဘူး။

အလုပ်များနေလို့ အချိန်မကုန်ချင်တဲ့အခါ ကြက်ဆီထမင်းကို ဖြစ်သလိုပဲ စားလိုက်ပါတယ်။ သူက မှာလိုက်ရင် ချက်ချင်းရပါတယ်။ သိပ်မစောင့်ရပါဘူး။ စားရင်လည်း မြန်ပါတယ်။ ဒါပေမယ့် ဟင်းရည်က အချိုမှုန့်တွေပဲ ပါသလားတော့ မသိဘူး စားပြီးရင် ခေါင်းနည်းနည်း မူးသလိုပါပဲ။ ဒါကြောင့် အချိန်မရမှပဲ စားဖြစ်ရင်တောင် ဟင်းရည်ကို မသောက်မိအောင် သတိထားရပါတယ်။ အချိန်နည်းနည်း ပိုရရင်တော့ ကုလားဆိုင်မှာ ထမင်းစားပါတယ်။ ရွေးချယ်စရာ သိပ်မရှိတဲ့ ကျွန်တော့်အဖို့ ဟင်းကတော့ ကြက်သား သို့မဟုတ် ပုဇွန်ပါပဲ။ ဟင်းသီးဟင်းရွက် အနည်းငယ်လည်း ပါတာပေါ့။ မပါမဖြစ်ကတော့ ပဲဟင်းပါပဲ။

အိမ်ပြန်ရောက်ရင်တော့ မြန်မာပြည်က လာတဲ့လူဖြစ်တဲ့အတိုင်း အခြောက်အခြမ်းတွေ၊ လက်ဖက်သုပ်တွေ ရှိနေရင်ပဲ ညစာက အဆင်ပြေနေပါတယ်။ ငါးရံ့ခြောက်၊ ငပိကြော်၊ ဘာလချောင်ကြော်တွေက ကျွန်တော်ရဲ့ အကြိုက်ဆုံး အစားအစာတွေပေါ့။ လက်ဖက်ဆိုရင် ကြက်ခြေနီသုပ်တစ်ခုပဲ ကြိုက်ပါတယ်။ ကျန်တဲ့ လက်ဖက်ဆိုရင် သိပ်မကြိုက်ပါဘူး။ မျှင်ငပိထောင်းရှိရင်လည်း ထမင်းစားဝင်ပါတယ်။ ငပိရည်နဲ့လည်း စားဖြစ်တယ်။ ဒါကြောင့် အဲဒါတွေ ရှိနေရင် ဖြစ်သလို စားနေရတယ်ကို မထင်တော့ဘူးခင်ဗျ။

ဟိုဟာမစား ဒီဟာရှောင်၊ ဟင်းအရောင်ရွေး အနံ့ရွေး ဟင်းဂျီးများတဲ့ ကျွန်တော်အဖို့ အခြောက်အခြမ်းတွေက ရွေးချယ်စရာ သိပ်မလိုတဲ့ အစားအစာတွေပါ။ ကြိုက်တာလည်း ပါပါတယ်။ ဒီတော့ ညစာကို ဒီဟင်းတွေနဲ့ပဲ ဖြစ်သလိုပဲ စားလိုက်တာပေါ့ဗျာ။ ညစာကို အိမ်မှာမစားဖြစ်လို့ အပြင်ထွက်စားဖြစ်ရင်လည်း ထူးထူးထွေထွေ ရှာဖွေ စားသောက်မနေပါဘူး။ အနီးဆုံး KFC, MacDonald ဆိုင်ကို သွားပြီး ပွဲတော်တည်လိုက်ပါတယ်။

