.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, November 21, 2008

A piece of gipsy life-1

ဖြတ်သန်းခဲ့တဲ့ ဘ၀အခိုက်အတန့်မှာ အမှတ်တရ ရှိခဲ့တာတွေကို ဟိုဟိုဒီဒီ ရေးမလို့ပါ။ ကောင်းတာတွေလည်း ဖြစ်နိုင်သလို မကောင်းတာတွေလည်း ဖြစ်နိုင်ပါတယ်။ ထုံးစံအတိုင်း ပြောရရင် အမြင့်ကြီး မတွေးထားပါနဲ့။ ကျွန်တော်ဟာ သာမာန်လူထဲက လူပါပဲ။ အတွေးထဲမှာ ပေါ်လာတာတွေကို မှတ်တမ်းတင်တဲ့ သဘောလေးပါ။

လောလောဆယ် သတိရနေတာက ကျွန်တော့်ထက် ၅ နှစ်လောက် အသက်ကြီးတဲ့ လူတစ်ယောက်။ သူနဲ့က ငယ်ပေါင်းတွေ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကမှ သိခဲ့တာ။ ကွန်ပျူတာ ဂိမ်းဆော့ရင်း သိခဲ့ရတဲ့သူပေါ့။ ဂိမ်းထဲမှာ သူ့နစ်ခ်က ဒိန်းဂျား ဆိုပဲ။ Counter Strike ဂိမ်းတွေ ဆော့ဖြစ်ကြတော့ သူနဲ့ အဖွဲ့ကျသွားတယ်။ အစဦးပိုင်းမှာ သူက မောက်စ်တောင် သေချာမကိုင်တတ်ဘူး။ ချာလပတ် ရမ်းနေတယ်။ နောက်ပိုင်းကျတော့ သူ့ပစ်ချက်တွေက ကိုယ်ထက်သာသွားတယ်။

သူက ငွေကို ရေလိုသုံးနိုင်တယ်။ သုံးနိုင်မှာပေါ့ သူက ချဲဒိုင်လုပ်တာကိုး။ ဒါတွေက နောက်မှ သိတာပါ။ သိပြီး သိပ်မကြာဘူး... သူလည်း ရဲဖမ်းလို့ ထောင်ကျသွားတယ်။ နယ်ကနေ ရန်ကုန်ကို ဒီအတိုင်း အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ တက်လာပြီး ရေသန့်ထမ်းတဲ့ ဘ၀ကနေ ချဲဒိုင်ကိုင်တဲ့ ဘ၀အထိ အဆင့်ဆင့် ပြောင်းလဲခဲ့တာပါ။ ကိုယ်ပိုင်အိမ် မ၀ယ်နိုင်သေးပေမယ့် ယူထားတဲ့ မိန်းမကို တင့်တင့်တယ်တယ် ထားနိုင်ခဲ့တယ်။ သားလေး မွေးပြီး မကြာခင်မှာပဲ သူ ထောင်ကျသွားတယ်။ အမှုရင်ဆိုင်ချိန်မှာ မိန်းမဘက် အမျိုးတွေက အတင်းအကျပ် ကွာရှင်းခိုင်းလို့ သူ ကွာရှင်းပေးခဲ့လိုက်တယ်။

သူ့ကို စီရင်ချက်ချတဲ့နေ့က ဂိမ်းအတူတူ ဆော့ခဲ့တဲ့ ကျွန်တော်တို့တစ်ဖွဲ့လုံး တရားရုံးရှေ့မှာ ရှိခဲ့တယ်။ ၁၀ ယောက်ကျော်ပေါ့။ အချုပ်ကားလေးနဲ့ ထောင်ကို ပို့တဲ့အချိန် သူက အ၀တ်ဖြူလေးနဲ့ပေါ့။ ငါ ပြန်လာခဲ့မယ်။ မင်းတို့တွေ လက်မကျစေနဲ့နော်... ကြိုးစားထား... လို့ ပြုံးပြုံးလေး ပြောပြီး အချုပ်ကားရဲ့ သံတိုင်ကြားကနေ သူ လက်ပြခဲ့တယ်။ အဲဒီနောက်ပိုင်း ကျွန်တော် သူ့ကို နှစ်နဲ့ချီပြီး မတွေ့ဖြစ်တော့ဘူး။ ထောင်ဝင်စာလည်း သွားမတွေ့ဖြစ်ခဲ့ဘူး။

