ခင်မင်မှုဆိုတာ ချက်ခြင်းဖြစ်တည်လာတာမျိုး မဟုတ်ပါဘူး။ မြင်မြင်ချင်းကို ချစ်မိတယ်... ဆိုတာ ရှိသလိုမျိုး မြင်မြင်ချင်းကို ခင်မိတယ်... ဆိုတာ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်က ခင်သွားပေမယ့် တခြားတစ်ဘက် ကိုယ်ခင်မင်သလို ခင်မင်ချင်မှ ခင်မင်မှာပါ။ လက်ခုပ်တီးသလိုမျိုးပါပဲ။ လက်နှစ်ဘက် စည်းဝါးညီညီ တီးမှ အသံကောင်းကောင်း ထွက်မှာပါ။ လက်တစ်ဘက်ထဲနဲ့ တီးနေလို့ကတော့ အသံမြည်ရုံလေး တဖတ်ဖတ် ဖြစ်နေမှာပါ။ ခင်မင်မှုမှာလည်း အပြန်အလှန် စည်းဝါးညီဖို့ လိုအပ်လှပါတယ်။
ရောမမြို့ကြီးကို တစ်ရက်တည်းနဲ့ အပြီးတည်ခဲ့တာ မဟုတ်ပါဘူး။ ဖြေးဖြေးချင်း ဖြေးဖြေးချင်း အချိန်ယူ တည်ဆောက်ခဲ့တာပါ။ ဒီလိုပါပဲ ခင်မင်မှုဆိုတာလည်း နတ်ရေကန်ထဲ ပစ်ချလိုက်သလို ၀ုန်းဒိုင်းကြီး ရှင်သန် ပေါက်ဖွားလာတာမျိုး မဟုတ်ပါဘူး။ အကြောင်းတိုက်ဆိုင်လို့ ကြုံဆုံခဲ့ပေမယ့် ခင်မင်ချင်မှ ခင်မင်မှာပါ။ နေ့စဉ်နီးပါး ပြောဆို ဆက်ဆံ ထိတွေ့နေမှုကနေတဆင့် ခင်မင်မှုတွေ တိုးပွါးလာရတာမျိုးလို့ ယူဆမိပါတယ်။ ကျွန်တော့်အမြင်တွေ ဖြစ်တဲ့အတွက် မှားကောင်းမှားနိုင်ပါတယ်။
ကျွန်တော့်ရဲ့ ဂျီတော့ခ်မှာရှိတဲ့ တချို့တလေက ပြောကြပါတယ်။ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ကိုဇူလိုင်က ခင်မင်စရာ မကောင်းဘူးတဲ့။ Friendly မဖြစ်ဘူးပေါ့။ စကားပြောတာလည်း အရမ်းကို ပြတ်တယ်။ ဘုဘောက်ကလည်း ကျသေးတယ်။ ဂွကျကျလူကြီးပေါ့။ စကားလည်း နည်းတယ်တဲ့။ နာမ်စားတွေကိုလည်း ခင်ဗျားတို့ ကျုပ်တို့ ညည်းတို့လည်း သုံးတော့ အညာသားလိုလို ဘာလိုလိုနဲ့တဲ့။ တကယ်တော့ ကျွန်တော်က ရေမရောတဲ့ ရန်ကုန်သားစစ်စစ်ပါ။ သူတို့တွေ ဝေဖန်တာကို ပြန်ပြီး ဆင်ခြင်သုံးသပ် ကြည့်တော့လည်း ဟုတ်နေပါတယ်။ အဲဒါက ကျွန်တော့်ပုံစံပါပဲ။
