.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, November 30, 2008

Blogger Blood Drive & Me

Singapore 1st Blogger Blood Driveမှာ သွေးလှူတဲ့အကြောင်းလေးကို ရေးမလို့ပါ။ အမှန်က မနေ့က သွားလှူဖြစ်တာ။ သွေးလှူပြီးလို့ အိမ်ပြန်ရောက်တာနဲ့ ကင်မရာထဲက ဓါတ်ပုံတွေကို ကူးပြီး Facebook မှာ အရင်တင်လိုက်တယ်။ ပြီးတော့ ပုံအချို့ကို ပြန်ရွေးပြီး ဘလော့မှာလည်း တင်ခဲ့လိုက်တယ်။ ပို့စ်တင်ပြီး သိပ်မကြာပါဘူး ကျွန်တော့်စီပုံးထဲမှာ မခင်ဦးမေက လာရေးသွားတယ်။ သွေးလှူပြီးရင် အားနည်းတတ်တယ်။ အအိပ်အနေမှန်ဖို့ သတိပြုပါ ဆိုပြီး စီပုံးမှာ သြ၀ါဒ အမှာစကား ပြောကြားသွားလို့ ရေးစရာရှိတာတွေကို ဆက်မရေးတော့ပဲ အင်တာနက်ကနေ ခြေရာဖျောက် အိပ်ချင်ယောင်ဆောင်လိုက်ပါတယ်။ လူကြီးစကားကို နားထောင်ရမယ်လေ။ ဒါကြောင့် ဒီနေ့မှ အဲဒီအကြောင်းကို ပြန်ရေးတာပါ။

မြန်မာပြည်ပေါက် စကာင်္ပူရောက် ဘလော့ဂါ တစ်ယောက်အနေနဲ့ စင်္ကာပူရဲ့ ပထမဦးဆုံး Blogger Blood Driveမှာ ဘ၀ရဲ့မှတ်တိုင်တစ်ခုအနေနဲ့ သွေးလှူချင်မိတယ်။ တကယ်ဆို ကျွန်တော် သွေးပြန်လှူလို့ရတဲ့ ရက်စွဲက နိုဝင်ဘာ ၂၃ ပါ။ အခုပွဲက နိုဝင်ဘာ ၂၉ ဆိုတော့ ၆ ရက်လောက် ထပ်စောင့်ပေးရတာပေါ့။ သွေးလှူလို့ရတဲ့ ကာလနဲ့ တိုက်ဆိုင်နေတာကြောင့် အခုပွဲမှာ နွှဲချင်တာပါ။ ဒါကြောင့် ကမကထ ကျင်းပတဲ့ nuffnang ဆိုတဲ့ အဖွဲ့ကို အီးမေးလ်ပို့ပြီး လှမ်းမေးကြည့်တယ်။ ကျွန်တော့်က ဘလော့တော့ ရေးတယ်။ ဒါပေမယ့် အင်္ဂလိပ်လို မဟုတ်ဘူး။ မြန်မာလိုပဲ ရေးထားတာဖြစ်လို့ ဘလော့ဂါသွေးလှူပွဲမှာ ပါဝင်လို့ ရမရ မေးကြည့်လိုက်တယ်။

သူတို့ဘက်က တော်တော်နဲ့ အကြောင်းမပြန်ဘူး။ ၃ ရက်လောက် ကြာမှ သွေးလှူပွဲမှာ ပါဝင်ဖို့အတွက် ဘလော့ဂါ ဖြစ်ရမယ်။ ကိုယ်အလေးချိန် အနည်းဆုံး ၄၅ ကီလိုဂရမ် ရှိရမယ်။ အသက် ၁၈ နှစ်ပြည့်ရမယ်။ သူတို့ nuffnang မှာ အဖွဲ့ဝင်ရမယ် ဆိုပြီး အကြောင်းပြန်ပါတယ်။ nuffnang ဆိုတာက Asia-Pacific's First Blog Advertising Communityပါ။ nuffnangက သူတို့အဖွဲ့ဝင်တွေရဲ့ ဘလော့အချို့မှာ ကြော်ငြာတွေ ထည့်ပါတယ်။ ဘလော့ဂါတွေကတော့ အဲဒီကြော်ငြာတင်ခအတွက် အခကြေးငွေတော့ မရဘူးပေါ့။ ဒါပေမယ့် အခြား အကျိုးခံစားခွင့်တွေ ပေးထားပုံပဲ။ ရုပ်ရှင်လက်မှတ်တွေ ပေးတယ်။ လက်ဆောင်တွေ ပေးတယ်။ အဖွဲ့က လုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ အခမဲ့ တက်ရောက်ခွင့်ရှိတယ်။

