အခုလအတွင်းမှာ အားကစားတွေ ပြန်လုပ်ဖြစ်တယ်။ လဆန်းပိုင်းကတည်းက အခုချိန်အထိ ညပိုင်းတွေမှာ ကြက်တောင်ရိုက်ဖြစ်တယ်။ အိမ်က ကလေးတွေနဲ့အတူ ညဘက်မှာ အိမ်အောက်ဆင်းပြီး ကြက်တောင် ထွက်ရိုက်ကြတယ်။ အခုရက်ပိုင်းမှာတော့ အပြေးလေ့ကျင့်ဖြစ်တယ်။ အဲဒီလို အားကစားတွေ မလုပ်ဖြစ်တာ နှစ်ချီနေပြီ။ ပျင်းလို့ မလုပ်ဖြစ်တာလည်း ရှိတယ်။ မအားလို့ မလုပ်ဖြစ်တာလည်း ပါတယ်။ အခွင့်မသာလို့ မလုပ်နိုင်တာလည်း ရှိတယ်။ ဒီလိုနဲ့ ဟိုယောင် ဒီယောင် အင်တာနက်ထဲမှာ ဂလည်အူကြောင် ဖြစ်နေတာ ကြာလှပေါ့။ ယောင်ခြောက်ဆယ်ဆိုတာ ဒါမျိုးပဲ ဖြစ်မယ်။
အူကြောင်ဖြစ်တာက အရေးမကြီးဘူး။ အရေးကြီးတာက လူလည်း တရားသဘောအရ ယိုယွင်းလာတာပါပဲ။ စင်္ကာပူကို ရောက်ကာစက ၀ယ်ခဲ့တဲ့ ဘောင်းဘီတွေ တစ်ခုမှ ၀တ်လို့မရတော့ဘူး။ အဲဒီတော့ မတော်တော့လို့ နောက်ထပ် ထပ်ဝယ်တဲ့ ခါးဆိုဒ်နည်းနည်း ပိုကြီးတဲ့ ဘောင်းဘီတွေလည်း တဖြည်းဖြည်း ကျပ်လာပြီ။ ရှပ်တွေလည်း မတော်တော့ဘူး။ လက်ရှည်တွေဆို ပိုတောင်ဆိုးသေး။ လက်မောင်းမှာတင် ကျပ်နေတယ်။
အလွန့်အလွန် အရေးကြီးတာတစ်ခုက ကိုယ်ဝန်ဆောင်ရသလို ယောကျာ်းတန်မဲ့ ဗိုက်ထွက်လာရတာပဲ။ ကိုယ့်အသိ အစ်မတွေလည်း ဗိုက်ပူမတွေ ဖြစ်နေတယ်။ သူတို့ကတော့ တကယ့်ကို ကိုယ်ဝန်ရှိတာပါ။ ရုံးမှာက တစ်နေကုန် စားပွဲခုံမှာပဲ အထိုင်များသလို ကိုယ်လက်လှုပ်ရှားမှုက နည်းလေတော့ ဗိုက်ခေါက်က မသိမသာ ထွက်တာကနေ သိသိသာသာ ထွက်လာတယ်။ ယောကျာ်းဖြစ်နေလို့သာ ဘယ်တော့ မွေးမှာလဲလို့ အမေးမခံရသေးတာ။ မသိရင် ကိုယ်ဝန် ၃ လလောက် ရှိနေပုံပဲ။ ကိုယ့်ပတ်ဝန်းကျင်က ယောကျာ်းသားတွေက ကိုယ်ထက် ဗိုက်ပိုကြီးနေတယ်။ တချို့က ဘီယာသောက်လို့ ပူလာတော့ ဘီယာဗိုက်ဆိုပဲ။ သူဌေးဗိုက်လို့လဲ ပြောကြတယ်။ ဘယ်လိုပဲ ပြောကြပါစေ ဗိုက်ပူတာက ဗိုက်ပူတာပါပဲ။
ပြီးခဲ့တဲ့ စနေနေ့က သူငယ်ချင်းတစ်ယောက်နဲ့ Vivo Cityကို ရောက်ဖြစ်သေးတယ်။ သူက မြှောက်ပေးတာနဲ့ ရှပ်လက်ရှည်တစ်ထည် ၀ယ်ခဲ့ဖြစ်တယ်။ စမ်းဝတ်ကြည့်ကတည်းက အဆင်မပြေတာကို တွေ့နေရတယ်။ တရားခံက အဲဒီ ဗိုက်ပဲ။ ရှပ်က ကိုယ်ကျပ်ဆိုတော့ ဗိုက်ထွက်နေတာ သိသာတယ်။ ပုခုံးတွေ ရင်အုံတွေ အကုန် အဆင်ပြေပေမယ့် ဗိုက်မှာလာပြီး သိက္ခာချနေတယ်။ သူငယ်ချင်းက အဆင်မပြေရင် မ၀ယ်ပါနဲ့တဲ့။ ဒါပေမယ့် ဒါမျိုးတွေက အသက်ငယ်တုန်း ၀တ်ရတာ။ အသက်ကြီးသွားရင် ၀တ်လို့ မတင့်တယ်ဘူးကွ ဆိုတာနဲ့ ငယ်တုန်းလေး ၀တ်ရမယ့် အ၀တ်ကို ၀ယ်မယ်ကွာ ဆိုပြီး မျက်စိမှတ် ၀ယ်လာခဲ့လိုက်တယ်။ ဈေးကတော့ ၁၀၀ ပတ်ဝန်းကျင်ပဲ။
ဈေးကြီးတဲ့ အ၀တ်ကို ၀ယ်ထားပြီး မ၀တ်ရရင် မတန်ဘူးလို့ သူငယ်ချင်းက ပြောပါတယ်။ ကျွန်တော်ကလည်း အဲဒါလေး ၀ယ်ပြီး ၀တ်နိုင်ဖို့အတွက် ကိုယ့်ဗိုက်ကို အဆီချရမှာဖြစ်လို့ ၀ယ်ခဲ့တာပါ။ အဲဒီလို ၀ယ်ပြီးမှတော့ တကယ်လုပ်မှ ဖြစ်မယ်ဆိုပြီး ကိုယ့်စိတ်ကို ပိုင်းဖြတ်ယူရတာပေါ့ဗျာ။ မဟုတ်ရင် ငပျင်းတို့ရဲ့ ထုံးစံအတိုင်း ဖင်ရွှေ့နေအုံးမှာပါ။ အင်တာနက်မှာလည်း သုံးတဲ့အချိန် နည်းနည်းလျှော့ထားတယ်။ အရင်ကလောက် အင်တာနက် မသုံးဖြစ်တော့ဘူး။ ရုံးချိန်အတွင်းလောက်ပဲ အင်တာနက် သုံးဖြစ်တယ်။ အဟီး...
