.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, November 5, 2008

Time to leave

တည်မြဲမှုဆိုတာ အချိန်ကာလလေး တစ်ခုအထိပါပဲ။ ဘယ်လောက်ပဲ ချစ်ခဲ့ ချစ်ခဲ့။ ဘယ်လောက်ပဲ မြတ်နိုးခဲ့။ ဘယ်လောက်ပဲ တာဝန်ကျေခဲ့။ ဘယ်လောက်ပဲ အချိန်ပေးခဲ့။ အချိန်တန်ရင် ခွဲခွာရအုံးမှာပါ။ တွေ့ဆုံ ကြုံကွဲ ဖြစ်မြဲ ဓမ္မတာပဲလေ။ မမြဲသော တရားများပေါ့။

အဲဒီနေရာလေးမှာ ကျွန်တော် နေခဲ့တယ်။ အဲဒီနေရာလေးမှာ အချိန်တွေ ပေးခဲ့တယ်။ တကယ်ဆို ၃ နှစ် နီးပါး ရှိတော့မယ်။ အဲဒီနေရာ မတိုင်ခင် အခြားတစ်နေရာမှာလည်း ကျွန်တော် ရှိခဲ့ဖူးတယ်။ အဲဒီမှာလည်း ၃ နှစ် နီးပါး ကြာခဲ့တယ်။ အဲဒီ နေရာ ၂ ခုစလုံးမှာ ကျွန်တော်ရဲ့ ကိုဇူလိုင်မဟုတ်တဲ့ အခြားတစ်ယောက်ကို ကျွန်တော် ဖန်တီးယူခဲ့တယ်။ အဲဒီတစ်ယောက်က ကိုဇူလိုင်ထက် အသက်ပိုကြီးခဲ့တာပေါ့။ ကိုဇူလိုင်ဆိုတာ စတင်ရှိခဲ့တာ ၂ နှစ်တောင် မပြည့်သေးပါဘူး။

ကိုဇူလိုင်က ဇူလိုင်အိပ်မက်ထဲမှာ နေ့စဉ် အချိန်ပြည့် ရှိမနေပေမယ့် ဟိုတစ်ယောက်တော့ သူရဲ့ နေရာလေးမှာ နေ့စဉ်နီးပါး ၁၀ နာရီလောက် အချိန်ပေး ရှိနေခဲ့တယ်။ မြန်မာပြည်မှာ နေခဲ့တုန်းကတော့ အဲဒီလောက် အချိန်မပေးနိုင်ခဲ့ပါဘူး။ ကျောင်းသားဘ၀တုန်းက ရတဲ့မုန့်ဖိုးလေးတွေကို စုပြီး တစ်ပတ်ကို ၂ ခါ ၃ ခါလောက် အဲဒီနေရာမှာ အဲဒီတစ်ယောက် ရှိနေရအောင် အင်တာနက်ဆိုင်တွေကို ပြေးလွှားခဲ့ရတာပေါ့။ အများအားဖြင့် ညခင်းလေးတွေမှာ သူငယ်ချင်းတွေအများကြီးနဲ့ အင်တာနက်ဆိုင် သွားခဲ့ကြတာပေါ့။ အင်တာနက်ဆိုင်ကို မရောက်ခင် နန်းထိုက်ရှမ်းခေါက်ဆွဲဆိုင်မှာ သဘောင်္သီးထောင်း သွားစားကြသေးတယ်။ ကျောင်းပြီးတော့ ကိုယ်ပိုင်လုပ်ငန်းလေး လုပ်ဖြစ်တော့လည်း သူငယ်ချင်းတွေ ရှိပြီး အလုပ်ပါးတဲ့အချိန်မှာ အဲဒီနေရာလေးမှာ အဲဒီတစ်ယောက်ကို ပို့ပေးခဲ့ရတယ်။ အချိန်လုပြီး ရောက်အောင် သွားခဲ့တယ်။

အခု စင်္ကာပူကို ရောက်လာတော့ အင်တာနက်ကြီးဆိုတာ မြန်မာပြည်မှာလို ကိုယ်နဲ့ အလှမ်းဝေးလွန်းတဲ့အရာ မဟုတ်တော့ပါဘူး။ တကူးတက အင်တာနက်ဆိုင် သွားလာစရာမလိုတော့ပဲ စားပွဲပေါ်က ကွန်ပျူတာကို ဖွင့်လိုက်ရင် အင်တာနက်ဆိုတာ တွဲပါနေပြီးသားပါ။ အဲဒီတော့ တစ်နေ့ကို ၁၀ နာရီ ပတ်ဝန်းကျင်လောက် အဲဒီအထဲမှာ အဲဒီတစ်ယောက်ကို ရှိနေစေနိုင်ခဲ့ပါတယ်။ အိမ်မှာဆိုရင်လည်း အဲဒီအထဲမှာ ရှိနေခဲ့တယ်။ ရုံးရောက်တော့လည်း အဲဒီအထဲကို ရောက်နေပြန်တယ်။ ဒီလိုနဲ့ပဲ အဲဒီတစ်ယောက်က အဲဒီနေရာမှာပဲ ပျော်နေခဲ့တယ်။ သူ့အနေနဲ့ ရသပေါင်းစုံ ခံစားထိတွေ့ခဲ့ရတယ်။

