.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, November 30, 2008

Blogger Blood Drive & Me

Singapore 1st Blogger Blood Driveမှာ သွေးလှူတဲ့အကြောင်းလေးကို ရေးမလို့ပါ။ အမှန်က မနေ့က သွားလှူဖြစ်တာ။ သွေးလှူပြီးလို့ အိမ်ပြန်ရောက်တာနဲ့ ကင်မရာထဲက ဓါတ်ပုံတွေကို ကူးပြီး Facebook မှာ အရင်တင်လိုက်တယ်။ ပြီးတော့ ပုံအချို့ကို ပြန်ရွေးပြီး ဘလော့မှာလည်း တင်ခဲ့လိုက်တယ်။ ပို့စ်တင်ပြီး သိပ်မကြာပါဘူး ကျွန်တော့်စီပုံးထဲမှာ မခင်ဦးမေက လာရေးသွားတယ်။ သွေးလှူပြီးရင် အားနည်းတတ်တယ်။ အအိပ်အနေမှန်ဖို့ သတိပြုပါ ဆိုပြီး စီပုံးမှာ သြ၀ါဒ အမှာစကား ပြောကြားသွားလို့ ရေးစရာရှိတာတွေကို ဆက်မရေးတော့ပဲ အင်တာနက်ကနေ ခြေရာဖျောက် အိပ်ချင်ယောင်ဆောင်လိုက်ပါတယ်။ လူကြီးစကားကို နားထောင်ရမယ်လေ။ ဒါကြောင့် ဒီနေ့မှ အဲဒီအကြောင်းကို ပြန်ရေးတာပါ။

မြန်မာပြည်ပေါက် စကာင်္ပူရောက် ဘလော့ဂါ တစ်ယောက်အနေနဲ့ စင်္ကာပူရဲ့ ပထမဦးဆုံး Blogger Blood Driveမှာ ဘ၀ရဲ့မှတ်တိုင်တစ်ခုအနေနဲ့ သွေးလှူချင်မိတယ်။ တကယ်ဆို ကျွန်တော် သွေးပြန်လှူလို့ရတဲ့ ရက်စွဲက နိုဝင်ဘာ ၂၃ ပါ။ အခုပွဲက နိုဝင်ဘာ ၂၉ ဆိုတော့ ၆ ရက်လောက် ထပ်စောင့်ပေးရတာပေါ့။ သွေးလှူလို့ရတဲ့ ကာလနဲ့ တိုက်ဆိုင်နေတာကြောင့် အခုပွဲမှာ နွှဲချင်တာပါ။ ဒါကြောင့် ကမကထ ကျင်းပတဲ့ nuffnang ဆိုတဲ့ အဖွဲ့ကို အီးမေးလ်ပို့ပြီး လှမ်းမေးကြည့်တယ်။ ကျွန်တော့်က ဘလော့တော့ ရေးတယ်။ ဒါပေမယ့် အင်္ဂလိပ်လို မဟုတ်ဘူး။ မြန်မာလိုပဲ ရေးထားတာဖြစ်လို့ ဘလော့ဂါသွေးလှူပွဲမှာ ပါဝင်လို့ ရမရ မေးကြည့်လိုက်တယ်။

သူတို့ဘက်က တော်တော်နဲ့ အကြောင်းမပြန်ဘူး။ ၃ ရက်လောက် ကြာမှ သွေးလှူပွဲမှာ ပါဝင်ဖို့အတွက် ဘလော့ဂါ ဖြစ်ရမယ်။ ကိုယ်အလေးချိန် အနည်းဆုံး ၄၅ ကီလိုဂရမ် ရှိရမယ်။ အသက် ၁၈ နှစ်ပြည့်ရမယ်။ သူတို့ nuffnang မှာ အဖွဲ့ဝင်ရမယ် ဆိုပြီး အကြောင်းပြန်ပါတယ်။ nuffnang ဆိုတာက Asia-Pacific's First Blog Advertising Communityပါ။ nuffnangက သူတို့အဖွဲ့ဝင်တွေရဲ့ ဘလော့အချို့မှာ ကြော်ငြာတွေ ထည့်ပါတယ်။ ဘလော့ဂါတွေကတော့ အဲဒီကြော်ငြာတင်ခအတွက် အခကြေးငွေတော့ မရဘူးပေါ့။ ဒါပေမယ့် အခြား အကျိုးခံစားခွင့်တွေ ပေးထားပုံပဲ။ ရုပ်ရှင်လက်မှတ်တွေ ပေးတယ်။ လက်ဆောင်တွေ ပေးတယ်။ အဖွဲ့က လုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ အခမဲ့ တက်ရောက်ခွင့်ရှိတယ်။

အဲဒါနဲ့ nuffnang မှာ အဖွဲ့ဝင်ဖို့ Register သွားလုပ်တော့ အဆင်မပြေဘူး။ အဲဒါနဲ့ အဖွဲ့ဝင် မလုပ်ဖြစ်ခဲ့ဘူး။ ကျွန်တော်က အဲဒီပွဲမှာ သွေးပဲလှူချင်တာပါ။ ကိုယ့်ဘလော့မှာ ကြော်ငြာတင်ဖို့တော့ စိတ်မ၀င်စားမိသေးဘူး။ သွေးလှူချင်တာနဲ့ပဲ တနလာင်္နေ့မှာ ခပ်တည်တည်နဲ့ အီးမေးလ်ပို့ပြီး သွေးလှူဖို့ စာရင်းသွင်းလိုက်တယ်။ အမည်၊ အိုင်ဒီနံပါတ်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ ဘလော့လိပ်စာ ပေးရတယ်။ သူတို့ဘက်က အကြောင်းပြန်မယ့် စာနဲ့ ဖုန်းခေါ်သံကို မျှော်လိုက်ရတာ အတော့်ကို ကြာပေါ့။ စာမလာ သတင်းမကြားပဲ။

နိုဝင်ဘာ ၂၈၊ သောကြာနေ့ နေ့လည်လောက်မှ ဖုန်းခေါ်တယ်။ အသက် ဘယ်လောက် ရှိပြီလဲ ပြန်မေးတယ်။ ကိုယ်အလေးချိန် ၄၅ ကီလိုဂရမ် ကျော်ရဲ့လား ထပ်မေးတယ်။ အသက်က ၁၈ နှစ်ထက် ၁၀ နှစ်နီးပါး ကျော်နေပြီ။ အလေးချိန်က ၇၀ ကီလိုဂရမ်လောက် ရှိနေပြီလို့ ပြောလိုက်တော့ ဟိုဘက်က ဒါဆိုအိုခေ ဆိုပဲ။ မနက်ဖြန် စနေနေ့ နေ့လည် ၁၁ နာရီမှာ သွေးလာလှူပေးပါလို့ ပြောသွားတယ်။ သွေးလှူဖို့ အချိန်တော့ ပြောင်းလို့ မရတော့ဘူးတဲ့။ အချိန်တွေ ပြည့်နေပြီတဲ့။

စနေနေ့ မနက် ၈ နာရီခွဲလောက် အိပ်ရာထရေမိုးချိုးပြီး ၉ နာရီခွဲလောက် ဘူတာကို ဆင်းလာခဲ့တယ်။ စင်္ကာပူ ကြက်ခြေနီမှာ အတူလုပ်အားပေးတဲ့ ကျွန်တော့်ရုံးက ဖိလစ်ပိုင်လေးကို သွေးလှူချင်ရင် မနက် ၁၀ နာရီ မထိုးခင် ဘူတာအရောက် လာခဲ့ဖို့ ဖုန်းဆက်ချိန်းလိုက်တယ်။ ရှေ့တစ်ခေါက်က သူနဲ့အတူတူ လှူခဲ့တာ ဆိုတော့ သူလည်း ပြန်လှူဖို့ အချိန်ရောက်နေပြီလေ။ ဘူတာနားက လက်ဖက်ရည်ဆိုင်မှာ မိုင်လို တစ်ခွက် ၀င်သောက်ရင်း ဘူတာထဲကို ၀င်လာတော့ ဖိလစ်ပိုင်လေးလည်း ရောက်နေပြီ။ အဲဒါနဲ့အတူ သွေးဘဏ်ကို ထွက်လာခဲ့လိုက်တယ်။

မနက် ၁၀ နာရီခွဲလောက် သွေးဘဏ်ရောက်တော့ အ၀င်ဝနားမှာ nuffnang အဖွဲ့ရဲ့ Registration Counter ရှိတယ်။ အဲဒီမှာ ရောက်ရှိကြောင်း သတင်းပို့ စာရင်းပေးပြီး Form ကိုယူ၊ ပြီးတော့ Recreation Room ထဲမှာ Form ဖြည့်ပြီး ထိုင်စောင့်နေရတယ်။ Recreation Room ထဲမှာ ဂိမ်းတွေ အများကြီး စီစဉ်ထားတယ်။ ဆော့နေတဲ့သူတွေ ရှိသလို ရုပ်ရှင်ကြည့်နေတဲ့သူတွေလည်း ရှိတယ်။ သွေးလှူပြီးလို့ နားနေတဲ့သူတွေလည်း ရှိတယ်။ အားလူးဖုတ်နေတဲ့သူတွေလည်း ရှိတယ်။

ကျွန်တော်တို့က ၁၁ နာရီထိုးခါနီးမှာ သွေးလှူဖို့အတွက် လာခေါ်တာနဲ့ လိုက်သွားခဲ့လိုက်တယ်။ ဆရာဝန်က သွေးပေါင်ချိန်တော့ သွေးပေါင်တွေက တက်နေတယ်။ အပေါ်သွေးက ၁၄၀ ကျော်နေတယ်။ ဆရာဝန်က ပြောပါတယ်။ ကောင်မလေးတွေ ၀တ်ထားတာ Sexy ဖြစ်လွန်းလို့ သွေးပေါင်ချိန် တက်တာ ဖြစ်မှာပါတဲ့။ ဟုတ်လည်း ဟုတ်လောက်တယ်။ nuffnang က ကောင်မလေး ၂ ယောက်ဝတ်ထားတဲ့ပုံစံက ရင်ဘက်ထဲက ရှိသမျှ အကုန်နီးပါး အပြင်ထွက်ကျ မတတ်ပဲ။ မတော်လို့ ထွက်ကျလာရင် ပြေးဖမ်းရမလားပဲနော်။

သံဓါတ်စစ်တဲ့ နပ်စ်မက မြန်မာပြည်ကပဲ။ သူနဲ့က ပွဲအတော်များများမှာ မြင်ဖူးတွေ့ဖူးနေတော့ ရင်းနှီးနေပြီ။ ဟေမိုဂလိုဗင်လို့ခေါ်တဲ့ သံဓါတ်စစ်ရင်း သူ မသိတာတွေကို မေးပါသေးတယ်။ ဘလော့ဂါဆိုတာ ဘာလဲတဲ့။ ဘလော့ဂါဆိုတာ ကိုယ့်အတွေးအမြင်တွေ ခံစားချက်တွေ အတွေ့အကြုံတွေကို အင်တာနက် စာမျက်နှာပေါ်မှာ လွတ်လွတ်လပ်လပ် သိက္ခာရှိရှိ ရေးသားတဲ့သူတွေလို့ ပြန်ပြောလိုက်တယ်။ သူက ထပ်ပြောသေးတယ်။ မြန်မာပြည်မှာ ဘလော့ဂါဆိုရင် ထောင်ချခံရတယ်နော်။ သတင်းထဲမှာ ဖတ်လိုက်ရတယ်တဲ့။ နင်လည်း ဒီမှာ နိုင်ငံသားခံပြီးမှ ဘလော့ရေးပါလား။ တော်ကြာ မြန်မာပြည် ပြန်ရောက်ရင် ထောင်ကျနေအုံးမယ်တဲ့။ သူရဲ့ အရိုးခံ စေတနာတွေကို သိမြင်ပေမယ့် ကျွန်တော် ပြုံးရုံလေး ပြုံးနိုင်တော့တယ်။

သွေးဖောက်တဲ့အခန်းမှာလည်း ကျွန်တော်နဲ့သိတဲ့ မြန်မာပြည်က နပ်စ်တွေ အများကြီး။ ၅ ယောက်လောက် လာနှုတ်ဆက်ကြတယ်။ အဲဒါမှာလည်း ဟိုဟိုဒီဒီ အာလပသလာပတွေ ပြောကြဆိုကြတာပေါ့။ သွေးစက်ပုံစံ ရင်ထိုးတွေကိုလည်း ၄ ခုတောင် ပေးလိုက်တယ်။ အမှန်ဆို ကိုယ့်သွေးအမျိုးအစားလိုက် ၁ ခုပဲ ရရမှာ။ အခုတော့ သွေးအမျိုးအစား ၄ မျိုးအတိုင်း ရင်ထိုး ၄ ခုပေးလိုက်တာပါ။

သွေးလှူပြီးတော့ အမှတ်တရ လက်ဆောင်တွေ သွားယူရသေးတယ်။ အဲဒီမှာ အမှတ်တရ တီရှပ်ရယ်၊ Brands ကြက်ပေါင်းရည်ရယ်၊ ဂုဏ်ပြုလက်မှတ် ပေးပါတယ်။ ဂုဏ်ပြုလက်မှတ်မှာ အမည်ပေါင်းတာ မှားနေလို့ နောက်တစ်ခါ အသစ်တစ်ခု ပြန်ရေးခိုင်းရသေးတယ်။ အမည်ထိုးပေးတဲ့ ကောင်မလေးက ပြောပါတယ်။ မြန်မာအမည်တွေ ပေါင်းရတာ ခက်လိုက်တာတဲ့။ အဲဒီမှာ စစ်တမ်းကောက်တာကို ထိုင်ဖြေပေးခဲ့ရသေးတယ်။

ပြီးတော့ Refreshment Area မှာ နေ့လည်စာ သွားစားလိုက်တယ်။ စားပါလို့ ပြောနေတာကို ဘယ်သူမှ မစားသေးပဲ ရှက်နေကြတာနဲ့ ဈေးဦးဖေါက် ရှေ့ဆောင်လမ်းပြ စားပြလိုက်တယ်။ ငါးဟင်း၊ ကြက်သားဟင်း၊ မှိုကြော်၊ အစိမ်းကြော် အစုံပါပဲ။ ကျွန်တော်တစ်ယောက်တည်း ဟင်းတွေထည့် ထမင်းတွေ ခူးနေတာဆိုတော့ မှတ်တမ်းတင်တဲ့ ကင်မရာမီးတွေက တဖျပ်ဖျပ်ပေါ့။ ပြုံးပြပါဆိုလို့ ပြုံးပြလိုက်ရသေးတယ်။

နေ့လည် ၁၂ နာရီခွဲမှာ သွေးဘဏ်ကနေ ပြန်ထွက်လာခဲ့တယ်။ အဲဒီနေ့မှာ သွေးလှူဖို့ စာရင်းပေးထားတဲ့ ဘလော့ဂါက ၁၆၃ ယောက်ပါ။ သူတို့ကတော့ ၁၈၀ ယောက်လောက် လာမယ်လို့ မျှော်လင့်ထားတယ်။ နေ့လည် ၁၂ နာရီကျော်တဲ့ အချိန်ထိတော့ သွေးလှူရှင် အယောက် ၆၀ ပဲ လာလှူသေးပါတယ်။ ဘာပဲဖြစ်ဖြစ် ပထမဦးဆုံးအကြိမ် သွေးလှူဒါန်းပွဲကို လုပ်ဖြစ်အောင် လုပ်နိုင်ခဲ့ပြီးပြီဆိုတော့ နောက်ပိုင်းမှာ ဒီလိုပွဲမျိုးတွေ ဆက်လုပ်နိုင်လာမယ့် အနေအထားကို မြင်မိနေလို့ ၀မ်းသာမိပါတယ်။ ဘယ်အရာမဆို အစပဲ ခက်တာလေ။ စဖြစ်အောင် စလိုက်ပြီးပြီဆိုရင် နောက်ပိုင်းက အဆင်ပြေသွားရောဗျ။

ကျွန်တော့်ရဲ့ စင်္ကာပူကျွန်းမှာ ၇ ကြိမ်မြောက် သွေးလှူတာက မြန်မာပြည်ပေါက် စကာင်္ပူရောက် ဘလော့ဂါ တစ်ယောက်အနေနဲ့ Singapore 1st Blogger Blood Drive ဖြစ်နေတာကလည်း ဘ၀မှာ အမှတ်တရပေါ့။ တကယ်တော့ ကျွန်တော်ဟာ ခုနစ်ဆိုတဲ့ ဂဏန်းတွေကြားမှာ ပျော်ဝင်နေတဲ့ ဇူလိုင်အိပ်မက်တစ်ခုပါပဲခင်ဗျာ။။

Saturday, November 29, 2008

More than just a blogger


Registration Counter


Recreation Room


Refreshment Area


Redemption Booth


Certificate of Appreciation


Memorable Gifts (a limited T Shirt)

Friday, November 28, 2008

Busy days

ဒီတစ်ပတ်လုံး အတော် အလုပ်များပါတယ်။ တနလာင်္နေ့ တစ်ရက်ပဲ အသက်ရှူချောင်တယ်။ အင်္ဂါနေ့က စပြီး သောကြာနေ့အထိ ရူးမတတ် အလုပ်များတယ်။ ရူးတော့ မရူးသေးပါ။ ဒါကြောင့် ကျွန်တော့်ဘလော့လည်း အချိန်ပေးပြီး မရေးနိုင်သလို တခြားသူတွေဆီကို အလည်အပတ်လည်း မထွက်ဖြစ်ပါဘူး။

စင်္ကာပူမှာ အလုပ်လုပ်ရတာ တခါတလေတော့လည်း ရူးချင်ချင်ပါပဲ။ လုပ်ပုံလုပ်နည်းတွေနဲ့ ပါတ်သတ်ပြီး အထင်ကြီးစရာတွေ ရှိသလို သောက်တလွဲတွေလည်း အများကြီးပါပဲ။ ရှေ့ ၂ လကတည်းက ကြိုသိထားတဲ့ အလုပ်ကြီးတစ်ခုနဲ့ ပါတ်သတ်ပြီး လုပ်စရာရှိတာတွေကို ကြိုမလုပ်ထားပဲ အနားရောက်မှ ကပ်ပြီးခိုင်းတော့ လုပ်ရတဲ့သူအကုန် သေပြီပေါ့။ ဗုဒ္ဓဟူးနေ့မှာ သြစတေးလျက ယူဇာက Testing လုပ်ချင်လို့ System ကို အဆင်သင့်ဖြစ်အောင် Configure လုပ်ထားပေးပါတဲ့။ ပြောတဲ့အချိန်က တနလာင်္နေ့ည ၁၀ နာရီ။

အင်္ဂါနေ့မှာ လိုအပ်တဲ့ဟာတွေကို စီစဉ်ရပြီ။ ကွန်ပျူတာဆာဗာ အရင်ရှာရတယ်။ ပြီးတော့ ဒေတာဘေ့စ်အတွက် DBA (Database Administrator)နဲ့ စကားပြောညှိနှိုင်းရတယ်။ ဒါတောင် ဒေတာဘေ့စ်က လိုအပ်တဲ့အတိုင်း မမှာမိလို့ နောက်တစ်ခါ ပြန်လုပ်ခိုင်းရသေးတယ်။ အဲဒါနဲ့တင် နေ့ဝက်ကျော်နေပြီ။ သြစတေးလျကနေ လှမ်းသုံးလို့ရအောင် Web server ထိုင်ရသေးတယ်။ ညနေစောင်းနေပြီ ကျွန်တော် လုပ်ရမယ့် အလုပ်က အခုထိ မစရသေးဘူး။ ညနေ ၅ နာရီမှ ကျွန်တော့်အပိုင်းက စရတော့တယ်။ ပုံမှန်ဆိုရင် ၂ ရက်ကြာအောင် လုပ်ရတဲ့ အလုပ်ကို ညတွင်းချင်း မအိပ်ပဲလုပ်ရတယ်။ ဗုဒ္ဓဟူးနေ့ မနက် ၃ နာရီခွဲကျော်မှာ အကြမ်းထည် ပြီးသွားတယ်။ စမ်းလို့ရပြီဆိုတဲ့အကြောင်း ရုံးကို အီးမေးလ် ပို့လိုက်တယ်။

