.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, November 19, 2008

Loan & Friends

ကြွေးယူပြုံးပြုံး..... တောင်းတော့မုန်း..... ဆိုသလို လူကိုခင်ရင် ပိုက်ဆံ မချေးပါနဲ့ဆိုပဲဗျ။ ငွေနဲ့ပါတ်သတ်ရင် မိတ်ပျက်ရသတဲ့။ အဲဒီလို မိတ်တွေ ပျက်ခဲ့ရတာလည်း ကြုံဖူးခဲ့ပြီ။ ဒါပေမယ့် ဘယ်တော့မှ အမှတ်မရှိတဲ့ ကျွန်တော်... သူငယ်ချင်းတွေ လိုရင် လိုသလို ငွေချေးနေတုန်းပါပဲ။

နေ့လည်က သူငယ်ချင်းတစ်ယောက်က SMS ပို့တယ်။ သူ့ဘဏ်အကောင့်ထဲကို ၅၀၀ လောက် လွှဲပေးပါတဲ့။ ရုံးဆင်းတာနဲ့ လွှဲလိုက်နော်တဲ့။ လကုန်ရင် ပြန်ဆပ်မယ်တဲ့။ ရှေ့ ၃ ရက်ကပဲ အရင်လက ချေးထားတဲ့ ပိုက်ဆံတွေ ပြန်ဆပ်သွားတယ်။ အခုတစ်ခါ ထပ်ချေးပြန်ပြီ။ အဲဒါနဲ့ အထွေအထူး မေးမနေတော့ဘူး။ ချက်ချင်း SMS ပြန်လိုက်တယ်... အိုခေ လဒ...။ ညနေရုံးဆင်းတော့ သူ့အကောင့်ထဲကို ၅၀၀ လွှဲပေးလိုက်တယ်။ ပြီးတော့ ငွေလွှဲပြီးကြောင်း မတ်ဆေ့ခ်ျပို့လိုက်တော့ သူက လွှဲလိုက်တဲ့ငွေ လက်ခံရရှိပါကြောင်း ချက်ချင်း အကြောင်းပြန်တယ်။ ဘာတွေအတွက်ကြောင့် ငွေတွေ လိုနေသလဲတော့ မသိဘူး။ သူလည်း ဒီမှာ အလုပ်နဲ့ အကိုင်နဲ့ပါပဲ။ ယောကျာ်းလည်း ရှိတယ်။ ပီအာလည်း ဖြစ်တယ်။ ဒါပေမယ့် သူကလည်း တကယ်လိုအပ်လို့ အကူအညီတောင်းတာဆိုတော့ ကျွန်တော်လည်း မငြင်းပါဘူး။ ကိုယ်ကူညီနိုင်တာဆို ကူညီပေးလိုက်ပါတယ်။

တစ်လောကလည်း အီးစီမေဂျာက သူငယ်ချင်းတစ်ယောက် ကွန်ပျူတာ ၀ယ်ချင်တယ်ဆိုတာနဲ့ သူများဆီက ယူမနေပါနဲ့ကွာ။ ငါ့ဆီကပဲ ယူလိုက်ကွာဆိုပြီး သူလိုသလောက် ချေးပေးထားတယ်။ ပြန်ဆပ်နိုင်တဲ့အချိန်မှ ပြန်ဆပ်ပါပေါ့။ သူ စကာင်္ပူကို လာပြီး အလုပ်ရှာတုန်းကလည်း သူသုံးဖို့အတွက် ဖုန်းကဒ်နဲ့ ဖုန်းဟန်းဆက်ကို ကျွန်တော်ပဲ စိုက်ဝယ်ထားပေးလိုက်တယ်။ သူ အလုပ်ရှာနေတုန်း ကြားကာလမှာ သုံးရစွဲရအောင် ဒေါ်လာ ၂၀၀ လောက် ပေးထားလိုက်တယ်။ သူယူလာတဲ့ အစိမ်းတွေကို ရောင်းခိုင်းမနေတော့ဘူး။ သူနဲ့ ကိုယ်နဲ့က ပြောနေရမယ့် လူတွေမှ မဟုတ်တာ။ ဒါကြောင့် ဘာမှကို အထွေအထူး စိုးရိမ်ပူပန်မနေဘူး။ လိုရင် လိုသလို နိုင်သလောက် ကူညီပေးလိုက်တယ်။