ကိုဇူလိုင်ဆိုတဲ့ ကျွန်တော်ဟာ ကာလတစ်ခုအတွင်းမှာတော့ တကယ်ကို ခင်မင်စရာ လုံးဝမကောင်းတဲ့ လူ့ဂွစာတစ်ယောက်ပါပဲ။ ကျွန်တော့်ရဲ့ ဗီဇအရ ခင်မင်မှုစည်းတွေ အထပ်ထပ် ရှိနေပါတယ်။ အလွယ်တကူ မခင်တတ်ဘူး။ အလွယ်တကူ မမုန်းတတ်ဘူး။ ကျွန်တော် သတ်မှတ်ထားတဲ့ စည်းအတွင်းမှာ ရှိတဲ့ သူတွေကို အဲဒီအတိုင်း ဆက်ဆံပါတယ်။ တစိမ်းလိုဖြစ်နေသေးတဲ့ သူကို ပုံမှန်လေး ဆက်ဆံပါတယ်။ ခင်မင်မှုဆိုတာ သူတို့အပေါ်မှာ လုံးဝ မရှိသေးပါဘူး။ နည်းနည်းလေး ခင်မင်သလိုလို ဖြစ်နေတဲ့လူကို ဆက်ဆံတဲ့ပုံစံကျတော့ တစ်မျိုးပြောင်းသွားပါပြီ။ နွေးနွေးထွေးထွေးလေး ပြောဆိုတယ်ပေါ့ဗျာ။ အတော်လေး ခင်မင်တဲ့လူကျတော့ ရင်းရင်းနှီးနှီး နောက်နောက်ပြောင်ပြောင် ပြောဆိုဆက်ဆံပါတယ်။
ပြောမနာဆိုမနာ အဆင့်က သူငယ်ချင်းတွေနဲ့ ဂျီတော့ခ်မှာဖြစ်ဖြစ် ဖုန်းထဲမှာဖြစ်ဖြစ် ပြောဆိုမိရင်တော့ ဆဲဆိုတဲ့စကားမျိုးတွေ မိုးမွန်နေအောင် ပေါက်ကရရှစ်ဆယ် ပြောပြီးမှ လိုရင်းရောက်ပါတယ်။ သူတို့တွေနဲ့ ဂျီတော့ခ်မှာ တွေ့တွေ့ချင်း နှုတ်ဆက်တဲ့ အသုံးအနှုန်းလေး အချို့ကတော့... ခွေးကောင်၊ ၀က်မ၊ လဒ၊ ချီးပိုးထိုး၊ လင်တရူးမ၊ သောက်ကောင်၊ သောက်ရူး၊ သောက်ပေါကြီး၊ ချီးပေ၊ နှာဘူး၊ အပေအတေ စတာတွေ့ပေါ့။ အဲဒါက အပြန်အလှန် နှုတ်ဆက်ရင် စခေါ်တဲ့ အမည်တွေပါ။ နှုတ်ဆက်တာကလည်း အရမ်းကို ယဉ်ကျေးတယ်နော်။ ပြောမနာ ဆိုမနာအဆင့် ရောက်ဖို့ အတော်ကို မလွယ်တာပဲ။ ဟဟ...
ဒါပေမယ့် အခုပြောနေတဲ့ စည်းထဲမှာတော့ ကိုယ့်ထက် အသက်အရွယ်ကြီးတဲ့ သူတွေကတော့ ချွင်းချက်ပါ။ သူတို့ကိုတော့ အမြဲတမ်း ရိုသေသမှုထားပါတယ်။ ပြောမနာ ဆိုမနာ အဆင့်ထိ ရောက်နေပေမယ့်လည်း ရိုင်းတဲ့စကားတွေ မပြောပါဘူး။ ဒါပေမယ့် ကျွန်တော့်ထက် အသက်အရွယ်ကြီးတဲ့ သူတွေလည်း ကျွန်တော့်ရဲ့ နောက်ပြောင် ပြောဆိုမှုကနေ မလွှတ်ရှာကြပါဘူး။ သူတို့တွေနဲ့ပလွှတ်ရှလွှတ်တွေ ပြောတတ်ပါတယ်။
