ဒီတစ်ပတ်လုံး အတော် အလုပ်များပါတယ်။ တနလာင်္နေ့ တစ်ရက်ပဲ အသက်ရှူချောင်တယ်။ အင်္ဂါနေ့က စပြီး သောကြာနေ့အထိ ရူးမတတ် အလုပ်များတယ်။ ရူးတော့ မရူးသေးပါ။ ဒါကြောင့် ကျွန်တော့်ဘလော့လည်း အချိန်ပေးပြီး မရေးနိုင်သလို တခြားသူတွေဆီကို အလည်အပတ်လည်း မထွက်ဖြစ်ပါဘူး။
စင်္ကာပူမှာ အလုပ်လုပ်ရတာ တခါတလေတော့လည်း ရူးချင်ချင်ပါပဲ။ လုပ်ပုံလုပ်နည်းတွေနဲ့ ပါတ်သတ်ပြီး အထင်ကြီးစရာတွေ ရှိသလို သောက်တလွဲတွေလည်း အများကြီးပါပဲ။ ရှေ့ ၂ လကတည်းက ကြိုသိထားတဲ့ အလုပ်ကြီးတစ်ခုနဲ့ ပါတ်သတ်ပြီး လုပ်စရာရှိတာတွေကို ကြိုမလုပ်ထားပဲ အနားရောက်မှ ကပ်ပြီးခိုင်းတော့ လုပ်ရတဲ့သူအကုန် သေပြီပေါ့။ ဗုဒ္ဓဟူးနေ့မှာ သြစတေးလျက ယူဇာက Testing လုပ်ချင်လို့ System ကို အဆင်သင့်ဖြစ်အောင် Configure လုပ်ထားပေးပါတဲ့။ ပြောတဲ့အချိန်က တနလာင်္နေ့ည ၁၀ နာရီ။
အင်္ဂါနေ့မှာ လိုအပ်တဲ့ဟာတွေကို စီစဉ်ရပြီ။ ကွန်ပျူတာဆာဗာ အရင်ရှာရတယ်။ ပြီးတော့ ဒေတာဘေ့စ်အတွက် DBA (Database Administrator)နဲ့ စကားပြောညှိနှိုင်းရတယ်။ ဒါတောင် ဒေတာဘေ့စ်က လိုအပ်တဲ့အတိုင်း မမှာမိလို့ နောက်တစ်ခါ ပြန်လုပ်ခိုင်းရသေးတယ်။ အဲဒါနဲ့တင် နေ့ဝက်ကျော်နေပြီ။ သြစတေးလျကနေ လှမ်းသုံးလို့ရအောင် Web server ထိုင်ရသေးတယ်။ ညနေစောင်းနေပြီ ကျွန်တော် လုပ်ရမယ့် အလုပ်က အခုထိ မစရသေးဘူး။ ညနေ ၅ နာရီမှ ကျွန်တော့်အပိုင်းက စရတော့တယ်။ ပုံမှန်ဆိုရင် ၂ ရက်ကြာအောင် လုပ်ရတဲ့ အလုပ်ကို ညတွင်းချင်း မအိပ်ပဲလုပ်ရတယ်။ ဗုဒ္ဓဟူးနေ့ မနက် ၃ နာရီခွဲကျော်မှာ အကြမ်းထည် ပြီးသွားတယ်။ စမ်းလို့ရပြီဆိုတဲ့အကြောင်း ရုံးကို အီးမေးလ် ပို့လိုက်တယ်။
ဗုဒ္ဓဟူးနေ့ မနက်ကို ၉ နာရီခွဲမှ အိပ်ရာနိုးတယ်။ မျက်နှာသစ်ပြီးတော့ အီးမေးလ်တွေ ထိုင်စစ်လိုက်တယ်။ လုပ်စရာရှိတဲ့ အလုပ်တွေကို ရုံးမသွားပဲ အိမ်ကနေ လုပ်ပေးထားလိုက်တယ်။ နေ့လည် ၁၂ နာရီမှ ရုံးကို ထွက်လာခဲ့လိုက်တယ်။ လမ်းမှာ ဖုန်းကို စစ်ကြည့်တော့ မတ်ဆေ့ခ်ျတွေ ၀င်နေတယ်။ ဘယ်ကပို့တာလဲ ဆိုတော့ ရုံးကတစ်ယောက် ပို့ထားတာ။ မနက် ၈ နာရီခွဲကတည်းက ပို့ထားတာဗျ။ ဘာရေးထားလဲ ဆိုတော့ ရုံးလာနေပြီလားတဲ့။ တစ်ညလုံး မအိပ်ပဲ အလုပ် လုပ်ပေးထားတဲ့သူကို မနက် ၈ နာရီခွဲမှာ ရုံးလာနေပြီလား... မေးရက်တယ်နော်။ အတော် ဒေါသထွက်စရာပဲ။
