ကျွန်းတုံးကြီး တစ်တုံးကို အခေါင်းထွင်းပြီး နွားစာခွက် လုပ်လို့ရတယ်။ တချို့လူတွေလည်း နွားစားခွက် တကယ် လုပ်ပစ်ကြပါတယ်။ အဲဒီ ကျွန်းတုံးကိုပဲ တချို့က ခုတ်ဖြတ်ပိုင်းပြီး ထင်းအဖြစ် သုံးကြပြန်တယ်။ ကျွန်းသားကို ထင်းအဖြစ် သုံးတယ်လူတွေ တကယ်ပဲ ရှိခဲ့ပါတယ်။
တကယ်ဆို အဲဒီ ကျွန်းတုံးကြီးကို ကုတင်၊ ဗီရို၊ စာအုပ်စားပွဲ၊ စာအုပ်စင်တွေ လုပ်လို့ရပါတယ်။ သလွန်ညောင်စောင်းတွေလည်း လုပ်လို့ရနိုင်ပါတယ်။ ပြီးတော့ အဲဒီကျွန်းတုံးကိုပဲ ဘုရင်တွေထိုင်ဖို့ ရာဇပလ္လင်လည်း လုပ်လို့ရပြန်ရော။
ကဲ ... အဲဒီကျွန်းတုံးကို သင် ဘယ်လို အသုံးချမလဲ။
ကျွန်းသစ်ဆိုကတည်းက တန်ဖိုးက ရှိပြီးသားပါ။ အဲဒီ ကျွန်းသစ်ကိုပဲ ရာဇပလ္လင် အဆင့်ထိ ရောက်အောင် တန်ဖိုးမြှင့်တင်ပေးမလား။ သာမာန် လောင်စာထင်းတုံးအဖြစ် အဆင့်ထိကျအောင် နှိမ့်ချလျှော့ချပစ်မလား။
တကယ်တော့ ... ပြုလုပ်သူမှာပဲ မူတည်ပါတယ်။
အဲလိုပဲ ကျွန်းသစ်လို လူသားတွေလဲ အတူတူပါပဲ။ အင်ကညင်ပင်တွေကြားမှာ ကျွန်းသစ်ဆိုပြီး ပေါက်ဖွားလာသလို သတ္တ၀ါလောကမှာ လူဆိုပြီး မွေးဖွားလာခဲ့ပါပြီ ဆိုကတည်းက အဖိုးတန်ပြီးသားပါ။ ကျွန်းတုံးချင်း အတူတူ နွားစာခွက် ဖြစ်သူဖြစ်၊ တန်ဖိုးရှိတဲ့ ရာဇပလ္လင် ဖြစ်သူဖြစ်။ အဲဒီလိုပဲ မူလသဘော သဘာဝအရ တန်ဖိုးရှိတဲ့ လူအချင်းချင်း အတူတူ တိရစ္ဆာန်တမျှ အဆင့်နိမ့်ကျနေသူများ ရှိသလို အထွတ်အထိပ်ကို ရောက်ရှိနေသူတွေလည်း ရှိကြပါတယ်။
သင်တို့ကော ဘယ်လိုဖြစ်ချင်ကြသလဲ။ ဘယ်လို လူမျိုးဖြစ်ချင်ကြသလဲ။ အဲဒါလည်း သင့် အပေါ်မှာပဲ မူတည်ပါတယ်။
ကျွန်းတုံးက သက်မဲ့ဖြစ်တော့ သူ့ဘ၀ကို သူ မဖန်တီးနိုင်ပါဘူး။ သူ့အနာဂတ်ကို မမျှော်မှန်းနိုင်ပါဘူး။
သင်ကတော့ သက်ရှိလူသားတစ်ဦးပါ။ သင့်မှာ သင့်အနာဂတ်ကို မှန်းမျှော်နိုင်တဲ့ ဥာဏ်စွမ်းရည် ရှိပါတယ်။ သင့်ဘ၀ကို ဖန်တီးနိုင်တဲ့ စွမ်းအားတွေ ရှိပါတယ်။ အဲဒီလို အရည်အချင်းတွေကို အသုံးချပြီး စိတ်တိုင်းကျ ဘ၀ကို တည်ဆောက်ခွင့် သင့်မှာ ရှိနေပါတယ်။
ဘယ်ဘ၀မျိုး တည်ဆောက်မလဲ။ စိန်မှန်ကင်းဘ၀ လား ... ထင်းဘ၀ လား ...
ဒီစာတွေကတော့ ဆရာဖေမြင့်ရဲ့ ကိုယ်ထူးကိုယ်ချွန်သမားအတွက် လက်စွဲစကားများ စာအုပ်မှ ဖတ်ရှုမိပြီး သဘောကျလို့ ဘလော့မှာ ပို့စ်တစ်ခုအနေနဲ့ မှတ်တမ်းတင် ဖော်ပြထားတာပါ ခင်ဗျာ။

No comments:
Post a Comment