သြော်... ချက်မစားဘူးတဲ့လား။ ဟုတ်ကဲ့... ထမင်းကလွဲလို့ ဘာမှ မချက်တတ်ပါဘူး။ ဓါးလည်း မကိုင်တတ်ပါဘူး။ ကြက်သွန်လည်း မလှီးတတ်ပါဘူး။ အာလူးလည်း အခွံမနွာတတ်ပါဘူး။ အရင်တုန်းက ကြက်ဥကြော်ဖို့ ကြိုးစားဖူးပါတယ်။ ဆီပေါက်လို့ မီးဖိုချောင်ထဲမှာ မျောက်ခုန်သလို ပတ်ပြေးနေရပါတယ်။ ပလာတာကြော်စားဖို့လည်း ကြိုးစားခဲ့ဖူးပါတယ်။ ပလာတာကို ဒယ်အိုးထဲ ထည့်ပြီး ကြော်နေတုန်း ဖုန်းလာလို့ ဖုန်းဖြေနေတာ မီးဖိုပိတ်ဖို့ မေ့သွားပါတယ်။ ဖုန်းဖြေပြီးတဲ့အချိန်မှာတော့ ပလာတာဖင်မည်းကြီးပဲ ရခဲ့လိုက်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကြော်ထားတာဆိုတော့ နှမြောတာနဲ့ပဲ စားကြည့်လိုက်သေးတယ်။ အဲဒီကတည်းက စပြီး ပလာတာကို မုန်းသွားတာ အခုထိပါပဲဗျာ။

ကဲ... မလင်းရေ... ဖြစ်သလို စားတာတွေကို ဖြစ်သလို မရေးပဲ အသေအချာ ရေးပေးလိုက်ပါတယ် ခင်ဗျာ။
ကဲ ဒီတစ်ခါ လက်ဆင့်ကမ်းမယ့် သူများကတော့...
ချက်စားဖြစ်ရင် သံချောင်းခေါက်မယ် ဆိုတဲ့ YTU က တောသား
အဖေက တမင်ပေးထားတဲ့ အမည်ပိုင်ရှင် မတူးတူးသာ
အိမ်ကချက်တဲ့ အစာတွေ မကြိုက်တော့တဲ့ မခင်မမမျိုး
အိမ်း... ထိုသို့ပြုရကုသလကြောင့် ဖြစ်သလို မလင်းဆိုတဲ့ အပျိုကြီးတစ်ယောက် ဒီသီတင်းကျွတ်မှာ လင်ကောင်းသားကောင်း အမြန်ရပါစေသောဝ်.... (ဟမ်... ဘာမှလည်း မဆိုင်ပါဘူးနော်။ စတာနော် အတည်... အဟိ)

18 comments:

မွန် said...

မိန်းကလေးတွေဟာ အစားအစာထက်အရင် တခြားဟာကို စိတ်မဝင်စားဘူးဆိုတာ ဟုတ်ပါတယ် ဟုတ်ပါတယ် ဟိ
ပလာတာ ကတော့ ပြောရရင် ပလာတာတကြောပြတ်သွားတာပေါ့ ဟုတ်လား
ကြက်ဥလောက်တော့ အလျော့မပေးနဲ့ ကြိုးစားပါဦး
ယောက်ျားလေးတွေ အချက်အပြုတ်ကောင်းရင် မိန်းကလေးတွေ မမီဘူးလေ

Anonymous said...

ကိုယ့်ဆ၇ာ ရဲ့ ဖြစ်သလိုကလဲ ရှယ်တွေလျည်းပဲနော်

တောင်ပေါ်သား said...

အစ်ကိုရဲ့ ဖြစ်သလိုစားခြင်းများကို မှတ်သားသွားပါတယ်. ဒီလိုပါပဲ ကျနော်တို့လည်း အိမ်ထမင်းမစားရတာ နှစ် ချို့နေပြီးအစ်ကို ရေ တစ်ခါတလေတော့ အမေ့ရဲ့ ချဉ်ပေါင်ဟင်းလေးကို သတိရမိတာ.. မြေပဲ ကြော်လေးနဲ့ ချဉ်ပေါင်ဟင်းလေး များ စားချင်လှဘိ အကိုရေ... ကျနော်ကတော့ အစ်ကိုထက် တော်ပ.. ဟဲ ဟဲ ကြက်ဥကြော်တတ်တယ်.. :P

JulyDream said...