ဗုဒ္ဓဟူးနေ့ညမှာလည်း စောစော မအိပ်ရပါဘူး။ တခြား ပရောဂျက်က အလုပ်တွေကို ဒီအတိုင်း ပစ်ထားလို့မှ မရတော့ ကိုယ်ပဲ လုပ်ရတာပေါ့ကွယ်။ သြစတေးလျပရောဂျက်ရဲ့ စမ်းသပ်တဲ့အဖြေကနေ လိုအပ်တာတွေကို တစ်ညလုံး ထပ်ပြင်၊ ထပ်ဖြည့်ပေးနေရတာနဲ့ ကြာသပတေးနေ့ မနက် ၂ နာရီကျော်မှ အိပ်ရာဝင်ရတယ်။ တခြားပရောဂျက်တွေလည်း ဒီရက်တွေမှာ အချိုးမပြေပါဘူး။ လိုအပ်ရင်တာ ဖင်မထားမတတ် ဖူးဖူးမှုတ်ပြီး လုပ်ပေးပါ ရှင်းပေးပါ တကဲကဲ အီးမေးလ်တွေ လိမ့်ပို့နေတယ်။ ကိုယ်က လုပ်ပေးပြီးလို့ အကျိုးအကြောင်း အီးမေးလ်ပို့ပြီး မေးထားတာ တခါမှ အကြောင်းမပြန်ဘူး။ သူတို့ အကြောင်းမပြန်တော့ ကိုယ်လုပ်ပေး အဆင်ပြေလား မပြေလား အသေအချာ မသိလိုက်ရဘူးပေါ့။ အချိန်အတော်ကြာမှ ပြသနာတစ်ခုခု ထဖြစ်ရင် ကိုယ့်ဆီကို လက်ညိုးထိုးကြအုံးမယ်။ သောက်ကျင့်တွေက တစ်စက်မှ မကောင်းဘူး။
ကြာသပတေးနေ့ညလည်း ကုလားပြည်က ပရောဂျက်တစ်ခုကို ၀ိုင်းကူပေးပါဆိုလို့ ၀င်ကူညီပေးလိုက်တာ မိုးလင်းရော။ အမှန်ဆို အဲဒီအလုပ်က ကိုယ်နဲ့ တိုက်ရိုက် မဆိုင်ပါဘူး။ သူတို့တွေ အလုပ်များနေတာ သိလို့ ကိုယ်လည်း လုပ်ပေးနိုင်တာ ဖြစ်လို့ ကူညီပေးလိုက်တာပါပဲ။ အမှန်ဆို ကုလားပြည်က ကုလားတွေ လုပ်ရမှာ။ သူတို့က မလုပ်တတ်ဘူး မသိဘူး ဖင်ပိတ်ငြင်းနေတော့ စင်္ကာပူဘက်က လုပ်ပေးရတာပေါ့ဗျာ။ ၀ိုင်းကူတာက ကူပေးပါတယ်။ ခက်တာက ကူညီပေးတိုင်းလည်း မကောင်းဘူး ခင်ဗျ။ ကူညီတတ်မှန်းသိရင် တချို့တလေက လုပ်နိုင်ရဲ့သားနဲ့ ရေသာခိုပြီး မလုပ်တတ်ဘူး ငြင်းကြတယ်။ ဘောလီဘော ပုတ်ကြတယ်ဗျ။ အဲဒီတော့ လုပ်တတ်တဲ့သူ အိပ်ရေးပျက်ခံ တစ်ညလုံး လုပ်ပေးပေတော့။