ဗိသုကာက သူငယ်ချင်းတစ်ယောက်လည်း တခါတလေ သူ့လက်ထဲမှာ ပိုက်ဆံပြတ်နေရင် ကျွန်တော်ဆီက လှမ်းချေးတတ်တယ်။ သူလည်း ဘာတွေ ငွေသုံးကြမ်းသလဲ မသိဘူး။ သိသလောက်တော့ မန်ဘာဝင်တာတွေ များတယ်။ စနေ တနင်္ဂနွေ ဂေါက်ရိုက်တယ်။ အိမ်မှာကို ငြိမ်ငြိမ်နေလို့ မရတဲ့ သူက ရုံးဆင်းရင် ဟိုဟိုဒီဒီ လျှောက်သွားတယ်။ အဲဒီတော့ ရထားခ ကားခတွေ ကုန်အုံးမှာပေါ့။ အသောက်အစားလည်း မကင်းဘူး။ သူ့အိမ်က ငွေလွှဲပေးပါလို့ ပြောတဲ့လတွေမှာ သူ မျက်ဖြူဆိုက်ရော။ အိမ်ကို ငွေလွှဲပြီးရင် သူ့လက်ထဲမှာ သုံးဖို့စွဲဖို့ သိပ်မကျန်တော့ဘူး။ အဲဒါနဲ့ လခ မရခင်စပ်ကြား အသုံးစရိတ်အတွက် ဒေါ်လာ ၅၀၊ ၁၀၀ လောက် ခဏ လှည့်ပေးရတယ်။ သူလည်း အဆင်ပြေတဲ့အခါ ပြန်ဆပ်ပါတယ်။

ဟိုရှေ့နှစ်ကလည်း စင်္ကာပူမှာ ၁၀ နှစ်နီးပါး နေနေတဲ့ ပီအာဖြစ်ပြီးသား သူငယ်ချင်းတစ်ယောက်က ပိုက်ဆံ ထောင်ဂဏန်းကျော်ကို လှမ်းချေးတယ်။ သူ့လခက လအလည်ကျော်မှ ၀င်မှာဖြစ်လို့ ပိုက်ဆံ ခဏလောက် လှည့်ပါတဲ့။ သူ့ရဲ့သူငယ်ချင်းတွေဆီက လှမ်းချေးပြီးပြီတဲ့။ ချေးမရလို့ ကျွန်တော်ဆီက လှမ်းမေးတာဆိုပဲ။ အဲဒါနဲ့ အဲဒီအချိန် ဘဏ်ထဲမှာ ရှိသမျှ အကုန် သူ့ထဲကို လွှဲပေးလိုက်တယ်။ နောက်လကျတော့ အကုန်လုံး ပြန်ဆပ်ပါတယ်။ ကျွန်တော့် ဘဏ်အကောင့်ထဲကို ငွေလွှဲပေးပြီးကြောင်း ဖုန်းလှမ်းဆက်တော့ တကူးတက သွားစစ်မနေခဲ့ဘူး။ အဲဒီလို ထောင်ဂဏန်းကြီးကြီး ချေးတာ ၂ ခါရှိသွားပြီ။ သူကတော့ ချေးပြီး နောက်လဆို ပြန်ဆပ်သွားတာပါပဲ။

အဲဒီလို ချေးငှားပြီး မှန်မှန်ကန်ကန် ပြန်ဆပ်သွားတာ ရှိသလို... မသိချင်ယောင်ဆောင်ပြီး အဆက်အသွယ် ဖြတ်နေတဲ့ သူတွေလည်း ရှိပါတယ်။ ကုလားပြည်မှာ ပညာတော်သင် လွှတ်ခဲ့တုန်းက အတူတူ သွားခဲ့ရင်း ခင်မင်လာတဲ့ သူငယ်ချင်းတစ်ယောက် စကာင်္ပူမှာ အလုပ်လာရှာမယ်။ နေစရာ အိမ်ခန်းလေး ကြိုငှားထားပေးပါ ဆိုလို့ အခန်းတွေရှာ၊ အခန်းရတော့ အခန်းငှားခ တစ်လစာနဲ့ စပေါ်ငွေတွေ စိုက်ထားပေးခဲ့ပါတယ်။ အဲဒီလက သူ မလာဖြစ်ဘူး။ လကုန်ခါနီး ဂျီတော့ခ်ကနေ လှမ်းပြောတာက နောက်လလည်း မလာဖြစ်ဘူးတဲ့။ အင်္ဂလိပ် စကားပြော သင်နေတာ မပြီးသေးလို့နဲ့ လက်ရှိ လုပ်လက်စ အလုပ်တွေ မပြီးသေးလို့ ဆိုပဲ။