အဲဒါနဲ့ nuffnang မှာ အဖွဲ့ဝင်ဖို့ Register သွားလုပ်တော့ အဆင်မပြေဘူး။ အဲဒါနဲ့ အဖွဲ့ဝင် မလုပ်ဖြစ်ခဲ့ဘူး။ ကျွန်တော်က အဲဒီပွဲမှာ သွေးပဲလှူချင်တာပါ။ ကိုယ့်ဘလော့မှာ ကြော်ငြာတင်ဖို့တော့ စိတ်မ၀င်စားမိသေးဘူး။ သွေးလှူချင်တာနဲ့ပဲ တနလာင်္နေ့မှာ ခပ်တည်တည်နဲ့ အီးမေးလ်ပို့ပြီး သွေးလှူဖို့ စာရင်းသွင်းလိုက်တယ်။ အမည်၊ အိုင်ဒီနံပါတ်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ ဘလော့လိပ်စာ ပေးရတယ်။ သူတို့ဘက်က အကြောင်းပြန်မယ့် စာနဲ့ ဖုန်းခေါ်သံကို မျှော်လိုက်ရတာ အတော့်ကို ကြာပေါ့။ စာမလာ သတင်းမကြားပဲ။

နိုဝင်ဘာ ၂၈၊ သောကြာနေ့ နေ့လည်လောက်မှ ဖုန်းခေါ်တယ်။ အသက် ဘယ်လောက် ရှိပြီလဲ ပြန်မေးတယ်။ ကိုယ်အလေးချိန် ၄၅ ကီလိုဂရမ် ကျော်ရဲ့လား ထပ်မေးတယ်။ အသက်က ၁၈ နှစ်ထက် ၁၀ နှစ်နီးပါး ကျော်နေပြီ။ အလေးချိန်က ၇၀ ကီလိုဂရမ်လောက် ရှိနေပြီလို့ ပြောလိုက်တော့ ဟိုဘက်က ဒါဆိုအိုခေ ဆိုပဲ။ မနက်ဖြန် စနေနေ့ နေ့လည် ၁၁ နာရီမှာ သွေးလာလှူပေးပါလို့ ပြောသွားတယ်။ သွေးလှူဖို့ အချိန်တော့ ပြောင်းလို့ မရတော့ဘူးတဲ့။ အချိန်တွေ ပြည့်နေပြီတဲ့။

စနေနေ့ မနက် ၈ နာရီခွဲလောက် အိပ်ရာထရေမိုးချိုးပြီး ၉ နာရီခွဲလောက် ဘူတာကို ဆင်းလာခဲ့တယ်။ စင်္ကာပူ ကြက်ခြေနီမှာ အတူလုပ်အားပေးတဲ့ ကျွန်တော့်ရုံးက ဖိလစ်ပိုင်လေးကို သွေးလှူချင်ရင် မနက် ၁၀ နာရီ မထိုးခင် ဘူတာအရောက် လာခဲ့ဖို့ ဖုန်းဆက်ချိန်းလိုက်တယ်။ ရှေ့တစ်ခေါက်က သူနဲ့အတူတူ လှူခဲ့တာ ဆိုတော့ သူလည်း ပြန်လှူဖို့ အချိန်ရောက်နေပြီလေ။ ဘူတာနားက လက်ဖက်ရည်ဆိုင်မှာ မိုင်လို တစ်ခွက် ၀င်သောက်ရင်း ဘူတာထဲကို ၀င်လာတော့ ဖိလစ်ပိုင်လေးလည်း ရောက်နေပြီ။ အဲဒါနဲ့အတူ သွေးဘဏ်ကို ထွက်လာခဲ့လိုက်တယ်။

