.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, September 2, 2008

Bloodbank@HSA

စင်္ကာပူမှာ နေထိုင်ခွင့်တစ်မျိုးမျိုးနဲ့ (ဥပမာ... Work Permit, Student Pass, EP, PR) နေထိုင်ခွင့်ရသူတိုင်း ကျန်းမာရေး ကောင်းမွန်ရင် သွေးလှူဒါန်းနိုင်ပါတယ်။ သွေးလှူဒါန်းချင်ပေမယ့် သွေးဘဏ် ဘယ်မှာရှိတယ် ဘယ်လို သွားရမလဲ... ဆိုတာကို မသိသေးတဲ့သူများ ရှိပါတယ်။ ဒါကြောင့် သွေးဘဏ်ကို ဘယ်လို သွားမလဲ ဆိုတာကို ပြောပြချင်ပါတယ်။

စင်္ကာပူမှာ သွေးဘဏ်တစ်ခုပဲ ရှိပါတယ်။ လိပ်စာက 11 Outram Road, Singapore 169078 ပါ။ Outram Park MRT Stationနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပါတယ်။ အစိမ်းရောင်လိုင်းကနေ သွားတာ ကောင်းပါတယ်။ ခရမ်းလိုင်းက လာမယ်ဆိုရင် အစိမ်းလိုင်း ထွက်ပေါက်ကနေ ထွက်ပါ။ အနီလိုင်းမှာ နေတဲ့သူတွေအဖို့ Jurong East MRT ကနေ အစိမ်းလိုင်းကို ရထားပြောင်းစီးလို့ရသလို City Hall MRT ကနေလည်း အစိမ်းလိုင်းပေါ် တက်လာလို့ ရပါတယ်။


ဘူတာကနေ ထွက်လိုက်တာနဲ့ ကားလမ်းတစ်ခုခြား မျက်နှာချင်းဆိုင်မှာ Health Sciences Authority (HSA) ဆိုတဲ့ အဆောက်အဦးကြီးကို မြင်ရမှာပါ။ အဲဒီမှာ Blood Bank ဆိုတဲ့ နဖူးစီးကြီးကိုလည်း မြင်ရမှာပါ။ ကားလမ်းကို လူကူးမျဉ်းကြား မီးပွိုင့်က ကူးလို့ရသလို ဂုန်းကျော်တံတားကနေ ကူးရင်လည်း ရပါတယ်။ ဂုန်းကျော်တံတားက ကူးရင် နေပူပူ မိုးရွာရွာ အမိုးအကာအောက်က သွားရတာဖြစ်လို့ အဆင်ပြေပါတယ်။ ပြီးတော့ ဂုန်းကျော်တံတားမှာ စက်လှေခါး တပ်ပေးထားတော့ အတက်မှာ သိပ်မပင်ပန်းဘူးပေါ့။ သွေးလှူမယ့် လူအနေနဲ့ အင်အားစိုတ်ထုတ်မှု နည်းနိုင်သမျှ နည်းအောင် လုပ်ထားတာ အကောင်းဆုံးပဲလေ။

သွေးဘဏ်က ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်က Centre for Transfusion Medicine (CTM) ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်။ အဲဒီ CTM က သွေးစုဆောင်းမှုတွေ၊ သွေးမှာ ရောဂါ ရှိမရှိ စစ်ဆေးမှုတွေ၊ သွေးလိုအပ်တဲ့ ဆေးရုံတွေကို သွေးဖြန့်ဝေမှုတွေကို အဓိက တာဝန်ယူ လုပ်ဆောင်ရပါတယ်။ ဆေးရုံဆိုတာမှာ နိုင်ငံပိုင်ဆေးရုံတွေအပြင် ပုဂ္ဂလိကဆေးရုံတွေမှာ သွေးလိုအပ်ရင်လည်း သွေးဘဏ်ကနေတဆင့် ဖြန့်ဖြူး ကူညီပေးပါတယ်။



သွေးဘဏ် ဖွင့်တဲ့အချိန်ကတော့ အောက်မှာ ဖော်ပြထားပါတယ်။
  • Tuesdays to Thursdays: 9.00am – 6.30 pm
  • Fridays: 9.00am – 8.00pm
  • Saturdays: 9.00am – 4.30pm
  • Sundays: 9.00am – 2.00pm
  • Mondays & Public Holidays: Closed
တနင်္လာနေ့နဲ့ အများပြည်သူ ရုံးပိတ်ရက်မှာ သွေးဘဏ် ပိတ်ပါတယ်။ စနေနေ့နဲ့ တနင်္ဂနွေနေ့မှာ လာလှူတဲ့သူက အများဆုံးပါပဲ။ ရုံးဖွင့်တဲ့ ကြားရက်တွေလည်း လှူတဲ့လူတွေ ရှိပါတယ်။ တချို့က မွေးနေ့ အထိမ်းအမှတ်အနေနဲ့ လာရောက် လှူဒါန်းကြပါတယ်။