အဲဒီတော့ အခန်းက ဆက်မငှားဘူးဆိုရင် ထုံးစံအရ တစ်လကြိုပြောရတော့ တင်ထားတဲ့ စပေါ်တစ်လခလည်း ပြန်မရဘူးပေါ့။ သူ့အတွက် အိမ်ခန်းခ စိုက်ပေးထားကြောင်း သူ့မိဘတွေလည်း သိပါတယ်။ အဲဒီနောက်ပိုင်း သူ ကျွန်တော့်ကို မဆက်သွယ်တော့ဘူး။ ပိုက်ဆံအကြောင်းလဲ လုံးဝ မဟဘူး။ ကိုယ်ကလည်း မမေးပါဘူး။ စင်္ကာပူမှာ သူအလုပ်ရရင် ပြန်ဆပ်လောက်ပါတယ်ပေါ့။ ကိုယ်အတွက်က ရာဂဏန်း ငွေပမာဏ ဖြစ်နေပေမယ့် မြန်မာပြည်မှာ သူ့အတွက်က သိန်းချီနေတယ်လေ။ နိုင်ငံခြားထွက်ပြီး အလုပ်ရှာဖို့ သူကြိုးစားနေတဲ့ အချိန်... အဲဒီငွေကြောင့် ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်ခဲ့ဘူး။

အဲဒီ ကျေးဇူးရှင်က ဘယ်အချိန် ဘယ်လိုကနေ စင်္ကာပူကို ရောက်ပြီး အလုပ်ရသွားလဲ မသိဘူး။ သူ ဒီကို ထွက်လာခဲ့ကြောင်း ကျွန်တော့်ကို လုံးဝ အသိမပေးခဲ့ဘူး။ သူဒီမှာ အလုပ်ရသွားကြောင်းကို တခြားသူတွေ ပြောပြမှ ကျွန်တော် သိခဲ့ရတယ်။ ပထမ စစချင်း အလုပ်အဆင်မပြေဘူး ဆိုပဲ။ နောက်ပိုင်း အလုပ်ပြောင်းပြီး အဆင်ပြေလာပုံပဲ။ အိမ်ကိုလည်း လစဉ် ပုံမှန် ငွေပြန်ပို့နေပြီတဲ့။ မိန်းမတောင် ယူလိုက်ပြီလို့ သတင်းသဲ့သဲ့ ကြားလိုက်ရသေးတယ်။ စီးတီးဟောလ်မှာ သူ့ကို တွေ့မိတယ်လို့ တချို့က ပြောကြတယ်။ ဒါပေမယ့် သူ အရင်သုံးနေတဲ့ ဂျီတော့ခ်တွေ ဆက်မသုံးတော့ပါဘူး။ အီးမေးလ် ပို့ရင်လည်း အကြောင်းမပြန်ဘူး။ ကျွန်တော့် ဖုန်းနံပါတ်ကို သူသိပေမယ့် တစ်ခါမှ ဖုန်းမဆက်ပါဘူး။ ကြည့်ရတာ ကျွန်တော့်ကို လုံးဝ အဆက်အသွယ် ဖြတ်ထားပုံပဲ။ အခုဆို ၁ နှစ်ခွဲကျော်သွားပြီပေါ့။

အဲဒါပါပဲ။ သူ့တန်ဖိုး သူဖြတ်သွားတာပဲလေ။ သူ့ တန်ဖိုးက အိမ်လခ ၂ လ စာပဲ ရှိပါတယ်။

26 comments:

Anonymous said...

တန်ဖိုး....

khin oo may said...

နေ့လည်ကသူငယ်ချင်းအတွက် ၅၀၀ ဖယ်ထားလိုက်ပါ ။လတိုင်းချေးမယ် လို့ မျော်လင့်ရတာဘဲ။

khin oo may said...

Conclusion ဆွဲလိုက်ရရင်တော့ စိတ်နာသင့်ပါပြီ။ ဆက်ချေးနေပြီး စိတ်ညစ်တယ် လို့ လာမပြောနဲ့တော့။

JulyDream said...