မနက် ၁၀ နာရီခွဲလောက် သွေးဘဏ်ရောက်တော့ အ၀င်ဝနားမှာ nuffnang အဖွဲ့ရဲ့ Registration Counter ရှိတယ်။ အဲဒီမှာ ရောက်ရှိကြောင်း သတင်းပို့ စာရင်းပေးပြီး Form ကိုယူ၊ ပြီးတော့ Recreation Room ထဲမှာ Form ဖြည့်ပြီး ထိုင်စောင့်နေရတယ်။ Recreation Room ထဲမှာ ဂိမ်းတွေ အများကြီး စီစဉ်ထားတယ်။ ဆော့နေတဲ့သူတွေ ရှိသလို ရုပ်ရှင်ကြည့်နေတဲ့သူတွေလည်း ရှိတယ်။ သွေးလှူပြီးလို့ နားနေတဲ့သူတွေလည်း ရှိတယ်။ အားလူးဖုတ်နေတဲ့သူတွေလည်း ရှိတယ်။

ကျွန်တော်တို့က ၁၁ နာရီထိုးခါနီးမှာ သွေးလှူဖို့အတွက် လာခေါ်တာနဲ့ လိုက်သွားခဲ့လိုက်တယ်။ ဆရာဝန်က သွေးပေါင်ချိန်တော့ သွေးပေါင်တွေက တက်နေတယ်။ အပေါ်သွေးက ၁၄၀ ကျော်နေတယ်။ ဆရာဝန်က ပြောပါတယ်။ ကောင်မလေးတွေ ၀တ်ထားတာ Sexy ဖြစ်လွန်းလို့ သွေးပေါင်ချိန် တက်တာ ဖြစ်မှာပါတဲ့။ ဟုတ်လည်း ဟုတ်လောက်တယ်။ nuffnang က ကောင်မလေး ၂ ယောက်ဝတ်ထားတဲ့ပုံစံက ရင်ဘက်ထဲက ရှိသမျှ အကုန်နီးပါး အပြင်ထွက်ကျ မတတ်ပဲ။ မတော်လို့ ထွက်ကျလာရင် ပြေးဖမ်းရမလားပဲနော်။

သံဓါတ်စစ်တဲ့ နပ်စ်မက မြန်မာပြည်ကပဲ။ သူနဲ့က ပွဲအတော်များများမှာ မြင်ဖူးတွေ့ဖူးနေတော့ ရင်းနှီးနေပြီ။ ဟေမိုဂလိုဗင်လို့ခေါ်တဲ့ သံဓါတ်စစ်ရင်း သူ မသိတာတွေကို မေးပါသေးတယ်။ ဘလော့ဂါဆိုတာ ဘာလဲတဲ့။ ဘလော့ဂါဆိုတာ ကိုယ့်အတွေးအမြင်တွေ ခံစားချက်တွေ အတွေ့အကြုံတွေကို အင်တာနက် စာမျက်နှာပေါ်မှာ လွတ်လွတ်လပ်လပ် သိက္ခာရှိရှိ ရေးသားတဲ့သူတွေလို့ ပြန်ပြောလိုက်တယ်။ သူက ထပ်ပြောသေးတယ်။ မြန်မာပြည်မှာ ဘလော့ဂါဆိုရင် ထောင်ချခံရတယ်နော်။ သတင်းထဲမှာ ဖတ်လိုက်ရတယ်တဲ့။ နင်လည်း ဒီမှာ နိုင်ငံသားခံပြီးမှ ဘလော့ရေးပါလား။ တော်ကြာ မြန်မာပြည် ပြန်ရောက်ရင် ထောင်ကျနေအုံးမယ်တဲ့။ သူရဲ့ အရိုးခံ စေတနာတွေကို သိမြင်ပေမယ့် ကျွန်တော် ပြုံးရုံလေး ပြုံးနိုင်တော့တယ်။