ဗုဒ္ဓဟူးနေ့ မနက်ကို ၉ နာရီခွဲမှ အိပ်ရာနိုးတယ်။ မျက်နှာသစ်ပြီးတော့ အီးမေးလ်တွေ ထိုင်စစ်လိုက်တယ်။ လုပ်စရာရှိတဲ့ အလုပ်တွေကို ရုံးမသွားပဲ အိမ်ကနေ လုပ်ပေးထားလိုက်တယ်။ နေ့လည် ၁၂ နာရီမှ ရုံးကို ထွက်လာခဲ့လိုက်တယ်။ လမ်းမှာ ဖုန်းကို စစ်ကြည့်တော့ မတ်ဆေ့ခ်ျတွေ ၀င်နေတယ်။ ဘယ်ကပို့တာလဲ ဆိုတော့ ရုံးကတစ်ယောက် ပို့ထားတာ။ မနက် ၈ နာရီခွဲကတည်းက ပို့ထားတာဗျ။ ဘာရေးထားလဲ ဆိုတော့ ရုံးလာနေပြီလားတဲ့။ တစ်ညလုံး မအိပ်ပဲ အလုပ် လုပ်ပေးထားတဲ့သူကို မနက် ၈ နာရီခွဲမှာ ရုံးလာနေပြီလား... မေးရက်တယ်နော်။ အတော် ဒေါသထွက်စရာပဲ။

ဗုဒ္ဓဟူးနေ့ညမှာလည်း စောစော မအိပ်ရပါဘူး။ တခြား ပရောဂျက်က အလုပ်တွေကို ဒီအတိုင်း ပစ်ထားလို့မှ မရတော့ ကိုယ်ပဲ လုပ်ရတာပေါ့ကွယ်။ သြစတေးလျပရောဂျက်ရဲ့ စမ်းသပ်တဲ့အဖြေကနေ လိုအပ်တာတွေကို တစ်ညလုံး ထပ်ပြင်၊ ထပ်ဖြည့်ပေးနေရတာနဲ့ ကြာသပတေးနေ့ မနက် ၂ နာရီကျော်မှ အိပ်ရာဝင်ရတယ်။ တခြားပရောဂျက်တွေလည်း ဒီရက်တွေမှာ အချိုးမပြေပါဘူး။ လိုအပ်ရင်တာ ဖင်မထားမတတ် ဖူးဖူးမှုတ်ပြီး လုပ်ပေးပါ ရှင်းပေးပါ တကဲကဲ အီးမေးလ်တွေ လိမ့်ပို့နေတယ်။ ကိုယ်က လုပ်ပေးပြီးလို့ အကျိုးအကြောင်း အီးမေးလ်ပို့ပြီး မေးထားတာ တခါမှ အကြောင်းမပြန်ဘူး။ သူတို့ အကြောင်းမပြန်တော့ ကိုယ်လုပ်ပေး အဆင်ပြေလား မပြေလား အသေအချာ မသိလိုက်ရဘူးပေါ့။ အချိန်အတော်ကြာမှ ပြသနာတစ်ခုခု ထဖြစ်ရင် ကိုယ့်ဆီကို လက်ညိုးထိုးကြအုံးမယ်။ သောက်ကျင့်တွေက တစ်စက်မှ မကောင်းဘူး။

ကြာသပတေးနေ့ညလည်း ကုလားပြည်က ပရောဂျက်တစ်ခုကို ၀ိုင်းကူပေးပါဆိုလို့ ၀င်ကူညီပေးလိုက်တာ မိုးလင်းရော။ အမှန်ဆို အဲဒီအလုပ်က ကိုယ်နဲ့ တိုက်ရိုက် မဆိုင်ပါဘူး။ သူတို့တွေ အလုပ်များနေတာ သိလို့ ကိုယ်လည်း လုပ်ပေးနိုင်တာ ဖြစ်လို့ ကူညီပေးလိုက်တာပါပဲ။ အမှန်ဆို ကုလားပြည်က ကုလားတွေ လုပ်ရမှာ။ သူတို့က မလုပ်တတ်ဘူး မသိဘူး ဖင်ပိတ်ငြင်းနေတော့ စင်္ကာပူဘက်က လုပ်ပေးရတာပေါ့ဗျာ။ ၀ိုင်းကူတာက ကူပေးပါတယ်။ ခက်တာက ကူညီပေးတိုင်းလည်း မကောင်းဘူး ခင်ဗျ။ ကူညီတတ်မှန်းသိရင် တချို့တလေက လုပ်နိုင်ရဲ့သားနဲ့ ရေသာခိုပြီး မလုပ်တတ်ဘူး ငြင်းကြတယ်။ ဘောလီဘော ပုတ်ကြတယ်ဗျ။ အဲဒီတော့ လုပ်တတ်တဲ့သူ အိပ်ရေးပျက်ခံ တစ်ညလုံး လုပ်ပေးပေတော့။

ဒီရက်ထဲမှာ ခေါင်းစားတာက စာအုပ်ကြီးသမားတွေနဲ့ ဆက်ဆံရတာပါပဲ။ ကိုယ်ဘက်က လုပ်ပေးလိုက်ရင် ဘာမှ အချိန်ကုန်တာ မဟုတ်ပေမယ့် စာအုပ်ကြီးနဲ့ တိုင်းနေတော့ အလုပ်တွေ နှောင့်နှေးပြီး မလိုအပ်တာတွေ ထပ်ကုန်ရတာပေါ့။ ပြသနာ ဖြစ်ဖြစ်ချင်းမှာ ဖြေရှင်းပေးလိုက်ရင် တစ်ရက်နဲ့ ပြီးမယ့် အလုပ်ကို ခွင့်ပြုချက်တွေ အတည်ပြုချက်တွေ အဆင့်ဆင့်စောင့်နေတော့ ၅ ရက်လောက် လုပ်ရမယ့် အလုပ်ဖြစ်သွားရော။ ဒါတောင် လမကုန်သေးလို့။ နောက်လကို ကူးသွားရင် ၅ ရက် မပြောနဲ့ကို ၁၅ ရက်တောင် မပြီးဘူး။ အခန့်မသင့်ရင် ဘယ်လိုမှ ပြန်ပြင်လို့မရတဲ့ အနေအထားထိ ရောက်သွားနိုင်တယ်။ အပ်နဲ့ ပေါက်ရမယ့် ကိစ္စကို ပုဆိန်နဲ့ ထွင်းနေကြတယ်။

အဲဒါပါပဲ။ ဒီရက်အတွင်းမှာ ကျွန်တော် ဇူလိုင် မြွေကိုက်နေတယ်။ ဒါပေမယ့် ညတိုင်းတော့ ပြေးဖြစ်ပါတယ်။ ည ၉ နာရီကျော်မှာ ပြေးတဲ့ တရုတ်မလေး ၂ ယောက်က ချောတယ်ဗျ။ အခုညလည်း ပြေးပြီး ပြန်လာတာပါပဲ။ ဒါပေမယ့် ဒီညတော့ အလုပ်တွေ ဘယ်လောက်ရှိရှိ မအိပ်ပဲနေလို့တော့ မရဘူး။ မနက်ဖြန် မနက်ပိုင်း SG Blogger Blood Driveမှာ သွေးလှူစရာ ရှိတာမို့လို့ ဒီတစ်ညတော့ စောစောအိပ်ရမယ်ဗျ။

Monday, November 24, 2008

SG Blogger Blood Drive


Nuffnang Singapore is pleased to bring you Singapore’s first blogger blood donation drive!

Our aim is to get 300 bloggers to donate blood on a single day! With each donation saving 3 lives potentially, that’s 900 lives saved! As a community, besides enjoying movies, parties, and great contests together, we also hope to foster a sense of charity and goodwill. 25,000 bloggers can do a whole lot of good for the community at large, and we want to make as much noise as possible!

The Nuffnang team has been hard at work to ensure that whilst our bloggers are doing good, all our bloggers have as fun a day out as possible! It will be a blogger “festival” of sorts, with games, movie screenings, food, and great great company THROUGHOUT the day. Each blogger blood donor will also receive a certificate to commemorate this momentous event, and a very limited T Shirt, to SHOUT TO THE WORLD, “I TOOK PART IN SINGAPORE’S FIRST BLOGGER BLOOD DONATION DRIVE”.

You’re just our type, so let’s gooooo Nuffnangersss!!!! Be part of Singapore's First Blogger Blood Drive on 29th November 2008 at the Bloodbank @HSA.

TO RSVP for this event: Email your name, IC no, and blog address to savelives@nuffnang.com

FOR MORE INFORMATION: Email your queries to aymt@nuffnang.com


How to go to the Blood Bank? See in this post.
What is the Blood donation procedure? See in this post.

Saturday, November 22, 2008

My favorite cartoon movie

အရူးအပေါဂိုဏ်း နာယကကြီး ၀က်ခေါင်းကိုင် သခင်မ ရှင်ဂွမ်းသာလို့ ကျွန်တော် ခေါ်တဲ့ မတူးတူးသာက မနက် အိပ်ရာနှိုးရင် သူ့ဘလော့ကို လာခဲ့... Tag စရာ ရှိလို့တဲ့။ သူကတော့ ရေးနေတုန်း မပြီးသေးဘူးတဲ့။ ချက်ချင်းဆိုသလို ကာတွန်းကားအကြောင်း ရေးခိုင်းမယ်ဆိုတာကို သိလိုက်တယ်။ နန်းညီဆီမှာ Lion King အကြောင်း ရေးထားတာကို ဖတ်မိထားတော့ အဲဒီ Tag Game က မကြာခင် ကျွန်တော်ဆီကို လာတော့မယ် ဆိုတာ သဘောပေါက်ထားတယ်လေ။
Mighty Mouse, Micky Mouse, Tom & Jerry တို့ကတော့ ငယ်စဉ်တောင်ကျေး နှပ်ချီးတွဲလောင်း ကလေးဘ၀ကတည်းက ကြည့်ခဲ့တဲ့ ကာတွန်းစီးရီးတွေပေါ့။ ဒီလိုပဲ ကြည့်ဖူးခဲ့တဲ့ ကာတွန်းရုပ်ရှင်တွေက အများကြီးပါပဲ။ မှတ်မိသလောက် ပြန်ရေးပြရင်တော့... The Jungle Book, Bambi, Tarzan, Snow White and The Seven Dwarfs, Cinderella, Aladdin, Sinbad, Hercules, Sleeping Beauty, Beauty And The Beast, Pocahontas, The Lion King, The Little Mermaid, Toy Story, Shark Tale, Shrek, Mulan, Madagascar, Ice Age, Antz, A Bug's Life, Finding Nemo, Ratatouille, Kung Fu Panda.
အဲဒီကာတွန်းကား အားလုံးနီးပါးကို သဘောကျမိတယ်။ လူတွေ သရုပ်ဆောင်ထားတဲ့ရုပ်ရှင် ကြည့်ရတာထက် ကာတွန်းကားတွေ ကြည့်ရတာကို နှစ်သက်မိတယ်။ စိတ်ချမ်းသာလို့၊ ချစ်စရာကောင်းလို့၊ အပြစ်ကင်းလို့။ သူတို့တွေက ဘ၀အမောတွေကိုလည်း ပြေစေတယ်။ စိတ်ညစ်နေတာတွေလည်း ပျောက်သွားစေတယ်။ အဲဒီကာတွန်းကားတွေထဲမှာ အကြိုက်ဆုံးကို ရွေးဖို့က အတော်ခက်ပါတယ်။ ဘယ်ရည်းစားကို အချစ်ဆုံးလဲ မေးသလိုမျိုးပဲဗျာ။ အားလုံးနီးပါးက ရသကိုယ်စီနဲ့ ကောင်းမွန်လွန်းလှပါတယ်။ အဲဒီကာတွန်းကားတွေကို ကလေးတွေပဲ ကြိုက်ကြတာ မဟုတ်ပါဘူး။ ကြီးကောင်ကြီးမား ကျွန်တော်တို့ အရွယ်တွေလည်း နှစ်ခြိုက် တပ်မက်နေတုန်းပါ။ ကလေးတွေ ကြည့်နေတဲ့အချိန် သူတို့ မိဘတွေလည်း အတူ ကြည့်ကြတဲ့ ကားတွေပါ။
ကျွန်တော့်အနေနဲ့ အကြိုက်ဆုံး နံပါတ် ၁ ပေးပြီး ရွေးချယ်ချင်တာကတော့ တရုတ်ဒဏ္ဍာရီ ပုံပြင်လေးတစ်ခုကို အသက်သွင်းထားတဲ့ Mulan ဆိုတဲ့ ကာတွန်းကားပါပဲ။ အဲဒီဇာတ်ကားလေးကို ၁၉၉၈ ခုနှစ် ဇွန်လမှာ ထုတ်လုပ်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်က အဲဒီကာတွန်းကားကို ၂၀၀၀ ခုနှစ်လောက်မှ ကြည့်ဖူးခဲ့တာပါ။ ၁၉၉၈ခုနှစ်ရဲ့ ၀င်ငွေအများဆုံး နံပတ်ခုနစ် နေရာမှာ ချိတ်ခဲ့တဲ့ ဇာတ်ကားလေးပါပဲ။ ၀င်ငွေစုစုပေါင်း ဒေါ်လာ ၃၀၄ သန်း ရရှိခဲ့ပါတယ်။ အရှေ့တိုင်းပုံစံ တရုတ်ယဉ်ကျေးမှုနဲ့ တူအောင် အဓိကထား ရေးဆွဲခဲ့တဲ့ မုလန်ဟာ The Lion King လို အသေးစိတ် မခြယ်မှုန်းထားပါဘူး။ ဇာတ်ကားတစ်ခုလုံးကို ရေဆေးနဲ့ ရေးဆွဲခဲ့ပါတယ်။
ဇာတ်လမ်းကျောရိုးကတော့ တရုတ်အင်ပါယာ သက်ဦးဆံပိုင် ဘုရင်ခေတ်မှာ အခြေခံထားပါတယ်။ အာရှတိုက် အလယ်ပိုင်းက Hun လူမျိုးတွေရဲ့ စစ်တပ်ကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ရှန်ယူဟာ တရုတ်ပြည်ကို ကျူးကျော် တိုက်ခိုက်လာပါတယ်။ အဲဒီကျူးကျော်စစ်ကို ခုခံဖို့အတွက် အိမ်တိုင်းအိမ်တိုင်းက အရွယ်ရောက်ပြီးသား ယောကျာ်းတိုင်း စစ်ထဲ ၀င်ရမယ်လို့ တရုတ်အင်ပါယာ ဘုရင်ကြီးက အမိန့်တော် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအချိန်... ရွာလေးတစ်ရွာမှာ လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့ကင်းကင်း နေတတ်တဲ့ ကောင်မလေး တစ်ယောက် ရှိပါတယ်။ သူမကို ၀ှါးမုလန်လို့ ခေါ်သတဲ့။ သူမရဲ့မိသားစုမှာ ယောကျာ်းသားဆိုလို့ ခြေထောက် မသန်တဲ့ စစ်ပြန် အဖေအိုကြီးပဲ ရှိပါတယ်။ ဘုရင်ရဲ့ အမိန့်တော်ကို လက်ခံရရှိချိန်မှာ မုလန်ဟာ သူမရဲ့ ဆံပင်ကို ဖြတ်၊ ယောကျာ်းလေးလို ၀တ်စားဆင်ယင်ပြီး သူမအဖေရဲ့ ကိုယ်စား စစ်ထဲ ၀င်ခဲ့ပါတယ်။ သူမရဲ့ ပိန်ညှောင်ညှောင် နဂါးလေးမူရှူးရဲ့ အကူအညီတွေနဲ့အတူ သူမဟာ စစ်ဗိုလ်လေး လီရှန်းနဲ့ ရဲဘော်တွေရဲ့ ယုံကြည်မှုကို ရရှိအောင် ကြိုးစားနိုင်ခဲ့ပါတယ်။

မုလန်ဟာ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲဆိုးကျိုး အနိဌာရုံကို ရိုက်ကူးတင်ပြခဲ့တဲ့ Disneyရဲ့ ပထမဦးဆုံးသော ကာတွန်းကား ဖြစ်ပါတယ်။ နှင်းထုပေါ်မှာ အသက်မဲ့နေတဲ့ ရာပေါင်းများစွာသော အလောင်းကောင်တွေကို အဲဒီ ကာတွန်းကားထဲမှာ မြင်တွေ့ရမှာပါ။ စစ်ပွဲတစ်ပွဲ ပြီးဆုံးချိန်မှာ ကျန်ရှိခဲ့တဲ့ မြင်ကွင်းတွေပေါ့။ ဒါပေမယ့် ကာတွန်းပုံတွေဟာ ထိတ်လန့်ဖွယ် စက်ဆုပ်ရွှံရှာဖွယ်တော့ မဟုတ်ပါဘူး။ ဒါကြောင့် မုလန်ဟာ စစ်ပွဲတွေကို ဂုဏ်တင်နေတဲ့ ကာတွန်းကားလေးတစ်ခု မဟုတ်တာတော့ အသေအချာပါပဲ။
အဓိကဇာတ်ကောင် မုလန်ဟာ မြင်တွေ့နေကျ Disney ဇာတ်ကောင်တွေရဲ့ ၀တ်စားဆင်ယင်ပုံနဲ့ မတူပဲ တမူထူးခြားပါတယ်။ တရုတ်ဝတ်စုံလေးနဲ့ အမြင်ဆန်းစေပါတယ်။ အခြားကာတွန်းဇာတ်ကောင်တွေ ဖြစ်တဲ့ Alice, Jasmin, Pocahontas တို့ရဲ့ ပုံစံတွေနဲ့ မတူပေမယ့် ဓလေ့ထုံးတမ်းရဲ့ ချည်နှောင်မှုကို မခံယူလိုတဲ့ မိန်းမသားတစ်ယောက်ရဲ့ စိတ်ဓါတ်ခွန်အားတွေမှာတော့ တူညီနေတာကို တွေ့ရမှာပါ။ ဒီကာတွန်းကားထဲမှာ ကျားမကဏ္ဍ သာတူညီမျှ ရှိရမယ်လို့ တကူးတက အလေးထား ဖော်ပြထားတာ မရှိပေမယ့် ကလေးတွေရဲ့ စိတ်ထဲမှာ ယောကျာ်းတွေလို မိန်းမသားတွေမှာလည်း အစွမ်းသတ္တိတွေ ရှိနေပါလား..... ဆိုတာကို ခံစား သိရှိသွားစေနိုင်ပါတယ်။

Disneyရဲ့ ထုံးစံအတိုင်း ကာတွန်းကားထဲမှာ ထူးထူးခြားခြား အမှတ်ရစရာတွေလည်း ရှိပါတယ်။ မုလန်ရဲ့ ခြေနှစ်ဘက်နဲ့ စုံကန်ချက်တွေဟာ ထင်ရှားလှသလို စကားတစ်ခွန်းမှ မပြောတဲ့ ပုရစ်လေးလည်း ချစ်စရာ ကောင်းလှပါတယ်။ နောက်တစ်ခုက တခါမှပါးစပ်မပိတ်ပဲ စကားအရမ်းများတဲ့ နဂါးပိန်ညှောင်လေး မူရှူးပါ။ မုလန်ကာတွန်းကားမှာ ကလေးတွေရဲ့ အဓိက ဇာတ်ကောင်က နဂါးပိန်ညှောင်လေး မူရှူးပါပဲ။ သူကြောင့် ကလေးတွေ အဲဒီကာတွန်းကားကို အရူးအမူး ကြိုက်ကြတာပါ။ အဲဒီလိုပဲ ကလေးမဟုတ်တော့တဲ့ ကျွန်တော်တို့ အရွယ်တွေမှာလည်း နဂါးပိန်ညှောင်လေး မူရှူးကြောင့် ပြုံးခဲ့ ရီခဲ့ရတာပေါ့။