စိတ်ညစ်တယ်လို့တော့ မပြောပါဘူး အစ်မရယ်... ဆိုလိုချင်တာက လူတွေဟာ ဖောက်ပြန်တတ်တဲ့ အတန်းအစားထဲမှာ ရှိနေသေးတာကို ပြောချင်တာပါ။ အကူအညီ လိုနေသေးတဲ့ သူငယ်ချင်းတွေကို ဆက်လက် ကူညီနေအုံးမှာပါ။ ဖောက်ပြန်သွားတဲ့ သူငယ်ချင်းတွေကိုသာ အမုန်းစာရင်းထဲမှာ ရေးမှတ်ထားပြီး အပေါင်းအသင်း မလုပ်ဖြစ်တော့တာပဲ ရှိပါတယ်။ စေတနာတွေက အဆုံးမှာ ဝေဒနာ ဖြစ်သွားကြောင်းကို အမှတ်တရလေး ရေးထားတာပါ ခင်ဗျ။

မေသူပိုင် said...

ကိုဂျုလိုင်
သူ့တန်ဖိုးက ၂လစာ တန်တယ်ဆိုတော့
တစ်ကယ်လို့ ပြန်ဆပ်လိုက်ရင် သူက တစ်ပြားမှမတန်တော့ဘူးဖြစ်နေမှာဆိုးလို့ ပြန်မဆပ်တာနေမှာပါ :P(ကိုနဗန ဘလော် ထဲက စာသား)

Younggun said...

ကိုယ်ထားခဲ့တဲ့ စေတနာက ရောင်ပြန်လာပါလိမ့်မယ် အစ်ကိုရေ။ ဇင်ပုံပြင်လေးတစ်ခုမှာ ဘုန်းကြီးနှစ်ပါး သင်္ဃန်းလျှော်နေတုန်း ကင်းမြီးကောက်တစ်ကောင် ရေထဲမျှောလာလို့ တစ်ပါးက ဆယ်လိုက်တယ်။ ဆယ်တဲ့ ဘုန်းကြီးက ကင်းကိုက်ခံလိုက်ရတယ်။ ကျန်တစ်ပါး ပြောတယ်။ ကိုယ်တော်က မနေနိုင်မထိုင်နိုင် အဆိပ်ရှိတဲ့ကောင် သွားကယ်တာကိုးတဲ့။ ကင်းကို ကယ်တဲ့ ဘုန်းကြီးက ဘာပြန်ပြောလဲ ဆိုတော့ ကယ်ရမှာက ငါ့အလုပ်၊ ကိုက်တာက သူ့အလုပ်တဲ့။ အစ်ကိုလည်း အစ်ကို့အလုပ် အစ်ကို လုပ်ခဲ့တယ် ယူဆပါတယ်။ အားတုန်းလေး လာလည် ၀င်ပွားသွားတာ ဖြစ်ပါတယ်။ ရှည်သွားရင် ဆောရီးပါဗျာ။

JulyDream said...

အဖျော်ဆရာမလေး မေသူပိုင်ရေ...
အဲဒီလို တွေးကြည့်ရင်တော့ ဟုတ်သားပဲဗျ။ ဟဟ... အမှန်ဆို သူငယ်ချင်း တစ်ယောက် ဆုံးရှုံးသွားရတယ်လေ။ မဟုတ်ဘူးလား။

ဗေဒင်ဆရာလေးရေ...
ဝင်ပွါးသွားတာ ကောင်းပါတယ်ဗျာ။ မရှည်ပါဘူး။ မရှည်ဘူးဆိုလို့ တိုတယ်လို့ ပြောတာလဲ မဟုတ်ပါဘူး။ ပုံပြင်ထဲကလိုပဲ ကျွန်တော်လည်း ခဏခဏ ကင်းကိုက်ခံနေရပါတယ်။

Moe Cho Thinn said...

တချို့ကျတော့လဲ ဒီလိုပဲ မျက်နှာပြောင်တယ် ကိုဂျူလိုင်ရေ..
ကိုယ်ကတော့ မိတ်ဆွေ သူငယ်ချင်းဆိုရင် ခင်ပြီး ကူချင်နေတာမျိုးနော်..။ ကိုယ်ချင်းစာတယ်။

:P said...

တို့လည်း ပိုက်ဆံလိုနေလို့......ချေးပါလားဟင်...
TOTO ပေါက်ရင်ပြန်ဆပ်မယ်လေ..:P:P:P

tututha said...