သွေးဖောက်တဲ့အခန်းမှာလည်း ကျွန်တော်နဲ့သိတဲ့ မြန်မာပြည်က နပ်စ်တွေ အများကြီး။ ၅ ယောက်လောက် လာနှုတ်ဆက်ကြတယ်။ အဲဒါမှာလည်း ဟိုဟိုဒီဒီ အာလပသလာပတွေ ပြောကြဆိုကြတာပေါ့။ သွေးစက်ပုံစံ ရင်ထိုးတွေကိုလည်း ၄ ခုတောင် ပေးလိုက်တယ်။ အမှန်ဆို ကိုယ့်သွေးအမျိုးအစားလိုက် ၁ ခုပဲ ရရမှာ။ အခုတော့ သွေးအမျိုးအစား ၄ မျိုးအတိုင်း ရင်ထိုး ၄ ခုပေးလိုက်တာပါ။

သွေးလှူပြီးတော့ အမှတ်တရ လက်ဆောင်တွေ သွားယူရသေးတယ်။ အဲဒီမှာ အမှတ်တရ တီရှပ်ရယ်၊ Brands ကြက်ပေါင်းရည်ရယ်၊ ဂုဏ်ပြုလက်မှတ် ပေးပါတယ်။ ဂုဏ်ပြုလက်မှတ်မှာ အမည်ပေါင်းတာ မှားနေလို့ နောက်တစ်ခါ အသစ်တစ်ခု ပြန်ရေးခိုင်းရသေးတယ်။ အမည်ထိုးပေးတဲ့ ကောင်မလေးက ပြောပါတယ်။ မြန်မာအမည်တွေ ပေါင်းရတာ ခက်လိုက်တာတဲ့။ အဲဒီမှာ စစ်တမ်းကောက်တာကို ထိုင်ဖြေပေးခဲ့ရသေးတယ်။

ပြီးတော့ Refreshment Area မှာ နေ့လည်စာ သွားစားလိုက်တယ်။ စားပါလို့ ပြောနေတာကို ဘယ်သူမှ မစားသေးပဲ ရှက်နေကြတာနဲ့ ဈေးဦးဖေါက် ရှေ့ဆောင်လမ်းပြ စားပြလိုက်တယ်။ ငါးဟင်း၊ ကြက်သားဟင်း၊ မှိုကြော်၊ အစိမ်းကြော် အစုံပါပဲ။ ကျွန်တော်တစ်ယောက်တည်း ဟင်းတွေထည့် ထမင်းတွေ ခူးနေတာဆိုတော့ မှတ်တမ်းတင်တဲ့ ကင်မရာမီးတွေက တဖျပ်ဖျပ်ပေါ့။ ပြုံးပြပါဆိုလို့ ပြုံးပြလိုက်ရသေးတယ်။

နေ့လည် ၁၂ နာရီခွဲမှာ သွေးဘဏ်ကနေ ပြန်ထွက်လာခဲ့တယ်။ အဲဒီနေ့မှာ သွေးလှူဖို့ စာရင်းပေးထားတဲ့ ဘလော့ဂါက ၁၆၃ ယောက်ပါ။ သူတို့ကတော့ ၁၈၀ ယောက်လောက် လာမယ်လို့ မျှော်လင့်ထားတယ်။ နေ့လည် ၁၂ နာရီကျော်တဲ့ အချိန်ထိတော့ သွေးလှူရှင် အယောက် ၆၀ ပဲ လာလှူသေးပါတယ်။ ဘာပဲဖြစ်ဖြစ် ပထမဦးဆုံးအကြိမ် သွေးလှူဒါန်းပွဲကို လုပ်ဖြစ်အောင် လုပ်နိုင်ခဲ့ပြီးပြီဆိုတော့ နောက်ပိုင်းမှာ ဒီလိုပွဲမျိုးတွေ ဆက်လုပ်နိုင်လာမယ့် အနေအထားကို မြင်မိနေလို့ ၀မ်းသာမိပါတယ်။ ဘယ်အရာမဆို အစပဲ ခက်တာလေ။ စဖြစ်အောင် စလိုက်ပြီးပြီဆိုရင် နောက်ပိုင်းက အဆင်ပြေသွားရောဗျ။