အဲဒီကာတွန်းကားလေးထဲမှာ ပုံမှန်သုံးနေကျ မဟုတ်တဲ့ ကင်မရာ ရိုက်ထောင့်တွေ အသစ်အဆန်းမျိုးစုံ သုံးထားတာကိုလည်း တွေ့မြင်ရအုံးမှာ။ ရှေ့အရင် ကာတွန်းကားတွေထက် ပိုပြီး ကြိုးစား အားထုတ်ထားပုံပဲ။ ရိုက်ချက်ဆန်းတွေကို အဖွင့်ခန်းဖြစ်တဲ့ မဟာတံတိုင်းကို ရန်သူတွေ တိုက်ခိုက်တဲ့အခန်းမှာ တွေ့မြင်နိုင်သလို စစ်တပ်ကို လေ့ကျင့် တည်ဆောက်နေတဲ့ အခန်းတွေ၊ နှင်းတောင်တွေက တိုက်ပွဲအခန်းတွေ၊ ရွာတွေ မီးလောင် ပျက်စီးနေတဲ့ အခန်းတွေမှာ တွေ့မြင်နိုင်ပါတယ်။ ချီးကျူးရမယ့် လက်ရာကတော့ မိန်းမသား တစ်ယောက်ကို ယောကျာ်းပုံစံတူအောင် လုပ်ထားပေမယ့် မိန်းမသားဆိုတဲ့ နွဲ့နွဲ့နှောင်းနှောင်းပုံစံလေးကို မပျောက်သွားအောင် ကာတွန်းပုံဆွဲနိုင်ခဲ့တာပါပဲ။
မုလန်ကာတွန်းကားနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေက..
Featuring the voices of: Ming-Na Wen, Eddie Murphy, B.D. Wong, Miguel Ferrer, Harvey Fierstein, Pat Morita, Soon-Tek Oh, George Takei
Directors: Tony Bancroft, Barry Cook
Producer: Pam Coats
Screenplay: Eugenia Bostwick-Singer, Rita Hsiao, Philip LaZebnik, Chris Sanders, Raymond Singer
Music: Jerry Goldsmith
Songs by: Matthew Wilder and David Zippel
U.S. Distributor: Walt Disney Pictures

မုလန်ကာတွန်းကားရဲ့ ဇာတ်ဝင်သီချင်းတွေကို YouTube မှာ ကြည်လို့ရပါတယ်။
ဒါက I'll Make a Man Out of You သီချင်းစာသားလေးပါ။
Vocals: Donny Osmond and Chorus
Lyrics: David Zippel

I'll Make a Man Out of You

Let's get down to business - to defeat the Huns
Did they send me daughters when I asked for sons?
You're the saddest bunch I've ever met
But you can bet before we're through
Mister, I'll make a man out of you

Tranquil as a forest
But on fire within
Once you find your center
You are sure to win
You're a spineless, pale pathetic lot
And you haven't got a clue
Somehow I'll make a man out of you

I'm never gonna catch my breath
Say goodbye to those who knew me
Boy, was I a fool in school for cutting gym
This guy's got 'em scared to death
Hope he doesn't see right through me
Now I really wish that I knew how to swim

(Chorus:)
Be a man
We must be swift as the coursing river
Be a man
With all the force of a great typhoon
Be a man
With all the strength of a raging fire
Mysterious as the dark side of the moon

Time is racing toward us till the Huns arrive
Heed my every order and you might survive
You're unsuited for the rage of war
So pack up, go home you're through
How could I make a man out of you?

ကဲ... ဖတ်တဲ့လူတွေကိုတော့ အားနာပါတယ်။ စာလည်း အတော်ရှည်သွားတယ်။ ရေးချင်တာတွေ များနေတော့ တစ်ခါတည်း ရေးလိုက်မိတယ်။ အခုရေးထားတာက ပန်းချီပညာရှင် ကာတွန်းပညာရှင်အဆင့် မဟုတ်ပါဘူး။ ကာတွန်းကားကို ကြည့်မိပြီး စိတ်ထဲမှာ မြင်သလောက် ခံစားရသလောက် ရေးချလိုက်တာပဲ။ ဒီပို့စ်ရေးတာ အချိန်အကြာဆုံးပဲ။ ၉ နာရီကျော် ကြာတယ်။ စာရေးတာက နည်းနည်း ကာတွန်းကားတွေ လိုက်ကြည့်နေတာ များများပါ။ ပုံတွေ ရှာရတာလည်း အချိန်ကုန်တယ်။ မှီငြမ်းဖို့ အချက်အလက်တွေလည်း ရှာရသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ အတော်လေး နုပျိုသွားတယ်။

ကဲ... အစဉ်အလာရ ဆက်ပြီး Tag ရမယ်ဆိုရင်တော့... ကျောင်းက လူတွေပဲ Tag တော့မယ်ဗျာ။ ရေးပေးမယ် ထင်လို့ Tag လိုက်ပါပြီ။

ဒါပေမယ့် အဲဒီလိုဆိုရင် ခွဲခြားဆက်ဆံတယ် ဖြစ်မှာစိုးလို့... ရေးပေးမယ်ဆိုတဲ့ သူတွေကို နောက်ထပ် Tag လိုက်ပါအုံးမယ်။ မရေးချင်ဘူး မရေးတတ်ဘူးဆိုတဲ့ သူတွေကိုတော့ အားနာလို့ မရေးခိုင်းတော့ပါဘူး။

Friday, November 21, 2008

A piece of gipsy life-1

ဖြတ်သန်းခဲ့တဲ့ ဘ၀အခိုက်အတန့်မှာ အမှတ်တရ ရှိခဲ့တာတွေကို ဟိုဟိုဒီဒီ ရေးမလို့ပါ။ ကောင်းတာတွေလည်း ဖြစ်နိုင်သလို မကောင်းတာတွေလည်း ဖြစ်နိုင်ပါတယ်။ ထုံးစံအတိုင်း ပြောရရင် အမြင့်ကြီး မတွေးထားပါနဲ့။ ကျွန်တော်ဟာ သာမာန်လူထဲက လူပါပဲ။ အတွေးထဲမှာ ပေါ်လာတာတွေကို မှတ်တမ်းတင်တဲ့ သဘောလေးပါ။

လောလောဆယ် သတိရနေတာက ကျွန်တော့်ထက် ၅ နှစ်လောက် အသက်ကြီးတဲ့ လူတစ်ယောက်။ သူနဲ့က ငယ်ပေါင်းတွေ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကမှ သိခဲ့တာ။ ကွန်ပျူတာ ဂိမ်းဆော့ရင်း သိခဲ့ရတဲ့သူပေါ့။ ဂိမ်းထဲမှာ သူ့နစ်ခ်က ဒိန်းဂျား ဆိုပဲ။ Counter Strike ဂိမ်းတွေ ဆော့ဖြစ်ကြတော့ သူနဲ့ အဖွဲ့ကျသွားတယ်။ အစဦးပိုင်းမှာ သူက မောက်စ်တောင် သေချာမကိုင်တတ်ဘူး။ ချာလပတ် ရမ်းနေတယ်။ နောက်ပိုင်းကျတော့ သူ့ပစ်ချက်တွေက ကိုယ်ထက်သာသွားတယ်။

သူက ငွေကို ရေလိုသုံးနိုင်တယ်။ သုံးနိုင်မှာပေါ့ သူက ချဲဒိုင်လုပ်တာကိုး။ ဒါတွေက နောက်မှ သိတာပါ။ သိပြီး သိပ်မကြာဘူး... သူလည်း ရဲဖမ်းလို့ ထောင်ကျသွားတယ်။ နယ်ကနေ ရန်ကုန်ကို ဒီအတိုင်း အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ တက်လာပြီး ရေသန့်ထမ်းတဲ့ ဘ၀ကနေ ချဲဒိုင်ကိုင်တဲ့ ဘ၀အထိ အဆင့်ဆင့် ပြောင်းလဲခဲ့တာပါ။ ကိုယ်ပိုင်အိမ် မ၀ယ်နိုင်သေးပေမယ့် ယူထားတဲ့ မိန်းမကို တင့်တင့်တယ်တယ် ထားနိုင်ခဲ့တယ်။ သားလေး မွေးပြီး မကြာခင်မှာပဲ သူ ထောင်ကျသွားတယ်။ အမှုရင်ဆိုင်ချိန်မှာ မိန်းမဘက် အမျိုးတွေက အတင်းအကျပ် ကွာရှင်းခိုင်းလို့ သူ ကွာရှင်းပေးခဲ့လိုက်တယ်။

သူ့ကို စီရင်ချက်ချတဲ့နေ့က ဂိမ်းအတူတူ ဆော့ခဲ့တဲ့ ကျွန်တော်တို့တစ်ဖွဲ့လုံး တရားရုံးရှေ့မှာ ရှိခဲ့တယ်။ ၁၀ ယောက်ကျော်ပေါ့။ အချုပ်ကားလေးနဲ့ ထောင်ကို ပို့တဲ့အချိန် သူက အ၀တ်ဖြူလေးနဲ့ပေါ့။ ငါ ပြန်လာခဲ့မယ်။ မင်းတို့တွေ လက်မကျစေနဲ့နော်... ကြိုးစားထား... လို့ ပြုံးပြုံးလေး ပြောပြီး အချုပ်ကားရဲ့ သံတိုင်ကြားကနေ သူ လက်ပြခဲ့တယ်။ အဲဒီနောက်ပိုင်း ကျွန်တော် သူ့ကို နှစ်နဲ့ချီပြီး မတွေ့ဖြစ်တော့ဘူး။ ထောင်ဝင်စာလည်း သွားမတွေ့ဖြစ်ခဲ့ဘူး။

သူနဲ့ပါတ်သတ်ပြီး သတိထားမိတာက သူက မိန်းမကျမ်းကျေတယ်လို့ ဆိုရမလားပဲ။ ဒါမှမဟုတ် စကားပြော ကောင်းတယ်လို့ပဲ ပြောရမယ် ထင်တယ်။ သူ့မှာ ရည်းစားတွေ အများကြီးပဲ။ ပြီးတော့ သူ့ရုပ်ရည်နဲ့ ယှဉ်ရင် သူယူထားတဲ့ မိန်းမက အတော်လေးကို ချောပါတယ်။ အသားလည်း ဖြူတယ်။ သူကတော့ မဲကျုတ်နေတာပဲ။ အဝေးသင်တက္ကသိုလ်မှာ အနီးကပ်သင်တန်းတွေ တက်ရင်း ကြိုက်ခဲ့တဲ့ ရည်းစားတွေထဲက အချောဆုံးကို ရွေးခဲ့တယ်လို့ ပြောတာပါပဲ။ သူ့မိန်းမက ဆွေမျိုးအင်အား တောင့်တင်းတယ်။ သူ့လို့ တစ်ကောင်ကြွက် မဟုတ်ဘူး။ သူနဲ့ သဘောမတူကြဘူး။ အဲဒါကို ရအောင် ယူခဲ့တယ်။ ကျွန်တော်ကတော့ သူ့ကို ကျီးကန်း ဘဲဥချီလာတယ်လို့ စစနောက်နောက် ပြောခဲ့ဖူးတယ်။

သူ ထောင်က လွတ်လာတော့ ကျွန်တော်က စင်္ကာပူ ရောက်နေပြီ။ ဂျီတော့ခ်နဲ့ တစ်ခါ စကားပြောဖြစ်တယ်။ လုပ်ငန်းတွေ ပြန်စချင်လို့ ငွေချေးပါဆိုတာနဲ့ ၅ သိန်း ချေးလိုက်ရသေးတယ်။ အဲဒီနောက်ပိုင်း သူ စီးပွါးရေး အဆင်ပြေပုံပဲ။ ဟန်းဖုန်းတွေတောင် ငှားပြီး သုံးလာနိုင်တယ်။ မိန်းမနဲ့ ပြန်ပေါင်းဖို့ သူကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ဘူး။ ဒီလိုနဲ့ ပေပေတေတေ ပွေနေခဲ့တာပေါ့။ ရည်းစားတွေလည်း အများကြီးပေါ့။

နာဂစ်ဖြစ်တဲ့အချိန်မှာ ကျွန်တော် ရန်ကုန်ကို ရောက်နေခဲ့တယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖြစ်တော့ သူလည်း လုပ်အားပေး ကူညီခဲ့တယ်။ မငြီးမငြူပဲ လူအား ငွေအား အချိန် အကုန်ပံ့ပိုးခဲ့တယ်။ ရန်ကုန်မြို့မှာ မီးမလာ ရေတွေ ပြတ်နေလို့ ပြည်သူတွေ အတော် အတိဒုက္ခ ရောက်ခဲ့ကြတော့ ကျွန်တော်တို့ မီးစက်ကြီးတွေ ရေစုပ်စက်ကြီးတွေနဲ့ ဆင်းရဲတဲ့ ရပ်ကွက်တွေမှာ နေ့ရောညပါ ရေလိုက်တင်ခဲ့ကြတယ်။ သူ့ကို မရမ်းကုန်း အပိုင်းကို ကြီးကြပ်ဖို့ သူငယ်ချင်း တစ်ယောက်နဲ့အတူ တာဝန်ချထားခဲ့လိုက်တယ်။ ကျွန်တော်ကတော့ မြို့နယ်ပေါင်းစုံကို လိုအပ်သလို ပြေးလွှားနေရတာပေါ့။ သူငယ်ချင်းတစ်ယောက်က သူ့ကားလေးနဲ့ ဒိုင်ခံ လိုက်ပို့နေလို့ တော်သေးရဲ့။

ဒီလောက် ခေတ်ကြီး ပျက်နေတဲ့အချိန် ကိုယ်တော်ချောက ပွေတုန်းပဲ။ မရမ်းကုန်းမှာ အထိုင်ချထားတာတောင် ရည်းစားနဲ့ ချိန်းပြီး သမိုင်းလမ်းဆုံက တည်းခိုခန်းမှာ နေ့လည်ပိုင်းကြီး သွားအိပ်ကြသေးတယ်။ ကျွန်တော်က မရမ်းကုန်းဘက်ကို လမ်းကြုံလို့ ၀င်ကြည့်တော့ သူ မရှိဘူး။ ဟိုတစ်ယောက်ပဲ ကျန်တယ်။ မေးကြည့်တော့ ကောင်မလေး တစ်ယောက် လာခေါ်သွားလို ထမင်းစား ထွက်သွားတယ် ဆိုပဲ။ ညဘက်မိုးချုပ် ပြန်လာမှ မေးကြည့်တော့... ကိုယ်တော်က ချစ်ဗျူဟာ ခင်းနေတာကိုး။ ဒီနေ့ ပင်ပန်းတယ်ကွာ... ဆိုပြီး ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတဲ့ တိုက်ခန်းမှာ ၀င်အိပ်သွားပါလေရော။

အဲဒီတိုက်ခန်းမှာ ကျွန်တော် ရှိတဲ့အချိန်မျိုးမှာ သူ့ကို လာတွေ့တဲ့ ကောင်မလေးတွေက တစ်နေ့ တစ်မျိုး မရိုးရအောင်ပဲ။ အိမ်ထောင်ကျဖူးတယ်။ တစ်ခုလပ် ဆိုတာလည်း သူတို့ သိကြတယ်။ ဒါလဲ ဖုန်းဆက်လိုက် လက်ဖက်ရည်ဆိုင် ထိုင်လိုက် အကြော်ဆိုင် ထိုင်လိုက်နဲ့။ တချို့ဆို နာဂစ်ကာလအတွင်းမှာ လိုရင်လိုသလို သူသုံးဖို့စွဲဖို့ဆိုပြီး ပိုက်ဆံတွေတောင် ပေးထားခဲ့သေးတယ်။ ကျွန်တော်နဲ့ ကျောင်းနေဘက် သူငယ်ချင်းရဲ့ ညီမတောင် ပါလိုက်သေးတယ်။ သူနဲ့ဆို အသက်က ၁၀ နှစ်ကျော်တောင် ကွာနေတာ။ ဘာတွေများ ဒီလောက် စွမ်းနေသလဲ မသိဘူး။ တကယ်ကို လိုက်လို့မမှီပါဘူး။

နာဂစ်အပြီး ၃ လ လောက်မှာ သူ သွေးလှူဖို့ဆိုပြီး သွေးစစ်တော့ ဘီပိုး ထိနေတယ် ဆိုတာ သိလိုက်ရတယ်။ သူလည်း အတော် စိတ်ဓါတ်ကျသွားပုံပဲ။ အသားအရည် ဖြူဖတ်ဖြူရော် ပုံစံနဲ့ ဓါတ်ပုံထဲမှာ တွေ့လိုက်ရတယ်။ အဲဒီ ဘီပိုးက သူ ထောင်ကျတုန်းက ရလာတာလား။ ဒါမှ မဟုတ် သူ့ရည်စားတွေနဲ့ ချစ်ပွဲတစ်ရာ နွှဲရင်းကနေ ကူးတာလား။ ဒါဆို ဘယ်နှစ်ယောက်တောင် ဘီထိသွားပြီလဲ။ သေချာတာက သူ့ရည်းစားတွေ အကုန်နီးပါး ဘီပိုး ထိနိုင်တယ် ဆိုတာပါပဲ။ ဘီပိုးကာကွယ်ဆေး မထိုးထားရင်တော့ ထိနိုင်ပြီလေ။

ကျွန်တော်ကတော့ ဖုန်းထဲကနေ တစ်ခွန်းပဲ မှာလိုက်ပါတယ်။ ဒိန်းဂျား... ကွန်ဒုံး သုံးဖြစ်အောင် သုံးပါ...