အဲဒီနေရာကနေ သူငယ်ချင်းအသစ်တွေ ရခဲ့ကြတယ်။ တချို့တွေဟာ အတော်လေးကို ပေါင်းလို့သင်းလို့ ကောင်းတယ်။ အချင်းချင်း ရိုင်းပင်းကူညီကြတယ်။ အပြန်အလှန် ဖေးမကြတယ်။ တချို့တွေက အပေါ်ယံလေး ပေါင်းကြတယ်။ သူတို့တွေကို သာပေါင်းလို့ ပြောလို့မရပေမယ့် ထဲထဲဝင်ဝင် ခင်မင်မှုမျိုးတော့ မဟုတ်ပါဘူး။ တချို့တွေက ရန်သူတွေ ဖြစ်သွားကြတယ်။ ဘ၀မှာ ဘယ်လိုမှ မျက်နှာချင်းဆိုင်လို့ကို မရတော့ဘူး။ အဓိက ပြောချင်တာက အဲဒီနေရာမှာ လူပေါင်းစုံကို တွေ့ဆုံခွင့်ရခဲ့သလို လူတွေအကြောင်း ပိုနားလည်သွားတယ်။ လူတွေကို ပိုပြီး ရွှံမုန်းသွားတယ်။

အချိန်နာရီတွေ တဖြေးဖြေး ရွှေ့ပြောင်းသွားသလို လူတွေကလည်း အမျိုးမျိုး ပြောင်းလဲနေတတ်ပါတယ်။ တကယ်တမ်းတော့လည်း တန်ဖိုးရှိလား မရှိလားဆိုတာကလည်း ကြည့်တဲ့သူတွေဘက်မှာ မူတည်နေတာပါ။ ကိုယ်က ဘယ်လောက်ပဲ ကောင်းအောင်နေနေ မကောင်းဘူး ထင်ရင်လည်း မကောင်းဘူး ဖြစ်သွားရတာပါပဲ။ တချို့နေရာတွေမှာ အဟောင်းတွေ အသစ်တွေဆိုတာ ပညတ်ချက်ထက် ပိုနေပါတယ်။ မြင်ပါများရင် ငယ်၊ နမ်းပါများရင် ပြယ် ဆိုသလိုပေါ့။ ဟောင်းတိုင်းလည်း မကောင်းပါဘူး။ တန်ဖိုးထားတတ်တဲ့ လူတွေလက်ထဲမှာ ရှေးဟောင်းပစ္စည်းတွေက အဖိုးမဖြတ်နိုင်ပေမယ့် တန်ဖိုးမထားတတ်တဲ့ လူတွေဆီမှာတော့ အမှိုက်ပါပဲလေ။

အခုတော့ စွန့်ခွါဖို့ အချိန်တန်ပြီလို့ ယူဆပါတယ်။ ကိုယ်မရှိလည်း ဘာမှတော့ ဖြစ်သွားမှာ မဟုတ်ပေမယ့် တကယ်တော့ ဆုံးဖြတ်ရခက်တဲ့ အလုပ်တစ်ခုပါပဲ။ သမင်လည်ပြန် ကြည့်မိတာလည်း ခဏခဏပဲ။ ဒါပေမယ့် အတိုင်းအတာ ကာလတစ်ခုအထိတော့ ထိန်းချုပ်နိုင်ခဲ့ပါပြီ။ ဒါကြောင့် နေရစ်ခဲ့ကွယ် သွားတော့မယ်။

6 comments:

red said...

၁။ ဖိုရမ်။
၂။ ကောင်မလေး။

ဟီးး မသိတော့ဘူး။ ဖြတ်ချင်တာတွေတော့လျှောက်ဖြတ် မနေနဲ့ဦး ဦးဇူလိုင်ရေ။ ပြီးတော့ အခု ဦးဇူလိုင်တောင် တော်တော်ကြီးနေတာ အဲ့ဒီထက်ကြီးတယ်ဆိုရင် အသက် ၆၀ အဘအရွယ်ဖန်တီးထားတာဖြစ်မယ်။ အဟွတ်။

ခင်မင်းဇော် said...

နေရစ်တော့ကွယ် သွားတော့မယ် ဆိုတာ ကွန်ပျူတာ အသစ်ဆီကိုမဟုတ်လား။ သိနေပါတယ်နော်..
ဟဲ့ သူများတွေ စိတ်မကောင်းဖြစ်ကုန်မယ်လေ..
အဲလိုမလုပ်ပါနဲ့ဟာ.. တခါတလေပေါ့ .. အားချိန်လေးဖြစ်ဖြစ် သတိရချိန်လေးဖြစ်ဖြစ် စာလေး တကြောင်းနှစ်ကြောင်း ၀င်ရေးပေါ့ သမ္မတလောင်းကြီးရယ်။
သစ်စိမ်းချိုးတော့ မလုပ်ပါနဲ့..

မေ said...

Nov ဆိုရင် အဲလို ရောဂါ ဖြစ်တတ်တယ် ... မမေလဲ အရင်နှစ်က အဲလိုပဲ။ ရင်ဘတ်ကြီးနဲ့ မခံစားပါနဲ့ ကိုဂျူလိုင်ရေ :P

နှင်းဆီနီနီ said...

မသိပါဘူး မမေရေ။ ဆောင်းဝင်ရင်ဖြစ်တက်တဲ့ရောဂါလား ဟီးး ဒါဆို ကုရခက်တယ်ကြားဖူးတယ်။ တသက်လုံးမပျောက်တော့ ဘူးတဲ့လေ။

ငယ်လေး said...

ohh ... the same feeling

မေငြိမ်း said...

ဖြစ်တတ်ပါသဗျာ...
စိတ်လျှော့ထား ငါ့မောင်ရေ..
ဒါမျိုးတွေက ဘ၀မှာ သင်ခန်းစာတွေပဲလို့ မှတ်.. :)