ကျွန်တော့်ရဲ့ စင်္ကာပူကျွန်းမှာ ၇ ကြိမ်မြောက် သွေးလှူတာက မြန်မာပြည်ပေါက် စကာင်္ပူရောက် ဘလော့ဂါ တစ်ယောက်အနေနဲ့ Singapore 1st Blogger Blood Drive ဖြစ်နေတာကလည်း ဘ၀မှာ အမှတ်တရပေါ့။ တကယ်တော့ ကျွန်တော်ဟာ ခုနစ်ဆိုတဲ့ ဂဏန်းတွေကြားမှာ ပျော်ဝင်နေတဲ့ ဇူလိုင်အိပ်မက်တစ်ခုပါပဲခင်ဗျာ။။

9 comments:

GreenGirl said...

သာဓုပါရှင့်။ သွေးလှူတာ သိပ်မွန်မြတ်ပါတယ်။ GreenGirlတော့ တစ်ခါပဲ လှူဖူးတယ်

အလှတရား said...

ပျော်စရာကြီး

း)

sin dan lar said...

အရင်၁ ခါသွေးလှူပွဲတုံးကလိုကောမန့်ပဲ ထပ်ရေးတော့မယ်...
သာဓု၊ သာဓု၊ သာဓုပါ

khin oo may said...

စဉ်းစားနေတယ်......
ဘာလဲလိဲု့ …….လာမေးမယ် မဟုတ်လား။ သနားလို့ အဖြေပေးလိုက်မယ်။ ဘာဖြစ်လို့ ဆရာမလေးတွေနဲ့သိနေရတာလဲလို့။ ရန်ကုန်မှာတုံးက ဆရာမများဂေဟာ မှာ one of the ခိုင(်သော်တာဆွေ ရညာ်စားနာမည်)်နဲ့ ရည်းစာဖြစ်ခဲ့လို့ ဖြစ်မယ်။

SZA said...

ကြော်ငြာတွေ တင်ပေးတာ ဘလော့ပိုင်ရှင်တွေကို ကြော်ငြာခ ပိုက်ဆံပေးပါတယ် တစ်နှစ်ကျော်ကျော်ကြာတာမှာ တော်မီတောင် စင်ကာပူဒေါ်လာ၁၀၀လောက်ရနေပြီ. ပိုက်ဆံမထုတ်သေးတာ..

JulyDream said...

Sorry Tommy ရေ...
ကြော်ငြာခအတွက် ပိုက်ဆံ မရဘူး ထင်လို့ပါ။ အခုလို သိထားတာလေးကို ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

- said...

မွန်မြတ်တဲ့ ကုသိုလ်အတွက် သာဓု ၃ ကြိမ် ခေါ်ပါတယ်။ လေးစားမိပါတယ်

http://winzaw-mdy.blogspot.com/

အိမ်မက်ရှင် said...

ရှိရှိသမျှ အလှူဒါနတွေထဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းလှူဒါန်းခြင်းဖြစ်တဲ့ သွေးလှူဒါန်းခြင်းဟာ
မွန်မြတ်ဆုံးသော အလှူဒါနပါပဲ ...ကိုဂျူလိုင် ...
ကြည်နူးဝမ်းမြောက်စွာ သာဓု သုံးကြိမ်ခေါ်ဆိုမိပါရဲ့ဗျာ ...။

JulyDream said...

သာဓုတွေ ခေါ်တဲ့သူတွေအတွက် အမျှတွေ ပေးလိုက်ပါတယ်။ reverse engineering လို့ သဘောထားကျပေတော့။ အဟီး...