အရမ်းခင်တာပဲ။ ပိုက်ဆံ နည်းနည်းလောက်ချေးပါ။ ပြီးရင် အီးမေးလ်လိပ်စာ ပြောင်းလိုက်ပါ့မယ်။ ကိုနဗနရဲ့ အဆိုအရတော့ သူပိုက်ဆံတခါမှမချေးဘူးတဲ့သူငယ်ချင်းက သူ့ကို တကယ်မခင်ဘူးလို့ ထင်တာကိုး။ အဲလိုဖြစ်မှာစိုးလို့ပါ :P

JulyDream said...

အစ်မမိုးချိုသင်းရေ...
မျက်နှာပြောင်တဲ့လူကတော့ ပြောင်ပြောင်ပဲနော်။ ခက်တာက ကိုယ်တွေက သူတို့လို့ မျက်နှာ မပြောင်ဘူး ဖြစ်နေတယ်။ မျက်နှာ မပြောင်ဘူး ဆိုလို့ သနပ်ခါး လိမ်းထားလားလို့ လာတော့ မမေးကြပါနဲ့အုံးဗျာ။

စင်းဒန်လား ဆိုလား ဘာလားရေ... လောင်းကစားတွေ အားမပေးဘူးကွဲ့။ ဒါကြောင့် အဟဲ... ချေးဘူး။ ဒါပဲ။

ရှင်ဂွမ်းသာ...
အဲဒီလို မဖြစ်အောင် ချေးစားတော့မလို့လား ဟင်... မေးကြည့်တာပါဗျာ။ အဟဲ...

strike said...

"Interpol" အားတိုင်တန်းသင့်ပါကြောင်း။
http://www.interpol.int/

strike said...

မနဲကိုမနွဲ့အောင် မန့်နေရတယ်၊အပြောအဆိုလွတ်အောင်။အင့်....

JulyDream said...

strike said...
မနဲကိုမနွဲ့အောင် မန့်နေရတယ်၊အပြောအဆိုလွတ်အောင်။အင့်....

အဲဒီကတည်းက ကနွဲ့ကလျှလေး ဖြစ်နေတယ်ဗျ။ အင့် ဆိုတာလေးက ပိုပြီး နွဲ့သွားသလိုပဲဗျာ။

လူလ said...

မင်္ဂလာပါ ကိုဂျူလိုင်

ခင်ဖို့ ကောင်းလိုက်တာ။
ဒီလိုအမြဲချေးတတ်သလား။
ဘော်ဒါ လုပ်မယ်လေ။ ဟဲဟဲ

ရွှင်လန်းချမ်းမြေ့ပါစေ...

TKLinn said...

အလဲ့ တယ်ဟုတ်ပါလား။ စောစောကမသိဘူးကြည့်စမ်း။
ငါ့ကိုလည်း ချေးစမ်းပါဟာ။ ဟီး

flowerworld said...

ကိုဂျူလိုင်ရေမီးလေးလဲခဏခဏသယ်ရင်းတွေလာလာချေးလို့အမြဲလိုလိုချေးပေးရတယ် ပေးတဲ့သူလဲပြန်ပေးတာပဲ မပေးတဲ့သူလဲရှိတာပေါ့
ကိုဂျူလိုင်ကြီးလဲမီးလေးကိုချေးပါလားသိပ်မများပါဘူး
နည်းနည်းပါးပါးပေါ့...ဟတ်ဟတ်

JulyDream said...

ကိုလူလရေ...
အမြဲတမ်းတော့ မချေးတတ်ပါဘူးဗျာ။ သူလည်း တကယ်လိုနေချိန် ကိုယ့်မှာလည်း ရှိနေချိန်မျိုးပေါ့ဗျာ။

မနှင်းဆီရေ...
အစ်မလို သူဌေးက ကျွန်တော်ဆီက ပိုက်ဆံ ပြန်ချေးရတယ်လို့ ကြားမကောင်းပါဘူးဗျာ။ အဟက်...

ပန်းကမ္ဘာထဲက မီးလေးရေ...
ချေးစားတယ်ဆိုတာ မကောင်းဘူးနော်။ ချေးလို့ သေချာ ရေးထားတယ်နော်။ ချီးလို့ မရေးထားဘူး။ ဟဟ...

လင်း said...

ပိုက်ဆံပြတ်နေလို့  ချေးပါအုန်း ။ ဒရမ်းကြီးက သဘောဖြူ မနောဖြူကြီး မြန်မြန်ပို့ လိုက်နော်။

Sonata Cantata said...