ဒီမှာက သုံးလ တစ်ကြိမ် သွေးလှူဒါန်းခွင့်ပေးပါတယ်။ မြန်မာပြည်မှာက လေးလ တစ်ကြိမ်ပါ။ ကြည့်ရတာ အစားအသောက်တွေမှာ အစာအာဟာရဓါတ် ပြည့်ဝမှုနဲ့ နေ့စဉ် အလုပ်တွေမှာ အင်အား စိုက်ထုတ်ရမှု နည်းတဲ့အတွက် အခုလို သုံးလ တစ်ကြိမ် လှူဒါန်းခွင့်ပြုတာ ဖြစ်မယ်လို့ ထင်မိပါတယ်။ သွေးလှူရှင်ရဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး သွေး မီလီလီတာ ၃၀၀ ကနေ ၄၅၀ ကြား ထုတ်ယူပါတယ်။ သွေးလှူဒါန်းမှု ကြာချိန်က လူတစ်ယောက်နဲ့ တစ်ယောက် မတူညီပါဘူး။ ပိုက်ကနေ သွေးစီးဆင်းမှု အားကောင်းရင် ကောင်းသလို အချိန်မြန်ပါတယ်။ ပျဉ်းမျှအားဖြင့် ၁၀ မိနစ်ထက် ပို မကြာပါဘူး။ သွေးလှူဒါန်းမှု အစအဆုံးက နာရီဝက်လောက်ပဲ အချိန်ပေးရတာပါ။ ကိုယ်ရဲ့ နာရီဝက် အချိန်လေး ပေးဆပ်မှုက တစ်ပါးသူရဲ့ အသက်ကို ကယ်တင်နိုင်တာကြောင့် သွေးလှူဒါန်းကြပါလို့ တိုက်တွန်းချင်ပါတယ် ခင်ဗျာ။

6 comments:

thonn thonn said...

တစ်ကယ်ကောင်းတဲ့ ပို့စ်လေးပဲ။ အဆင်ပြေရင် လှူဖြစ်အောင် ကြိုးစားသွားပါဦးမယ်။

JulyDream said...

ဟုတ်ကဲ့ပါ... သွားလှူနိုင်အောင် ကြိုးစားကြပါ။ သွေးလှူတယ် ဆိုတာ ထပ်ကာ ထပ်ကာ အကြိမ်ကြိမ် ပြုနိုင်တဲ့ လှူဒါန်းမှုမျိုးပါ ခင်ဗျ။

Unknown said...

သွေးလှူတဲ့ အတွေ့အကြုံ လေးတွေ မျှစမ်းပါအုံးဗျ။

Unknown said...

ရိုက်ထားတဲ့ ဓါတ်ပုံတွေ လှတယ်ဗျာ။ နေရာယူထားတာတွေ ကြိုက်မိတယ်။

ဓါတ်ပုံတွေနဲ့ပြတော့ ဖတ်ရတဲ့သူတွေ ပိုပြီး အမြင်ရှင်း သိလွယ်မြင်လွယ် မှတ်မိလွယ်တာပေါ့ဗျာ။

JulyDream said...

ပြတိုက်ကြီးရေ...
သွေးလှူတဲ့ အတွေ့အကြုံကို ကျွန်တော် ရေးဖူးတယ် ခင်ဗျ။ ရှေ့ပိုင်းမှာ ရှိပါတယ်။

ကိုနေမင်းရေ...
ဓါတ်ပုံတွေ့တော့ ဒီလိုပါပဲ။ စိတ်ကူးတည့်ရာ ဟိုဟိုဒီဒီ ရိုက်ရင်းနဲ့ ကောင်းနိုးရာရာ ပုံတွေကို ဆွဲထုတ်ထားတာပါ။

မိုးခါး said...

သွေးလှူချင်တယ် .. exit ဘယ်လောက်လဲမသိဘူးနော် .. ရန်ကုန်မှာတုန်းက လှူနေကျ .. ခုတော့ မလှူဖြစ်တာကြာပြီ .. ခုလိုအသိပေးလို့ ကျေးဇူးပါ .. ဘာတွေလိုအပ်သေးလဲမသိဘူး .. ဒီအတိုင်းသွားပြီး သွေးလှူချင်တယ်ဆို ပြီးရောလား .. ပြောပေးပါဦးနော် .. သိုင်းကျူးပါး)