စကားပြောတာ ပြတ်တာကတော့ ကျွန်တော့်ပုံစံပါပဲ။ အလေးထားပြီး ပြောရမယ့် စကားတွေမှာ လိုရင်းကို အဓိက ရောက်အောင် ပြတ်ပြတ်ပဲ ပြောပါတယ်။ ဟေးလားဝါးလား ပြောတဲ့အချိန်မှာတော့ တစ်မျိုးပေါ့။ နောက် အသုံးအနှုန်းအချို့က အညာသားဆန်ပါတယ်ဆိုတာ ဟုတ်နိုင်ပါတယ်။ အသက်ငယ်တဲ့ ညီမအရွယ်တွေကို နာမ်စားသုံးရင် ညည်းဆိုတာနဲ့ပဲ ပြောဆိုပါတယ်။ ကျွန်တော့်ကိုတော့ ကျုပ်လို့ နာမ်စားပြုထားတယ်။ တခါတလေ ကျွန်တော်လို့ ပြောင်းသုံးပြန်တယ်။ ညီမလေးရေ... အစ်ကိုကြီးကလေတို့ မပြောတတ်ဘူး။ တကယ်ကို လျှာယားစရာပဲ။ ကိုယ့်ထက် အသက်ကြီးတဲ့ သူတွေနဲ့ ပြောရင်တော့ ကျွန်တော်လို့ပဲ သုံးပါတယ်။
ဘုဘောက်ကျတယ်။ ဂွကျတယ်ဆိုတာလည်း မှန်ပါတယ်။ ကရကဋ်တို့ ထုံးစံအတိုင်း ဘေးတိုက်လျှောက် ကန့်လန့်တိုက်တတ်ပါတယ်။ စကားပြောနေရင်း အကောင်းကနေ ရုတ်တရက် ဘုဘောက်ကျတဲ့ စကားတွေ ပြောတတ်ပါတယ်။ တခါတလေ အမြင်တွေ မတူလို့ ဘုဘောက်ကျတာ ဖြစ်သလို တခါတလေ နောက်ပြောင် ကျီစယ်ချင်လို့ ဂွကျကျစကားတွေ ပြောတာမျိုးလည်း ရှိပါတယ်။ တခါတလေကျတော့ သရော်ချင်လို့ပါ။ အဲဒါကလည်း အတွင်းစည်းထဲမှာ ရှိနေတဲ့သူတွေနဲ့ ပြောမှ ဘုဘောက်ကျတာပါ။
စကားနည်းတာကတော့ အမြဲတမ်း မမှန်ပါဘူး။ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေကတော့ ကျွန်တော့်ကို သာလိကာနဲ့ တူတယ်လို့တောင် ပြောကြတယ်။ ကျွန်တော့်အနေနဲ့ ပြောစရာ စကားရှိနေရင် ပြောဖြစ်ပါတယ်။ ပြောစရာ စကားမရှိရင်တော့ ဘာပြောရမလဲပေါ့ဗျာ။ ပြောစရာဆိုတာကလည်း စိတ်ဝင်စားတာလည်း ဖြစ်အုံးမှပါ။ တချို့က ဟောလီးဝုဒ်က ရုပ်ရှင်တွေ ကိုရီးယားကားတွေ မင်းသားမင်းသမီး အကြောင်းတွေ လာပြောကြတယ်။ ခက်တာက ကျွန်တော် အဲဒါတွေကို တစ်ခုမှ မသိသလို သိအောင်လည်း မကြိုးစားထားဘူး။ အဲဒီတော့ ကျွန်တော် ဘာပြန်ပြောရမလဲ။ အင်း... သြော်... ဟုတ်လား... ကောင်းတာပေါ့... ဒါမျိုးတွေပဲ ရေလိုက်ငါးလိုက် ထူးနေရတာပေါ့။ အဲဒီလိုနဲ့ ကိုဇူလိုင်က စကားနည်းတယ်။ စကားပြောလို့ မကောင်းဘူး ဖြစ်သွားရော။ ဟဟ...