သူနဲ့ပါတ်သတ်ပြီး သတိထားမိတာက သူက မိန်းမကျမ်းကျေတယ်လို့ ဆိုရမလားပဲ။ ဒါမှမဟုတ် စကားပြော ကောင်းတယ်လို့ပဲ ပြောရမယ် ထင်တယ်။ သူ့မှာ ရည်းစားတွေ အများကြီးပဲ။ ပြီးတော့ သူ့ရုပ်ရည်နဲ့ ယှဉ်ရင် သူယူထားတဲ့ မိန်းမက အတော်လေးကို ချောပါတယ်။ အသားလည်း ဖြူတယ်။ သူကတော့ မဲကျုတ်နေတာပဲ။ အဝေးသင်တက္ကသိုလ်မှာ အနီးကပ်သင်တန်းတွေ တက်ရင်း ကြိုက်ခဲ့တဲ့ ရည်းစားတွေထဲက အချောဆုံးကို ရွေးခဲ့တယ်လို့ ပြောတာပါပဲ။ သူ့မိန်းမက ဆွေမျိုးအင်အား တောင့်တင်းတယ်။ သူ့လို့ တစ်ကောင်ကြွက် မဟုတ်ဘူး။ သူနဲ့ သဘောမတူကြဘူး။ အဲဒါကို ရအောင် ယူခဲ့တယ်။ ကျွန်တော်ကတော့ သူ့ကို ကျီးကန်း ဘဲဥချီလာတယ်လို့ စစနောက်နောက် ပြောခဲ့ဖူးတယ်။

သူ ထောင်က လွတ်လာတော့ ကျွန်တော်က စင်္ကာပူ ရောက်နေပြီ။ ဂျီတော့ခ်နဲ့ တစ်ခါ စကားပြောဖြစ်တယ်။ လုပ်ငန်းတွေ ပြန်စချင်လို့ ငွေချေးပါဆိုတာနဲ့ ၅ သိန်း ချေးလိုက်ရသေးတယ်။ အဲဒီနောက်ပိုင်း သူ စီးပွါးရေး အဆင်ပြေပုံပဲ။ ဟန်းဖုန်းတွေတောင် ငှားပြီး သုံးလာနိုင်တယ်။ မိန်းမနဲ့ ပြန်ပေါင်းဖို့ သူကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ဘူး။ ဒီလိုနဲ့ ပေပေတေတေ ပွေနေခဲ့တာပေါ့။ ရည်းစားတွေလည်း အများကြီးပေါ့။

နာဂစ်ဖြစ်တဲ့အချိန်မှာ ကျွန်တော် ရန်ကုန်ကို ရောက်နေခဲ့တယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖြစ်တော့ သူလည်း လုပ်အားပေး ကူညီခဲ့တယ်။ မငြီးမငြူပဲ လူအား ငွေအား အချိန် အကုန်ပံ့ပိုးခဲ့တယ်။ ရန်ကုန်မြို့မှာ မီးမလာ ရေတွေ ပြတ်နေလို့ ပြည်သူတွေ အတော် အတိဒုက္ခ ရောက်ခဲ့ကြတော့ ကျွန်တော်တို့ မီးစက်ကြီးတွေ ရေစုပ်စက်ကြီးတွေနဲ့ ဆင်းရဲတဲ့ ရပ်ကွက်တွေမှာ နေ့ရောညပါ ရေလိုက်တင်ခဲ့ကြတယ်။ သူ့ကို မရမ်းကုန်း အပိုင်းကို ကြီးကြပ်ဖို့ သူငယ်ချင်း တစ်ယောက်နဲ့အတူ တာဝန်ချထားခဲ့လိုက်တယ်။ ကျွန်တော်ကတော့ မြို့နယ်ပေါင်းစုံကို လိုအပ်သလို ပြေးလွှားနေရတာပေါ့။ သူငယ်ချင်းတစ်ယောက်က သူ့ကားလေးနဲ့ ဒိုင်ခံ လိုက်ပို့နေလို့ တော်သေးရဲ့။

ဒီလောက် ခေတ်ကြီး ပျက်နေတဲ့အချိန် ကိုယ်တော်ချောက ပွေတုန်းပဲ။ မရမ်းကုန်းမှာ အထိုင်ချထားတာတောင် ရည်းစားနဲ့ ချိန်းပြီး သမိုင်းလမ်းဆုံက တည်းခိုခန်းမှာ နေ့လည်ပိုင်းကြီး သွားအိပ်ကြသေးတယ်။ ကျွန်တော်က မရမ်းကုန်းဘက်ကို လမ်းကြုံလို့ ၀င်ကြည့်တော့ သူ မရှိဘူး။ ဟိုတစ်ယောက်ပဲ ကျန်တယ်။ မေးကြည့်တော့ ကောင်မလေး တစ်ယောက် လာခေါ်သွားလို ထမင်းစား ထွက်သွားတယ် ဆိုပဲ။ ညဘက်မိုးချုပ် ပြန်လာမှ မေးကြည့်တော့... ကိုယ်တော်က ချစ်ဗျူဟာ ခင်းနေတာကိုး။ ဒီနေ့ ပင်ပန်းတယ်ကွာ... ဆိုပြီး ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတဲ့ တိုက်ခန်းမှာ ၀င်အိပ်သွားပါလေရော။