ဒါလည်း အကျိုးပေး တစ်မျိုးပါ ဂျူလိုင်ရေ။
(အနည်းဆုံးတော့ ပိုက်ဆံချေးချင်ရင် သတိရစရာ အဖြစ်)။ အစ်မတို့များတော့ ရှိတဲ့ပုံလည်း မပေါ်၊ ရှိမဲ့ပုံလည်း မပေါ်ဆိုတော့ တစ်ခါမှလည်း လာမချေးကြပါဘူး။ ကိုယ်မှာလည်း ရှိနေတယ်၊ လာလည်း ချေးတယ်ဆိုရင်တောင် အစ်မအနေနဲ့ ချေးဖြစ်ပါ့မလားဆိုတာ မသေချာပါဘူး။ (ရှိတဲ့ပုံ၊ ရှိမဲ့ပုံ က "ရှိ"တွေမှာ ပစ္စည်းရော၊ စေတနာရော ရှိဖို့လိုတာကိုး)

JulyDream said...

မလင်းကြီး
မျက်ရည်မီးတောက် အလွမ်းမင်းသမီး လိုနေတာ ပိုက်ဆံတွေမှ မဟုတ်တာဗျာ။ ကျွန်တော် သိတာပေါ့။

မသီတာရေ..
မရှိတဲ့ ပုံတော့ မပေါ်ပါဘူး။ အစ်မမျက်နှာက တည်တော့ ချေးရမယ့်သူက ကြောက်သွားတာလည်း ဖြစ်နိုင်ပါတယ်လေ။ ထင်တာ ပြောတာပါ။ အဟဲ...

MELODYMAUNG said...

ချေးတယ်ဆိုတာက ပြန်ဆပ်ဖို့ပဲလေ
ပြန်မဆပ်သူတွေကလဲ သူတို့တန်ဖိုးသူတို့ဖြတ်သလို
ချေးပေးသူဘက်ကလဲ ကိုယ်အဆုံးခံနိုင်တဲ့ပမာဏဖြစ်ရင်
အိုကေတာပေါ့နော်
ဘာပဲဖြစ်ဖြစ် ကိုယ်က ချေးယူရတာထက်ချေးပေးနိုင်တဲ့ ဘ၀မျိုးပဲလိုချင်သမို့ ကိုဂျူလိုင်ရေ အားကျသဗျို

SZA said...

နောက်တခါပိုက်ဆံလိုရင် ချေးမယ်နော်..ဟဲဟဲ..

JulyDream said...

ဟုတ်တယ် မမီရေ...
ခက်တာက အခုကေ့စ်က ချေးတာ မဟုတ်ဘူးဗျ။ ချေးတာထက် ပိုပြီး အလုပ်များတယ်။ စလုံးမှာ အိမ်ခန်း ငှားပေးထား ရတာလေ။ သူ့အတွက် ငွေကို စိုက်ပေးထားရတာ။ အဲဒါကို သူက ချေးတယ်လို့ မမြင်ပဲ မပေးတော့တာလား မသိဘူးဗျ။ အဟက်...

တော်မီရေ...
တကယ် လိုရင် ပြောလေ။ ချေးပြီး ပိုက်ဆံ ပြန်မဆပ်ရင်တော့ တော်မီ ဦးလေးတွေဆီက ပြန်သွားတောင်းလိုက်မယ်။ ဟဟ...

mabaydar said...

အေးအေးလေးရေးထားပင်မဲ့ ခံစားချက်တွေပြင်းတယ်.. အဲဒိလူ ရွှေဥပေးတဲ့ ငန်းကိုသတ်လိုက်သလိုဖြစ်သွားပြီ..
ဟီး.. ဟီး.. မဗေဒါဆို သူငယ်ချင်းကို အဲလိုဘယ်တော့မှမလုပ်ဘူး.. အော်.. ဒါနဲ့ ၁ဝဝဝ လောက်ချေးပါလား ဟင်... တော်မီနဲ့ ရန်ကုန်လိုက်ပြန်ချင်လို့.. ဟဲ..ဟဲ..

TZO said...

ဦးလေး

ဗိသုကာ သူငယ်ချင်း ဒီလ ငွေပြတ်မယ်နဲ့တူတယ်။ ဘ၀က ဒီလိုပဲလေ။