Thursday, November 20, 2008

Vice President of (fluff)


Facebook ထဲက fluff friends application မှာ သမ္မတရွေးပွဲလုပ်နေတာကို ကျွန်တော် ၀င်ပြိုင်ထားကြောင်း နိုဝင်ဘာလ ၆ ရက်နေ့မှာ ပို့စ်တစ်ခု တင်ဖူးပါတယ်။ မဲပေးချိန်က ၁၄ ရက်ပါ။ မနေ့က ၁၉ ရက်နေ့မှာ ရွေးကောက်ပွဲ ရလဒ်ကို ကြေညာပေးသွားပါတယ်။

မဲအများဆုံးရတဲ့ ထိပ်ဆုံး ၂ ရာခိုင်နှုန်းကို သမ္မတအဖြစ် ရွေးချယ်ပါတယ်။ ဆိုလိုတာက ၀င်ရောက်ယှဉ်ပြိုင်တဲ့ အခြားသော ၉၈ ရာခိုင်နှုန်းသော သူတွေထက် မဲပိုရတဲ့သူတွေပေါ့။ မဲအရေအတွက် အများဆုံး ၂ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းကြား ထောက်ခံမဲရသူများကို ဒုတိယ သမ္မတအဖြစ် ရွေးချယ်ပါတယ်။ အဲဒီလိုပဲ ရရှိတဲ့ ထောက်ခံမဲ အရေအတွက်ပေါ် မူတည်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူတွေ၊ အတွင်းရေးမှူးတွေ၊ လွှတ်တော် ဥက္ကဌတွေ၊ လွှတ်တော်အမတ်တွေ၊ ကိုယ်စားလှယ်တော်တွေ၊ သံအမတ်တွေ အဆင့်ဆင့် ရွေးချယ်သွားခဲ့ပါတယ်။

ကျွန်တော်ကိုဇူလိုင်ရဲ့ fluff friendsလေးကတော့ မဲအများဆုံးရဲ့ထိပ်ဆုံး ၂ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းကြားမှာ ၀င်နေတဲ့အတွက် fluff friends နိုင်ငံတော်မှာ ဒုတိယ သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရပါပြီ။ ဒုတိယ သမ္မတရဲ့ အဆောင်အယောင်ဖြစ်တဲ့ တံဆိပ်တုံးနဲ့အတူ အထူးလေယာဉ်ပျံ တစ်စီး ရပါတယ်။ သမ္မတကတော့ အိမ်ဖြူတော်၊ တံဆိပ်တုံးနဲ့ အထူးလေယာဉ်ပျံ တစ်စီး ရပါတယ်။

ကျွန်တော့်ကို facebookမှာ မဲလာပေးတဲ့ ဘလော့ဂါတွေလည်း ရှိပါတယ်။ ဘလော့ဂါ ၅ ယောက်လောက်ပေါ့။ မဲအများစုကတော့ တစ်ခါမှ မသိဖူးတဲ့ Facebookထဲက လူတွေ ပေးသွားခဲ့တာပါ။ စုစုပေါင်း လူပေါင်း ၂၀၀ နီးပါး မဲပေးသွားခဲ့ကြပါတယ်။

ဘာရယ်တော့ မဟုတ်ပါဘူး။ မဲပေးဖို့ ပို့စ်တင်ခဲ့ပြီး ရွေးကောက်ပွဲ အဖြေထွက်တာကို မပြောရကောင်းမလား ဆိုပြီး အပြစ်တင် ခံနေရမှာ စိုးရိမ်လို့ အရေမရ အဖတ်မရ ကွမ်းစားတဲ့ ပို့စ်လေး တင်လိုက်တာပါ။ စင်္ကာပူမှာ အင်တာနက် ကောင်းကောင်း ရလို့လည်း ဒါမျိုးတွေ ကလိနိုင်တာပါဗျာ။ မြန်မာပြည်မှာဆိုရင်တော့ စိတ်တောင် မကူးရဲပါဘူး ခင်ဗျ။

Wednesday, November 19, 2008

Loan & Friends

ကြွေးယူပြုံးပြုံး..... တောင်းတော့မုန်း..... ဆိုသလို လူကိုခင်ရင် ပိုက်ဆံ မချေးပါနဲ့ဆိုပဲဗျ။ ငွေနဲ့ပါတ်သတ်ရင် မိတ်ပျက်ရသတဲ့။ အဲဒီလို မိတ်တွေ ပျက်ခဲ့ရတာလည်း ကြုံဖူးခဲ့ပြီ။ ဒါပေမယ့် ဘယ်တော့မှ အမှတ်မရှိတဲ့ ကျွန်တော်... သူငယ်ချင်းတွေ လိုရင် လိုသလို ငွေချေးနေတုန်းပါပဲ။

နေ့လည်က သူငယ်ချင်းတစ်ယောက်က SMS ပို့တယ်။ သူ့ဘဏ်အကောင့်ထဲကို ၅၀၀ လောက် လွှဲပေးပါတဲ့။ ရုံးဆင်းတာနဲ့ လွှဲလိုက်နော်တဲ့။ လကုန်ရင် ပြန်ဆပ်မယ်တဲ့။ ရှေ့ ၃ ရက်ကပဲ အရင်လက ချေးထားတဲ့ ပိုက်ဆံတွေ ပြန်ဆပ်သွားတယ်။ အခုတစ်ခါ ထပ်ချေးပြန်ပြီ။ အဲဒါနဲ့ အထွေအထူး မေးမနေတော့ဘူး။ ချက်ချင်း SMS ပြန်လိုက်တယ်... အိုခေ လဒ...။ ညနေရုံးဆင်းတော့ သူ့အကောင့်ထဲကို ၅၀၀ လွှဲပေးလိုက်တယ်။ ပြီးတော့ ငွေလွှဲပြီးကြောင်း မတ်ဆေ့ခ်ျပို့လိုက်တော့ သူက လွှဲလိုက်တဲ့ငွေ လက်ခံရရှိပါကြောင်း ချက်ချင်း အကြောင်းပြန်တယ်။ ဘာတွေအတွက်ကြောင့် ငွေတွေ လိုနေသလဲတော့ မသိဘူး။ သူလည်း ဒီမှာ အလုပ်နဲ့ အကိုင်နဲ့ပါပဲ။ ယောကျာ်းလည်း ရှိတယ်။ ပီအာလည်း ဖြစ်တယ်။ ဒါပေမယ့် သူကလည်း တကယ်လိုအပ်လို့ အကူအညီတောင်းတာဆိုတော့ ကျွန်တော်လည်း မငြင်းပါဘူး။ ကိုယ်ကူညီနိုင်တာဆို ကူညီပေးလိုက်ပါတယ်။

တစ်လောကလည်း အီးစီမေဂျာက သူငယ်ချင်းတစ်ယောက် ကွန်ပျူတာ ၀ယ်ချင်တယ်ဆိုတာနဲ့ သူများဆီက ယူမနေပါနဲ့ကွာ။ ငါ့ဆီကပဲ ယူလိုက်ကွာဆိုပြီး သူလိုသလောက် ချေးပေးထားတယ်။ ပြန်ဆပ်နိုင်တဲ့အချိန်မှ ပြန်ဆပ်ပါပေါ့။ သူ စကာင်္ပူကို လာပြီး အလုပ်ရှာတုန်းကလည်း သူသုံးဖို့အတွက် ဖုန်းကဒ်နဲ့ ဖုန်းဟန်းဆက်ကို ကျွန်တော်ပဲ စိုက်ဝယ်ထားပေးလိုက်တယ်။ သူ အလုပ်ရှာနေတုန်း ကြားကာလမှာ သုံးရစွဲရအောင် ဒေါ်လာ ၂၀၀ လောက် ပေးထားလိုက်တယ်။ သူယူလာတဲ့ အစိမ်းတွေကို ရောင်းခိုင်းမနေတော့ဘူး။ သူနဲ့ ကိုယ်နဲ့က ပြောနေရမယ့် လူတွေမှ မဟုတ်တာ။ ဒါကြောင့် ဘာမှကို အထွေအထူး စိုးရိမ်ပူပန်မနေဘူး။ လိုရင် လိုသလို နိုင်သလောက် ကူညီပေးလိုက်တယ်။

ဗိသုကာက သူငယ်ချင်းတစ်ယောက်လည်း တခါတလေ သူ့လက်ထဲမှာ ပိုက်ဆံပြတ်နေရင် ကျွန်တော်ဆီက လှမ်းချေးတတ်တယ်။ သူလည်း ဘာတွေ ငွေသုံးကြမ်းသလဲ မသိဘူး။ သိသလောက်တော့ မန်ဘာဝင်တာတွေ များတယ်။ စနေ တနင်္ဂနွေ ဂေါက်ရိုက်တယ်။ အိမ်မှာကို ငြိမ်ငြိမ်နေလို့ မရတဲ့ သူက ရုံးဆင်းရင် ဟိုဟိုဒီဒီ လျှောက်သွားတယ်။ အဲဒီတော့ ရထားခ ကားခတွေ ကုန်အုံးမှာပေါ့။ အသောက်အစားလည်း မကင်းဘူး။ သူ့အိမ်က ငွေလွှဲပေးပါလို့ ပြောတဲ့လတွေမှာ သူ မျက်ဖြူဆိုက်ရော။ အိမ်ကို ငွေလွှဲပြီးရင် သူ့လက်ထဲမှာ သုံးဖို့စွဲဖို့ သိပ်မကျန်တော့ဘူး။ အဲဒါနဲ့ လခ မရခင်စပ်ကြား အသုံးစရိတ်အတွက် ဒေါ်လာ ၅၀၊ ၁၀၀ လောက် ခဏ လှည့်ပေးရတယ်။ သူလည်း အဆင်ပြေတဲ့အခါ ပြန်ဆပ်ပါတယ်။

ဟိုရှေ့နှစ်ကလည်း စင်္ကာပူမှာ ၁၀ နှစ်နီးပါး နေနေတဲ့ ပီအာဖြစ်ပြီးသား သူငယ်ချင်းတစ်ယောက်က ပိုက်ဆံ ထောင်ဂဏန်းကျော်ကို လှမ်းချေးတယ်။ သူ့လခက လအလည်ကျော်မှ ၀င်မှာဖြစ်လို့ ပိုက်ဆံ ခဏလောက် လှည့်ပါတဲ့။ သူ့ရဲ့သူငယ်ချင်းတွေဆီက လှမ်းချေးပြီးပြီတဲ့။ ချေးမရလို့ ကျွန်တော်ဆီက လှမ်းမေးတာဆိုပဲ။ အဲဒါနဲ့ အဲဒီအချိန် ဘဏ်ထဲမှာ ရှိသမျှ အကုန် သူ့ထဲကို လွှဲပေးလိုက်တယ်။ နောက်လကျတော့ အကုန်လုံး ပြန်ဆပ်ပါတယ်။ ကျွန်တော့် ဘဏ်အကောင့်ထဲကို ငွေလွှဲပေးပြီးကြောင်း ဖုန်းလှမ်းဆက်တော့ တကူးတက သွားစစ်မနေခဲ့ဘူး။ အဲဒီလို ထောင်ဂဏန်းကြီးကြီး ချေးတာ ၂ ခါရှိသွားပြီ။ သူကတော့ ချေးပြီး နောက်လဆို ပြန်ဆပ်သွားတာပါပဲ။

အဲဒီလို ချေးငှားပြီး မှန်မှန်ကန်ကန် ပြန်ဆပ်သွားတာ ရှိသလို... မသိချင်ယောင်ဆောင်ပြီး အဆက်အသွယ် ဖြတ်နေတဲ့ သူတွေလည်း ရှိပါတယ်။ ကုလားပြည်မှာ ပညာတော်သင် လွှတ်ခဲ့တုန်းက အတူတူ သွားခဲ့ရင်း ခင်မင်လာတဲ့ သူငယ်ချင်းတစ်ယောက် စကာင်္ပူမှာ အလုပ်လာရှာမယ်။ နေစရာ အိမ်ခန်းလေး ကြိုငှားထားပေးပါ ဆိုလို့ အခန်းတွေရှာ၊ အခန်းရတော့ အခန်းငှားခ တစ်လစာနဲ့ စပေါ်ငွေတွေ စိုက်ထားပေးခဲ့ပါတယ်။ အဲဒီလက သူ မလာဖြစ်ဘူး။ လကုန်ခါနီး ဂျီတော့ခ်ကနေ လှမ်းပြောတာက နောက်လလည်း မလာဖြစ်ဘူးတဲ့။ အင်္ဂလိပ် စကားပြော သင်နေတာ မပြီးသေးလို့နဲ့ လက်ရှိ လုပ်လက်စ အလုပ်တွေ မပြီးသေးလို့ ဆိုပဲ။

အဲဒီတော့ အခန်းက ဆက်မငှားဘူးဆိုရင် ထုံးစံအရ တစ်လကြိုပြောရတော့ တင်ထားတဲ့ စပေါ်တစ်လခလည်း ပြန်မရဘူးပေါ့။ သူ့အတွက် အိမ်ခန်းခ စိုက်ပေးထားကြောင်း သူ့မိဘတွေလည်း သိပါတယ်။ အဲဒီနောက်ပိုင်း သူ ကျွန်တော့်ကို မဆက်သွယ်တော့ဘူး။ ပိုက်ဆံအကြောင်းလဲ လုံးဝ မဟဘူး။ ကိုယ်ကလည်း မမေးပါဘူး။ စင်္ကာပူမှာ သူအလုပ်ရရင် ပြန်ဆပ်လောက်ပါတယ်ပေါ့။ ကိုယ်အတွက်က ရာဂဏန်း ငွေပမာဏ ဖြစ်နေပေမယ့် မြန်မာပြည်မှာ သူ့အတွက်က သိန်းချီနေတယ်လေ။ နိုင်ငံခြားထွက်ပြီး အလုပ်ရှာဖို့ သူကြိုးစားနေတဲ့ အချိန်... အဲဒီငွေကြောင့် ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်ခဲ့ဘူး။

အဲဒီ ကျေးဇူးရှင်က ဘယ်အချိန် ဘယ်လိုကနေ စင်္ကာပူကို ရောက်ပြီး အလုပ်ရသွားလဲ မသိဘူး။ သူ ဒီကို ထွက်လာခဲ့ကြောင်း ကျွန်တော့်ကို လုံးဝ အသိမပေးခဲ့ဘူး။ သူဒီမှာ အလုပ်ရသွားကြောင်းကို တခြားသူတွေ ပြောပြမှ ကျွန်တော် သိခဲ့ရတယ်။ ပထမ စစချင်း အလုပ်အဆင်မပြေဘူး ဆိုပဲ။ နောက်ပိုင်း အလုပ်ပြောင်းပြီး အဆင်ပြေလာပုံပဲ။ အိမ်ကိုလည်း လစဉ် ပုံမှန် ငွေပြန်ပို့နေပြီတဲ့။ မိန်းမတောင် ယူလိုက်ပြီလို့ သတင်းသဲ့သဲ့ ကြားလိုက်ရသေးတယ်။ စီးတီးဟောလ်မှာ သူ့ကို တွေ့မိတယ်လို့ တချို့က ပြောကြတယ်။ ဒါပေမယ့် သူ အရင်သုံးနေတဲ့ ဂျီတော့ခ်တွေ ဆက်မသုံးတော့ပါဘူး။ အီးမေးလ် ပို့ရင်လည်း အကြောင်းမပြန်ဘူး။ ကျွန်တော့် ဖုန်းနံပါတ်ကို သူသိပေမယ့် တစ်ခါမှ ဖုန်းမဆက်ပါဘူး။ ကြည့်ရတာ ကျွန်တော့်ကို လုံးဝ အဆက်အသွယ် ဖြတ်ထားပုံပဲ။ အခုဆို ၁ နှစ်ခွဲကျော်သွားပြီပေါ့။

အဲဒါပါပဲ။ သူ့တန်ဖိုး သူဖြတ်သွားတာပဲလေ။ သူ့ တန်ဖိုးက အိမ်လခ ၂ လ စာပဲ ရှိပါတယ်။

Sunday, November 16, 2008

Tigers stressed

Singapore Zooထဲမှာ ကျားဖြူလေး ၃ ကောင် ရှိပါတယ်။ အဲဒီ ကျားဖြူလေးတွေက အင်ဒိုနီးရှားကနေ သယ်လာတာပါ။ ကျားဖြူဆိုတာ အ၀ါနဲ့အမဲကြားတွေ ဖြစ်နေရမယ့်အစား အဖြူနဲ့ အမဲကြားတွေ ဖြစ်နေတဲ့ ကျားတွေပါ။ ကမ္ဘာမှာ ကျားဆိုတဲ့ သတ္တ၀ါက ရှားပါးမျိုးနွယ်ပါပဲ။ အဲဒီအထဲကမှ ကျားဖြူဆိုတာ ပိုလို့တောင် ရှားပါးပါသေးတယ်။ အကောင် တစ်သောင်းမှာ တစ်ကောင်လောက်ပဲ တွေ့ရှိနိုင်ပါတယ်။

Singapore Zooထဲမှာ ကျားတွေကို သဘာဝအတိုင်း ကြည့်ရှုလေ့လာဖို့ လုပ်ပေးထားတဲ့ လူသွားစင်္ကြာ လျှောက်လမ်းရဲ့ရှေ့မှာ လူ့ခါးဝက်ကျော်မြင့်တဲ့ သစ်သားလက်ရမ်းတွေ ကာထားပါတယ်။ အဲဒီလက်ရမ်းပြီးရင် ၁၀ပေကျော်လောက်ရှိတဲ့ ရေကျုံးလေးတစ်ခုက ခြားထားပါတယ်။ ရေတော့ မနက်ပါဘူး။ ရေကျုံးလေးပြီးရင် အမြင့် ၈ ပေလောက်ရှိတဲ့ ကျောက်တောင်စွန်း တောင်ကမူလေးတွေ ရှိပါတယ်။ အဲဒီ တောင်ကမူလေးမှာ ကျားသုံးကောင်ကို ထားထားပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က Nordin နော်ဒင် လို့အမည်ရှိတဲ့ Singapore Zooရဲ့ သန့်ရှင်းရေးဝန်ထမ်း မလေးရှားလူမျိုးတစ်ဦး ကျားတွေရှိတဲ့နေရာကို တမင်တကာ ကျူးကျော် ၀င်သွားပြီး ကျားတွေကို သွားစလို့ ကျားကိုက်သေဆုံးမှု ဖြစ်ခဲ့တာကို ကြားသိမိမှာပါ။ အဲဒီနေ့က နော်ဒင်ဟာ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ကျားဖြူတွေအနားထိ ရောက်အောင်သွားပြီး တံမြက်စည်းနဲ့ ဝှေ့ယမ်းပြီး ရန်သွားစလို့ ဒေါသထွက်လာတဲ့ ကျားဖြူနှစ်ကောင်က သူ့ကို ကိုက်သတ်ခဲ့ပါတယ်။

တာဝန်ရှိသူတွေကတော့ ကိုယ့်ဘာသာ သတ်သေမှုတစ်ခုလို့ ယူဆထားကြပါတယ်။ စင်္ကာပူတိရစ္ဆာန်ဥယျာဉ် စတင်ဖွင့်လှစ်တဲ့ ၁၉၇၃ ခုနှစ်ကစပြီး အခုချိန်အထိ သားရဲတိရစ္ဆာန်ရဲ့ တိုက်ခိုက်မှုကြောင့် ပထမဦးဆုံးသော လူသေမှုတစ်ခုအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

နော်ဒင်က စင်္ကာပူကို ဇွန်လကမှ ရောက်ရှိလာခဲ့သူပါ။ ပထမဦးဆုံး ဟိုတယ်တစ်ခုမှာ သန့်ရှင်းရေးဝန်ထမ်း လုပ်ခဲ့ပါတယ်။ အဲဒီဟိုတယ်မှာ ခဏလောက်ပဲ လုပ်ဖြစ်ပြီး Singapore Zooကို ပြောင်းလာခဲ့ပါတယ်။ သူက မလေးရှားနိုင်ငံ ဆာရာဝပ် ကူချင်းမြို့ကပါ။ သူ သေဆုံးချိန်မှာ အသက် ၃၂ နှစ်ရှိပါပြီ။ သူ့ရဲ့ ရုပ်အလောင်းကို သူ့ရဲ့အလုပ်ရှင်ဖြစ်တဲ့ Sun City Maintenance Companyက စရိတ်ခံ တာဝန်ယူပြီး မွေးရပ်မြေကို ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ သူ့မွေးရပ်မြေ ကူချင်းကို ရောက်ရှိသွားပါပြီ။

နောက်ကြောင်းပြန်နေတာနဲ့ ပေရှည်နေပြီ။ ပြောချင်တာက အဲဒါတွေ မဟုတ်ပါဘူး။ သတင်းစာထဲမှာ ဖတ်မိပြီး ရေးချင်တာက အဲဒီလို ကိုက်သတ်ခဲ့တဲ့ ကျားနှစ်ကောင်လည်း စိတ်ပင်ပန်းမှု စိတ်ဖိစီးမှုတွေ ဖြစ်နေတယ် ဆိုတဲ့အကြောင်းပါ။ ပုံမှန်အားဖြင့် သူ့ဘာသာသူ ကနွဲ့ကလျ အေးဆေးနေတတ်တဲ့ တိရစ္ဆာန်ဥယျာဉ်ထဲက ကျားဖြူတွေဟာ အခုတော့ နားရွက်တွေထောင် နားစွင့်ထားပြီး အသင့် အနေအထားပုံစံ ဖြစ်နေကြပါတယ်။ အသက်ရှုသံတွေလည်း ပြင်းလှပါတယ်။