နောက်တစ်ချက်က ဘားဂလစ်ရှ်ပေါ့။ ဘားဂလစ်ရှ်နဲ့ လာပြောရင် ကျွန်တော် စကားပြောချင်စိတ် မရှိပါဘူး။ စကားပြောချင်စိတ် မရှိတာက... အဲဒီဘားဂလစ်ရှ်ကြောင့်ပါ။ အဲဒီ ဘားဂလစ်ရှ်ကို လိုက်ဖတ်ပြီး အသံထွက် ဘာသာပြန်နေရတာနဲ့ ကိုယ်က ဘာပြန်ပြောရမယ်ဆိုတာကို စိတ်ထဲမှာ ချက်ချင်း ပေါ်မလာတော့ဘူး။ ပေါ်လာပြန်တော့လည်း ဘားဂလစ်ရှ်နဲ့ ပြန်မရေးတတ်ဘူး။ အင်္ဂလိပ်လို ပြန်ပြောတော့လည်း ဘိုရူး ဆိုပဲ။ ကျွန်တော့်ရဲ့ အင်္ဂလိပ်စာ အသံထွက် ညံ့တာကလည်း ဘားဂလစ်ရှ်ကို နားမလည်စေတာပါ။ သူတို့အပြစ် မဟုတ်ပါဘူး။ ကျွန်တော့် အပြစ်ပါ။ ဒါနဲ့ပဲ ရေလိုက်ငါးလိုက် မေးထူးခေါ်ပြော ဖြစ်သွားရော။
ဒီလို ဒီလို အချက်တွေကြောင့် ကျွန်တော် ကိုဇူလိုင်တစ်ယောက် ခင်မင်လို့ မကောင်းတဲ့ သူတစ်ယောက် ဖြစ်သွားရပါတယ်။ ခင်မင်လို့ ကောင်းမကောင်းဆိုတာ လက်ရှိဘယ်စည်းထဲမှာ ရောက်နေသလဲဆိုတာပေါ် မူတည်ပါတယ်။ တစ်ခါတည်း ရေးလိုက်ပါအုံးမယ်။ ကိုယ်ဘယ်အဆင့် ရောက်နေသလဲဆိုတာကို ကျွန်တော့်ကို လာမမေးကြပါနဲ့။ ဘယ်တော့မှ ဖြေမှာ မဟုတ်ပါဘူး။ ဒါက တောစီးကရက်ပါ။ စိတ်ဝင်စားရာ နယ်ပယ်တူပြီး ထိတွေ့ ပြောဆို ဆက်ဆံမှုတွေ များလာတာနဲ့အမျှ ခင်မင်မှူစည်းဝိုင်းမှာ ရာထူးအဆင့် တိုးပေးသွားမှာပါ။ အတွင်းစည်းထဲ ရောက်လာလေလေ ခင်မင်စရာ မကောင်းဘူးဆိုတဲ့ အတွေးတွေ ကြက်ပျောက် ငှက်ပျောက်လို ချက်ချင်း ပျောက်သွားပြီး ဟ... ဒီလူကြီးက စတာနောက်တာ ကြမ်းတယ်နော် ကြောက်စရာကြီးဆိုတာတွေ ဖြစ်လာပါလိ့မ်မယ်ဗျာ။ အဟက်...

15 comments:
မှန်ဟင့်သလောက်တော့ မှန်ပါတယ်။
ဒါပေမဲ့ တသက်လုံးတွေ့မြင်ထိတွေ့ ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဆိုပေမဲ့ နှစ်ဘယ်လောက်ကြာကြာ ရင်ထဲကနေခင်မင်မှုဖြစ်တည်မလာတာရော အံ့သြစရာမကောင်းဘူးလား...
တခါတလေကျတော့လည်း ခနလေးတွေ့ပီး အရမ်းကိုခင်မင်သွားခဲ့တာတွေကျတော့ရော မဆန်းဘူးလား..။
အဲဒါတွေက ပြောပြဖို့တော်တော်ခက်တယ်။ မသိစိတ်နဲ့လဲ နဲနဲပက်သက်မယ်ထင်တယ်။
လူဂွစာတဲ့ ..ဟားဟား တူတယ် အဲဒီတချက်တော့
တချက်တချက်ထဖောက်တာပေါ့ဗျာ. တဖက်လူစကားကို အဝင်ခါးလာတဲ့အခါပေါ့..။
ကိုပင်ပုကျစ်ဂွပါဆိုဗျာ