အဲဒီတိုက်ခန်းမှာ ကျွန်တော် ရှိတဲ့အချိန်မျိုးမှာ သူ့ကို လာတွေ့တဲ့ ကောင်မလေးတွေက တစ်နေ့ တစ်မျိုး မရိုးရအောင်ပဲ။ အိမ်ထောင်ကျဖူးတယ်။ တစ်ခုလပ် ဆိုတာလည်း သူတို့ သိကြတယ်။ ဒါလဲ ဖုန်းဆက်လိုက် လက်ဖက်ရည်ဆိုင် ထိုင်လိုက် အကြော်ဆိုင် ထိုင်လိုက်နဲ့။ တချို့ဆို နာဂစ်ကာလအတွင်းမှာ လိုရင်လိုသလို သူသုံးဖို့စွဲဖို့ဆိုပြီး ပိုက်ဆံတွေတောင် ပေးထားခဲ့သေးတယ်။ ကျွန်တော်နဲ့ ကျောင်းနေဘက် သူငယ်ချင်းရဲ့ ညီမတောင် ပါလိုက်သေးတယ်။ သူနဲ့ဆို အသက်က ၁၀ နှစ်ကျော်တောင် ကွာနေတာ။ ဘာတွေများ ဒီလောက် စွမ်းနေသလဲ မသိဘူး။ တကယ်ကို လိုက်လို့မမှီပါဘူး။

နာဂစ်အပြီး ၃ လ လောက်မှာ သူ သွေးလှူဖို့ဆိုပြီး သွေးစစ်တော့ ဘီပိုး ထိနေတယ် ဆိုတာ သိလိုက်ရတယ်။ သူလည်း အတော် စိတ်ဓါတ်ကျသွားပုံပဲ။ အသားအရည် ဖြူဖတ်ဖြူရော် ပုံစံနဲ့ ဓါတ်ပုံထဲမှာ တွေ့လိုက်ရတယ်။ အဲဒီ ဘီပိုးက သူ ထောင်ကျတုန်းက ရလာတာလား။ ဒါမှ မဟုတ် သူ့ရည်စားတွေနဲ့ ချစ်ပွဲတစ်ရာ နွှဲရင်းကနေ ကူးတာလား။ ဒါဆို ဘယ်နှစ်ယောက်တောင် ဘီထိသွားပြီလဲ။ သေချာတာက သူ့ရည်းစားတွေ အကုန်နီးပါး ဘီပိုး ထိနိုင်တယ် ဆိုတာပါပဲ။ ဘီပိုးကာကွယ်ဆေး မထိုးထားရင်တော့ ထိနိုင်ပြီလေ။

ကျွန်တော်ကတော့ ဖုန်းထဲကနေ တစ်ခွန်းပဲ မှာလိုက်ပါတယ်။ ဒိန်းဂျား... ကွန်ဒုံး သုံးဖြစ်အောင် သုံးပါ...

6 comments:

ဆိုးသွမ်း said...

စိတ်ဝင်စားဖို့ကောင်းတယ် အစ်ကို။
လုပ်ပါဦး နောက်အပိုင်းလေးတွေ

strike said...

ဟိုလေ ဘာရယ်တော့မဟုတ်ပါဘူး၊ပိုက်ဆံချေးတာထပ်တွေ့
လိုက်လို့ပါ ငွေတိုးများချေးစားနေလားဟင်။

JulyDream said...

ဆိုးသွမ်းရေ...
ရေးအုံးမှာပါ... စိတ်ချ စိတ်ချ...

Strike
ကျွန်တော် ချစ်တီး မဟုတ်ပါ။ ချစ်တီး မဟုတ်ဘူး ဆိုတာကြောင့် ချီးတစ်တာ မဟုတ်ဘူးလို့ သွယ်ဝိုက်သောအားဖြင့် အဓိပ္ပါယ် မသက်ရောက်စေရ။

မေသူပိုင် said...

ဒီတစ်ခါ စင်ကာပူလာရင်တော့ ကိုဂျုလိုင်ဆီက ပိုက်ဆံဝင်ချီးအုံးမှဘဲ....
သေသေချာချာမှာလိုက်မယ်
ဒိန်းဂျား ......ဖုံးနံပါတ် မပေးမိစေနဲ့

Dr. Junior said...

ဆရာဝန်ဆိုတော့ နောက်ဆုံး ဝါက အကြိုက်ဆုံးပဲ။
ဒိန်းဂျားဆီကရော ပညာတွေ တော်တော်ရလိုက်လား။ ၅သိန်းချေးတာမဟုတ်ပဲ ဥာဏ်ပူဇော်ခ ပေးလိုက်တာလားလို့။ စတာနော်။ ကျနော်လည်း နည်းနည်း သင်ပေး။ :P

JulyDream said...

အဖျော်ဆရာမလေး မေသူပိုင်က ကိုဒိန်းဂျား ဖုန်းနံပါတ်ကို လိုချင်လို့လား ခင်ဗျ။ ကျွန်တော့်တောင် သူ့ ဖုန်းနံပါတ် မသိတော့ဘူး။ သူ့ဖုန်းက ထပ်ပြောင်းသွားပြီလေ။

ဆရာဝန်ကြီး ဂျူနီယာ ခင်ဗျ။
နောက်ဆုံး ၀ါကျလို့ ကျွန်တော် ပြင်ဖတ်လိုက်ပါတယ် ခင်ဗျ။ ကျွန်တော့်ကို သင်ပေးပေမယ့် အဲဒါတွေ မသုံးဖြစ်ဘူးခင်ဗျ။ ကျွန်တော်က အသုံးမကျတာပဲ ထင်ပါတယ်။