အလည်လာတဲ့သူတွေရဲ့ စူးစူးဝါးဝါး အော်ဟစ်သံတွေ၊ ၀န်ထမ်းတွေရဲ့ တံမြက်စည်းတွေ၊ ရေပုံးတွေနဲ့ ပစ်ခတ် ခြောက်လှန့်မှုတွေကြောင့်လည်း သူတို့ အခုလို စိတ်ဒဏ်ရာတွေ ရကုန်တာ ဖြစ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်၊ တိရစ္ဆာန်ဥယျာဉ်ကို ရောက်ရှိခဲ့တဲ့ အချိန်ကစပြီး သူတို့ရဲ့ဘ၀မှာ ပထမဦးဆုံး လူသားနဲ့ အနီးကပ်ဆုံး ဆုံတွေ့မှု တစ်ခုပါပဲ။ အစာကျွေးချိန်မှာတောင် ၀န်ထမ်းတွေက သူတို့အနားကို ကပ်ခဲ့တာ မဟုတ်ပါဘူး။

နော်ဒင်ကို ကိုက်သတ်ခဲ့တဲ့ ကျားဖြူနှစ်ကောင်က ၀င်နီနဲ့ ဂျစ်ပီလို့ ခေါ်တဲ့ ကျားမလေးတွေပါ။ အထီးလေး အိုမာက နော်ဒင်ကို စိတ်မ၀င်စားခဲ့ပါဘူး။ နော်ဒင် အနားကို မကပ်ပဲ အဝေးမှာ သွားနေခဲ့ပါတယ်။ အထီးချင်း ဖြစ်လို့လား မသိဘူးနော်။ အခုတော့ ကျားဖြူမလေး နှစ်ကောင်ဟာ သူတို့ဘ၀မှာ တစ်ခါမှ မကြုံဖူးခဲ့တဲ့ အတွေ့အကြုံကြောင့် တုန်လှုပ်ခြောက်ချားနေကြပါတယ်။ ကျားဖြူလေး အိုမာကတော့ ပုံမှန်ပါပဲတဲ့ ခင်ဗျာ။

Saturday, November 15, 2008

Floating paradise

ပတ်ဝန်းကျင် ထိန်းသိမ်းရေးဘက်မှာ ကျွန်တော် ဗဟုသုတ သိပ်မရှိခဲ့ပါဘူး။ စိတ်ဝင်စားပေမယ့် အဲဒီနယ်ကို ကျွန်တော် မရောက်ခဲ့ပါဘူး။ အရာရာ အားလုံးကို လိုက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အချိန် ကန့်သတ်ချက်၊ ငွေကြေး ကန့်သတ်ချက်၊ နည်းပညာ ကန့်သတ်ချက်၊ အသိပညာ ကန့်သတ်ချက် စတဲ့ ကန့်သတ်ချက်ပေါင်း များစွာရဲ့ ဖိနှိပ်ချက်အောက်မှာ ကျွန်တော့်ဘ၀လေး ပိပြားနေခဲ့တယ်။ စိတ်ကူးတွေ ငြိမ်ဝပ်နေခဲ့ရတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပါတ်သတ်ပြီး ကျွန်တော့်အနေနဲ့ ဖော့ခွက်တွေ၊ ကျွပ်ကျွပ်အိတ်တွေ လျှော့သုံးတာတွေ၊ အမှိုက်ကောက်တာ၊ အမှိုက်မပစ်တာ၊ သစ်ပင်စိုက်တာတွေတော့ နိုင်သလောက်လေး လုပ်ဖြစ်ပါတယ်။ ပတ်ဝန်းကျင် မညစ်ညမ်းရအောင် ကွမ်းလည်း မစားဘူး။ လေထု မညစ်ညမ်းရအောင် ဆေးလိပ်လည်း မသောက်ဘူး။ တကယ်ကတော့ ဆေးလိပ်မီးခိုးနဲ့ ကွမ်းအနံ့ကို မကြိုက်လို့ကို မသုံးစွဲတာပါ။ ဒါလေးတွေက သေးသေးမွှားမွှားလေး လုပ်ရတာဖြစ်ပေမယ့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ နှမ်းတစ်စေ့ သဲတစ်ပွင့်လောက်တော့ အထောက်အကူ ဖြစ်လောက်ပါတယ်လို့ ဖြေတွေးလိုက်မယ်။ အနည်းဆုံးတော့ စိတ်ချမ်းသာတာပေါ့ဗျာ။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ထူးထူးခြားခြား လုပ်ပြနိုင်ခဲ့တဲ့ လူတစ်ယောက် ရှိပါတယ်။ အင်္ဂလိပ်လူမျိုး ရစ်ချက်ပါ။ သူ့ကို ရီချီလို့လည်း ခေါ်ကြတယ်။ သူရဲ့ လုပ်ဆောင်ချက်က အံ့မခန်းပါပဲ။ စွန့်ပစ်ပစ္စည်း ပလပ်စတစ် ပုလင်းခွံ ဘူးခွံတွေနဲ့ ရေပေါ်ကျွန်းတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ မက္ကစီကိုနိုင်ငံ ကရစ်ဘီယံ ကမ်းရိုးတန်းအနားမှာရှိတဲ့ ပင်လယ်ထဲက ရေအိုင်တစ်ခုမှာပါ။ သူ့ရဲ ဖန်တီးမှုက အားကျဂုဏ်ယူစရာပါပဲ။
Spiral Island 1ကို ၁၉၉၈ခုနှစ်မှာ စတင် တည်ဆောက်ခဲ့တာပါ။ ငါးဖမ်းပိုက်ကွန်ထဲမှာ ပလပ်စတစ် ဘူးခွံအလွတ်တွေကို ဖြည့်ထည့်ပါတယ်။ ၀ါးတွေ၊ ပျဉ်ပြားတွေနဲ့လုပ်ထားတဲ့ ဘောင်တွေအောက်မှာ အဲဒီ ဘူးခွံတွေပါတဲ့ ပိုက်ကွန်တွေကို ထားပါတယ်။ အဲဒီ ၀ါးဘောင်တွေအပေါ်မှာ သဲတွေ မြေကြီးတွေကို ဖြည့်ပြီး ရေပေါ်ကျွန်းလေးတစ်ခု တည်ဆောက်ခဲ့ပါတယ်။ အဲဒီ ကျွန်းလေးမှာ သစ်ပင်တွေတောင် စိုက်ပြခဲ့ပါသေးတယ်။ စိုက်ထားတဲ့ အပင်တွေကလည်း အမျိုးစုံပါပဲ။ သံပုရာပင်၊ ငှက်ပျောပင်၊ အုန်းပင်တွေအပြင် လမုပင်တွေတောင် ပါသေးတယ်။ လမုပင်တွေ စိုက်ထားတော့ ကျွန်းလေးကို အေးမြစေပါတယ်။ တချို့အပင်တွေက ၁၅ ပေ အမြင့်ထိတောင် ရှိခဲ့ပါတယ်။

အဲဒီကျွန်းလေးမှာ နှစ်ထပ်အိမ်တစ်လုံး၊ နေရောင်ခြည်သုံးစနစ်တွေ၊ အိမ်သာနဲ့ ကမ်းခြေ ၃ ခုရှိပါတယ်။ ကျွန်းလေးရဲ့ အကျယ်အ၀န်းက အလျား ၆၆ ပေ အနံ ၅၅ ပေ ရှိပါတယ်။ အဲဒီကျွန်းလေး ရဖို့အတွက် ပုလင်းခွံ ဘူးခွံပေါင်း ၂ သိန်းခွဲကို သုံးစွဲခဲ့ရပါတယ်။ အဲဒီဘူးခွံတွေကို သူကိုယ်တိုင် ၂ နှစ်ခွဲခန့် စုဆောင်းခဲ့ပါတယ်။ ကမ်းခြေမှာ တွေ့ရတဲ့ ဘူးခွံပုလင်းခွံတွေကို လိုက်ကောက်ပါတယ်။ ဟိုတယ်တွေ စားသောက်ဆိုင်တွေ လူနေအိမ်တွေမှာ ဘူးခွံအဟောင်းတွေကို လိုက်လံတောင်းခံ စုဆောင်းပါတယ်။ အဲဒီကျွန်းပေါ်မှာ နေထိုင်တာ ရစ်ချက် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ကျွန်းပေါ်မှာ သူနဲ့အတူ ကြောင်နှစ်ကောင်၊ ခွေးတစ်ကောင်၊ ကြက်နှစ်ကောင်နဲ့ ဘဲတစ်ကောင် နေထိုင်ကြပါတယ်။ သောက်ရေအတွက် မိုးရေတွေကို ခံထားပါတယ်။ မက္ကစီကိုအစိုးရက အဲဒီလူလုပ် ရေပေါ်ကျွန်းကို တရားဝင် အသိအမှတ်ပြုခဲ့ပါတယ်။
အဲဒီကျွန်းကလေးဟာ ၂၀၀၅ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ Hurricane Emilyရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်းလေးဟာ ပင်လယ်အောက်ကို နှစ်မြှုပ်ပျောက်ကွယ်သွားတာတော့ မဟုတ်ပါဘူး။ အနားက ပင်လယ်ကမ်းခြေပေါ်ကို ပုံစုံမပျက်လေး လာတင်နေရှာပါတယ်။ ပုလင်းခွံ ဘူးခွံအချို့လည်း ကမ်းခြေမှာ တင်နေတာပေါ့။ ကျွန်းပေါ်က ၇ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ လမုပင်တွေလည်း ကျွန်းအောက်ခံ ပိုက်ကွန်တွေနဲ့ လုံးထွေးရစ်ပတ်နေရှာပါတယ်။ ကျွန်းပေါ်က မြေကြီးတွေ သဲတွေတော့ မရှိတော့ဘူးပေါ့။

၂၀၀၇ နှောင်းပိုင်းမှာ ရစ်ချက်တစ်ယောက် အဲဒီလိုကျွန်းလေးတစ်ခုကို ထပ်မံ တည်ဆောက်ခဲ့ပါတယ်။ Spiral Island 2 စတင် တည်ဆောက်ကတည်းက အပင်တွေကို တပါတည်း ထည့်သွင်းစိုက်ပျိုးထားပါတယ်။ အဲဒီကျွန်းပေါ်မှာ အိမ်တစ်လုံး၊ ရေကူးကန် နှစ်ကန်၊ နေရောင်ခြည် စွမ်းအင်ထုတ်စနစ်တွေ ရှိပါတယ်။ ဒီတစ်ခါတော့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိအောင် အဓိကထား ဖန်တီးနေကြပါတယ်။ ကျွန်းအသစ်လေးဟာ အချင်း ပေ ၆၀ ရှိနေပါပြီ။ ပုလင်းခွံပေါင်း တစ်သိန်းကျော်ကို သုံးစွဲပြီးခဲ့ပါပြီ။ အချိန်နဲ့အမျှ ကျွန်းကို ချဲ့ထွင် တည်ဆောက်နေပါတယ်။ Spiral Island 2ကို ၂၀၀၈ သြဂုတ်လပိုင်းမှာ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက် လည်ပတ်ဖို့အတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

တကယ်ဆို ရစ်ချက်ဟာ ဘယ်သူမှ မတွေးထားတဲ့ စိတ်ကူးတစ်ခုကို အကောင်အထည် ဖော်နိုင်ခဲ့သူပါ။ သူဟာ ဂီတပညာရှင်၊ အနုပညာရှင် တစ်ဦးဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တစ်ဦးအဖြစ်လည်း ကျော်ကြား ထင်ရှားခဲ့ပါပြီ။ ကမ္ဘာမြေပေါ်မှာ ဒီအတိုင်း သမားရိုးကျ နေရတာ ပျင်းလာရင်တော့ သူ့လိုမျိုး ထူးထူးဆန်းဆန်းတွေ ထွင်ပြီး နေထိုင်ကြည့်ရင် ကောင်းမယ်လို့ ထင်တယ်ဗျာ။

Thursday, November 13, 2008

Name Acronym

Dream ဆိုပြီး ကိုယ့်ဘာသာ မက်မက်လို့ ခေါ်တဲ့ စင်္ကာပူမှာ ဘ၀ပေးအခြေအနေအရ နေထိုင် ကြိုးစားနေတဲ့ သာမန်ကောင်မလေး တစ်ယောက်ရဲ့ ဘလော့မှာ တင်ထားတဲ့ Alphabet တွေမှပြောသောစကားများ ဆိုတာကို ဖတ်မိတော့ facebook မှာရှိတဲ့ Name Acronym Generator ကို သတိရမိခဲ့တယ်။ အစကတော့ အဲဒီမှာ ကိုယ့်အမည်လေးပဲ ရိုက်ထည့်ထားခဲ့တာ။ အခုတော့ စာလုံးအကုန်လုံးရဲ့ အဓိပ္ပါယ်လေးတွေကို သိချင်တာနဲ့ A to Z ဖြစ်အောင် ရိုက်လိုက်ပြီး ပြန်ပြင်လိုက်တယ်။ အဲဒီတော့ အခုလို စာလုံးတွေ တန်းစီ ထွက်လာရောဗျ။

A

Appealing

B

Bright

C

Confident

D

Dangerous

E

Excellent

F

Funny

G

Gifted

H

Helpful

I

Inventive

J

Jolly

K

Kickass

L

Loud

M

Mature

N

Nutty

O

Outgoing

P

Pretty

Q

Queer

R

Relaxed

S

Smart

T

Twisted

U

Useful

V

Vigorous

W

Wacky

X

X-rated

Y

Youthful

Z

Zany
စာလုံးတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် ပြောင်းသွားတာကိုတော့ သတိထားမိလိုက်တယ်။ တစ်ခေါက်နဲ့ တစ်ခေါက် စာလုံးတွေက အဓိပ္ပါယ်မတူဘူး။ ဥပမာ... H ဆိုတဲ့ စာလုံးလေးက Honest, Harmless, Helpful, Humorous, Hip, High-spirited, Handsome ဆိုပြီး အမျိုးမျိုး ရေးထားတယ်။ E ဆိုလည်း Exciting, Excellent, Easy-going, Enthusiastic, Easy, Energetic, Exotic, Enjoyable, Elegant ဆိုပြီး ကွဲပြားတတ်သေးတယ်။ J ကိုတော့ Jealous လို့ မရေးထားဘူး။ Jazzy, Jolly, Joyful, Juicy, Judicial, Jumpy တွေပဲရှိတယ်။

July ဆိုတဲ့စာလုံးကို ပေါင်းလိုက်ရင် ထွက်လာတဲ့ စာလုံးတွေက Judicial, Unusual, Loyal, Youthful ဆိုပဲဗျ။ ကောင်းလိုက်တဲ့ စာလုံးတွေနော်။ J မ၀င်ကြနဲ့အုံး။

ဘာရယ်တော့ မဟုတ်ပါဘူး။ အပျင်းပြေ စာလုံးတွေကို ကလိကြည့်တာပါ။

Wednesday, November 12, 2008

Walking in the rain

ငိုနေမယ် မိုးသည်းထဲမှာကွယ်တော့ မဟုတ်ဘူး။ ပျော်နေမယ် မိုးဖွဲထဲမှာကွယ်ပေါ့။

ဒီနေ့ နေ့လည်က နေအတော်ပူတယ်။ နေ့လည် ၁၂ နာရီကျော် ထမင်းစားထွက်တာတောင် ကန်တင်းကို လမ်းလျှောက်ရတဲ့အချိန် နေပူလွန်းလို့ ချွေးဒီးဒီးကျတယ်။ အတွင်းထဲက စွပ်ကျယ်ဆို ချွေးတွေကို ရွှဲလို့။ ထမင်းစားတော့လည်း ပန်ကာအောက်မှာ ဖြစ်နေပေမယ့် အပူရှိန်က ရှိသေးတယ်။ ထမင်းမြန်မြန်စားပြီး ရုံးကို ပြန်ထွက်လာခဲ့တော့လည်း အပြန်လမ်းမှာလည်း နေပူလွန်းတော့ ချွေးတွေ ထပ်ထွက်ပြန်ရော။ ရုံးရောက်တော့ ရေဆာနေလို့ အအေးတစ်ဗူး ၀ယ်သောက်လိုက်ရသေးတယ်။

ညနေ ရုံးဆင်းချိန်မှာတော့ ရာသီဥတုက ဆန့်ကျင်ဘက်ပဲ။ ထက်အာကာတစ်ခွင်လုံး အုံ့ဆိုင်းညိုမှိုင်းနေတာ နေ့လည်က လင်းလင်းထင်းထင်း နေပူခဲ့တာတောင် သူမဟုတ်ခဲ့သလိုပဲ။ စင်္ကာပူမှာ အရူးလင်လုပ်ရသလိုမျိုး ရာသီဥတုက ခဏခဏ ပြောင်းနေတတ်တယ်။ ရထားပေါ်ကနေ အိမ်နားက ဘူတာကို ဆင်းခဲ့တော့ မိုးတွေက ရွာနေပြီ။ ဖွဲဖွဲလေးထက် နည်းနည်းလေး ပိုတဲ့အနေအထားမှာ ရှိနေတယ်။ လေပြင်းတွေတော့ မပါဘူး။ မိုးပဲ သီးသန့်ရွာတာ။ အိတ်ထဲမှာ ထီးပါလာပေမယ့် အခြေအနေကို အကဲခတ်လိုက်တယ်။ ထီးမပါလို့ မိုးရေထဲမှာ လမ်းလျှောက်နေတဲ့သူတွေ ရှိလားပေါ့။ ရှိတာပေါ့ဗျာ။ ၃ ယောက် ၄ ယောက်လောက် တွေ့ရတယ်။

ကဲ... အခွင့်အရေးလေး ရတုန်းရခိုက် လက်မလွတ်စေရအောင် အိတ်ထဲကနေ ထုတ်ထားမိတဲ့ ထီးကို အိတ်ထဲ ပြန်ထည့်လိုက်တယ်။ အိတ်ကို သေသေချာချာ ဇစ်ပိတ်လိုက်တယ်။ အိတ်အထဲက ကွန်ပျူတာ မိုးရေချိုးလို့ မရဘူးလေ။ သီချင်းကို အသံနည်းနည်း ထပ်ကျယ်လိုက်တယ်။ မိုးရေထဲကို ခပ်တည်တည်နဲ့ စလျှောက်ပါပြီ။ နောက်က ကျားလိုက်သလိုမျိုး ခြေလှမ်းတွေကို ခပ်သွက်သွက်လည်း မလျှောက်ပါဘူး။ အလွမ်းမင်းသားလို ညောင်နာနာပုံစံနဲ့ ဖြေးဖြေးလေးလည်း မလျှောက်ပါဘူး။ ပုံမှန် လျှောက်နေတဲ့အတိုင်း ခေါင်းမော့ ရင်ကော့ ခပ်တည်တည် လျှောက်ပါတော့တယ်။ ဖင်တော့ မကောက်ထားပါ။

မိုးဖွားလေးတွေ မျက်နှာကို လာစင်ပြီ။ မိုးစက်တွေ မျက်မှန်ပေါ်မှာ တင်နေပြီ။ အ၀တ်တွေလည်း စိုရွှဲလာပြီ။ ဖွင့်ထားတဲ့သီချင်းထဲမှာ စိုးလွင်လွင်ကလည်း မိုးတွေရွာတိုင်း အသည်းအိမ်မှာလှိုင်းဆိုပြီး ဆိုတေးသီနေတယ်။ ဘေးနားမှာ ထီးလေးတွေနဲ့ လျှောက်နေတဲ့ တရုတ်မလေးတွေက ထီးမပါပဲ လမ်းလျှောက်နေတဲ့ ကျွန်တော့်ကို ငဲ့ကြည့်သွားသေးတယ်။ အခုချိန် သူနဲ့ ထီးအတူတူ ဆောင်းပါဆိုပြီး လာပြီးကမ်းလှမ်းရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုက်မယ် မထင်ပါနဲ့။ ချိုသာတဲ့ အပြုံးလေးတစ်ပွင့် လက်ဆောင်ပြန်ပေးပြီး ခေါင်းခါငြင်းပယ်မိမှာပါ။ ကျွန်တော် မိုးရေထဲမှာ လမ်းလျှောက်ရတာကို မြတ်နိုးလို့ပါဗျာ။