အစားအသောက်ကတော့ ထူးထူးကဲကဲ လျှော့လို့မရဘူး။ အရင်တုန်းကတည်းက အများကြီး တရားလွန် စားသောက်နေတာလည်း မဟုတ်ဘူး။ ရုံးချိန်မှာတော့ ကော်ဖီ လျှော့သောက်ဖြစ်တယ်။ ညဘက်ကိုတော့ ထမင်းနည်းနည်း လျှော့စားဖြစ်တယ်။ ဒါပေမယ့် အာဟာရပြည့်အောင်တော့ စားဖြစ်တယ်။ ကိုယ်က ပုံမှန် သွေးလှူနေတဲ့သူဆိုတော့ အာဟာရပြည့်အောင်တော့ စားသောက်ရမယ်လေ။ မဟုတ်ရင် ယောကျာ်းတန်မဲ့ ဟေမိုဂလိုဗင် သံဓါတ် မပြည့်လို့ သွေးမလှူလိုက်ရတာမျိုး မဖြစ်ချင်ဘူး။ ရှက်စရာကြီးလေ။
ညပိုင်းတွေတော့ ကလေးတွေနဲ့အတူ ကြက်တောင်ရိုက်ဖြစ်တာ ၂ ပတ်လောက် ရှိပါပြီ။ ကြက်တောင်က ၁ နာရီလောက် ရိုက်ဖြစ်တယ်။ လှုပ်လှုပ်ရှားရှား လုပ်ရတော့ ချွေးတော့ ထွက်တာပေါ့။ ဒါပေမယ့် ဗိုက်ကျမယ် မထင်ဘူး။ ဒါနဲ့ပဲ အပြေး လေ့ကျင့်ဖြစ်တာက ၂ ရက် ရှိသွားပြီ။ စစချင်းရက်က ပြေးတော့ အတော်မောတယ်။ သက်လုံကျနေတာ ကြာလှပေါ့။ လမ်း ၁ ပတ်ပြေးဖို့တောင် မနည်း ကြိုးစားယူရတယ်။ လမ်းမှာ ခဏခဏ နားဖြစ်သေးတယ်။ နားတယ်ဆိုတာ မပြေးတော့ပဲ လမ်းလျှောက်နေတာပါ။ ဒါပေမယ့် ၂ ပတ် တိတိ ပြေးဖြစ်အောင် ကြိုးစားယူခဲ့တယ်။ ဒီနေ့ညလည်း ထပ်ပြေးဖြစ်တယ်။ ဒီနေ့တော့ ၁ ပတ်ကို တောက်လျှောက် မနားပဲ ပြေးနိုင်ခဲ့တယ်။ တိုးတက်လာတယ်ပေါ့။ ဒီလိုပဲ နောက်ရက်တွေလည်း ပြေးနိုင်အောင် ကြိုးစားရမယ်။
ကဲ... ဗိုက်မပူ လေ့ကျင့်ခန်း စ.... တစ် နှစ် သုံး လေး...

10 comments:
kom: အားကစားလုပ်ပြီးရင် ဗိုက်ကဆာ. ဆာတော့ထပ်စား။ စားတော့ထပ်..ထပ်..ပူ။ :P
12 Nov 08, 00:04
kom: ရှပ်ကဘယ်လို ရှပ်မျှီူးပါလိမ့် ဈေူးကလည်း ၁၀၀။ အသက်ကလေးလဲငယ်တုံးဝတ်ရမှာဆိုတော့ယ။
သြော် လတ်စသတ်တော့ ဗိုက်ကြီးနေတာကိုး ... ဒါလေးများ လွယ်လွယ်လေးပါ ဆေးနည်းပေးမယ် ပန်းဂေါ်ဖီနဲ့ ဂဏန်းခပ်ကြီးကြီးတကောင်ကို စွပ်ပြုတ်ပြုတ်သောက်လိုက်။ ဟီဟိ။
ဆက်သာလုပ်ပါ။ အားပေးပါတယ်။ ကျမက ကီလို ၂၀ ချထားတာပါ။ လုပ်ချင်တဲ့စိတ်ရှိတာက အရေးကြီးဆုံး။ တစ်ကယ်စလုပ်ဖြစ်ပြီးဆိုရင် သေချာပေါက် ပြန်ကျမှာပါ။
ကိုယ့်စိတ်ကို တစ်ကယ်နိုင်တဲ့သူပဲလုပ်နိုင်တာမျိုးပါ။
အစဉ်ပြေပါစေ။
အယ်ဇီ
ခြင်ထောင်ပတ်ပြေးတာတော့ ဟုတ်ပါဘူးနော် :)
ကိုဂျူလိုင်ကြီးရေ..ဆက်လုပ်အားပေးတယ် ဗိုက်ပူတာများအိပ်ချမတင်လုပ်ပေါ့တော်တော်လေးကျသွားလိမ့်မယ်
မီးလေးတော့လုပ်ရပျင်းလို့...