မွန်ရေ...
မိန်းကလေးတွေ အစားအစာကို ပထမ ဦးစားပေး အဆင့်ထားကြောင်း ကြေညာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုတော့ အနည်းဆုံး တစ်ယောက်က သက်သေခံပေးထားတယ်လို့ ပြောလို့ရပါပြီပေါ့ဗျာ။

အိမ်ရေ...
ဖြစ်သလိုတွေက ဖြစ်သလိုလေးပါပဲ။ ရှယ်တွေလို့ မမြင်မိပါဘူး။ ကြက်ဆီပြန် ၀က်အသားနီလန် ပုဇွန်တုပ်ဟင်း စတဲ့ ဟင်းမျိုးတွေမှ မဟုတ်တာဗျာ။ ဒါပေမယ့် ကျွန်တော်က အဲဒီဟင်းမျိုးတွေထက် အခြောက်အခြမ်းတွေကို ပိုကြိုက်တယ် ခင်ဗျ။

တောင်ပေါ်သားရေ...
ကျွန်တော်ထက် တော်တာ တကယ် အမှန်ပါပဲဗျာ။ ကြက်ဥကြော်တတ်တယ် ဆိုတာ တော်တာပေါ့။ ကျွန်တော်က ဆီပေါက်မှာ ကြောက်တယ်ဗျာ။

ရွှန်းမီ said...

=) .. ထမင်းချက်ပြီး အခြောက်အခြမ်းနဲ့ စားတတ်တာ တော်သေးတာပေါ့.. ပျော့၊ တူး၊ မနပ် ကျင့်စဉ်တွေ ဖြတ်သန်းခဲ့သေးလား.. :P
ညီမကတော့ cooked food တွေ ၀ယ်စားဖြစ်တာ များပါတယ်။ ကျန်းမာရေးနဲ့ ပိုညီညွတ်တယ် =)

JulyDream said...

ရွှန်းတီရေ...
ထမင်းက ပေါင်းအိုးနဲ့ ချက်တာလေ။ ဆန် အထက်မှာ ရေကို လက်တစ်လုံးစာလောက် ပိုထည့်ရမယ် ဆိုတဲ့ ဖော်မြူလာအတိုင်း လက်ညှိုးတစ်ချောင်း အသုံးပြုပြီး ချက်တဲ့အတွက် ပျော့၊ တူး၊ မနပ် ကျင့်စဉ်တွေ မကျင့်ခဲ့ရပါဘူးကွဲ့။ ဒီလောက်တော့ လုပ်တတ်အုံးမှပဲ။ လူက ဘာမှကို သုံးစားမရတဲ့လူ ဖြစ်နေပြီလေ။ ဟဟ...

လင်း said...

လင်းလဲ ရုံးပိတ်ရက် အစားအသောက်နောက်လိုက်နေတာနဲ့  ပို့ အသစ်ကို ခုမှဖတ်ရတယ်။ နောက်ဆုံးမှ အကြွေးဆပ်ပေမဲ့ ကျေးဇူးတင်ပါတယ်။ ဟီးဟီး ဆီပေါက်လို့ မျောက်ခုန်သလိုခုန်နေတာကို မြင်ယောင်ကြည့်လိုက်တယ်။း)

Apprenticeship said...

ချက်ပြီးပီ ဗျို့ :D :P

Unknown said...

ဟုတ်တယ်ဗျို့။ စလုံးမှာ အစားအသောက် အရမ်းမကောင်းလှဘူးနော်။ ဈေးလဲကြီးသဗျို့။ အမြဲတမ်း စားသုတ်သုတ်၊ သွားသုတ်သုတ်ဖြစ်နေလို့လားမသိ၊ နေသားကျသွားရင်တော့ စားလို့ကောင်းသွားမယ်ထင် တယ်။

လင်း said...

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ကိုဒရမ်းကြီးရေ။ ဟိဟိ အခုမှ မြင်တယ် ။

JulyDream said...

မလင်း...
အဟဲ လို့ပဲ ပြောပြီး စပ်ဖြဲဖြဲလေးပဲ နေပြတော့မယ်နော်။ နောက်ဆို မြင်အောင် ကြည့်ပေါ့။

ချက်ပြီးပြီ ဆိုတဲ့တစ်ယောက်...
ချက်ပြီးရင် နည်းနည်းလောက် ကျွေးအုံးလေဗျာ။ ဘာချက်မှန်းလည်း မပြောသွားဘူး။ ဖြစ်သလို ချက်တာပဲလား ဟင်။

မောင်ရေ...
(အမလေး ခေါ်ရတာ လျှာယားလိုက်တာနော်။ တွန့်တောင် တွန့်သွားတယ်။)စလုံးမှာ နေသားတကျ ဖြစ်ရင်လည်း ဖြစ်သလိုပဲ စားဖြစ်နေအုံးမှာပါ။ အစားအစာက ဒီပုံစံတွေပဲလေ။ မြန်မာပြည်က အစားအစာတွေပဲ ကြိုက်မိတော့ တကူးတက ၀ယ်စားဖြစ်နေမှာပါ။ အဲဒီလိုပဲ အချိန်ပေး မချက်ပဲ ဖြစ်သလိုပဲ စားနေအုံးမှာပါ ခင်ဗျ။

khin oo may said...

