.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, November 4, 2008

By my side

By my side ဆိုတဲ့ခေါင်းစဉ်ကြီး မြင်ပြီး ကိုဇူလိုင်တော့ ဘာတွေ စိတ်ကူးယဉ်နေသလဲလို့ အထင်တော် မလွဲကြပါနဲ့အုံး။ အထင်လည်း မကြီးကြပါနဲ့။ အဲဒါကြီးက စင်္ကာပူရုပ်သံ MediaCorpက လွှင့်တဲ့ Channel 8 မှာပြနေတဲ့ တရုတ်ကားရဲ့ အမည်လေးပါ။ တရုတ်လို ပေးထားတဲ့အမည်က (不凡的爱) ပုဖန်တဲ့အိုက် ပါ။ အဲဒါကို ကျွန်တော် သိသလောက်လေး ဘာသာပြန်ရမယ်ဆိုရင် သာမန်မဟုတ်တဲ့အချစ်ပါ။ ဆန်းဆန်းပြားပြား အချစ်လို့ပဲ ပြောရမလားပဲ။ တနလာင်္နေ့ကနေ သောကြာနေ့အထိ နေ့စဉ် ည ၉ နာရီမှာ ပြပါတယ်။ အဲဒီကားရဲ့ အဓိက အကြောင်းအရာက HIV/AIDS ရောဂါအကြောင်း ပညာပေးချင်တာပါ။ Health Promotion Board ရဲ့ အစီအစဉ်လေးတစ်ခုပါ။

ချန်ပုဖန်မှာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး တစ်ခုရှိပါတယ်။ သမီးရယ် ဇနီးရယ် ယောက်ခထီးနဲ့ ယောက်ခမရယ် အခန်း ၄ ခန်းပါတဲ့ HDB Flat လေးမှာ နေထိုင်ကြတယ်။ ပုဖန်ကတော့ ကြီးကြပ်ရေးမှုးပါ။ သူ့ဇနီးရှင်းရာကတော့ ကျူရှင်ဆရာမပေါ့။ သမီးလေး မွေးတဲ့အချိန်မှာ အသက်ဆုံးမလို ဖြစ်ခဲ့ရတဲ့ ရှင်းရာက နောက်ထပ် ကလေးရသွားမှာကို အလွန်ကြောက်နေရှာပါတယ်။ ဒါကြောင့် ပုဖန်နဲ့ လင်ခန်းမယားခန်း မရှိတာ သမီးလေး တစ်သက်ပါပဲ။

ပုဖန်က အားတဲ့အချိန်တွေမှာ ငါးမျှားထွက်လေ့ရှိပါတယ်။ ငါးမျှားထွက်တဲ့အခါ အလုပ်က သူငယ်ချင်းတွေ တခါတလေ ပါကြတာပေါ့။ အဲဒီထဲက Black Horse လို့ အမည်ပြောင်ရှိတဲ့ တစ်ယောက်ကတော့ လူရှုပ်ပါ။ သူက ငါးမျှားဖို့ အကြောင်းပြပြီး မိန်းမရှုပ်ပါတယ်။ တစ်နေ့မှာ ငါးမျှားဖို့ အကြောင်းပြဖို့ ထွက်လာတဲ့ Black Horse ဟာ ကောင်မလေး တစ်ယောက်ကို ခေါ်လာခဲ့ပါတယ်။ အဲဒါကို Black Horse ရဲ့ မိန်းမက တွေ့သွားပြီး ကောင်မလေးကို ရိုက်နှက် ကန်ကြောက်ပါတယ်။ စိတ်ကောင်းရှိတဲ့ ပုဖန်က ဒဏ်ရာရသွားတဲ့ ကောင်မလေးကို သူ့ကားနဲ့ အိမ်လိုက်ပို့ပေးပါတယ်။

ပုဖန်လို နိုက်ကလပ်ကို သိပ်မရောက်ဖြစ်တဲ့... အရှုပ်အရှင်း မရှိအောင်နေတဲ့... အူရိုင်းကြီး ယောကျာ်းမျိုးကို သိမ်းသွင်းရတာ လွယ်ကြောင်း သိထားတဲ့ ကောင်မလေးက လမ်းတစ်လျှောက်လုံးမှာ သူ့ကို အမျိုးမျိုး မြူဆွယ်ပါတယ်။ သူမရဲ့ မာယာတွေကြားမှာ မျှောပါသွားတဲ့ ပုဖန်တစ်ယောက် အတိတ်က အရိပ်ဆိုးကို ပြန်သတိဝင်မှပဲ ရုန်းထွက်ပြေးနိုင်ခဲ့တယ်။ အတိတ်က အရိပ်ဆိုးဆိုတာ... နိုက်ကလပ်တစ်ခုမှာ မူးမူးရူးရူး သတိမကပ်တဲ့အချိန် ကောင်မလေးတစ်ယောက်နဲ့ လွန်ကျူးမိခဲ့ပါတယ်။ မနက်မိုးလင်း နိုးထလာတဲ့အချိန် အဲဒီကောင်မလေးက ပြည့်တန်ဆာမှန်း သိလိုက်ရတဲ့အချိန် သူ အတော်လေးကို တုန်လှုပ်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းက စပြီး သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်း နေခဲ့တယ်။ သူ့ဇနီးအပေါ်မှာ သစ္စာရှိခဲ့တယ်။

