.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, November 24, 2007

YTU Poem - 3

အလွမ်းများ

၈/၈၂ အင်းလျားလိုပဲ
၃၂၇/၈၇ ဒူးယားကိုလည်း လွမ်းတယ် ...

ရွှေကြယ်က ချိုပေါ့ကျ
မာလာဝင်းက ပုံမှန်
ကြံရည်ဆို နွေမိုးဆောင်း
မေတ္တာပေါင်းကူးက ကျက်ကြီး ကျက်ကလေး
နွေးအေးက မွှေကြော်
ကန်သာယာက စိုးမြင့်ကြော်
အကြော်အလှော် မှန်သမျှ
အခေါ်အဝေါ် မှန်သမျှ
အားလုံးကို လွှမ်းတယ်။

အမဲတခွက် ပဲတခွက်
အချက်မသိတော့ နှစ်ခွက်လုံးဆော်
လျော်ပေးရမှာလားဗျာ
အညာက ဖိုးသခွားတစ်ယောက်
လဆန်းရက်ဆို ဒူးယားသောက်
လလယ်ရက်ဆို ဂျိုးသိန်းသောက်
လကုန်ကျတော့ ဇယ်တောက်ပြီး ဗိုက်မှောက်
အခုတော့ ကိုယ်ပိုင်တိုက်ဆောက်နေပြီဆိုပဲ။

အဆောင်ကြေး ၁၂၀
ကျောင်းဝင်ကြေး ၁၀
ဂျိုးသိန်း ပြားငါးဆယ်
၄၅ ဘတ်စ် ပြားခြောက်ဆယ်
Refund နို့ဆီ ၂ကျပ်
လက်ဖက်ထမင်းတစ်ကျပ်ခွဲ

တစ်ပဲဖိုး လှည်းကျိုးအောင် ရသတဲ့
အဘိုးထားခဲ့တဲ့ စကား
အခုနေ ပြန်ကြားလိုက်ချင်တယ်။

ကြို့ကုန်း သမိုင်းဝင်း
အင်းလျားလေးနဲ့ လှည်းတန်း
၄၅ စီးခဲ့တဲ့လမ်း
ဆန့်တန်းရင် ကမ္ဘာပတ်လို့ ရနိုင်ရဲ့။

ကံ့ကော် နှင်းဆီ
သရဖီ သဇင်
အင်ကြင်းနဲ့ မာလာ
နေညိုချိန် ပါလာများ
လွမ်းဖျားတောင် ဖျားချင်တယ်။

အင်းလေးနဲ့ ဒူးယား
ပုပ္ပါးနဲ့ စဉ့်ကူး
Exam ပူမိမှ ပတ်ကာပြေး
(အဲဒါတော့)
ပြန်မတွေးချင်တော့ဘူး။

ခင်မောင်တိုး အောင်နိုင်
စိုင်းထီးဆိုင်၊ ခိုင်ထူး
တူးတူးနဲ့ ထူးအိမ်သင်
သင်တို့ ညည်းခဲ့တဲ့တေး
မြေးတွေရတောင် လွမ်းနေမယ်။

စူးနစ်နေဆဲ
ရင်ထဲမှာပေါ့ သံယောဇဉ်
တိုးဝင်ကာ ဝေဒနာ ဖြစ်မှ
စူးရှနာကျင်
ကိုသျှားရင်ထဲက ဆူးတစ်ချောင်း
ဟောင်းနွမ်း မသွားတာ သေချာတယ်။

A, B, C, D နဲ့ E
ကျောင်းပြီးခါနီး မို့လားမသိ
နှင်းတွေကလဲ တအားကျ
သစ်ရွက်စိမ်းတွေကလည်း တအားကြွေတယ်။
စွယ်တော်ရိပ်နဲ့ ကာတွန်း Box
Book shop နဲ့ ၁-၂-၂၅
Library နဲ့ LCR
သြဘာနဲ့ ချစ်သူ့လမ်းကြား
မာနကြီး တစ်ခွဲသားနဲ့ ဂျီဟော
အနိစ္စ၊ အနတ္တ သဘောတွေလဲ
နားမလည်ချင်သေးဘူး။

တက္ကသိုလ်ကျောင်းက ငွေလမင်းကို လွမ်းတယ်
ဂျပ်ဆင်ထိပ်က လရိပ်ပြာကို လွမ်းတယ်၊
လွမ်းမောဖွယ်ရာ
တက္ကသိုလ်နွေညများကိုလည်း လွမ်းတယ်။

ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ ...
စန္ဒားယား ချစ်ဆွေလို
အလွမ်းတွေကို စမ်းရေထဲမှာ မျှောလို့လဲမရ
လေးဖြူရဲ့ အလွမ်းများကိုပဲ
ထပ်ခါတလဲလဲ ဆိုညည်းမိတော့တယ်။
အလွမ်းများ .........
အမောင် (တောင်တွင်း)

နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်းများ၏ ဆရာကန်တော့ပွဲ အမှတ်တရထုတ် စာအုပ်မှတဆင့် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

4 comments:

ခင်မင်းဇော် said...

အမ် မလေး
လွမ်းလှချည်ရဲ့..
ကိုဂျူလိုင်...
တမင်အညှိုးနဲ့ ရက်စက်လေရော့သလား..

JulyDream said...

ကျွန်တော်လည်း ကျောင်းကို လွမ်းလို့ တင်ထားလိုက် တာပါခင်ဗျာ။ အညှိုး မရှိပါဘူးဗျာ။ မရက်စက် ပါဘူးနော်။ အဟ ..

Ye-Mon said...

ဟုတ်ပဗျာ။ လွမ်းသူ ဆွေးအောင်။ ဆွေးသူ တစ်စစီကြွေအောင် လုပ်နေသလားကွဲ့။ ကဗျာကို သိပ်ကြိုက်လို့ ဘလောက်မှာ ပြန်တင်ခွင့်ပေးပါ ကို ဂျူလိုင်ရေ။

jr.lwinoo said...

ကျောင်းကဗျာ ၃ပုဒ်ထဲမှာ ဒီကဗျာလေး ကြိုက်တယ် ကိုဂျူလိုင်ရေ ..