ဒီလောက်ပေါ်များတဲ့နိုင်ငံမှာအစားလျှော့ပြီးနေရမယ်ဆိုတော့
ဘယ်လောက်မိုက်မဲတဲ့အလုပ်လဲနော်..ဟုတ်တယ်ဟုတ်
မီးလေးကတော့စားလိုက်အိပ်လိုက်..အဟဲ
ဆက်လုပ်ဆရာ..အားပေးတယ်
အတူတူပဲ ကိုဂျူလိုင်ရေ
ထိုင်းကျောင်းဝတ်စုံ ၀တ်ရင် ပိုသိသာတယ်
ဗိုက်နားလေး တင် ကွက်ပူနေတာ ရယ်ရတယ်..
အင်တာနက်နဲ့ မိုးချူပ် ချက်နဲ့ မိုးလင်းနေတာလေ မပူခံနိုင်တော့မလား...
မခင်ဦးမေရေ... ရှပ်က လက်ရှည်ရှပ်ပါပဲ။ ၁၀၀ အောက်ပါ။ ၁၀၀ မကျော်ပါဘူး။ ကိုယ့်ဘာသာတော့ အသက်လည်း ငယ်သေးတယ်လို့ ထင်ထားရတာပဲလေ။ စားပြီး ထပ်ပူ သံသရာကို ကျော်လွှားဖို့ ကြိုးစားနေပါတယ် ခင်ဗျ။
ရှင်ဂွမ်းသာ...
ဂဏန်းထဲကကို မထွက်သေးဘူးနော်။ ဘယ်တော့ နှာခေါင်း ညှပ်ခံရမလဲ မသိဘူး။ အဟဟ...
မဂျုနိုရေ...
ကီလို ၂၀ တောင် ကျသွားတယ် ဆိုတော့ မနည်းမနှောကြီးပဲနော်။ အ၀တ်အစားတွေ အတော်လေး ချောင်သွားမှာပဲ။ တွေးမိတာပါဗျာ။
ကိုဟန်လင်းထွန်းရေ...
တစ်ယောက်ယောက်တော့ ပြောတော့မှာပဲ ဆိုတာကို ထင်တော့ ထင်တယ်။ ဒါကြောင့် လမ်း ၁ ပတ်ဆိုပြီး သေသေချာချာကို ရေးထည့်ခဲ့တာ။ တော်ကြာ ခြင်ထောင်လို့ ထင်နေမှာ စိုးလို့ပါ။ အဟား...
ပန်းကမ္ဘာထဲက မီးလေးဇာ ရေ...
အိပ်ထမတင် လုပ်ဖို့ အခြေအနေ မပေးဘူးခင်ဗျ။ ဒီအသက် ဒီအရွယ်ထိ အိပ်ထမတင် မလုပ်နိုင်သေးဘူး။ တစ်ခါမှ မအောင်မြင်ဘူး။
မဆုမွန်ရေ...
ကျောင်းသွားရင် သတိထားနော်။ ကားတွေ ရထားတွေမှာ ကိုယ်ဝန်သည် မှတ်ပြီး နေရာတွေ ထပေးနေရင် ငိုရခက် ရီရခက် ဖြစ်နေအုံးမယ်။ ဟဟ...
လက်လျှော့ရတဲ့အထဲမှာ အဲဒီဗိုက်လဲ ပါတယ်ဗျာ..
အစ်မ လက်လျှော့ရတဲ့ ဗိုက်က ဗိုက်ကြီးလား ဗိုက်ကလေးလား။ ဗိုက်ကလေး ဆိုရင်တော့ မသေးမျှင်ကို သွားခေါ်လိုက်ပါ။ သူကတော့ သူ့မောင်ကို နိုင်လောက်ပါတယ်။ ဒါကြောင့် လက်မလျှော့ပါနဲ့ဗျာ။
Post a Comment