ဇာတ်လမ်းကတော့ အရှည်ကြီးပါပဲ။ ပြီးတော့ မပြီးသေးပါဘူး။ ကြည့်ပြီးသမျှကို အကျဉ်းချုပ် ပြန်ပြောရရင် တရှောင်ရှောင် ဖျားနေပြီး ချောင်းတွေ ခဏခဏ ဆိုး၊ ၀မ်းတွေ သွားနေတဲ့ ပုဖန်တစ်ယောက် HIVအကြောင်း ရေးထားတဲ့ လက်ကမ်းစာစောင်လေးကို ရလိုက်ပါတယ်။ ဒါနဲ့ ဆေးခန်းမှာ သွားစစ်လိုက်တော့ သူ့မှာ HIV ရှိမှန်း သိသွားခဲ့ပါပြီ။ နှောင်းနောင်တနဲ့အတူ သူသိပ်ချစ်တဲ့ ဇနီးနဲ့သမီးကို သူဘယ်လိုမှ မျက်နှာ မပြရဲလောက်အောင် ဖြစ်နေရှာပါတယ်။ ဒါကြောင့် သူ အိမ်မှာမနေတော့ပဲ လျှောက်သွားနေပါတယ်။ ဒါပေမယ့် Social Worker လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နှစ်သိမ့်အားပေး ပညာပေးမှုတွေကြောင့် သူ အိမ်ပြန်လာရဲပါပြီ။ သူ သိပ်ချစ်တဲ့ သမီးလေးနဲ့ ဇနီးကို သူ ဘယ်လို ရင်ဆိုင်မလဲ။ သူ့ကို အထင်ကြီးခဲ့တဲ့ ယောက်ခထီး ယောက်ခမတွေကို ဘယ်လို ဖြေရှင်းမလဲ။ သူ့အိမ်ထောင်ရေးမှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ သူ့ အလုပ်ခွင်မှာ ဘာတွေ ရင်ဆိုင်ရမလဲ။

ကဲ... ကျန်တာတွေကို ငွေရောင်ပိတ်ကားကြီးပေါ်မှာ ဆက်ကြည့်ကြပါဗျာ။ ရောဂါအကြောင်း ပညာပေးဖို့ ရိုက်ထားတဲ့ ကားလေးဖြစ်ပေမယ့် ရသပေါင်းစုံကို ကြည်နူးကြေကွဲ ခံစားထိရှစေရမှာပါ။ ဒီကားလေးကို ကြည့်ခြင်းအားဖြင့် HIV/AIDS ရောဂါအကြောင်း သိရှိနားလည်စေပါမယ်။ ရောဂါသည်ရဲ့ သိမ်ငယ်တဲ့ ခံစားချက်တွေကို မြင်တွေ့စေနိုင်သလို မိသားစုရဲ့ ဂယက်တွေကို မြင်လာနိုင်ပါတယ်။ သူတို့အပေါ်မှာ Stigama တွေ... Dicrimination တွေ မရှိရလေအောင် ကျွန်တော်တို့ ဘယ်လို ပြုမူဆက်ဆံရမလဲဆိုတာ သိရှိစေပါမယ်။

တကယ်တော့ လူဆိုတာ သေမျိုးကြီးပါပဲ။ HIV/AIDS ဖြစ်မှ သေရတာ မဟုတ်ပါဘူး။ ပျောက်ကင်းအောင် ကုသဖို့အတွက် ဆေးမရှိသေးတဲ့ ရောဂါတွေလည်း အများကြီးရှိပါတယ်။ ဒါမျိုး ရောဂါတွေ မဖြစ်လည်း သေမှာပါပဲ။ သေမယ့်လူအချင်းချင်း ခွဲခြားဆက်ဆံတာတော့ မဖြစ်စေချင်ပါဘူးဗျာ။

5 comments:

WWKM said...

ဇာတ်လမ်းလေးက ကောင်းတယ်.. ဆက်ပြောပြပါဦး။
အမလည်း အေအိုင်ဒီအက်စ် ဇာတ်လမ်းလေးတစ်ပုဒ်
ရေးဖို့ စိတ်ကူးနေတာကြာပြီ. မရေးဖြစ်သေးတာလေ.
ဇာတ်လမ်းကြည့်ချင်တယ် ..ဘယ်မှာကြည့်ရပါ့။း)

su wai said...

အညောင်းအညာပြေ တွင်းပြင်ထွက်ပြီး အိမ်လည်တာ တရုတ်ကားကောင်းကောင်းလေးနဲ့ တည့်တည့်တိုးတာပဲ…ကန့်လန့်လျှောက်ပြီး လာလည်ရကျိုးနပ်သွားပြီ :P
ဇာတ်လမ်းလေး ကောင်းတယ်…ကျန်းမာရေး ဗဟုသုတလဲ ရတယ်… ဆက်ပြောပြနော် ကိုကြီးဂဏန်း..အဲ..မှားလို့..ကိုကြီးဇူလိုင်..အဟဲ

:P said...

ခုညက စကြည့်ပါမယ်..

JulyDream said...

ဒီနေ့ နောက်ဆုံး ဇာတ်သိမ်းပိုင်းလေး ကြည့်လိုက်ရပါတယ်။ နောက်ဆုံးမှာ စာတန်း ၂ ကြောင်း ထိုးသွားပါတယ်။

နောက်ဆုံး စာကြောင်းလေးက ကျွန်တော့်ရင်ထဲမှာ ကျန်ရှိနေခဲ့တယ်။

Love is a selfless giving.

JulyDream said...

စကားမစပ်...

အဲဒီကားထဲက မင်းသား...
၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို ဆွတ်ခူးသွားပါတယ် ခင်ဗျာ။

Congratulations.