ကိုဇူလိုင်ကြီးရေ… ကိုယ့်ကိုယ်ကိုယ် ဘယ်စည်းထဲ ရောက်နေလဲဆိုတာ နဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်ဦးမှပဲ..( တောစီးကရက်ဆိုလို့ မေးတော့ဘူး):P ဂဏန်းဆိုတော့ ခွေးတို့၊ ၀က်တို့လို့ တိရစ္ဆာန်မျိုးနွယ်ဝင်ထဲတော့ ပါနေပြီပေါ့…။
ကရကဋ်တွေ ကန့်လန့်တိုက်တတ်တာကတော့ ပြောမနေပါနဲ့တော့… တစ်ခုခုဆို နည်းနည်းလေးတော့ ဘုဘောက်ပြောလိုက်ရမှ ကျေနပ်တယ်…အဟက်
ခင်မင်မှုမှာ စည်းဝါးညီဖို့ လိုတာတော့ အမှန်ပါပဲ။ တခါတလေ စကားသာပြောနေတယ်… စည်းမကိုက် ၀ါးမကိုက် လူမျိုးဆို ဘယ်လိုမှကို ခင်မင်တဲ့စိတ် ဖြစ်မလာပါဘူး။ စည်းဝါးကိုက်လို့ ရင်းနှီးသွားပြီဆိုရင်တော့ ဘယ်လိုပဲနောက်နောက် တော်ရုံနဲ့ စိတ်မဆိုးဖြစ်တော့ဘူး။ အလွယ်တကူ မခင်တတ်၊ အလွယ်တကူ မမုန်းတတ်တာကရော ကရကဋ်တွေရဲ့ သဘာဝများလား မသိဘူးနော်…။
အော် ကိုဇူလိုင်လဲ ကရကဋ်ဘဲကိုး။
ရာသီဖွားခြင်းသာ မတူတာ..။ ပုံစံခြင်းက ချွတ်စွတ် :P
လူ့ဂွစာကြီးပေါ့လေး..မှတ်ထားဦးမှ
တို့က ရာထူးမက်တယ်ဟေ့ ... ဗိုလ်ချုပ်မှူးကြီးပဲ လုပ်မယ် အဟက် ...။
I dun like to write in burglish too... :D
တောစီးကရက်တွေ.. တောဇီးကွက်တွေ ဆိုတော့ ..
မေးဘူးပေါ့ .. ဦးလေးကလည်း ဆိတ်ချေးပဲ .. အဲလေ.. စိတ်ကြီးပဲ .. ဟာဟ..
ဒါတောင် ခင်တဲ့လူမရှိဘူးတဲ့။ ကွန်းမန့်တွေအများကြီးရထားတာများ။
ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာရင်ပြီးရောမဟုတ်လား။
တစ်ခါတလေ ကိုယ်က မခင်ပေမယ့် သူများက ခင်နေတာလည်း ရှိတက်တာဘဲ။
ပြောချင်ဘူး ... ပြောချင်ဘူး...
သဘောထား ရပ်တည်ချက်တွေကတော့ မိုက်တယ်ဗျာ..
ကျွန်တော်လည်း ကောင်မလေးတွေနဲ့ဆို အဲ့လိုမျိုးပဲ သုံးတယ်ဗျ..
ရည်းစား ငုတ်တုတ်ကြီးနဲ့ဆိုတော့ ညီမလေးတို့ ကိုကြီးတို့ဆို
မကောင်းဘူးလေ... ဟီး..... ဟီး
ကိုဇူလိုင်ရေ... စကားကို ဘယ်လိုပဲပြောပြော ခင်တာ ကြာလာတာနဲ့အမျှ လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ သဘောထားဟာ သိသာထင်ရှား လာတာပါပဲ။ ချိုချိုပျော့ပျော့လေးနဲ့ ကြောက်စရာကောင်းတဲ့သူတွေ ပေါတဲ့ ဒီလောကကြီးမှာ ကိုဇူလိုင် အနေမှန်တယ်လို့ ကျွန်မ မြင်မိပါတယ်...
မှတ်သားစရာ အတုယူစရာလေးတွေ ပါဗျို့ ..
ဖတ်မှတ်သွားတယ်ဗျာ
ဒါမှ ငါ့ဖိုးဖိုးကွ
ဘယ်သူပြောလဲ ဖိုးဖိုးက ခင်ဖို့မကောင်းဘူးလို့။
နဖူးပေါ်လက်တင်ပြီး စဉ်းစားတာ အိပ်ပျော်သွားလို့။ တောစီးကရက်ကြီးက ဖော်မရဘူးဗျာ။ တိုင်ပတ်နေတယ်။ အဟတ်။
Post a Comment