၁၀ မိနစ်ကျော်ကျော် မိုးရေထဲ လမ်းလျှောက်ပြန်ပြီး အိမ်ပြန်ရောက်ခဲ့တယ်။ အိမ်မှာ အစ်ကိုတစ်ယောက်က မိုးတွေ စိုရွှဲနေတဲ့ ကျွန်တော့်ကို အံ့အားသင့်နေတယ်။ လက်ဖက်ရည် ဖျော်ပေးရမလားတဲ့။ တကယ်တော့ ကျွန်တော် မိုးမိလာတာမှ မဟုတ်တာ။ မိမိုးကို မိအောင် ဖမ်းခဲ့တာပါ။ စင်္ကာပူမှာ မိုးရေထဲ လမ်းလျှောက်ဖို့ အခွင့်အလမ်း သိပ်မရခဲ့ဘူး။ ရုံးပြန်ချိန် မိုးမရွာတာလည်း ပါသလို မိုးရွာတဲ့ ရုံးဆင်းချိန်မှာ လုပ်စရာ အလုပ်တွေ များနေတာလည်း ရှိတာပေါ့။ ဒီလိုနဲ့ပဲ မိမိုးနဲ့ ကျွန်တော် စင်္ကာပူမှာ မဆုံတွေ့ဖြစ်ခဲ့ဘူးလေ။ ဒီနေ့တော့ မိမိုးကို ဆုံခွင့်ရခဲ့တယ်။

မိုးစိုနေတဲ့ အ၀တ်တွေကို အ၀တ်ဟောင်းတွေနဲ့ ရောပြီး အ၀တ်လျှော်စက်ထဲ ထည့်လိုက်တယ်။ ရုပ်ရှင်ကြည့် ထမင်းစား ခဏနားပြီးတော့ အပြေးလေ့ကျင့်ဖို့ အချိန်ရောက်လာတယ်။ မိုးတွေကတော့ ရွာစွေနေတုန်းပဲ။ ညနေကလောက် မသည်းတော့ဘူး။ ဒါနဲ့ပဲ မိမိုးနဲ့ နောက်ထပ်တစ်ခါ ဆုံခွင့်ရဖို့ ထပ်ဖန်တီးလိုက်တယ်။ မိုးရေထဲမှာ ခပ်ဖွဖွလေး ပြေးရတဲ့ အရသာကလည်း တစ်မျိုးပါပဲ။ ညနေ ရုံးဆင်းတုန်းက ရုံးအ၀တ်အစားနဲ့ ကွန်ပျူတာအိတ်နဲ့ ဆိုတော့ မိုးရေထဲမှာ လမ်းပဲ လျှောက်ခဲ့ရတယ်။ အခုတော့ မိုးရေထဲမှာ ပြေးခွင့်ရပြန်ပြီ။ အယ်လ်ခွန်းရီရဲ့ သီချင်းနဲ့ ခင်မောင်တိုးရဲ့ သီချင်းတွေကို ခံစားနားထောင်ရင်း မိုးဖွဲတွေကြားမှာ မိမိုးနဲ့အတူ ဖွဖွလေး ပြေးနေခဲ့မိတယ်။ မမောနိုင် မပန်းနိုင်ပဲပေါ့ဗျာ။

ကိုယ်ပျော်တယ် မိုးဖွဲထဲမှာကွယ်...

Tuesday, November 11, 2008

Esprit Exercise

အခုလအတွင်းမှာ အားကစားတွေ ပြန်လုပ်ဖြစ်တယ်။ လဆန်းပိုင်းကတည်းက အခုချိန်အထိ ညပိုင်းတွေမှာ ကြက်တောင်ရိုက်ဖြစ်တယ်။ အိမ်က ကလေးတွေနဲ့အတူ ညဘက်မှာ အိမ်အောက်ဆင်းပြီး ကြက်တောင် ထွက်ရိုက်ကြတယ်။ အခုရက်ပိုင်းမှာတော့ အပြေးလေ့ကျင့်ဖြစ်တယ်။ အဲဒီလို အားကစားတွေ မလုပ်ဖြစ်တာ နှစ်ချီနေပြီ။ ပျင်းလို့ မလုပ်ဖြစ်တာလည်း ရှိတယ်။ မအားလို့ မလုပ်ဖြစ်တာလည်း ပါတယ်။ အခွင့်မသာလို့ မလုပ်နိုင်တာလည်း ရှိတယ်။ ဒီလိုနဲ့ ဟိုယောင် ဒီယောင် အင်တာနက်ထဲမှာ ဂလည်အူကြောင် ဖြစ်နေတာ ကြာလှပေါ့။ ယောင်ခြောက်ဆယ်ဆိုတာ ဒါမျိုးပဲ ဖြစ်မယ်။

အူကြောင်ဖြစ်တာက အရေးမကြီးဘူး။ အရေးကြီးတာက လူလည်း တရားသဘောအရ ယိုယွင်းလာတာပါပဲ။ စင်္ကာပူကို ရောက်ကာစက ၀ယ်ခဲ့တဲ့ ဘောင်းဘီတွေ တစ်ခုမှ ၀တ်လို့မရတော့ဘူး။ အဲဒီတော့ မတော်တော့လို့ နောက်ထပ် ထပ်ဝယ်တဲ့ ခါးဆိုဒ်နည်းနည်း ပိုကြီးတဲ့ ဘောင်းဘီတွေလည်း တဖြည်းဖြည်း ကျပ်လာပြီ။ ရှပ်တွေလည်း မတော်တော့ဘူး။ လက်ရှည်တွေဆို ပိုတောင်ဆိုးသေး။ လက်မောင်းမှာတင် ကျပ်နေတယ်။

အလွန့်အလွန် အရေးကြီးတာတစ်ခုက ကိုယ်ဝန်ဆောင်ရသလို ယောကျာ်းတန်မဲ့ ဗိုက်ထွက်လာရတာပဲ။ ကိုယ့်အသိ အစ်မတွေလည်း ဗိုက်ပူမတွေ ဖြစ်နေတယ်။ သူတို့ကတော့ တကယ့်ကို ကိုယ်ဝန်ရှိတာပါ။ ရုံးမှာက တစ်နေကုန် စားပွဲခုံမှာပဲ အထိုင်များသလို ကိုယ်လက်လှုပ်ရှားမှုက နည်းလေတော့ ဗိုက်ခေါက်က မသိမသာ ထွက်တာကနေ သိသိသာသာ ထွက်လာတယ်။ ယောကျာ်းဖြစ်နေလို့သာ ဘယ်တော့ မွေးမှာလဲလို့ အမေးမခံရသေးတာ။ မသိရင် ကိုယ်ဝန် ၃ လလောက် ရှိနေပုံပဲ။ ကိုယ့်ပတ်ဝန်းကျင်က ယောကျာ်းသားတွေက ကိုယ်ထက် ဗိုက်ပိုကြီးနေတယ်။ တချို့က ဘီယာသောက်လို့ ပူလာတော့ ဘီယာဗိုက်ဆိုပဲ။ သူဌေးဗိုက်လို့လဲ ပြောကြတယ်။ ဘယ်လိုပဲ ပြောကြပါစေ ဗိုက်ပူတာက ဗိုက်ပူတာပါပဲ။

ပြီးခဲ့တဲ့ စနေနေ့က သူငယ်ချင်းတစ်ယောက်နဲ့ Vivo Cityကို ရောက်ဖြစ်သေးတယ်။ သူက မြှောက်ပေးတာနဲ့ ရှပ်လက်ရှည်တစ်ထည် ၀ယ်ခဲ့ဖြစ်တယ်။ စမ်းဝတ်ကြည့်ကတည်းက အဆင်မပြေတာကို တွေ့နေရတယ်။ တရားခံက အဲဒီ ဗိုက်ပဲ။ ရှပ်က ကိုယ်ကျပ်ဆိုတော့ ဗိုက်ထွက်နေတာ သိသာတယ်။ ပုခုံးတွေ ရင်အုံတွေ အကုန် အဆင်ပြေပေမယ့် ဗိုက်မှာလာပြီး သိက္ခာချနေတယ်။ သူငယ်ချင်းက အဆင်မပြေရင် မ၀ယ်ပါနဲ့တဲ့။ ဒါပေမယ့် ဒါမျိုးတွေက အသက်ငယ်တုန်း ၀တ်ရတာ။ အသက်ကြီးသွားရင် ၀တ်လို့ မတင့်တယ်ဘူးကွ ဆိုတာနဲ့ ငယ်တုန်းလေး ၀တ်ရမယ့် အ၀တ်ကို ၀ယ်မယ်ကွာ ဆိုပြီး မျက်စိမှတ် ၀ယ်လာခဲ့လိုက်တယ်။ ဈေးကတော့ ၁၀၀ ပတ်ဝန်းကျင်ပဲ။

ဈေးကြီးတဲ့ အ၀တ်ကို ၀ယ်ထားပြီး မ၀တ်ရရင် မတန်ဘူးလို့ သူငယ်ချင်းက ပြောပါတယ်။ ကျွန်တော်ကလည်း အဲဒါလေး ၀ယ်ပြီး ၀တ်နိုင်ဖို့အတွက် ကိုယ့်ဗိုက်ကို အဆီချရမှာဖြစ်လို့ ၀ယ်ခဲ့တာပါ။ အဲဒီလို ၀ယ်ပြီးမှတော့ တကယ်လုပ်မှ ဖြစ်မယ်ဆိုပြီး ကိုယ့်စိတ်ကို ပိုင်းဖြတ်ယူရတာပေါ့ဗျာ။ မဟုတ်ရင် ငပျင်းတို့ရဲ့ ထုံးစံအတိုင်း ဖင်ရွှေ့နေအုံးမှာပါ။ အင်တာနက်မှာလည်း သုံးတဲ့အချိန် နည်းနည်းလျှော့ထားတယ်။ အရင်ကလောက် အင်တာနက် မသုံးဖြစ်တော့ဘူး။ ရုံးချိန်အတွင်းလောက်ပဲ အင်တာနက် သုံးဖြစ်တယ်။ အဟီး...

အစားအသောက်ကတော့ ထူးထူးကဲကဲ လျှော့လို့မရဘူး။ အရင်တုန်းကတည်းက အများကြီး တရားလွန် စားသောက်နေတာလည်း မဟုတ်ဘူး။ ရုံးချိန်မှာတော့ ကော်ဖီ လျှော့သောက်ဖြစ်တယ်။ ညဘက်ကိုတော့ ထမင်းနည်းနည်း လျှော့စားဖြစ်တယ်။ ဒါပေမယ့် အာဟာရပြည့်အောင်တော့ စားဖြစ်တယ်။ ကိုယ်က ပုံမှန် သွေးလှူနေတဲ့သူဆိုတော့ အာဟာရပြည့်အောင်တော့ စားသောက်ရမယ်လေ။ မဟုတ်ရင် ယောကျာ်းတန်မဲ့ ဟေမိုဂလိုဗင် သံဓါတ် မပြည့်လို့ သွေးမလှူလိုက်ရတာမျိုး မဖြစ်ချင်ဘူး။ ရှက်စရာကြီးလေ။

ညပိုင်းတွေတော့ ကလေးတွေနဲ့အတူ ကြက်တောင်ရိုက်ဖြစ်တာ ၂ ပတ်လောက် ရှိပါပြီ။ ကြက်တောင်က ၁ နာရီလောက် ရိုက်ဖြစ်တယ်။ လှုပ်လှုပ်ရှားရှား လုပ်ရတော့ ချွေးတော့ ထွက်တာပေါ့။ ဒါပေမယ့် ဗိုက်ကျမယ် မထင်ဘူး။ ဒါနဲ့ပဲ အပြေး လေ့ကျင့်ဖြစ်တာက ၂ ရက် ရှိသွားပြီ။ စစချင်းရက်က ပြေးတော့ အတော်မောတယ်။ သက်လုံကျနေတာ ကြာလှပေါ့။ လမ်း ၁ ပတ်ပြေးဖို့တောင် မနည်း ကြိုးစားယူရတယ်။ လမ်းမှာ ခဏခဏ နားဖြစ်သေးတယ်။ နားတယ်ဆိုတာ မပြေးတော့ပဲ လမ်းလျှောက်နေတာပါ။ ဒါပေမယ့် ၂ ပတ် တိတိ ပြေးဖြစ်အောင် ကြိုးစားယူခဲ့တယ်။ ဒီနေ့ညလည်း ထပ်ပြေးဖြစ်တယ်။ ဒီနေ့တော့ ၁ ပတ်ကို တောက်လျှောက် မနားပဲ ပြေးနိုင်ခဲ့တယ်။ တိုးတက်လာတယ်ပေါ့။ ဒီလိုပဲ နောက်ရက်တွေလည်း ပြေးနိုင်အောင် ကြိုးစားရမယ်။

ကဲ... ဗိုက်မပူ လေ့ကျင့်ခန်း စ.... တစ် နှစ် သုံး လေး...

Monday, November 10, 2008

Surprised feeling!

အံ့အားသင့်စရာလား ဆိုတော့ အံ့အားသင့်စရာပါပဲ။ ဒါပေမယ့် အံ့အားသင့်စရာ အစစ်လည်း မဟုတ်ပါဘူး။ ဖြစ်ရိုးဖြစ်စဉ်လေးတစ်ခုလို့ ပြောလို့ရသလို ထူးကဲဖြစ်စဉ်လို့လဲ ပြောနိုင်ပါတယ်။ ဒါမျိုးတွေ ဖြစ်လာမှာကို ကြိုသိထားသလို ဒီလောက်ထိ ဖြစ်လာမယ်လို့လဲ မထင်ထားဘူး။ ဒါနဲ့ ခေါင်းထဲမှာ ချာချာလည်နေရတယ်။ ဒီလိုနဲ့ပဲ အတွေးတွေ ရီဝေေ၀ ဖြစ်နေရတယ်။

ဂျီတော့ခ်အချို့မှာ မတ်ဆေ့ခ်ျတစ်ခု တင်ထားတာကို သတိထား တွေ့မိနေတယ်။ နေ့လည်ပိုင်းက ဂျီတော့ခ်မှာ ညီမတစ်ယောက်က သတင်းလာမေးတယ်။ အဲဒီသတင်း ခိုင်မာမှုကို သေချာမသိသေးလို့ မသိသေးဘူးပဲ ဖြေလိုက်ရတယ်။ အရေးထဲမှာ အရာပေါ်ပြီး အသိတစ်ယောက်က ဂျီတော့ခ်မှာ ထပ်လာရစ်နေတယ်။ သူဆီကို အခြားနစ်ခ်တစ်ခုနဲ့ အီးမေးလ်ပို့လားတဲ့။ အဲဒီ အီးမေးလ်က ကောင်းတဲ့ အီးမေးလ် မဟုတ်ဘူးတဲ့။ ကျွန်တော် မပို့ပါဘူးလို့ ပြောလိုက်တယ်။ ဒါပေမယ့် သူက ကျွန်တော့်ကို ဘာဖြစ်လို့ အဲဒီလို ထင်ခဲ့ရသလဲပေါ့။ ကျွန်တော့်အနေနဲ့ ဒီလို အောက်တန်းကျကျ မဟုတ်မက အလုပ်မျိုးကို လုပ်ပါ့မလားပေါ့။ အံ့အားသင့်စရာပဲ။ ဘာကြောင့်လဲ။

ညနေပိုင်း ရုံးဆင်းပြီး အိမ်ပြန်ရောက် အိမ်အောက်က စာတိုက်ပုံးကို ဖွင့်လိုက်တော့ ကျွန်တော့်အမည်နဲ့ စာတစ်စောင် ၀င်နေတယ်။ အစိုးရရုံးကိစ္စနဲ့ ပါတ်သတ်ပြီး ပို့ထားတာ။ လူဝင်မှုကြီးကြပ်ရေးက စာဆိုတော့ အမြဲတမ်းအာပလာဖြစ်ဖို့ လျှောက်ထားတဲ့ကိစ္စနဲ့ပဲ ပါတ်သတ်မယ် ထင်လိုက်တယ်။ စာက လျှောက်လွှာတင်ပြီး ၂ လ အကြာမှာ ပြန်ဝင်လာတာပါ။ အဓိက ရေးထားတာက စလုံးမှာ အာပလာဖြစ်ဖို့ အရည်အချင်း မပြည့်မှီသေးကြောင်းပေါ့။ နောက်ထပ် ၆ လ ကြာမှ ထပ်လျှောက်နိုင်တယ်ဆိုပဲ။ ၀မ်းနည်း ၀မ်းသာပဲဗျာ။ ၀မ်းနည်းတယ်ဆိုတာက အငြင်းခံရလို့။ အဲဒီလိုပဲ အငြင်းခံရတာကိုတော့ သိပ်မကြိုက်လှဘူးဗျ။ ၀မ်းသာတာက ရတဲ့လခအပြည့် သုံးလို့ရနေသေးတဲ့ ဘ၀လေးမှာ ဆက်ရှိနေအုံးမယ်လေ။ အဲဒါကို လျှောက်ခဲ့တုန်းက ကျွန်တော့်ရုံးကနေ စာရွက်စာတမ်း အစုံအလင်နဲ့ ပြည့်ပြည့်စုံစုံ တင်ထားခဲ့တာတောင် မရဘူးဆိုပဲ။ အချိန်လိုနေသေးလို့လား။ အိမ်ထောင်မရှိလို့ပဲလား။ ဒါနဲ့ပဲ အံ့အားသင့်လိုက်ရမလား။

ညပိုင်း အိမ်မှာ ဂျီတော့ခ်သုံးရင်း ရန်ကုန်က အသိတစ်ယောက်နဲ့ တွေ့မိလို့ နေ့လည်က ကြားထားတဲ့ သတင်းကို မေးကြည့်လိုက်တယ်။ ဟုတ်လားပေါ့။ ဟုတ်တယ် အစ်ကိုတဲ့။ တကယ်ဆို သူ့ကို ကျွန်တော် အပြင်လောကမှာ မသိပါဘူး။ ကျွန်တော်နဲ့ ရင်းရင်းနှီးနှီး ရှိတဲ့လူအချို့ကနေ တဆင့်ခံပြီး သိထားရတဲ့သူပါ။ ဒီလောကထဲမှာ သူ့အကြောင်းကို အကောင်းပြောတဲ့သူ များလှပါတယ်။ မျှော်လင့်ချက်တွေနဲ့ အနာဂတ်ကို ဖန်တီးနေတဲ့တစ်ဦးပေါ့။ မနက်ဖြန်ပေါင်းများစွာကို အားတင်းပြီး တဖြည်းဖြည်း ကျော်ဖြတ်ရမယ့် သူ့ဘ၀ကို စာနာရုံကလွဲပြီး ကျွန်တော် ဘာမှမလုပ်ပေးနိုင်သေးပါဘူး။ ဒါနဲ့ပဲ ဆယ်စုနှစ် ၂ ခုကို နှစ်ဝက်ပေါင်း ဘောနပ်စ် ပေးထားတဲ့ အကြောင်းလေးက ကျွန်တော့်ပါးစပ်လေးကို ဟသွားစေပါတယ်။ ဘာတွေကြောင့် ဒီလောက်အထိ ပြင်းထန်သွားလဲပေါ့။ ကြည်ညိုစရာကောင်းအောင် ကြားလိုက်ရတာလေးက အံ့အားသင့်စရာပဲ။ တကယ်တော့ အံ့အားသင့်စရာလည်း မဟုတ်ပြန်ပါဘူး။ အော်ဆွေးဆိုတာ ကြာခဲ့ပါပြီ။ အခုမှ မဟုတ်ခဲ့ပါဘူး။

ဒီလိုနဲ့ အံ့အားသင့်စရာများစွာထဲမှာ ဘယ်အရာက တကယ့်ကို အံ့အားသင့်စရာလဲဆိုတာ သေသေချာချာ မဝေခွဲ မဆုံးဖြတ်နိုင်လောက်အောင် ခံစားချက်တွေ ရောမသမွှေ အံ့အားသင့်နေခဲ့ရပါတော့တယ်။

ဒါဒို့ပြည်... ဒါတို့မြေ...