ဒီရက်ထဲမှာ ခေါင်းစားတာက စာအုပ်ကြီးသမားတွေနဲ့ ဆက်ဆံရတာပါပဲ။ ကိုယ်ဘက်က လုပ်ပေးလိုက်ရင် ဘာမှ အချိန်ကုန်တာ မဟုတ်ပေမယ့် စာအုပ်ကြီးနဲ့ တိုင်းနေတော့ အလုပ်တွေ နှောင့်နှေးပြီး မလိုအပ်တာတွေ ထပ်ကုန်ရတာပေါ့။ ပြသနာ ဖြစ်ဖြစ်ချင်းမှာ ဖြေရှင်းပေးလိုက်ရင် တစ်ရက်နဲ့ ပြီးမယ့် အလုပ်ကို ခွင့်ပြုချက်တွေ အတည်ပြုချက်တွေ အဆင့်ဆင့်စောင့်နေတော့ ၅ ရက်လောက် လုပ်ရမယ့် အလုပ်ဖြစ်သွားရော။ ဒါတောင် လမကုန်သေးလို့။ နောက်လကို ကူးသွားရင် ၅ ရက် မပြောနဲ့ကို ၁၅ ရက်တောင် မပြီးဘူး။ အခန့်မသင့်ရင် ဘယ်လိုမှ ပြန်ပြင်လို့မရတဲ့ အနေအထားထိ ရောက်သွားနိုင်တယ်။ အပ်နဲ့ ပေါက်ရမယ့် ကိစ္စကို ပုဆိန်နဲ့ ထွင်းနေကြတယ်။
အဲဒါပါပဲ။ ဒီရက်အတွင်းမှာ ကျွန်တော် ဇူလိုင် မြွေကိုက်နေတယ်။ ဒါပေမယ့် ညတိုင်းတော့ ပြေးဖြစ်ပါတယ်။ ည ၉ နာရီကျော်မှာ ပြေးတဲ့ တရုတ်မလေး ၂ ယောက်က ချောတယ်ဗျ။ အခုညလည်း ပြေးပြီး ပြန်လာတာပါပဲ။ ဒါပေမယ့် ဒီညတော့ အလုပ်တွေ ဘယ်လောက်ရှိရှိ မအိပ်ပဲနေလို့တော့ မရဘူး။ မနက်ဖြန် မနက်ပိုင်း SG Blogger Blood Driveမှာ သွေးလှူစရာ ရှိတာမို့လို့ ဒီတစ်ညတော့ စောစောအိပ်ရမယ်ဗျ။

5 comments:
တခါတလေ အဲလို ဖိအားလေးနဲ့ လုပ်ရတာ အရသာတော့ ရှိသား အစ်ကိုရေ။ စိန်ခေါ်သံနဲ့ လုပ်ရတာဆိုတော့ နှုတ်ခမ်းကို ကိုက်မလား၊ တောက်ပဲ ခေါက်မလား။ ဒါပေမယ့် ဆရာမင်းသိင်္ခပြောသလို ပြီးတော့လည်းပြီးသွားမှာပါပဲဗျာ။ ဟုတ်တယ်ဟုတ်။
ဟုတ်ပ ဗေဒင်ဆရာလေးရေ...
ဆရာကြီး မင်းသိင်္ခ ပြောသလို ပြီးတော့လည်း ပြီးသွားတာပဲလေ။ ဟုတ်တာပေါ့ဗျာ။
ကြိုးစားထား ကြိုးစားထား သယ်ရင်းရေ.. သေရင်ကိုယ်နောက်မပါဘူး. ပါမဲ့ဟာတွေကောလုပ်ဖြစ်ရဲလား. မင်းကိုသာ ငါမေးတာ ငါလဲ နိုးလို့ပဲ ဖြေရမှာပါလား
အမှန်အတိုင်း ၀န်ခံပြောရင် ကိုယ်ထွက်ပေါက် တစ်ခုတည်းကို မလုပ်ဖြစ်တာ ကြာလှပေါ့။ ကိုယ်တွေ မလွတ်မြောက်ခင် အခြားသူတွေရဲ့ ဘ၀အမောတွေကို နိုင်သလောက်လေး ကူညီဖြေရှင်းပေးချင်တာက ပိုများနေလို့ လူမှူရေးဘက်ကို အချိန်ပေးတာ ပိုများနေတယ်။ ဆင်ခြေပေးတာနော်။ အဟီး။
အလုပ်သွားအလုပ်ပြန်မှာ တရုတ်မချောချောလေး နှစ်ယောက် စီစဉ်ပေးမယ်ဗျာ ... အိုကေလား ကိုဂျူလိုင် ... :D :D :D
Post a Comment