အစာစားနေတဲ့အချိန် ကျန်တာတွေ သွားပြောရင် စိတ်မ၀င်စားဘူးဆိုပဲဗျ။ဟုတ်မဟုတ်တော. မသိ. ဆာရင် တော. သိတ် စိတ်တိုတာဘဲ. စားပြီး မှ ရွှင်တယ်။
နဲနဲ တော.ချက် ကြည်.ပါဦးလေ. စားတတ်ရင် ချက်တတ် ရမတဲ. လူကြီးတွေ ကပြောတယ်။

JulyDream said...

ဒါဆို စားလည်း စားတတ်ဘူး။ ချက်လည်း မချက်တတ်ဘူး။ အဟီး...

ဖြစ်သလိုပဲ စားတတ်တာဆိုတော့ မချက်တတ်တာ အပြစ်မရှိပါဘူးနော်။

ဟုတ်တယ် မဟုတ်လား အစ်မ... (လူကြီးတွေက ပြောတယ်ဆိုလို့ လူကြီးကို လှမ်းမေးထားတာပါဗျာ။)

မီးငယ် said...

ဖြစ်သလိုစားတာကမိုက်တယ်ကွာ...

JulyDream said...

မမိုက်ပါဘူး မီးငယ်ရယ်။ ကျုပ်က ပေတေတာပါဗျ။ အဟ...

ဇင်ယော် said...

ဖြစ်သလို စားခြင်း သင်ခန်းစာကို လေ့လာမှတ်သား သွားပါတယ်ဗျာ။ ကျနော်လည်း အတူတူပဲဗျ။ အသင့်စားလို့ ရတဲ့ အထုပ်တွေသုံးပြီး ဟင်းချိုတစ်ခွက်တော့ ရအောင်ချက်တတ်ပါတယ်။ ကိုယ့်ဟာကိုတော့ ဟော့ပေါ့ပဲ။ သူများတွေကတော့ အသီးအရွက် ရေနွေးထဲ ထည့်ပြုတ်တာမှ ပိုကောင်းဦးမယ်ဆိုပဲ။ ဟဲဟဲ ဒီလောက်ဆို ရပြီဟုတ်။

JulyDream said...

ကိုဇင်ယော်က ကျွန်တော့်ထက် တော်တာပေါ့ဗျာ။ အနည်းဆုံး Hot Pot ဖြစ်အောင် လုပ်တတ်သေးတယ်။

မြတ်သွယ် said...

ကြက်ဥအစားနဲနေမှာပေါ့နော်
ဒီလိုလုပ်ကြည့်ပါလား ကြက်ဥကိုခေါက်ပြီးမှကြော်လေ အဲဒါဆို ဆီပူစင်မှာမကြောက်ရတော့ဘူးပေါ့ ဒီတိုင်းပဲကြိုင်တယ်ဆိုရင်လဲ ကြက်ဥကိုဖောက်ပြီးရင် အိုးထဲမထည့်နဲ့အုံး ခွက်ခလေးထဲအရင်ထည့် အိုးမှာရေမရှိရင်ဆီကအဲလောက်မပေါက်ပါဘူး မီးကိုမပူတပူ မအေးတအေးလေးနဲ့ကြော်ရင်အဆင်ပြေမှာပါ ယောက်ျားလေးပဲ ဒီလောက်တော့ သတ္တိရှိပေါ့ ဆီပူစင်ရင် ငံပြာရည်လောင်း အရာကျန်ခဲ့ရင် ကောင်မလေးမကြိုက်တော့မှာစိုးရင်တော့ မပြောတတ်တော့ပါရှင်
ကြက်ဥလဲစားချင် ဆီပူလည်းမစင်ချင်ရင်တော့ စိတ်ကိုဆွဲဆန့်ထားရမယ် အဆင်ပြေပါစေနော်...