Friday, November 7, 2008

Friendship = Rome

ခင်မင်မှုဆိုတာ ချက်ခြင်းဖြစ်တည်လာတာမျိုး မဟုတ်ပါဘူး။ မြင်မြင်ချင်းကို ချစ်မိတယ်... ဆိုတာ ရှိသလိုမျိုး မြင်မြင်ချင်းကို ခင်မိတယ်... ဆိုတာ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်က ခင်သွားပေမယ့် တခြားတစ်ဘက် ကိုယ်ခင်မင်သလို ခင်မင်ချင်မှ ခင်မင်မှာပါ။ လက်ခုပ်တီးသလိုမျိုးပါပဲ။ လက်နှစ်ဘက် စည်းဝါးညီညီ တီးမှ အသံကောင်းကောင်း ထွက်မှာပါ။ လက်တစ်ဘက်ထဲနဲ့ တီးနေလို့ကတော့ အသံမြည်ရုံလေး တဖတ်ဖတ် ဖြစ်နေမှာပါ။ ခင်မင်မှုမှာလည်း အပြန်အလှန် စည်းဝါးညီဖို့ လိုအပ်လှပါတယ်။

ရောမမြို့ကြီးကို တစ်ရက်တည်းနဲ့ အပြီးတည်ခဲ့တာ မဟုတ်ပါဘူး။ ဖြေးဖြေးချင်း ဖြေးဖြေးချင်း အချိန်ယူ တည်ဆောက်ခဲ့တာပါ။ ဒီလိုပါပဲ ခင်မင်မှုဆိုတာလည်း နတ်ရေကန်ထဲ ပစ်ချလိုက်သလို ၀ုန်းဒိုင်းကြီး ရှင်သန် ပေါက်ဖွားလာတာမျိုး မဟုတ်ပါဘူး။ အကြောင်းတိုက်ဆိုင်လို့ ကြုံဆုံခဲ့ပေမယ့် ခင်မင်ချင်မှ ခင်မင်မှာပါ။ နေ့စဉ်နီးပါး ပြောဆို ဆက်ဆံ ထိတွေ့နေမှုကနေတဆင့် ခင်မင်မှုတွေ တိုးပွါးလာရတာမျိုးလို့ ယူဆမိပါတယ်။ ကျွန်တော့်အမြင်တွေ ဖြစ်တဲ့အတွက် မှားကောင်းမှားနိုင်ပါတယ်။

ကျွန်တော့်ရဲ့ ဂျီတော့ခ်မှာရှိတဲ့ တချို့တလေက ပြောကြပါတယ်။ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ကိုဇူလိုင်က ခင်မင်စရာ မကောင်းဘူးတဲ့။ Friendly မဖြစ်ဘူးပေါ့။ စကားပြောတာလည်း အရမ်းကို ပြတ်တယ်။ ဘုဘောက်ကလည်း ကျသေးတယ်။ ဂွကျကျလူကြီးပေါ့။ စကားလည်း နည်းတယ်တဲ့။ နာမ်စားတွေကိုလည်း ခင်ဗျားတို့ ကျုပ်တို့ ညည်းတို့လည်း သုံးတော့ အညာသားလိုလို ဘာလိုလိုနဲ့တဲ့။ တကယ်တော့ ကျွန်တော်က ရေမရောတဲ့ ရန်ကုန်သားစစ်စစ်ပါ။ သူတို့တွေ ဝေဖန်တာကို ပြန်ပြီး ဆင်ခြင်သုံးသပ် ကြည့်တော့လည်း ဟုတ်နေပါတယ်။ အဲဒါက ကျွန်တော့်ပုံစံပါပဲ။

ကိုဇူလိုင်ဆိုတဲ့ ကျွန်တော်ဟာ ကာလတစ်ခုအတွင်းမှာတော့ တကယ်ကို ခင်မင်စရာ လုံးဝမကောင်းတဲ့ လူ့ဂွစာတစ်ယောက်ပါပဲ။ ကျွန်တော့်ရဲ့ ဗီဇအရ ခင်မင်မှုစည်းတွေ အထပ်ထပ် ရှိနေပါတယ်။ အလွယ်တကူ မခင်တတ်ဘူး။ အလွယ်တကူ မမုန်းတတ်ဘူး။ ကျွန်တော် သတ်မှတ်ထားတဲ့ စည်းအတွင်းမှာ ရှိတဲ့ သူတွေကို အဲဒီအတိုင်း ဆက်ဆံပါတယ်။ တစိမ်းလိုဖြစ်နေသေးတဲ့ သူကို ပုံမှန်လေး ဆက်ဆံပါတယ်။ ခင်မင်မှုဆိုတာ သူတို့အပေါ်မှာ လုံးဝ မရှိသေးပါဘူး။ နည်းနည်းလေး ခင်မင်သလိုလို ဖြစ်နေတဲ့လူကို ဆက်ဆံတဲ့ပုံစံကျတော့ တစ်မျိုးပြောင်းသွားပါပြီ။ နွေးနွေးထွေးထွေးလေး ပြောဆိုတယ်ပေါ့ဗျာ။ အတော်လေး ခင်မင်တဲ့လူကျတော့ ရင်းရင်းနှီးနှီး နောက်နောက်ပြောင်ပြောင် ပြောဆိုဆက်ဆံပါတယ်။

ပြောမနာဆိုမနာ အဆင့်က သူငယ်ချင်းတွေနဲ့ ဂျီတော့ခ်မှာဖြစ်ဖြစ် ဖုန်းထဲမှာဖြစ်ဖြစ် ပြောဆိုမိရင်တော့ ဆဲဆိုတဲ့စကားမျိုးတွေ မိုးမွန်နေအောင် ပေါက်ကရရှစ်ဆယ် ပြောပြီးမှ လိုရင်းရောက်ပါတယ်။ သူတို့တွေနဲ့ ဂျီတော့ခ်မှာ တွေ့တွေ့ချင်း နှုတ်ဆက်တဲ့ အသုံးအနှုန်းလေး အချို့ကတော့... ခွေးကောင်၊ ၀က်မ၊ လဒ၊ ချီးပိုးထိုး၊ လင်တရူးမ၊ သောက်ကောင်၊ သောက်ရူး၊ သောက်ပေါကြီး၊ ချီးပေ၊ နှာဘူး၊ အပေအတေ စတာတွေ့ပေါ့။ အဲဒါက အပြန်အလှန် နှုတ်ဆက်ရင် စခေါ်တဲ့ အမည်တွေပါ။ နှုတ်ဆက်တာကလည်း အရမ်းကို ယဉ်ကျေးတယ်နော်။ ပြောမနာ ဆိုမနာအဆင့် ရောက်ဖို့ အတော်ကို မလွယ်တာပဲ။ ဟဟ...

ဒါပေမယ့် အခုပြောနေတဲ့ စည်းထဲမှာတော့ ကိုယ့်ထက် အသက်အရွယ်ကြီးတဲ့ သူတွေကတော့ ချွင်းချက်ပါ။ သူတို့ကိုတော့ အမြဲတမ်း ရိုသေသမှုထားပါတယ်။ ပြောမနာ ဆိုမနာ အဆင့်ထိ ရောက်နေပေမယ့်လည်း ရိုင်းတဲ့စကားတွေ မပြောပါဘူး။ ဒါပေမယ့် ကျွန်တော့်ထက် အသက်အရွယ်ကြီးတဲ့ သူတွေလည်း ကျွန်တော့်ရဲ့ နောက်ပြောင် ပြောဆိုမှုကနေ မလွှတ်ရှာကြပါဘူး။ သူတို့တွေနဲ့ပလွှတ်ရှလွှတ်တွေ ပြောတတ်ပါတယ်။

စကားပြောတာ ပြတ်တာကတော့ ကျွန်တော့်ပုံစံပါပဲ။ အလေးထားပြီး ပြောရမယ့် စကားတွေမှာ လိုရင်းကို အဓိက ရောက်အောင် ပြတ်ပြတ်ပဲ ပြောပါတယ်။ ဟေးလားဝါးလား ပြောတဲ့အချိန်မှာတော့ တစ်မျိုးပေါ့။ နောက် အသုံးအနှုန်းအချို့က အညာသားဆန်ပါတယ်ဆိုတာ ဟုတ်နိုင်ပါတယ်။ အသက်ငယ်တဲ့ ညီမအရွယ်တွေကို နာမ်စားသုံးရင် ညည်းဆိုတာနဲ့ပဲ ပြောဆိုပါတယ်။ ကျွန်တော့်ကိုတော့ ကျုပ်လို့ နာမ်စားပြုထားတယ်။ တခါတလေ ကျွန်တော်လို့ ပြောင်းသုံးပြန်တယ်။ ညီမလေးရေ... အစ်ကိုကြီးကလေတို့ မပြောတတ်ဘူး။ တကယ်ကို လျှာယားစရာပဲ။ ကိုယ့်ထက် အသက်ကြီးတဲ့ သူတွေနဲ့ ပြောရင်တော့ ကျွန်တော်လို့ပဲ သုံးပါတယ်။

ဘုဘောက်ကျတယ်။ ဂွကျတယ်ဆိုတာလည်း မှန်ပါတယ်။ ကရကဋ်တို့ ထုံးစံအတိုင်း ဘေးတိုက်လျှောက် ကန့်လန့်တိုက်တတ်ပါတယ်။ စကားပြောနေရင်း အကောင်းကနေ ရုတ်တရက် ဘုဘောက်ကျတဲ့ စကားတွေ ပြောတတ်ပါတယ်။ တခါတလေ အမြင်တွေ မတူလို့ ဘုဘောက်ကျတာ ဖြစ်သလို တခါတလေ နောက်ပြောင် ကျီစယ်ချင်လို့ ဂွကျကျစကားတွေ ပြောတာမျိုးလည်း ရှိပါတယ်။ တခါတလေကျတော့ သရော်ချင်လို့ပါ။ အဲဒါကလည်း အတွင်းစည်းထဲမှာ ရှိနေတဲ့သူတွေနဲ့ ပြောမှ ဘုဘောက်ကျတာပါ။

စကားနည်းတာကတော့ အမြဲတမ်း မမှန်ပါဘူး။ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေကတော့ ကျွန်တော့်ကို သာလိကာနဲ့ တူတယ်လို့တောင် ပြောကြတယ်။ ကျွန်တော့်အနေနဲ့ ပြောစရာ စကားရှိနေရင် ပြောဖြစ်ပါတယ်။ ပြောစရာ စကားမရှိရင်တော့ ဘာပြောရမလဲပေါ့ဗျာ။ ပြောစရာဆိုတာကလည်း စိတ်ဝင်စားတာလည်း ဖြစ်အုံးမှပါ။ တချို့က ဟောလီးဝုဒ်က ရုပ်ရှင်တွေ ကိုရီးယားကားတွေ မင်းသားမင်းသမီး အကြောင်းတွေ လာပြောကြတယ်။ ခက်တာက ကျွန်တော် အဲဒါတွေကို တစ်ခုမှ မသိသလို သိအောင်လည်း မကြိုးစားထားဘူး။ အဲဒီတော့ ကျွန်တော် ဘာပြန်ပြောရမလဲ။ အင်း... သြော်... ဟုတ်လား... ကောင်းတာပေါ့... ဒါမျိုးတွေပဲ ရေလိုက်ငါးလိုက် ထူးနေရတာပေါ့။ အဲဒီလိုနဲ့ ကိုဇူလိုင်က စကားနည်းတယ်။ စကားပြောလို့ မကောင်းဘူး ဖြစ်သွားရော။ ဟဟ...

နောက်တစ်ချက်က ဘားဂလစ်ရှ်ပေါ့။ ဘားဂလစ်ရှ်နဲ့ လာပြောရင် ကျွန်တော် စကားပြောချင်စိတ် မရှိပါဘူး။ စကားပြောချင်စိတ် မရှိတာက... အဲဒီဘားဂလစ်ရှ်ကြောင့်ပါ။ အဲဒီ ဘားဂလစ်ရှ်ကို လိုက်ဖတ်ပြီး အသံထွက် ဘာသာပြန်နေရတာနဲ့ ကိုယ်က ဘာပြန်ပြောရမယ်ဆိုတာကို စိတ်ထဲမှာ ချက်ချင်း ပေါ်မလာတော့ဘူး။ ပေါ်လာပြန်တော့လည်း ဘားဂလစ်ရှ်နဲ့ ပြန်မရေးတတ်ဘူး။ အင်္ဂလိပ်လို ပြန်ပြောတော့လည်း ဘိုရူး ဆိုပဲ။ ကျွန်တော့်ရဲ့ အင်္ဂလိပ်စာ အသံထွက် ညံ့တာကလည်း ဘားဂလစ်ရှ်ကို နားမလည်စေတာပါ။ သူတို့အပြစ် မဟုတ်ပါဘူး။ ကျွန်တော့် အပြစ်ပါ။ ဒါနဲ့ပဲ ရေလိုက်ငါးလိုက် မေးထူးခေါ်ပြော ဖြစ်သွားရော။

ဒီလို ဒီလို အချက်တွေကြောင့် ကျွန်တော် ကိုဇူလိုင်တစ်ယောက် ခင်မင်လို့ မကောင်းတဲ့ သူတစ်ယောက် ဖြစ်သွားရပါတယ်။ ခင်မင်လို့ ကောင်းမကောင်းဆိုတာ လက်ရှိဘယ်စည်းထဲမှာ ရောက်နေသလဲဆိုတာပေါ် မူတည်ပါတယ်။ တစ်ခါတည်း ရေးလိုက်ပါအုံးမယ်။ ကိုယ်ဘယ်အဆင့် ရောက်နေသလဲဆိုတာကို ကျွန်တော့်ကို လာမမေးကြပါနဲ့။ ဘယ်တော့မှ ဖြေမှာ မဟုတ်ပါဘူး။ ဒါက တောစီးကရက်ပါ။ စိတ်ဝင်စားရာ နယ်ပယ်တူပြီး ထိတွေ့ ပြောဆို ဆက်ဆံမှုတွေ များလာတာနဲ့အမျှ ခင်မင်မှူစည်းဝိုင်းမှာ ရာထူးအဆင့် တိုးပေးသွားမှာပါ။ အတွင်းစည်းထဲ ရောက်လာလေလေ ခင်မင်စရာ မကောင်းဘူးဆိုတဲ့ အတွေးတွေ ကြက်ပျောက် ငှက်ပျောက်လို ချက်ချင်း ပျောက်သွားပြီး ဟ... ဒီလူကြီးက စတာနောက်တာ ကြမ်းတယ်နော် ကြောက်စရာကြီးဆိုတာတွေ ဖြစ်လာပါလိ့မ်မယ်ဗျာ။ အဟက်...

Thursday, November 6, 2008

Please vote

(fluff)Friends - create, share and enjoy a world of fluffy fun!
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးပွဲကြီး အောင်အောင်မြင်မြင် ကျင်းပပြီးစီးခဲ့သလို Facebook အထဲက Fluff Friends မှာလည်း သမ္မတရွေးပွဲကြီး ကျင်းပနေပါတယ်။ အဲဒီပွဲမှာ သမ္မတအပြင် ဒုတိယသမ္မတတွေ၊ လွှတ်တော်အမတ်တွေ၊ ပြောရေးဆိုခွင့် ရှိသူတွေကို မဲအရေအတွက်နဲ့ ရွေးချယ်မှာပါ။ အမေရိကားမှာတော့ အိုဘာမား နိုင်သွားသလို Facebook ထဲမှာ ဘယ်သူ သမ္မတ ဖြစ်လာမလဲ ဆိုတာကို နောက် ၂ ပတ်လောက် စောင့်ကြည့်ရအုံးမှာပေါ့ဗျာ။

ကျွန်တော်ဇူလိုင်လည်း အခွင့်အရေးလေး ရတုန်းရခိုက် သမ္မတရွေးပွဲလေး ၀င်နွှဲနေပါတယ်။ ကဲ... ကျွန်တော့်ကို မဲပေးကြပါအုံးဗျာ။

Wednesday, November 5, 2008

Time to leave

တည်မြဲမှုဆိုတာ အချိန်ကာလလေး တစ်ခုအထိပါပဲ။ ဘယ်လောက်ပဲ ချစ်ခဲ့ ချစ်ခဲ့။ ဘယ်လောက်ပဲ မြတ်နိုးခဲ့။ ဘယ်လောက်ပဲ တာဝန်ကျေခဲ့။ ဘယ်လောက်ပဲ အချိန်ပေးခဲ့။ အချိန်တန်ရင် ခွဲခွာရအုံးမှာပါ။ တွေ့ဆုံ ကြုံကွဲ ဖြစ်မြဲ ဓမ္မတာပဲလေ။ မမြဲသော တရားများပေါ့။

အဲဒီနေရာလေးမှာ ကျွန်တော် နေခဲ့တယ်။ အဲဒီနေရာလေးမှာ အချိန်တွေ ပေးခဲ့တယ်။ တကယ်ဆို ၃ နှစ် နီးပါး ရှိတော့မယ်။ အဲဒီနေရာ မတိုင်ခင် အခြားတစ်နေရာမှာလည်း ကျွန်တော် ရှိခဲ့ဖူးတယ်။ အဲဒီမှာလည်း ၃ နှစ် နီးပါး ကြာခဲ့တယ်။ အဲဒီ နေရာ ၂ ခုစလုံးမှာ ကျွန်တော်ရဲ့ ကိုဇူလိုင်မဟုတ်တဲ့ အခြားတစ်ယောက်ကို ကျွန်တော် ဖန်တီးယူခဲ့တယ်။ အဲဒီတစ်ယောက်က ကိုဇူလိုင်ထက် အသက်ပိုကြီးခဲ့တာပေါ့။ ကိုဇူလိုင်ဆိုတာ စတင်ရှိခဲ့တာ ၂ နှစ်တောင် မပြည့်သေးပါဘူး။

ကိုဇူလိုင်က ဇူလိုင်အိပ်မက်ထဲမှာ နေ့စဉ် အချိန်ပြည့် ရှိမနေပေမယ့် ဟိုတစ်ယောက်တော့ သူရဲ့ နေရာလေးမှာ နေ့စဉ်နီးပါး ၁၀ နာရီလောက် အချိန်ပေး ရှိနေခဲ့တယ်။ မြန်မာပြည်မှာ နေခဲ့တုန်းကတော့ အဲဒီလောက် အချိန်မပေးနိုင်ခဲ့ပါဘူး။ ကျောင်းသားဘ၀တုန်းက ရတဲ့မုန့်ဖိုးလေးတွေကို စုပြီး တစ်ပတ်ကို ၂ ခါ ၃ ခါလောက် အဲဒီနေရာမှာ အဲဒီတစ်ယောက် ရှိနေရအောင် အင်တာနက်ဆိုင်တွေကို ပြေးလွှားခဲ့ရတာပေါ့။ အများအားဖြင့် ညခင်းလေးတွေမှာ သူငယ်ချင်းတွေအများကြီးနဲ့ အင်တာနက်ဆိုင် သွားခဲ့ကြတာပေါ့။ အင်တာနက်ဆိုင်ကို မရောက်ခင် နန်းထိုက်ရှမ်းခေါက်ဆွဲဆိုင်မှာ သဘောင်္သီးထောင်း သွားစားကြသေးတယ်။ ကျောင်းပြီးတော့ ကိုယ်ပိုင်လုပ်ငန်းလေး လုပ်ဖြစ်တော့လည်း သူငယ်ချင်းတွေ ရှိပြီး အလုပ်ပါးတဲ့အချိန်မှာ အဲဒီနေရာလေးမှာ အဲဒီတစ်ယောက်ကို ပို့ပေးခဲ့ရတယ်။ အချိန်လုပြီး ရောက်အောင် သွားခဲ့တယ်။

အခု စင်္ကာပူကို ရောက်လာတော့ အင်တာနက်ကြီးဆိုတာ မြန်မာပြည်မှာလို ကိုယ်နဲ့ အလှမ်းဝေးလွန်းတဲ့အရာ မဟုတ်တော့ပါဘူး။ တကူးတက အင်တာနက်ဆိုင် သွားလာစရာမလိုတော့ပဲ စားပွဲပေါ်က ကွန်ပျူတာကို ဖွင့်လိုက်ရင် အင်တာနက်ဆိုတာ တွဲပါနေပြီးသားပါ။ အဲဒီတော့ တစ်နေ့ကို ၁၀ နာရီ ပတ်ဝန်းကျင်လောက် အဲဒီအထဲမှာ အဲဒီတစ်ယောက်ကို ရှိနေစေနိုင်ခဲ့ပါတယ်။ အိမ်မှာဆိုရင်လည်း အဲဒီအထဲမှာ ရှိနေခဲ့တယ်။ ရုံးရောက်တော့လည်း အဲဒီအထဲကို ရောက်နေပြန်တယ်။ ဒီလိုနဲ့ပဲ အဲဒီတစ်ယောက်က အဲဒီနေရာမှာပဲ ပျော်နေခဲ့တယ်။ သူ့အနေနဲ့ ရသပေါင်းစုံ ခံစားထိတွေ့ခဲ့ရတယ်။

အဲဒီနေရာကနေ သူငယ်ချင်းအသစ်တွေ ရခဲ့ကြတယ်။ တချို့တွေဟာ အတော်လေးကို ပေါင်းလို့သင်းလို့ ကောင်းတယ်။ အချင်းချင်း ရိုင်းပင်းကူညီကြတယ်။ အပြန်အလှန် ဖေးမကြတယ်။ တချို့တွေက အပေါ်ယံလေး ပေါင်းကြတယ်။ သူတို့တွေကို သာပေါင်းလို့ ပြောလို့မရပေမယ့် ထဲထဲဝင်ဝင် ခင်မင်မှုမျိုးတော့ မဟုတ်ပါဘူး။ တချို့တွေက ရန်သူတွေ ဖြစ်သွားကြတယ်။ ဘ၀မှာ ဘယ်လိုမှ မျက်နှာချင်းဆိုင်လို့ကို မရတော့ဘူး။ အဓိက ပြောချင်တာက အဲဒီနေရာမှာ လူပေါင်းစုံကို တွေ့ဆုံခွင့်ရခဲ့သလို လူတွေအကြောင်း ပိုနားလည်သွားတယ်။ လူတွေကို ပိုပြီး ရွှံမုန်းသွားတယ်။

အချိန်နာရီတွေ တဖြေးဖြေး ရွှေ့ပြောင်းသွားသလို လူတွေကလည်း အမျိုးမျိုး ပြောင်းလဲနေတတ်ပါတယ်။ တကယ်တမ်းတော့လည်း တန်ဖိုးရှိလား မရှိလားဆိုတာကလည်း ကြည့်တဲ့သူတွေဘက်မှာ မူတည်နေတာပါ။ ကိုယ်က ဘယ်လောက်ပဲ ကောင်းအောင်နေနေ မကောင်းဘူး ထင်ရင်လည်း မကောင်းဘူး ဖြစ်သွားရတာပါပဲ။ တချို့နေရာတွေမှာ အဟောင်းတွေ အသစ်တွေဆိုတာ ပညတ်ချက်ထက် ပိုနေပါတယ်။ မြင်ပါများရင် ငယ်၊ နမ်းပါများရင် ပြယ် ဆိုသလိုပေါ့။ ဟောင်းတိုင်းလည်း မကောင်းပါဘူး။ တန်ဖိုးထားတတ်တဲ့ လူတွေလက်ထဲမှာ ရှေးဟောင်းပစ္စည်းတွေက အဖိုးမဖြတ်နိုင်ပေမယ့် တန်ဖိုးမထားတတ်တဲ့ လူတွေဆီမှာတော့ အမှိုက်ပါပဲလေ။

အခုတော့ စွန့်ခွါဖို့ အချိန်တန်ပြီလို့ ယူဆပါတယ်။ ကိုယ်မရှိလည်း ဘာမှတော့ ဖြစ်သွားမှာ မဟုတ်ပေမယ့် တကယ်တော့ ဆုံးဖြတ်ရခက်တဲ့ အလုပ်တစ်ခုပါပဲ။ သမင်လည်ပြန် ကြည့်မိတာလည်း ခဏခဏပဲ။ ဒါပေမယ့် အတိုင်းအတာ ကာလတစ်ခုအထိတော့ ထိန်းချုပ်နိုင်ခဲ့ပါပြီ။ ဒါကြောင့် နေရစ်ခဲ့ကွယ် သွားတော့မယ်။

Tuesday, November 4, 2008

By my side

By my side ဆိုတဲ့ခေါင်းစဉ်ကြီး မြင်ပြီး ကိုဇူလိုင်တော့ ဘာတွေ စိတ်ကူးယဉ်နေသလဲလို့ အထင်တော် မလွဲကြပါနဲ့အုံး။ အထင်လည်း မကြီးကြပါနဲ့။ အဲဒါကြီးက စင်္ကာပူရုပ်သံ MediaCorpက လွှင့်တဲ့ Channel 8 မှာပြနေတဲ့ တရုတ်ကားရဲ့ အမည်လေးပါ။ တရုတ်လို ပေးထားတဲ့အမည်က (不凡的爱) ပုဖန်တဲ့အိုက် ပါ။ အဲဒါကို ကျွန်တော် သိသလောက်လေး ဘာသာပြန်ရမယ်ဆိုရင် သာမန်မဟုတ်တဲ့အချစ်ပါ။ ဆန်းဆန်းပြားပြား အချစ်လို့ပဲ ပြောရမလားပဲ။ တနလာင်္နေ့ကနေ သောကြာနေ့အထိ နေ့စဉ် ည ၉ နာရီမှာ ပြပါတယ်။ အဲဒီကားရဲ့ အဓိက အကြောင်းအရာက HIV/AIDS ရောဂါအကြောင်း ပညာပေးချင်တာပါ။ Health Promotion Board ရဲ့ အစီအစဉ်လေးတစ်ခုပါ။

ချန်ပုဖန်မှာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး တစ်ခုရှိပါတယ်။ သမီးရယ် ဇနီးရယ် ယောက်ခထီးနဲ့ ယောက်ခမရယ် အခန်း ၄ ခန်းပါတဲ့ HDB Flat လေးမှာ နေထိုင်ကြတယ်။ ပုဖန်ကတော့ ကြီးကြပ်ရေးမှုးပါ။ သူ့ဇနီးရှင်းရာကတော့ ကျူရှင်ဆရာမပေါ့။ သမီးလေး မွေးတဲ့အချိန်မှာ အသက်ဆုံးမလို ဖြစ်ခဲ့ရတဲ့ ရှင်းရာက နောက်ထပ် ကလေးရသွားမှာကို အလွန်ကြောက်နေရှာပါတယ်။ ဒါကြောင့် ပုဖန်နဲ့ လင်ခန်းမယားခန်း မရှိတာ သမီးလေး တစ်သက်ပါပဲ။

ပုဖန်က အားတဲ့အချိန်တွေမှာ ငါးမျှားထွက်လေ့ရှိပါတယ်။ ငါးမျှားထွက်တဲ့အခါ အလုပ်က သူငယ်ချင်းတွေ တခါတလေ ပါကြတာပေါ့။ အဲဒီထဲက Black Horse လို့ အမည်ပြောင်ရှိတဲ့ တစ်ယောက်ကတော့ လူရှုပ်ပါ။ သူက ငါးမျှားဖို့ အကြောင်းပြပြီး မိန်းမရှုပ်ပါတယ်။ တစ်နေ့မှာ ငါးမျှားဖို့ အကြောင်းပြဖို့ ထွက်လာတဲ့ Black Horse ဟာ ကောင်မလေး တစ်ယောက်ကို ခေါ်လာခဲ့ပါတယ်။ အဲဒါကို Black Horse ရဲ့ မိန်းမက တွေ့သွားပြီး ကောင်မလေးကို ရိုက်နှက် ကန်ကြောက်ပါတယ်။ စိတ်ကောင်းရှိတဲ့ ပုဖန်က ဒဏ်ရာရသွားတဲ့ ကောင်မလေးကို သူ့ကားနဲ့ အိမ်လိုက်ပို့ပေးပါတယ်။

ပုဖန်လို နိုက်ကလပ်ကို သိပ်မရောက်ဖြစ်တဲ့... အရှုပ်အရှင်း မရှိအောင်နေတဲ့... အူရိုင်းကြီး ယောကျာ်းမျိုးကို သိမ်းသွင်းရတာ လွယ်ကြောင်း သိထားတဲ့ ကောင်မလေးက လမ်းတစ်လျှောက်လုံးမှာ သူ့ကို အမျိုးမျိုး မြူဆွယ်ပါတယ်။ သူမရဲ့ မာယာတွေကြားမှာ မျှောပါသွားတဲ့ ပုဖန်တစ်ယောက် အတိတ်က အရိပ်ဆိုးကို ပြန်သတိဝင်မှပဲ ရုန်းထွက်ပြေးနိုင်ခဲ့တယ်။ အတိတ်က အရိပ်ဆိုးဆိုတာ... နိုက်ကလပ်တစ်ခုမှာ မူးမူးရူးရူး သတိမကပ်တဲ့အချိန် ကောင်မလေးတစ်ယောက်နဲ့ လွန်ကျူးမိခဲ့ပါတယ်။ မနက်မိုးလင်း နိုးထလာတဲ့အချိန် အဲဒီကောင်မလေးက ပြည့်တန်ဆာမှန်း သိလိုက်ရတဲ့အချိန် သူ အတော်လေးကို တုန်လှုပ်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းက စပြီး သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်း နေခဲ့တယ်။ သူ့ဇနီးအပေါ်မှာ သစ္စာရှိခဲ့တယ်။

ဇာတ်လမ်းကတော့ အရှည်ကြီးပါပဲ။ ပြီးတော့ မပြီးသေးပါဘူး။ ကြည့်ပြီးသမျှကို အကျဉ်းချုပ် ပြန်ပြောရရင် တရှောင်ရှောင် ဖျားနေပြီး ချောင်းတွေ ခဏခဏ ဆိုး၊ ၀မ်းတွေ သွားနေတဲ့ ပုဖန်တစ်ယောက် HIVအကြောင်း ရေးထားတဲ့ လက်ကမ်းစာစောင်လေးကို ရလိုက်ပါတယ်။ ဒါနဲ့ ဆေးခန်းမှာ သွားစစ်လိုက်တော့ သူ့မှာ HIV ရှိမှန်း သိသွားခဲ့ပါပြီ။ နှောင်းနောင်တနဲ့အတူ သူသိပ်ချစ်တဲ့ ဇနီးနဲ့သမီးကို သူဘယ်လိုမှ မျက်နှာ မပြရဲလောက်အောင် ဖြစ်နေရှာပါတယ်။ ဒါကြောင့် သူ အိမ်မှာမနေတော့ပဲ လျှောက်သွားနေပါတယ်။ ဒါပေမယ့် Social Worker လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နှစ်သိမ့်အားပေး ပညာပေးမှုတွေကြောင့် သူ အိမ်ပြန်လာရဲပါပြီ။ သူ သိပ်ချစ်တဲ့ သမီးလေးနဲ့ ဇနီးကို သူ ဘယ်လို ရင်ဆိုင်မလဲ။ သူ့ကို အထင်ကြီးခဲ့တဲ့ ယောက်ခထီး ယောက်ခမတွေကို ဘယ်လို ဖြေရှင်းမလဲ။ သူ့အိမ်ထောင်ရေးမှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ သူ့ အလုပ်ခွင်မှာ ဘာတွေ ရင်ဆိုင်ရမလဲ။

ကဲ... ကျန်တာတွေကို ငွေရောင်ပိတ်ကားကြီးပေါ်မှာ ဆက်ကြည့်ကြပါဗျာ။ ရောဂါအကြောင်း ပညာပေးဖို့ ရိုက်ထားတဲ့ ကားလေးဖြစ်ပေမယ့် ရသပေါင်းစုံကို ကြည်နူးကြေကွဲ ခံစားထိရှစေရမှာပါ။ ဒီကားလေးကို ကြည့်ခြင်းအားဖြင့် HIV/AIDS ရောဂါအကြောင်း သိရှိနားလည်စေပါမယ်။ ရောဂါသည်ရဲ့ သိမ်ငယ်တဲ့ ခံစားချက်တွေကို မြင်တွေ့စေနိုင်သလို မိသားစုရဲ့ ဂယက်တွေကို မြင်လာနိုင်ပါတယ်။ သူတို့အပေါ်မှာ Stigama တွေ... Dicrimination တွေ မရှိရလေအောင် ကျွန်တော်တို့ ဘယ်လို ပြုမူဆက်ဆံရမလဲဆိုတာ သိရှိစေပါမယ်။

တကယ်တော့ လူဆိုတာ သေမျိုးကြီးပါပဲ။ HIV/AIDS ဖြစ်မှ သေရတာ မဟုတ်ပါဘူး။ ပျောက်ကင်းအောင် ကုသဖို့အတွက် ဆေးမရှိသေးတဲ့ ရောဂါတွေလည်း အများကြီးရှိပါတယ်။ ဒါမျိုး ရောဂါတွေ မဖြစ်လည်း သေမှာပါပဲ။ သေမယ့်လူအချင်းချင်း ခွဲခြားဆက်ဆံတာတော့ မဖြစ်စေချင်ပါဘူးဗျာ။

Sunday, November 2, 2008

Don't think high

ကျေးဇူးပြုပြီး ကျွန်တော့်အပေါ်မှာ အများကြီး မတွေးထားပါနဲ့။ အများကြီး မမျှော်လင့်ပါနဲ့။ ကျွန်တော်ဟာ လူတွေထဲက သာမန်လူတစ်ယောက်ပါ။ ကျွန်တော်မှာ ခေါင်းနှစ်လုံး မပါပါဘူး။ အသည်း နှလုံး နှစ်စုံ မပါပါဘူး။ မျက်လုံး နှစ်လုံး၊ နား နှစ်ပေါက်နဲ့ ပါးစပ်တစ်ပေါက်ရှိသလို ခံစားတဲ့ စိတ်ကလည်း အခြားလူတွေလိုပါပဲ။ အခြားသူတွေလို ကျွန်တော် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေတတ်ပါတယ်။ အခြားသူတွေလို ဒေါသထွက် စိတ်ဆိုးတတ်ပါတယ်။ ချစ်တတ်တယ်။ မုန်းတတ်တယ်။ ကြည်နူးတတ်တယ်။ ကြေကွဲတတ်တယ်။

"ခင်ဗျားကို အထင်ကြီးခဲ့တယ်။ ခင်ဗျားကို လေးစားခဲ့တယ်။ ခင်ဗျားလုပ်ခဲ့တဲ့ လူမှုရေးအလုပ်တွေကို ကြည့်ပြီး ခင်ဗျားကို ကြည်ညိုခဲ့တယ်။ အခုတော့ အဲဒါတွေက အလကားပဲဗျာ။" အွန့်... ဘာကြီးလဲဟ။ ခက်တာပဲဗျာ။ လူမှုရေးအလုပ်တွေ လုပ်တယ်ဆိုတာ အကြည်ညိုခံချင်လို့ လေးစားခံချင်လို့ လုပ်ခဲ့တာမှ မဟုတ်တာဗျ။ ကိုယ်ဝါသနာပါလို့ ကိုယ်လုပ်ခဲ့တာပါ။ ဒါတွေ ကျွန်တော်လုပ်ထားတယ်။ ကြည်ညိုကြပါ။ လေးစားကြပါလို့ တစ်ခါမှ မပြောမိခဲ့ပါဘူး။ အဲဒီလို စိတ်လည်း မဖြစ်ခဲ့ပါဘူး။

နောက်တစ်ခုက အဲဒါတွေလုပ်နေတိုင်း ကိုယ်က သိက္ခာတော်ရ ဆရာတော်ကြီးတွေလို သီလ သမာဓိ ပညာနဲ့ နေထိုင်နေရမှာလား။ ကိုယ်က အပြောအဆိုလေး မှားလိုက်ရင် မရဘူးလား။ ကိုယ်က တည်တည်ကြည်ကြည် နေရမှာလား။ ကိုယ်က အရွှတ်အနောက်တွေ ပြောလို့ မရဘူးလား။ ကိုယ်က စိတ်ဆိုး ဒေါသထွက်လို့ မရဘူးလား။ ကိုယ်က ဆူပူအော်ဟစ်လို့ မရဘူးလား။ ရင့်ရင့်သီးသီး ပြောလို့ မရဘူးလား။ ရိုင်းရိုင်းစိုင်းစိုင်း ပြောခွင့် မရှိဘူးလား။ တခါတလေ ငြိမ်ငြိမ်လေး နေခွင့် မရနိုင်ဘူးလား။

လူကို လူလို့ပဲ မြင်ပေးပါ။ လူတိုင်းဟာ အရူးကြီးပါပဲ။ ပြင်ပလောကမှာ ခင်ဗျားတို့ သိတဲ့ ကိုဇူလိုင်သည် အခြားတစ်နေရာမှာ တစ်ခြားပုံစံနဲ့ ထူးထူးခြားခြား ရှိနေနိုင်ပါတယ်။ ထူးမခြားနားလည်း ဖြစ်နေနိုင်ပါတယ်။ ဘ၀တွေကို မရောနှောချင်ပါနဲ့။ သီးခြားဘ၀မှာ လွတ်လပ်စွာ တည်ရှိခွင့်ပေးပါ။ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ ဘောင်ခတ်ကြည့်ထားတဲ့ လေးထောင့်ကွက်လေးထဲမှာ ကျွန်တော် ငုတ်တုပ်လေး ထိုင်ပေးနေရမှာလား။ ခင်ဗျားတို့ဘာသာ စိတ်ကြိုက်သွန်းလောင်းထားတဲ့ ပုံစံခွက်ထဲမှာ အရည်တစ်ခုလို ပုံမပျက်လေး ပျော်ဝင် စီးဆင်းပေးရမှာလား။ ကျေးဇူးတင်ပါတယ်ဗျာ။

"သြော်... ဒါနဲ့ ဘယ်သူ့ကို ပြောနေတာလဲ" ဆိုပြီး လာမေးကြမှာ မြင်ယောင်နေပါတယ်။ ကျွန်တော့်ဘလော့ကို လာဖတ်နေတဲ့သူတွေကို ပြောတာမဟုတ်ကြောင်း အာမခံ ပြောကြားနိုင်ပါတယ်။ "ဟမ်... ဒါဖြင့် ဘာလို့ ဘလော့မှာ လာရေးနေတာလဲ။ သူလည်း ဖတ်နိုင်မှာမှ မဟုတ်တာဗျာ" လို့ ထပ်မေးလာရင် ဖြေမိမှာက သူတို့တွေ ဖတ်ဖို့ ကျွန်တော် စာရေးနေတာမှ မဟုတ်တာ။ ကျွန်တော့်ဘာသာ ကျွန်တော် ရေးချင်လို့ကို ရေးတာပါ။ ကျွန်တော် ကျွဲပါးစောင်းတီး ဒင်ဒေါင်ဒင်ဒေါင် မလုပ်ချင်တော့ပါဘူး။ နွားကိုလည်း ပလာတာ မကျွေးချင်ပါဘူး။ နွားကို ပလာတာ မကြွေးတာက အကြောင်းရှိပါတယ်။ ကျွန်တော် ပလာတာကြော်ရင် ဖင်မဲသွားလို့ပါ။ ဖင်မဲတာက ပလာတာပါ။ သေချာဖတ်ပါ။